ဆောင်းသက်လေမှီ (ကဗျာဟောင်း)

|



နေခြည်နွေးနု၊ ဆောင်းရတုမှာ
လွမ်းလှကြာခြည်၊ ဘယ်ဆီမျှော်မှန်း
စိတ်ဝယ်တမ်းခဲ့။

မှိုင်းပျဝေမှုန်၊ ချစ်ခြင်းသုန်သည်
ကုန်မငြီးဖွယ်၊ လွမ်းသက်လှယ်မှာ
တမ်းခွင့်သာခဲ့။

ရောက်ပြန်သည်ဆောင်း၊ ချိန်ကြာညောင်းလဲ
ကြည်ဘဝင်ငွေ့၊ ဘယ်မမေ့သည်
လွမ်းသူ့သက်လျာ၊ မောင့်သည်းညှာ။

ကိုကိုးအိမ်(မန္တလေး)

လာရာ၊လားရာနှင့်မြတ်စွာဘုရားရှင်

|

မြတ်စွာဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်လည်ပုံဖြတ်ပုံကို နက်နဲစွာသိမြင်သကဲ့သို့၊ သစ္စာလေးပါးကိုလည်း ဖြည့်ကျင့်ခဲ့သော ပါရမီတို့အားလျော်စွာ ကိုယ်ပိုင်ဥာဏ်ဖြင့် နက်နက်နဲနဲ သိမြင်နားလည်ခဲ့ပေသည်..။

အလားတူပင် အတုမရှိ၊ အတူမရှိသောဥာဏ်တော်တို့ကိုလည်း ထိုးထွင်းသိမြင် တော်မူခဲ့သောကြောင့် ရှေ့ဘဝ၊ နောက်ဘဝ၊ လာရာ၊ လားရာ တို့ကိုလည်း မြင်နိုင်သိနိုင်ခဲ့သူ အမြတ်ဆုံးလူသားဖြစ်၏...။

ထိုအတွက်ကြောင့်ပင် သာဝကအားလုံးတို့နှင့် လူသားတို့၏ လာရာ၊ လားရာကို ပိုင်းခြားထင်ထင် သိမြင်ခဲ့သည်မှာ ယုံမှားဖွယ်မရှိပေ...။

ထိုထိုသော မဟာပုဂ္ဂိုလ်လူသားတစ်ဦးနှင့် သာမာန်ပုထုဇဉ်တစ်ယောက်၏ ဥာဏ်တို့ကား မနှိုင်းယှဉ်အပ်သောအရာဖြစ်ချေသည်...။

ဖားတုလို့ခရုခုန် အိုင်ပျက်ယုံသာရှိသော်လည်း ဘုရားကိုတုလို့ ပုထုဇဉ်တို့ခုန်လျှင် တစ်သံသရာလုံး မှောက်ယုံသာရှိရော့မည်...။

ထိုရောအဖြစ်အပျက်တို့ကြောင့်ပင် ခေတ်သစ်ဒေဝဒတ်လောင်းများ၏ ကိုယ်နှုတ်စိတ်ကြံ များကို မြင်တွေ့ရသော် ကျွန်ုပ်၏စိတ်ဝယ် များစွာမသက်မသာ ဖြစ်ရချေတော့၏..။

ဘုရားရှင်ခွင့်ပြုခဲ့သော၊ ခွင့်မပြုခဲ့သော ကိစ္စရပ်တို့သည် လာရာ၊ လားရာကို ကောင်းစွာ သိသောကြောင့်သာ ခွင့်ပြုခဲ့ခြင်း (ဝါ) ခွင့်မပြုခဲ့ခြင်းတို့ ဖြစ်ချေသည်...။

လူတို့၏ ပူမှုကိစ္စတို့အား ရဟန်းတို့အား မေးလျှောက်ခြင်းမပြုရ၊ ရဟန်းတို့မှ လူမှုကိစ္စမပြောရဟူမူ ဘုရားရှင်လက်ထက်က လူတို့၏ပူမှုအား အနာထပိဏ်နှင့် အခြားမင်းတို့က ဘုရားရှင်သို့ မေးလျှောက်ခဲ့သည့် ပူမှုတို့တွင် ဘုရားရှင်မှ တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခဲ့ခြင်းသည် ရဟန်းအလုပ် ရဟန်းမလုပ်ဟု မပြောစေလိုပေ...။

ကိလေသာတို့ဖုံးလွှမ်းလေသော် သတ္တဝါတို့၏ မျက်လုံးအစုံသည် တိမ်အပြည့်ရှိသော ကောင်းကင်ကဲ့သို့ ကြည်လင်မှုတစုံတရာ မရရှိနိုင်ပေ...။ မည်သို့ပင် ဆိုစေကာမူ ရွှေဥာဏ်ရှင်နှင့် ပုထုဇဉ်သည် နှိုင်းကောင်းသော အရာမဟုတ်ပေ...။

အရာအားလုံးကို ချေချွတ်၍မရနိုင်ပေ...။ မိမိ၏ တစ်ထွာတစ်မိုက်ဥာဏ်ဖြင့် ချေချွတ်လိုသောဆန္ဒရှိ၍ မဟုတ်သော်ငြား အနည်းငယ်မျှသော ပမာဏသာလျှင် အသိဥာဏ်တိုးပွားစေလို၍ ဤစာကိုရေးရခြင်း ဖြစ်ပေသည်...။

ပါရမီရင့်သန်သူတို့သည် တစ်ကြောင်း၊ တစ်ဂါထာမျှဖြင့် ကျွတ်တမ်းဝင်ကုန်၏...။ အတန်အသင့်ပါရမီရှင်တို့သည် တရားတစ်ပုဒ်၏ အနက်ကို အကျယ်ဟောရုံမျှဖြင့် ကျွတ်တမ်းဝင်ကုန်၏...။ တရားမရှိသောလူမိုက်၏ နှလုံးသားသည် နှစ်ကာလများစွာ ကျပ်ခိုးတင်ထားသော အိုးတစ်လုံး၏ ဖင်ကဲ့သို့ မှောင်မိုက်၍ နေချေမည်...။

သို့အတွက်ကြောင့် ယခုစာပိုဒ်အား ဖတ်ရှု့ရသောသူတို့သည်လည်း လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိလေမည် ဖြစ်သောကြောင့် အမြင်ကောင်းဖြင့် ဖတ်ရှု့နိုင်ကြပါစေဟုသာ ဆုတောင်းရပေသည်..။

အချုပ်အားဖြင့်ဆိုရလျှင် ဗာလာနံတို့၏ တစ်ထွာတစ်မိုက်ဥာဏ်ဖြင့် ဘုရားရှင်၏ အတုမရှိဥာဏ်တော်တို့အား နှိုင်းယှဉ်ပြီးသကာလ ဘုရားရှင်ပင်လျှင် ဟူ၍ ပြောလိုလျှင် ဘုရားရှင်ကဲ့သို့ ပါရမီတော်များ ဖြည့်ကျင့်သင့်ပေသည်...။

တစ်သံသရာလုံးမှောက်မည့် ကိစ္စရပ်များအား ကာယကံဖြင့်သော်လည်းကောင်း၊ ဝစီကံဖြင့်သော်လည်းကောင်း၊ အပြစ်အကြီးဆုံးဖြစ်သည့် မနောကံဖြင့်သော်လည်းကောင်း၊ ပြစ်မှားမိသည်ရှိသော် ပျက်စီးခြင်းတိုင်မည့် ကျွန်ုပ်မိတ်ဆွေများအား မမြင်လိုသည်မှာ ကျွန်ုပ်၏ ရင်တွင်းက စေတနာဟု ဆိုလျှင်လည်းရပေမည်၊ မေတ္တာဟုယူဆလျှင်လည်း ရနိုင်ပေသည်...။

၃၈ ဖြာမင်္ဂလာမှ သဘောအကျမိဆုံးအချက်ကို ကောက်နှုတ်ပြပါဆိုလျှင် "အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သင်္ဂဟော၊ ပူဇာစပူဇနေယျာနံ၊ ဧတံမင်္ဂလ မုတ္တမံ" ဆိုသည့်အချက်ကို ကောက်နှုတ်ပြရပေမည်...။

အကြွင်း - ဗာလာနံတို့နှင့်ပေါင်းဖော်ခြင်းသည် ပျက်စီးခြင်းတိုင်သကဲ့သို့ ပဏ္ဍိတ တို့နှင့် ပေါင်းဖော်ခြင်းသည် သံသရာအကျိုးများခြင်းငှာ များစွာပံ့ပိုးပေသည် ဟူ၍သာ...။
ဤစာကို ကောဇာသက္ကရာဇ် ၁၃၇၅ ခု၊ ပြာသို (ဆုတ်) ၃ ရက်၊ စနေနေ့ မွန်းလွဲ (၁၂) နာရီ (၄၅) မိနစ်အချိန်တွင် ကျွန်ုပ် ကိုကိုးအိမ်(မန္တလေး) မှ ရေးသားပြီးစီးသည်...။

 

အပြာရောင်မြို့အမည်းရောင်သစ္စာ

|

ဒီမြို့ကလေးမှာ နင်းဘတ်တွေမရှိဘူး၊ ချဉ်ဘတ်တွေပဲရှိတယ်...

ဒီမြို့ကလေးမှာ စာမတတ်ပေမတတ်တွေမရှိဘူး... ပညာတတ်ငကြောင်တချို့တော့ရှိမယ်...

ဒီမြို့ကလေးမှာ သွေးတွေမရှိဘူး၊ ရက်စက်မှုကြောင့်လှိုက်စားခံရတဲ့အနာတွေတော့ရှိတယ်...

ဒီမြို့ကလေးမှာ ရင်းစားတော့ပြန်မရနိုင်ဘူး၊ အတိုရောအရင်းပါဆုံးတတ်တာတွေရှိတယ်...

ဒီမြို့ကလေးမှာ မေတ္တာတွေခေါင်းပါးတယ်၊ သစ္စာတွေဖောက်ပြားတာတော့ရှိတယ်...

ဒီမြို့ကလေးမှာ အနတ္တကိုအတ္တလုပ်သူတွေရှိတယ်၊ အတ္တကို ပရလို့ခေါ်သူတွေရှိတယ်...

ဒီမြို့ကလေးမှာ အမှိုက်တွေပေါတယ်၊ အမှိုက်ကောက်မယ့်သူတော့မရှိဘူး...

ဒီမြို့ကလေးမှာ လေလိုလူတွေ တဟုန်းဟုန်းတိုက်တယ်၊ ရွှေလိုလူတွေတဒုန်းဒုန်းအရိုက်ခံရတယ်...

သာယာတာရှိမယ်... စာနာတာတွေဘေးဖယ်... တလုပ်စာထမင်းတနပ်အတွက်တောင် အထောက်အကူမပြုတဲ့မြို့...

နင်းဘတ်တွေကျော်တက်တဲ့မြို့... စနစ်ဆိုးတွေသွတ်သွင်းတဲ့မြို့...

မှိုင်းမိတဲ့မြို့... လှိုင်းပိတဲ့မြို့..

ချစ်တာတွေပျောက်တဲ့မြို့... မေတ္တာတွေခေါက်ထားတဲ့မြို့...

ရန်ပွဲတွေတချိန်းချိန်းဖိုက်တဲ့မြို့.. အလံမလှဲတိုက်ပွဲဝင်ကြတဲ့မြို့...

သူရဲကောင်းတွေများတဲ့မြို့... အယုတ်တမာတွေစည်ကားတဲ့မြို့...

မျက်နှာဖုံးတွေခွါတဲ့မြို့... သစ္စာမဲ့တွေပွင့်လင်းမြင်သာတဲ့မြို့...

ခါးသက်တဲ့ရမ္မက်တွေတညီးညီးလောင်တဲ့မြို့... ဂုဏ်သိက္ခာတွေ ထီးတည်းပြောင်တဲ့မြို့...

တရားသေတဲ့မြို့.... ဓမ္မတွေမြေကျရတဲ့မြို့...

အဓမ္မကိုအားပေးတဲ့မြို့... ရမ္မက်ကိုအဖက်လုပ်တဲ့မြို့

လွတ်လမ်းမမြင်တဲ့မြို့... ပါရမီပါရင် ကျွမ်းတမ်းဝင်မဲ့မြို့...

သာတူညီမျှမရှိတဲ့မြို့.... မျက်နှာကြီးရာဟင်းဖတ်ပါတဲ့မြို့...

မြစ်တွေပေါတဲ့မြို့... အချစ်တွေကောတဲ့မြို့...

ဆန်မရှိသူတွေဆန်ရောင်းတဲ့မြို့... မာန်ရှိပြီးဟန်မရှိတဲ့မြို့...

သူငယ်ပြန်တဲ့မြို့... လူငယ်ဆန်တဲ့မြို့...


ဓမ္မပဒတွေများပြားတဲ့မြို့... အဓမ္မတွေထွန်းကားတဲ့မြို့...

လူတန်းစားခွဲခြားတဲ့မြို့.... မြို့... မြို့.... မြို့

ဒီမြို့ကလေးမှာရှိတဲ့သူတွေက မတူညီကြပေမယ့်.... မြို့ကလေးကတော့ အပြာရောင်မြို့ကလေး.... အနီရောင်မီးတွေတောက်နေကြတာပဲရှိလေရဲ့....



ကိုကိုးအိမ်(မန္တလေး)

စိမ့်စမ်းရေ (ကြယ်စင်ဆယ့်တစ်)

|

  ဒီကနေ့ဒ်ါမြရင်၏သား ဘွဲ့ယူမည့်နေ့ဖြစ်သည်။ အလှပြင်ဆိုင်ထဲက ကိုယ်လုံးပေါ် မှန်ကြီးရှေ့ရာက်နေသာဒ်ါမြရင်တစ်ယောက် သားဝယ်ပေး လိုက်တဲ့ ခေတ်ပေါ်အကောင်းစားအကျီင်္ဝမ်းဆက်အစကို တောင်ရွာသစ်က မိနှဲဆီမှာ အလှဆုံးဖြစ်အောင် တစ်လလောက် စောင့်ချုပ်ခဲ့ရသည်။ မှန်ရှေ့ရပ်လျှက် ဘယ်ဘက်လှည့်ကြည့်လိုက်၊ ညာဘက်လှည့် ကြည့်လိုက်ဖြင့် ဒေါ်မြရင်တစ်ယောက် မအားမလပ် ရှိရသည့်အထဲ သားအကြောင်းပြောနေ၊ ကြွားနေရတာလည်း သူမအတွက် မမောနိုင်မပန်းနိုင်။ ဒေါ်မြရင်ဘဝမှာ ဒီကနေ့ဒီအချိန်ကို စောင့်ခဲ့ရတာကြာပြီလေ။ သားကို ဒီအရွယ်  ရောက်အောင်ထောက်ပံ့နိုင်ခဲ့ခြင်း၊ လူနေမှူ့အဆင့်အတန်းကအစ၊ ပညာအရည်အချင်းကို ကျောင်းပြီးအောင်ထိ လူတန်း စေ့ထားနိုင်ခဲ့ခြင်းအပေါ် သူမဂုဏ်ယူမိသည်။ သားရဲ့ကြိုးစားမှူ့ကြောင့် သူမတို့ဘဝမှာ ပညာရေးအနေနှင့်ရော လူမှူ့ရေး အကျင့်စာရိတ္တအတွက်ပါ ပူပန်ခြင်းမရှိခဲ့ရသော သားအတွက် သူမဂုဏ်ယူချင်သည်။ သားကလည်း အခုဘွဲ့ယူပြီး နောက်တစ်ဘွဲ့ယူရဦးမည် ဆိုချေသည်။ ကျူဆိုလား၊ မာစတာဆိုလား။ သူမကတော့ ကျူဝင်သည်ဟုသာပြောတတ်သည်။ ဘယ်လိုပဲဖြစ်စေ သားကျူဝင်သည်ဆိုတော့ သူမအတွက်တော့ ထီပေါက်သလောက် ပျော်ခဲ့ရသည်။ သားဘွဲ့ယူအတွက် လည်း သူမအားခဲထားခဲ့သည်။ ယနေ့တော့ သူမအလှဆုံးဖြစ်ရမည်။ မျက်နှာကို မော်ချီကာ သားလက်ကိုတွဲပြီး ဓာတ်ပုံ တွေအားရပါးရရိုက်ပစ်လိုက်ဦးမည်။

ပြောရဦးမည်။ သူမငယ်စဉ်ကဆိုလျှင် သူမတို့မြို့လေးပေါ်က အလှူတွေ၊ မင်္ဂလာဧည့်ခံပွဲတွေမှာ ဆိုရင် သူမက ဖက်စိမ်းကွမ်းတောင်ကိုင် အဖြစ်မပါမဖြစ်။ ဟိုတုန်းကဆိုလျှင် ဒီလိုဟုတ်ပါလိမ့်မယ်။ မြရင်ဟေ့ဆိုလျှင် မြို့လေးမှာရှိတဲ့ ကာလသားတွေ ချောင်းမြောင်းပိုးပန်းကြတာ တစ်မြို့လုံးနီးပါး။ ဒီလိုပြောလျှင် ပိုသည်ဟု ထင်ပေလိမ့် မည်။ ဖြူနုချောမော နေတဲ့ မြရင်ကို ခြူချင်သူတွေမနည်းမနော။ မြရင်ကလည်း အချေနဲ့ ပေပဲ။ ခေတ်ပေါ်အဝတ်အစားဆိုလျှင် ပေါ်တာနဲ့ မြရင်ခါးပေါ် ရောက်သည်။ အဖေက သူတို့ခေတ်၊ သူတို့အခါ လေဘာတီမမြရင်ကို သိပ်ကြိုက်ခဲ့သည်တဲ့။ ဒါကြောင့်ပဲ မြရင်ဟုပေးခဲ့တာဟုဆိုသည်။ တစ်ခါက မှတ်မိသေးသည်။ သူမတို့မြို့ကလေးကို ပုလင်းစိန်၊ ဖန်ခွက်စိန် တို့ဇာတ်အဖွဲ့ လာကသည်။ ထိုအချိန် မိုက်ကယ်ဂျက်ဆင် ခေတ်စား နေသောကာလလည်းဖြစ်သည်။ အ၀တ်အစားအသစ်အဆန်း ပေါ်ပြီ ဆိုတာနဲ့ ခါးပေါ်တင်တတ်သော မြရင်က မိုက်ကယ် ဂျက်ဆင်အကျီင်္တိုးလို့တွဲလောင်းတွေနဲ့ ပွဲသွားကြည့်မယ်လုပ်တော့ အဖေရိုက်တာခံခဲ့ရသေးသည်။ ပန်းဆိုလျှင်လည်း မနက်မိုးလင်းတာနဲ့ ဗန်းပြတ်မှာပြီးဝယ်လိုက်သည်။ သနပ်ခါးခြေဆုံး၊ ခေါင်းဆုံးလိမ်းကာ ခေါင်းပေါ်က ပန်းတွေကလည်း ပွဲခင်းထဲကနတ်ကတော်နီးနီး ပန်ထားသည်။ လမ်းထိပ်က မြရင်ငှားနေကျ ဆိုက်ကားဆရာကြီးကဆို ဟဲ့.. မြရင် ဖနောင့်ရော ပန်းမပန်ဘူးလားဟဲ့ ဟု..ကာလသားများရှေ့တွင် ပြောဖူးသဖြင့် ရှက်ရမ်းရမ်းကာ အပြင်မထွက်ရဲ ဘဲတစ်ပတ်လောက် အိမ်တွင်းအောင်း နေဖူးသည်။ ကျောင်းကပွဲဆိုလျှင် လည်း မြရင်တို့ကပါလိုက်သေး၊ သင်္ကြန်ယိမ်းဆို လျှင်လည်းမပါမဖြစ်၊ ထီကနဲဆို မြရင်တို့ပါသည်။ တစ်ခါက မြရင်တို့ မြို့ကလေးက ပဒေသာရုံမှာ ကျော်ဟိန်းဖျော်ဖြေပွဲ သွားကြည့်ရာ တစ်မြို့လုံးကမိန်းမတွေ အုတ်အုတ်ခဲခဲ အားပေးကြ သောကြောင့် ကောင်လေးအများစုက မကျေနပ်သဖြင့် အုတ်ခဲကျိုးများနှင့် ပစ်ကြခတ်ကြဖြင့် ရုံကွဲလေရာ ဖိနပ်ကိုထဘီ ကြားထိုးပြီး ရုံနောက်ဘေးက ခွေးတိုးပေါက်ကနေ သူငယ်ချင်းတစ်စု ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးရဖူးသည်။ အဲဒီလောက်ကဲခဲ့သော မြရင်တို့ကို အပိုးမကျိုးသော မိန်းမတွေဟုထင်လျှင် မှားပါလိမ့်မည်။ 



မြရင် ငယ်စဉ်ကတည်းက အဖေက သောင်သာသည်။ မြရင်အတွက်လည်း နေဖို့၊စားဖို့၊ သုံးဖို့မပူရ။ သို့သော် မြရင်ငယ်စဉ်ကတည်းက အလုပ်သွေးပါသည်ဟု ဆိုရမည်ထင်သည်။ မြရင်သုံးဖို့မုန့်ဖိုး အိမ်ကဘယ်လောက်ပေးပေး၊ အဝတ်အစားဖိုး၊ အပိုသုံးစရိတ်တွေအထိ မြရင်ရှာလို့ရသည့် ပိုက်ဆံနှင့် သုံးသည်။ သားတို့ပြောနေသော ခေတ်စကား နှင့်ပြောရလျှင် ခုနကပြောခဲ့သလို ဖလန်းဖလန်းထဖို့ စရိတ်ပါ ဘယ်တော့မှ မိဘဆီကလက်ဖြန့် မတောင်းခဲ့ရ။ ဈေးထဲမှာ အတိုးပေးသည်။ အဘိုးတို့ရွာက လက်ဆောင်ပေး လိုက်သည့် ပစ္စည်းတွေကို နေ့ပြန်တိုးဖြင့် ဈေးထဲပြန်ရောင်းသည်။ ညနေဈေးသိမ်းခါနီးပြီ ဆိုလျှင် မွှေးကြိုင်ဖွေးဥနေသော မြရင်တစ်ယောက် စက်ဘီးတစ်စီးဖြင့် ဈေးထဲလှည့်ပတ်ပြီး အတိုးအရင်းကောက်သည်။ မနက်ပိုင်းတော့ ပိုက်ဆံလိုနေရင်တောင် အကြွေးသွားမတောင်းရဲ။ ဈေးသည်မတွေ ဈေးဦးမပေါက်သေးလို့ နင်ပဲငဆ အော်အဆဲခံရရင် မခက်လား။ စီးပွားရေး အနေနှင့်လည်း မခေခဲ့သော မြရင်ဖြစ်ပါသည်။ မြရင်ကြောက်တာကတော့ အဖေပဲရှိသည်။ ဒေါသကြီးသော အဖေက စိတ်ထဲ မတွေ့ရင် ပါးစပ်ကလည်း အော်တတ်သည်၊ ကြိမ်တံပျာနှင့်လည်းဆော်တတ်သည်။ အဖေဒေါသထွက် လျှင်အမေ လည်း ငြိမ်ငြိမ်မနေရ။ အဖေနှင့် မြရင်တို့ မောင်နှမ တွေကြား အမြဲဝင်ပြီး ဖာရထေးရသည်။ အမေကရှေ့ကနေ ကာဆီး ကာဆီး ပြောနေပြီဆိုတာနဲ့ မြရင်တို့ မောင်နှမတွေ၊ အိမ်နောက်ဖေးပေါက်ကနေ ထွက်ထွက်ပြေးကြသည်။ သို့သော် အဖေဘယ်လိုရိုက်ရိုက် သမီးအကြီးဆုံးဖြစ်သော မြရင်ကိုတော့ တခြားမောင်နှမတွေထက် နည်းနည်းလေး ပိုချစ်ခဲ့မည် ဟုမြရင်ကိုယ့်ဘက်ကိုယ်ယက်ပြီးတွေးချင်သည်။တစ်ခါကဆိုလမ်းထိပ်က တေလေဂျပိုးက မြရင်တို့အိမ်ရှေ့ကနေ မြရင်ကိုချောင်းမြောင်းပိုးပန်းရာ မြရင်လည်း ပြန်မကြိုက်မိပါဘဲ နင်မျက်နှာသာပေးလို့ ဟိုအကောင်က ဝိုက်ရဲတာ ဆိုပြီး အသေဆော်ဖူးသည်။ သို့ဆိုတော့လည်း မြရင်တို့ ဘာမှပြန်မပြောဝံ့ခဲ့သည်ပဲ။ အဖေ့ရဲ့ ဗီတိုအာဏာအောက် ပြားပြားမှောက်ခဲ့ရသည်။ ထိုအချိန်တုန်းကတော့ အဖေနဲ့နေရတာ သိပ်စိတ်ကျဉ်းကျပ်သည်ဟု ခဲစားခဲ့ရဖူးသည်။ မြရင်မှ လောကကြီးအကြောင်းကောင်းကောင်း မသိခဲ့သေးတဲ့အချိန်ပဲ။ အဖေ့မေတ္တာနှင့် အမေ့ဂရုဏာကို မြရင်တို့ အလုံးစုံ နားမလည်ခဲ့သေး။  မည်သို့ပင်ဆိုစေ တစ်ခေတ်တစ်ခါကတော့ မြို့ကလေးမှာ မြရင်တို့ခေတ် ဖြစ်ဖူးခဲ့သည်လေ။


အမေ.. မပြီးသေးဘူးလား….. ဘွဲ့ယူမယ့် ကိုကြီးတောင် အကုန်ပြီးနေပြီ.. နောက်ကျနေဦးမယ်နော်…. အမေပဲသိပ်လှချင်..


သမီးက ပြုံးစိပြုံးစိပြောလိုက်သောအသံကြောင့် မှန်ရှေ့ရပ်ပြီး အတွေးနယ်ချဲ့နေမိသော ဒေါ်မြရင်တစ်ယောက် လက်ရှိအခြေအနေကို ပြန်ရောက်လာသည်။ 


ဟဲ့… သားဘွဲ့ယူလို့ အမေလှချင်တာ ဘာဖြစ်သတုန်း…. ညည်းအပူပါလား.. အေးပါ… ပြောထား ညည်းဘွဲ့ယူတဲ့အချိန်မှ ငါမျက်နှာပြောင်နဲ့ လိုက်တက်ဦးမယ်..


အော်… အမေကလည်း သမီးကအဲလိုပြောတာမဟုတ်ပါဘူး…. အခုကို ၈နာရီထိုးနေပြီလေ… ၈နာရီခွဲကို ဘွဲ့နှင်းသဘင်ခန်းမထဲ ဝင်ရမှာ… နောက်ကျမှာစိုးလို့ပြောမိတာပါ…. 


အေးပါဟယ်…. ပြီးပါပြီ…. ညည်းနှယ်…. လာပြီဟေ့ … လာပြီ…


ဒေါ်မြရင်တစ်ယောက် သမီးဖြစ်သူနှင့် အခြေအတင်ပြောပြီး မှန်ရှေ့ကနေ ထွက်လာခဲ့သည်။ အပြင်ရောက်တော့ ဘွဲ့ဝတ်စုံကြီးနဲ့ ဘွဲ့ခမောက်ကြီး ဆောင်းလို့ သားက ကျက်သရေရှိနေလိုက်တာ။ အရင်ကဆို ဘွဲ့ဦးထုပ်ကြီးတွေ ဆောင်းထားတဲ့သူတွေ မြင်တိုင်း သံခမောက်ကြီးထင်ပြီး လေးကြရှာမှာပဲဟု ထင်ခဲ့သည့် ဒေါ်မြရင် ညက သားဦးထုပ်ကို ကိုင်ကြည့်မှ စက္ကူဂျပ်တွေနဲ့ ဦးထုပ်ကြီးဟုသိကာ သမီးမသိအောင် ခေါင်းပေါ်တင်ပြီး မှန်ထဲကြည့်ခဲ့သေးသည်။ ခုတော့ ဝတ်စုံပြည့်နဲ့သားကို ကြည့်ရင်း သူမကျေနပ်မိသည်။ ဘာပဲဖြစ်ဖြစ် အိမ်ကကားစီးလျှင် ရှေ့ခန်းကထိုင်ရမှ ကျေနပ်သော ဒေါ်မြရင် ဒီနေ့တော့ သားကိုရှေ့ခန်းထိုင်ရအောင် သူမက နောက်ခန်းထဲကို ဝင်ထိုင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူများအမေ တွေကြွားကြွားသွားကြတဲ့ ဘွဲ့နှင်းသဘင်ကြီးထဲ သားနဲ့တူတူ ဂုဏ်သရေရှိရှိ ဖိတ်ကြားခံခဲ့ရပြီ။ ပါချုပ်ဆိုလား သားတို့ပြောပြောနေတဲ့ ပါမောက္ခကြီးတွေ အများကြီးက ဝတ်ရုံဖားဖားကြီးတွေနဲ့ စင်ပေါ်တက်ယူရမယ်ဆိုပဲ။  စည်တော်ကြီးတွေလည်း တီးကြမှာဆိုလား သူများတွေပြောကြတုန်းက ဒေါ်မြရင် ရင်တွေခုန်ပြီး သားဘွဲ့ယူရက်ကို ထိုင်တွက်နေခဲ့သည်။ ယခုတော့ ရောက်ချေပြီ။ ဘွဲ့နှင်းသဘင်ရှေ့ရောက်ကတည်းက ဆိုင်းသံ၊ ဗုံသံတွေတဒိန်းဒိန်းစကြား ရပြီဖြစ်သည်။ ဆိုင်းသံတွေ တဒိန်းဒိန်းကြားမှာ သားနဲ့အရောင်တူ၊ အရောင်ကွဲဘွဲ့ဝတ်စုံတွေနဲ့ အတူလိုက်လာတဲ့ မိဘတွေဆီကလည်း လည်ပင်းတွေ လက်တွေကနေ ရွှေသံ၊ ငွေသံတွေ တချွင်ချွင်။ အထဲရောက်တော့ မြရင်တို့ငယ်ငယ် စတိတ်ကျောင်းတက်စဉ်က ဆိုခဲ့ရသော မကြားရတာကြာပြီဖြစ်သည့် နိုင်ငံတော်သီချင်းသံလည်းကြားရော လူကမတ်တပ် ကြီးရပ်ပြီး ကြက်သီးတွေတဖွားဖွားထလာသည်။ နိုင်ငံတော်သီချင်းကိုပင် သတိရတဲ့အပိုင်းကျယ်ကျယ်အော်၊ မေ့နေတဲ့ အပိုင်းတွေဆို သူများတွေနှင့် ရောယောင်ပြီးဝါးချခဲ့ရသည်။ ဘွဲ့နှင်းသဘင်ပြီးလို့ ပါချုပ်တွေအပြင်ထွက်ပြီဆိုတော့လည်း နောက်က စည်တော်ကြီးတွေက ထီခနဲ၊ ထီခနဲ တီးလိုက်တာ ရင်ထဲမှာ တဒိန်းဒိန်းနဲ့ ငိုချင်သလိုကြီးကိုဖြစ်လို့။ လူကြားသူကြားထဲလည်း ရှက်သေးသဖြင့် ကျကာနီး ဆဲဆဲ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပစ်ရသည်။ သားတို့အဖေမြင်သွားလျှင် ဟားမှာလည်း စိုးရသေးသည်လေ။ အပြန်လမ်းမှာလည်း စတူဒီယိုမှာ သားကိုအလယ် မှာထားပြီး ဒေါ်မြရင်တို့ မိသားစုတွေ ဓာတ်ပုံတွေရိုက်ခဲ့ကြသည်။ ထိုဓာတ်ပုံကိုပြန်ကြည့်မိလျှင်တော့ သားလက်ကို ဆွဲပြီး ဂုဏ်ယူနေသော ခပ်မောမော့ဒေါ်မြရင်ကို တွေရပေလိမ့်မည်။



အခုတလော ဒေါ်မြရင် ကျန်းမာရေးကသိပ်မကောင်းချင်။ အသက်ကလည်း ငါးဆယ်ထဲဝင်ခဲ့ပြီ မဟုတ်လား။ ခေတ်မီမီနေရသော ဒေါ်မြရင်တစ်ယောက် သွေးကလည်းတိုးချင်၊ အစာအိမ်ကလည်း တစ်ခါတစ်ခါဖောက်ပြီဆို လေတွေအန်ပြီး တစ်နေကုန် ဘာမှစားမရကလည်းဖြစ်တတ်သေး၊ ဟိုတလောကလည်း လူကဟိုက်တိုက်တိုက်ကြီး ဖြစ်နေလို့ ဆေးခန်းသွားပြီး ဆေးစစ်ကြည့်တော့ ဆီးချိုဆိုလား၊ ဘာဆိုလား။ ကျန်းမာရေးမကောင်းပြီ ဆိုကတည်းက သူမစိတ်ထဲ ဝမ်းနည်းတာလိုလို၊ အထီးကျန်တာလိုလို ခံစားနေရသည်။ အိမ်မှာက သမီးကတော့ရှိပါရဲ့။ ပြုစုပေးပေမယ့် အဝေးရောက်နေတဲ့ သားကိုလည်း လွမ်းချင်ချင်။ အရင်က ဖုန်းပြောရတာအလုပ်ရှုပ်သည် ထင်ခဲ့တဲ့ ဒေါ်မြရင် အခုတော့ ကျန်းမာရေးမကောင်းတိုင်း သားကိုဖုန်းလှမ်းဆက်ပြီးရင်ဖွင့်ဖြစ်သည်။ သားရဲ့ ဘာဆေးသောက်၊ ဘယ်လိုနေဆိုတဲ့ စိုးရိမ်ပူပန်တဲ့အသံကြားရတိုင်း ငယ်ငယ်က သားတို့ကျန်းမာရေးမကောင်းတိုင်း ဂရုစိုက်ခဲ့ရတာတွေကို ပြန်တွေးမိပြီး တစ်ယောက် တည်းလည်း ပြုံးချင်ပြုံးနေမိတတ်သည်။ ဘာပဲဖြစ်ဖြစ် ဒေါ်မြရင် အနည်းငယ်တော့ ကျေနပ်ပါသည်။ သားအတွက်လည်း စိတ်ချရပြီ။ သမီးအငယ် အနားမှာရှိနေတော့လည်း တကျက်ကျက်။ သမီးကိုလည်း မချစ်တာ တော့မဟုတ်။ နီးတကျက်ကျက်၊ ဝေးတသက်သက် သဘောမျိုး။ သမီးကလည်း သူ့သားတော့ဘယ်လို၊ သမီးတော့ ဘယ်ညာနှင့်ဂျီတိုက်တိုင်း သူမငယ်စဉ်ကဘ၀ကိုပြန်စဉ်းစားမိရင်း မိဘတွေရဲ့ သားသမီးတွေအပေါ် ချစ်သော တန်းတူအချစ်တွေကို နားမလည်ဘဲ အဖေ့အပေါ် အပြစ်တင်ခဲ့မိတာတွေ ပြန်စဉ်းစားမိသည်။ အခုတော့ မိဘတို့ရဲ့ မေတ္တာ တွေ၊ စေတနာတွေကို ဒေါ်မြရင်တစ်ယောက် ရင်နှင့်ရင်း၍ အလုံးစုံ နားလည်ခဲ့ပြီ။ သမီးကိုတော့ ညည်းတို့မိဘဖြစ်လာတဲ့ အချိန်နားလည်လာလိမ့်မယ်အေ.. ဟုသာ ပြောခဲ့သည်။ ဟုတ်သည်။ ဒီအချိန်ပြောလို့လည်း အပျိုရိုင်းအရွယ် သမီးက နားလည်နိုင်မှာမှမဟုတ်တာပဲ။


အသက်ကြီးလာလို့လားမသိ။ ဒေါ်မြရင်တစ်ယောက် စကားတွေအများကြီးပြောချင်လာသည်။ သူမခံစားနေရ တာတွေရင်ဖွင့်ချင်လာသည်။ သူမငယ်စဉ်ကဘ၀တွေ၊ ဖြတ်သန်းခဲ့ရတဲ့ဘဝတွေကို သားတွေသမီးတွေကို အားရပါးရ ပြန်ပြောမိသည်။ တစ်ခါတစ်လေလာသော သားကတော့ အမေ့လက်ကိုကိုင်ပြီး အမေပြောတာတွေ စိတ်ရှည်လက်ရှည် နားထောင်တတ်သော်လည်း အတူနေသမီးကတော့ အမြဲတမ်းအမေ့ဓာတ်ပြားဟောင်းကြီးပဲ နားထောင်နေရတာဟု ဆိုလေတိုင်း သူမကျိတ်ကျိတ်ပြီး ၀မ်းနည်းနေတတ်မြဲ။ သားတို့အဖေကလည်း ငယ်ငယ်ကထက်စာလျှင် ရစ်လုံး၊ ဖောက်လုံးတွေဖြင့် သူမနီးနီးစကားတွေများလာသည်။ ဘာကြောင့်ရယ်တော့မသိ တစ်ခါတစ်ခါ စိတ်ညစ်ညူးနေလျှင်သာ သူ့အဖေရစ်တာတွေကို စိတ်မရှည်နိုင်ဖြစ်မိတာ၊ တစ်ခါတစ်ခါ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောနေမိကြရင်း လက်ရှိ အသက်အရွယ်တွေမေ့ကာ မမောတမ်းပြောနေမိကြသည်။ 


တစ်ခါတစ်ခါ မိသားစုထမင်းဝိုင်းကို စုံစုံလင်လင်စားချင်မိသည်။ မိသားစု ထမင်းဝိုင်းကလေးထဲက သားနဲ့သမီးရဲ့ ဟင်းလုသံတွေ၊ စကားပြောကြဆိုကြဖြင့် ကြွက်စီကြွက်စီအသံတွေ တိတ်ဆိတ်ခဲ့တာ ကြာပြီလေ။ ထိုအချိန်တွေကို ဒေါ်မြရင် ပြန်ရနိုင်လျှင်ဖြင့် ပြန်ရချင်ပါသေးသည်။ တစ်ခါတစ်ခါ သားအသက်က သုံးဆယ်နားကပ်လာခဲ့ပြီဖြစ်သော်လည်း ကလေးတစ်ယောက်လိုပင် ဆူမိပူမိသေးသည်။ ထိုအချိန်မျိုးဆိုလျှင် သားက ကလေးမဟုတ်တော့ပါဘူးအမေရေ ဟုဆိုကာ ရယ်ကျဲကျဲဖြင့် အမေကိုပြန်ပြောတတ်သည်။ ဖုန်းတွေခဏခဏဆက်သဖြင့် ဖုန်းဘေလ်တွေကုန်သည်ဟုဆိုကာ သားတို့ အဖေကပြောလည်း ဒေါ်မြရင်ကတော့မမှူ့။ သူမမှာ ဖုန်းဆက်အလွမ်းဖြေစရာ ဒီသားပဲရှိသည်လေ။ သမီးအငယ်ကလည်း မကြာခင်မှာ တက္ကသိုလ်တက်ရတော့မည်။ သူမတစ်ယောက်တည်းကျန်ခဲ့တော့မည်။ သူမအတွက် တွေးလိုက်တိုင်း တွေးလိုက်တိုင်း တစ်ယောက်တည်းကျန်ခဲ့ရမည်ကို မခံစားနိုင်ဖြစ်ရသည်။ အသက်ကြီးလာလေ မိသားစုစုံစုံညီညီ နေချင်လေ။ ဖြစ်နိုင်လျှင် သားတွေသမီးတွေနှင့် တစ်စုတစ်စည်းတည်းနေရကာ လက်ရေတပြင်တည်း စားခွင့်ရချင်တာသာ ဖြစ်သည်။ သူတို့ဆီကပြန်မျှော်လင့်မိတာ ဂရုစိုက်မှူ့နဲ့ နားလည်မှူ့သာဖြစ်သည်။ 


အခုတလော ဒေါ်မြရင် ဘုရားရှိခိုးတိုင်း အသက်အရွယ်ကြီးပြီဖြစ်တဲ့ အမေနဲ့ တိမ်းပါးသွားတဲ့ အဖေတို့အတွက် အမြဲဆုတောင်းပေးဖြစ်သလို အဝေရောက်နေတဲ့သား ကျန်းမာအဆင်ပြေစေဖို့နဲ့ သမီးအတွက်ပဲဖြစ်သည်။ ကိုယ့်အတွက် ကိုယ် ဆုတောင်းဖို့တောင်မေ့နေတတ်လို့ ဘုရားရှိခိုးပြီးကာနီးမှ တက်သုတ်ရိုက်ဆုတောင်းခဲ့ရတာလည်း များပြီ။ အခါကြီး ရက်ကြီးတွေလည်း ဥပုသ်ကောင်းကောင်းမစောင့်နိုင်။ သားတွေသမီးတွေအားတဲ့ဒီအချိန်မှာ သူတို့တွေကို အိမ်ခေါ်ပြီး စကားတွေတဝကြီးပြော နေခွင့်ရတာကို ဒေါ်မြရင်ကျေနပ်နေတတ်သည်။ ထိုအချိန်မျိုးမှာ သူမရဲ့ဇရာကိုလည်း တစ်ချက် မေ့ထားနိုင်သေးသည်။ 



ဒေါ်မြရင် အခုတလော တွေးမိလာတာလည်းရှိသည်။ သားတွေသမီးတွေကြီးလာတဲ့အခါကျတော့ မြေးလေး တွေလည်းထိန်းချင်သေးသည်။ ဟိုတစ်ရက်က သားကိုပြောမိတော့ သုံးဆယ်နားနီးနေပြီဖြစ်တဲ့ သားဖြစ်သူက လူပျိုလေး အလားရှက်ကန်းကန်းဖြင့် အမေ့ကို မြေးကလေးမွေးပေးမယ့် အမေ့ချွေးမလောင်းမှ မရှိသေးတာဆိုတော့ ဒေါ်မြရင် မျက်နှာက ကလေးဆိုးကြီးလို စူကောက်ကောက်ဖြင့် မကျေနပ်ချင်။ သားကိုလည်း အဖြစ်မရှိဘူးရယ်လို့လည်း အပြစ်တင် လိုက်ချင်သေး။ ဟုတ်သည်လေ။ ဒေါ်မြရင်တို့တုန်းကဆို သားတို့အဖေက နှစ်ဆယ်စွန်းစွန်း၊ ဒေါ်မြရင်က အသက် နှစ်ဆယ်မှာပင် အိမ်ထောင်ကျခဲ့သည်လေ။ ခုတော့ဖြင့် သားက ဆင်ခြေဆင်လက်အမျိုးမျိုးနှင့် သူမအတွက် ချွေးမလေး တစ်ယောက်လောက်တောင် အဖြစ်ရှိရှိ မရှာနိုင်။ ကိုယ်ကလည်း ရှာမပေးချင်။ တော်ကြာ ချွေးမကောင်းကောင်းနဲ့ တွေ့ ရရင်တော်သေး။ မတော်.. မကောင်းတဲ့ချွေးမနဲ့တိုးမှ သူမခေါင်းပေါ်အပြစ်ကျမှာလည်း မခံနိုင်။ သားလည်းတစ်သက်လုံး စိတ်ညစ်ရမယ့်ကိစ္စမျိုးအဖြစ်မခံနိုင်ဖြင့် ဒေါ်မြရင်တစ်ယောက် တော်တော်ခေါင်းကိုက်ရပါသည်။ မြေးလိုချင်တဲ့ပိုးထနေ တာက သူမတစ်ယောက်တည်းမဟုတ်။ သားတို့အဖေကလည်း မြေးချီချင်တာ ရွပိုးကိုထိုးလို့။ ဟိုတစ်ရက်ကဆို မအောင့်နိုင်မအီးနိုင်ဖြင့် ဒေါ်မြရင်ကို လာပြီးရင်ဖွင့်သေးသည်။ ဒေါ်မြရင်လည်း ပြုံးစိစိဖြင့် သူမအကြံကိုတော့ ဖွင့်မပြော လိုက်။ ကိုယ့်ကိုကိုယ်တွေးမိရင်း အသံထွက်လို့ပင် ရယ်မိသေးတော့ သားတို့အဖေက မျက်စောင်းတဝဲဝဲ..။



ဒေါ်မြရင်မြေးလိုချင်တဲ့ပိုးက ထိန်းမနိုင်၊သိမ်းမရပါဆိုမှ အိမ်ရှေ့က အဘိုးကြီးအဘွားကြီး လင်မယားက မြို့ပေါ် က သူတို့သားလင်မယားရဲ့ မထိန်းနိုင်လို့ ပို့လိုက်တဲ့ သားဦးလေး သူတို့အခေါ် တုန်သဲလေးကို ချီပြီး လမ်းသလား နေရင် သူတို့ကိုလည်း မြင်ပြင်းကပ်၊ ကိုယ့်သားကိုယ်လည်း အားမလို၊အားမရပိုဖြစ်လာရသည်။ ဒီအရွယ်ကြီးကျမှ မြေးကလေးတစ်ယောက် ရတာ က္ကနြေ္ဒကိုမရနိုင်ဘူး လို့လည်း မနာလိုတိုရှည် တွေးမိရသေး။ မနေနိုင်တဲ့ အဆုံး သားတို့အဖေကို တိုင်ပင်ရသည်။ သားကို မြို့လယ်က ဒေါ်အေးမြိုင်သမီးနဲ့ စကားကြောင်းကြည့်ရရင် မကောင်း ဘူးလားဟု။ သားတို့အဖေကလည်း ဘယ်တုန်းတည်းက ကြိတ်ကြံထားသည်မသိ တစ်ချက်တည်း ခေါင်းငြိမ့် လိုက်သည်။ ဒါနဲ့ သားဆီလှမ်းမေးကြည့်တော့ အမေတို့ကောင်းရင်ကောင်းသလိုစီစဉ်ကြပါဆိုတော့ ဒေါ်မြရင်အပျော်က ငယ်ထိပ် တက်ဆောင့်သည်။ သူမတို့လင်မယား ဒေါ်အေးမြိုင်တို့အိမ်ကိုသွားပြီး လူကြီးစုံရာ ညှိကြနှိုင်းကြတော့ လူကြီးချင်းလည်း အဆင်ပြေ ကောင်မလေးကလည်း ခေါင်းငြိမ့်သဖြင့် ဒေါ်မြရင်တို့လင်မယား ကိုယ့်အတွေးနှင့်ကိုယ် ဝမ်းသခွပ်တွေထကာ ပျော်မြူးနေခဲ့ကြသည်။ သားတို့မင်္ဂလာဆောင်အတွက် ခန်းဝင်ပစ္စည်းတွေ၊ အရောင်တွေကအစ မင်္ဂလာဆောင်ရက် ချိတ်တာအဆုံး ဒေါ်မြရင်တစ်ယောက် ကိုယ်တိုင်စီစဉ်ခဲ့သည်။ ကိုယ်တွေတုန်းက ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနားမင်္ဂလာမဆောင်ခဲ့ရသမျှ သားတို့တွေကို အခမ်းနားဆုံးဖြစ်စေရမည်ဟု ဒေါ်မြရင် ကြိမ်းဝါးထားသည်။ 


သို့သော် မမျှော်လင့်သော အခြေအနေများသည် ဖြစ်တတ်လေစွ။ မင်္ဂလာဆောင်အတွက် စီစဉ်နေစဉ်မှာပင် သတို့သမီးက ခိုးရာလိုက်ပြေးသွားခဲ့သည်။ ဒေါ်မြရင်တစ်ယောက် မင်္ဂလာဦးခန်းထဲထိုင်ကာ စကားမပြောနိုင်ဘဲ အတော်ကြာကြာ ငိုင်တိုင်တိုင်ကြီးဖြစ်နေခဲ့သည်။ ခေတ်ကာလသားသမီးများကိုလည်း ဒေါ်မြရင် နားမလည်နိုင်ဖြစ်ရသည်။ ထိုနေ့ကစပြီး ဒေါ်မြရင်စကားနည်းသွားသည်။ သားဆီကဖုန်းဆက်လာလည်း အင်း.. အဲ လောက်သာပြန်ပြောဖြစ်ခဲ့ပြီး တစ်ယောက်တည်းတွေးနေတတ်သည်။ တစ်ခါတစ်ခါ ဒေါသထွက်လျှင် သားတို့အဖေကို ရန်စောင်နေတတ်သည်။ သားတို့အဖေကတော့ နားလည်သဘောပေါက်သလို ဒေါ်မြရင်ကို ပြုံးဖြဲဖြဲကြည့်သည်။ 



ဒီလိုနှင့် တစ်လလောက်ကြာတော့ သားဆီကဖုန်ဝင်သည်။ အမေ နောက်လကျရင် သားရဲ့ ပါရဂူဘွဲ့ယူဖို့ ရှိတယ်နော်တဲ့..။ ဒေါ်မြရင် လှုပ်ခနဲတစ်ချက်ဖြစ်သွားသည်။ အဲဒီနေ့က ဒေါ်မြရင်တစ်ယောက် တစ်နေကုန်စကားမပြော။ ညနေရောက်တော့ အိပ်ယာထဲကနေ ငေါက်ခနဲထထိုင်ပြီး သားဆီဖုန်းဆက်သည်။ သားဘွဲ့ယူအတွက် ဒီတစ်ခါတော့ အမေ့စိတ်ကြိုက်အရောင်လေးကို သားကြိုက်တဲ့အစသာဝယ်ပေးလိုက်တော့ဟုဆိုကာ ပန်းဆီရောင် လှမ်းမှာတော့ သားက အမေရယ်.. တောရောင်ကြီး ဆိုပြီး ပြောနေသေးတာမို့ ငါမှာတာသာဝယ်ပေးလိုက်စမ်းပါဟယ်ဟု ဆိုကာဖုန်းချလိုက် သည်။ နောက်တစ်ပတ်လောက်ကြာတာ့ သူမအတွက် ပန်းဆီရောင်ဝမ်းဆက်ကို သားကလူကြုံနှင့်ပါဆယ်ထည့်လိုက် သည်။ သားဆီကအင်္ကျီရတာနဲ့ ဒေါ်မြရင်တစ်ယောက် အကျီင်္ထုပ်ကိုင်ကာ စက်ချုပ်ဆိုင်သွားတော့သည်။ စက်ချုပ်ဆိုင်မှာ ဆိုလျှင် သူမကို မြေးတွေတပြပြနဲ့ကြွားတတ်သော အဘွားကြီးတွေရှိသည်လေ။ မင်္ဂလာပွဲ ပျက်သွားကတည်းက သူမတို့မိသားစုကို အကြည့်တစ်မျိုးဖြင့် ကြည့်ချင်ကြသော သူတွေကို ပြန်ချေရဦးမည်ပဲ။


စက်ချုပ်ဆိုင်ရောက်တာနဲ့ ဒေါ်မြရင်အသံက စွာကျယ်စွာကျယ်..။

ဟဲ့ .. မိနှဲ..ုဒီအိကျီင်္ဝမ်းဆက်ကို သုံးရက်အတွင်းပြီးအောင် ချုပ်ပေးအေ…. ငါ့သားကြီး ဒီလကုန်တာနဲ့ ပါကျူရီဘွဲ့ယူမှာ… ဘွဲ့နှင်းသဘင်တက်ဖို့တဲ့ ငါ့သားက လှမ်းပို့လိုက်တဲ့ သိန်းကျော်တန် ချိတ်ဝမ်းဆက်အေ့… ငါ့သား က အမေတွေကိုလုပ်ကျွေးဖို့ လူပျိုကြီးနဲ့နေတာ…. ငါ့သားနဲ့မတန်တဲ့သူတွေကတော့ ငါ့သားဘုန်းကံကြောင့် သူ့ထိုက်နဲ့သူ့ကံသွားရတာ… ခုလည်း ငါ့သားဘွဲ့ယူတက်ရမှာ.. နောက်တစ်ခါယူရင်လည်း တက်ရဦးမှာတဲ့… သူများ သားသမီးယူပြီး လုပ်ကျွေးရ မယ့်အစား ကိုယ့်မိဘကိုယ် လုပ်ကျွေးရတာဂုဏ်ယူပါတယ်..တဲ့… သိပ်လိမ္မာတဲ့ငါ့သား….


ကြီးတော်ကလည်း ကြံကြံနဲ့ဖန်ဖန်… ဘယ်က ပါကျူရီရမှာတုန်း… ပါရဂူဘွဲ့မဟုတ်ဘူးလား..


ပါတာတော့ ပါတာပဲအေ… ညည်းပြောတဲ့ပါရဂူဘွဲ့ကို ယူဖို့ ဒီအိကျီင်္သုံးရက်အတွင်းပြီးအောင်လုပ်ပေး… တခြားအပ်ထည်တွေရှိတာမရှိတာမပြောနဲ့…. ငါကညည်းဖောက်သည်… နောက်လည်း ညည်းဆီပဲအပ်မယ်..  ငါ့သားဘွဲ့ယူက အားလုံးထက်အရေးကြီးတယ်.. ငါပြောတဲ့အတိုင်းပြီးအောင်လုပ်ပေး…


ဆိုင်ထဲကလူတွေအားလုံး ဝိုင်းပြီးမျက်စောင်းထိုးနေကြတာကို ဒေါ်မြရင်တစ်ယောက် မမှူ့နိုင်တော့..။ သူမ အပြောခံခဲ့ရတာများပြီလေ။ ဒေါ်မြရင်လည်း ပြောချင်တာတွေပြောပြီးတာနှင့် ကျေနပ်စွာထွက်လာခဲ့သည်။ တကယ်တော့ သူမအိကျီင်္က နည်းနည်းတော့စောင့်လို့ရပါသေးသည်။ သို့သော် ဆိုင်ထဲမှာ မြေးကြွားအဘွားကြီးတွေရှိတာနဲ့ အမြင် ကတ်ကတ်ဖြင့် ပြောချင်တာတွေပြောထားခဲ့တာဖြစ်သည်။ 


ဒေါ်မြရင်တစ်ယောက် မြို့ထဲဘက်ကိုခြေဦးလှည့်ခဲ့သည်။ သားရဲ့ဘွဲ့ယူရမယ့်အကြောင်း တစ်ရွာလုံးကို မောင်းထုရဦးမည် မဟုတ်ပါလား..



ချစ်ခြင်းအားဖြင့်

ကိုကိုးအိမ် (မန္တလေး)

အနိစ္စတရားရဲ့ဇာတ်ခုံ

|

အတိတ်တွေဟာ သွေးပျက်ဖွယ်ကောင်းလောက်အောင်

တစ်စက္ကန့်ရဲ့သုံးပုံတစ်ပုံတိုင်းမှာ တိုက်စားဖျက်ဆီးနေကြရတယ်…

ပစ္စုပ္ပါန်ကတော့ ရုပ်ကြွင်းတစ်ခုရဲ့ ရှိစုမဲ့လက်ကျန်တွေကို တရိရိလှိုက်စားနေရသလို

အလင်းတန်းတစ်ချို့ကိုတောင် ခံစားသိမြင်နိုင်စွမ်းတွေ ချုံးချုံးကျလျက်….…

အနာဂတ်တွေကတော့ စေတန်ရဲ့နိမိတ်ပုံတွေ ဒင်းကြမ်းထပ်လျက်ရှိတဲ့ မြောင်းတစ်ခုမှာရောက်နေခဲ့တယ်….

ခန္ဓာကိုယ်အတွင်း ပျံ့နှံ့ရောက်ရှိခဲ့ခြင်းမရှိသော ဆေးတစ်ခွက်လို

အရာရာဟာ ကိုက်ခဲလေးလံခြင်းတွေနဲ့ ငါ့ဦးနှောက်တစ်ခုလုံး နေ့စဉ်သေနေခဲ့ရ…..

လကမ္ဘာရဲ့အကြွင်းအကျန်တစ်စ ငါ့ကိုလာမှန်တယ်….

ငါ့မျက်နှာပေါ်က ရေခဲတွေမြစ်တွေတောင် တစ်စစီပြိုကွဲထွက်ခဲ့ရပေါ့….

လှောင်ပြောင်ရယ်မောသံတွေကြားမှာ ဗုဒ္ဓဟူးဂြိုလ်က ငါ့ကိုလှမ်းပြောတယ်…

သူငယ်ချင်း… မင်းရဲ့အမှောင်တွေကို ငါတို့ထွန်းလင်းပေးပါရစေ..

အံ့သြမှူ့တွေတစ်ပွေ့တစ်ပိုက်နဲ့ သောကြာဂြိုလ်ကတောင် ငါ့ကိုလှောင်ချင်ချင်…

အလင်းတန်းဆိုသောအရာတစ်ခုအရေခြုံထားတဲ့ ကတိကဝတ်တွေဟာ

မျက်စိရှေ့မှောက်တင် ဂယောင်ဂယင်နိုင်စွာ တဖပ်ဖပ်ကွာကျနေခဲ့…..

နှစ်ပိုင်းတစ်ပိုင်းဆန်တဲ့ သစ္စာတရားတွေ

ညီမျှခြင်းဆန်ဆန် ကိန်းဂဏန်းတွေအောက် ပြားပြားမှောက်ခဲ့ရ…

ယုံကြည်မှူ့ဆိုတဲ့ မည်ကာမတ္တသစ္စာတစ်ခုဟာ ငါတို့ကမ္ဘာနဲ့ မျဉ်းပြိုင်ကျစွာ

နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး လည်ပတ်နေရရှာတယ်…

ကြီးမားတဲ့ဆွဲငင်အားတစ်ခုရဲ့ စေစားမှူ့အောက်မှာ ယုံကြည်မှူ့ရဲ့ယုံကြည်မှူ့တွေ

အနိစ္စတရားရဲ့ ပွင့်လင်းမြင်သာတဲ့ ဇာတ်ခုံပေါ်မှာ အခါပေါင်းများစွာ သေပြနေရတယ်….

ငါ့စိတ်တွေဆွဲငင်အားမဲ့သွားတဲ့အချိန်မှာတော့ ငါပိုင်ဆိုင်သမျှစိတ်နဲ့ခန္ဓာဟာ

စကြာဝဠာထဲမှာ  ကလိုရိုဖီးလ်မရှိတော့တဲ့ သစ်ရွက်တစ်ခုလို လျော့တိလျော့လျဲ လွင့်မျောနေရတော့တယ်…


ကိုကိုးအိမ်(မန္တလေး)

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB