နှင်းကိုမွေးတဲ့ဒီဇင်ဘာ (မွေးနေ့လက်ဆောင်)

|

ဒီဇင်ဘာဆိုတာ ကျွန်တော့်ဘ၀အတွက် အရေးပါဆုံးလတစ်လပါ... ကျွန်တော့်ကို မွေးဖွားသန့်စင်ခဲ့တဲ့ လတစ်လလည်း ဖြစ်သေးသည်လေ॥ အဲဒီအရေးပါတဲ့လမှာပဲ.... နောက်ထပ် ကျွန်တော်ချစ်ရ၊ခင်ရ၊ လေးစား ရတဲ့ အကိုကြီးတစ်ယောက်ရဲ့ မွေးနေ့လည်း ရှိသေးတယ်လေ... သူကတော့ ဒီဒီးတဲ့... ဘ၀အတွက် ရေခြား မြေခြားမှာ ဆေးပညာသင်ယူနေတဲ့ ကြိုးစားတဲ့ အကိုကြီးတစ်ယောက်ပါ.... သူ့မွေးနေ့က (၂၆।၁၂।၂၀၁၁) မှာ ၂၄နှစ်ပြည့်ပါပြီ... သူ့ရဲ့ မွေးနေ့လေးမှာ ကျွန်တော့်ရဲ့ ချစ်စွာသော ဘလော့ဂါအပေါင်းအသင်း များနဲ့ မွေးနေ့ပွဲလေးတစ်ခု ကျင်းပပေးချင်ပါတယ်... ဒါက ရပ်ဝေးကိုရောက်နေတဲ့ သူ့အတွက် ကျွန်တော် အကောင်းဆုံးလုပ်ပေးနိုင်သော မွေးနေ့ပွဲလေးပါ..... ယနေ့မှစ၍ ကိုဒီးတစ်ယောက် ပျော်ရွှင်ခြင်းအပေါင်း ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ.... တစ်ခါတည်းဖိတ်လိုက်ပါတယ်॥ (၃၁।၁၂।၂၀၁၁)မှာလည်း မွေးနေ့တစ်ပွဲရှိပါတယ်॥ လာရောက်အားပေးကြပါဦးနော်...


ဒီဇင်ဘာ
သူမရဲ့ လက်တွေနဲ့
အေးစက်တဲ့ နှင်းမှုန်တွေကို
ကိုင်ဆုပ်လို့ လူသားတစ်ယောက်ကို ဖန်ဆင်း
ငါတို့မြေကို နင်းစေခဲ့တယ်.....

ဒီဇင်ဘာ
ရွက်ကြွေတောထဲမှာ တောင်လေတရှိုက်ကို
မက်မောစွာရှူရှိုက်လို့
လယ်ကန်သင်းရိုးတွေနောက်
တကောက်ကောက် ပြေးလိုက်ခဲ့မိပေါ့
ထင်းရူးနံ့လည်း သင်းပျံ့စွာ.....

ဒီဇင်ဘာ
အေးစက်စက်နှင်းမှုန်တွေအောက်မှာ
လမ်းတစ်ခုကိုဖောက် ဘ၀တစ်ခုကို
မြေတောင်မြှောက်ပေးခဲ့ပေါ့....
ကျေးဇူးပါ ဒီဇင်ဘာ....


ဒီဇင်ဘာ
အေးချမ်းတဲ့ တောင်လမ်းတလျှောက်
မီးခိုးမှိုင်းမှိုင်း အရိုးပြိုင်းပြိုင်းအပင်တွေနဲ့
ဆီးနှင်းတွေ ဖမ်းဆုပ်ရင်း
မရေရာတဲ့ဘ၀အတွက်
အတွေးတွေ နယ်ချဲ့ခဲ့မိတယ်....

ဒီဇင်ဘာ
လွမ်းပေမယ့်မလွမ်းရက်ပါ
ရှည်လျားတဲ့ဆောင်းညတွေမှာ
ငါတစ်ယောက်တည်း အထီးကျန်ဖြတ်သန်းဆဲပါ.....

ဒီဇင်ဘာ
အထီးကျန်ငါ့ဘ၀မှာ လမ်းပြပေးမယ့်
ကြယ်တစ်စင်းလောက်များရှိရင်
အေးစက်စက်ငါ့ရင်ခွင်ကို
ကြယ်ရောင်နဲ့ဖမ်းစားခွင့်ပြုပါ....




ဒီဇင်ဘာ
ငါ့ကိုမွေးတဲ့နင်
ငါ့လက်ကိုဆွဲလို့ အချစ်တစ်ခုကို
ရက်စက်စွာ လက်ဆောင်ပေးနိုင်ပါတယ်.....


ဒီဇင်ဘာ
မွေးမြတဲ့ တောင်ဇလပ်တွေပွင့်ချိန်
နေကြာရိုင်းတို့ အစွမ်းကုန် ကြွားဝံ့ချိန်မှာ
ချယ်ရီတစ်ပွင့်နဲ့အတူ အချစ်ကို မြည်းစမ်းခွင့်ပြုပါ.....


ဒီဇင်ဘာ
ဝိုင်ချိုချိုတွေမလိုအပ်ပါ
နွေးထွေးတဲ့လက်တစ်စုံနဲ့ အေးစက်စက်မြူနှင်းတွေကို
ငါ့ရင်ခွင်ထဲ အပြည့်သွတ်သွင်းပေးပါ
စောင့်စားလျက်ပါ ဒီဇင်ဘာ......


ဒီဇင်ဘာ
ငါ့ရဲ့အောင်လံ ငါ့အတွက်မဟုတ်
မင်းရဲ့ မြူနှင်းတွေလည်း မင်းအတွက်မဟုတ်
သာယာချိုမြိန်တဲ့ နေ့ရက်တွေမှာ
ချစ်သူရဲ့ လက်တစ်စုံကို ကိုင်စွဲကာ
အချစ်ကိုဂုဏ်ပြုဖို့သာ...


ဒီဇင်ဘာ
ကြမ်းရှတဲ့ငါ့ရဲ့ဘ၀ထဲမှာ
ထိရှလွယ်တဲ့ နှလုံးသားတစ်စုံကို
လက်ဆောင်ပေးခဲ့တာမင်းလား
ငါချစ်တဲ့ဆီးနှင်းတွေနဲ့အတူ
ငါ့နှလုံးသားကို နူးညံ့စွာ သိမ်းယူဆန်းသစ်ပါတော့....


ဒီဇင်ဘာ
မင်းရဲ့ ကြည်နူးဖွယ်ကောင်းတဲ့
လက်အစုံကိုဖမ်းဆွဲလို့
အေးချမ်းစွာအိပ်စက်တော့မယ်
ငါ့ဘ၀အတွက် ဘာမှမလိုတော့ပါ
အချစ်တစ်ခုသာ လက်ဆောင်ပေးပါ ဒီဇင်ဘာ...


ခံစားချက်တွေ နင့်သီးစွာခံစားခဲ့ဖူးတဲ့ ကိုဒီး.... ရိုးသားစွာ ရင်ဖွင့်ပြောပြတတ်တဲ့ ကိုဒီး..... ကိုဒီးရဲ့ မွေးနေ့အတွက် ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်လေးကို ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ॥ ဓာတ်ပုံတွေကတော့ ကိုဒီးတင်ပြီးသားပုံတွေ မတင်ချင်တာနဲ့ ကြုံတုန်းရိုက်လိုက်တဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပုံနှစ်ပုံ ရယ်... တစ်ခုသောညမှာ ကိုဒီးစိတ်ကူးပေါက် တဲ့ချိန်ရိုက်ထားတဲ့ မိနစ်ဝက်ကြာ တင်လိုက်တဲ့ ပုံလေးကို ကိုဒီးမဖျက်ခင်လေးမှာ အမှီဒေါင်းလုပ်ဆွဲထားတဲ့ အိကျီင်္အနီနဲ့ပုံလေးကိုပါ တွဲတင်ပေးလိုက်ပါတယ်... မွေးနေ့ ကဒ်လေးနဲ့အတူ လာရောက်ကြသော သူငယ်ချင်းများအတွက် မစားရ၀ခမန်း ကိတ်မုန့်ကြီးကိုလည်း တင်ပေး လိုက်ပါတယ်ခင်ဗျာ॥ ကျေနပ်နိုင်ကြပါစေ........


ကျွန်တော့်စိတ်ထဲမှာ ဒီကဗျာကိုရေးရင်း ရင်တွင်းခံစားချက် တစ်ခုကို နက်နဲစွာ ခံစားလာရလို့ မရပ်မနားရေးလိုက်မိတာ တော်တော် ရှည်သွားမယ်ထင်ပါတယ်॥ သို့တစေ ကျွန်တော်လေးစားရသော အကိုကြီးအတွက် ကျွန်တော့်ရင်ထဲက စကားလုံးတစ်ချို့ကို စာဖတ်သူများက စိတ်ကြိုက်တွေ့တဲ့ ကဗျာအဖြစ် တစ်စုံတရာသော နှလုံးသားဖြင့် ခံစားလိုက်နိုင်မယ် ဆိုရင် စာရေးသူ ကျွန်တော့်မှာ အတိုင်းမသိဝမ်းသာ မိမည်အမှန်ပါ.... သူငယ်ချင်း အပေါင်းအသင်း ရှားပါးခဲ့တဲ့ ကျွန်တော့်ဘ၀မှာ တိုင်းတပါး ကနေ ငွေကုန်ကျေးကျခံကာ ဂရုတစိုက် ဖုန်းလှမ်းဆက်ပြီး စကားပြောပေးခဲ့တဲ့ အကိုကြီး ကိုဒီးကို လည်း ကျေးဇူးအထူး တင်ပါတယ်...



စာရေးသူ... ကိုကိုးအိမ်(မန္တလေး)
(၂၅।၁၂।၂၀၁၁) ခရစ်စမတ်နေ့မှာ ရေးလို့ပြီးစီးပါတယ်....

ဒီဇင်ဘာရင်ခုန်သံနဲ့ နှစ်ကူးအိပ်မက် (မနမ်းမ၀တဂ်ပို့စ်)

|

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။

ပျော်သသော်ကောဗျာ… မပျော်ရှိပါရိုးလား.. ဒီဇင်ဘာမွေး…. ကိုကိုးအိမ်က ဒီဇင်ဘာမှာ ကျင်းပတဲ့ ပွဲတိုင်းကို ချစ်တာပေါ့ဗျာ.. ခရစ်စမတ်ရောက်ခါနီးရင် စိတ်ကူးယဉ်ဆန်ပုံများ ဆိုင်တွေကိုလိုက်ကြည့် ဘယ်ဆိုင်က ဘယ်လိုမျိုး ခရစ်စမတ်ကို ကြိုကြတယ်.. ဘယ်ပုံလေး အလှဆင်ကြတယ်ဆိုတာကို လိုက်ကြည့်ပြီး ရင်ခုန်နေတတ်တာမျိုးလေ…. ဗုဒ္ဓဘာသာဆိုပေ မယ့် ခရစ်ယာန်သူငယ်ချင်းတွေ ဘုရားသီချင်းဆိုရင်လည်း ရောယောင်ပြီး အော်ဟစ်နေတတ်တယ်လေ… အဲလောက်ထိ ဒီဇင်ဘာနဲ့ ခရစ်မတ်ကို ရူးသွပ်ပါတယ်ဗျာ..

♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။


အဲလိုတော့ အလှမဆင်ဖြစ်ဘူးဗျ.. ကျွန်တော်က အိမ်မှာနေတဲ့သူလည်း မဟုတ်တာလည်း ပါတာပေါ့.. ဒါပေမယ့် နေ့စွဲတွေက ဒီဇင်ဘာကို အခြေချလာပြီ ဆိုရင် ကျွန်တော်ဝယ်သမျှ ကီးချိန်းလေးတွေကအစ စန်တာကလော့နဲ့ ခရစ်စမတ်သစ်ပင် လေးတွေ ပါတဲ့ ပစ္စည်းလေးတွေဖြစ်နေတတ်တယ်…

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

လည်ချင်လိုက်တာမှ မွှတ်မွှတ်ကိုလည်နေတာပဲဗျာ… ဒီလိုရာသီဆိုရင် ကျွန်တော်အနေချင် ဆုံးက နှင်းတွေ ဖွေးဖွေးလှုပ်နေတဲ့ ထင်းရူးနံ့သင်းသင်းလေးနဲ့ လေတဟူးဟူးကြားမှာ မွေးနေ့ ပွဲလေးကျင်းပချင်ခဲ့တာပေါ့…. ရွေးချယ်ခွင့်များ ရှိမယ်ဆိုရင်ဖြင့် နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ အလှဆုံးခရစ်စမတ်၊ အပီသဆုံး ခရစ်စမတ်ကို ဖြတ်သန်းချင်ပါတယ်..


♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။

ခရစ်စမတ်ပိတ်ရက်ကို ရာသီဥတုလှပတဲ့ ကိုယ်မရောက်ဖူးသေးတဲ့ နိုင်ငံတွေနဲ့ နေရာတွေ ကိုလည်ပတ်ရင်း ဖြတ်သန်းချင်ပါတယ်… ခရီးကထွက်ချင်ပေမယ့်.. ဒီအချိန်ဆို လက်ထဲမှာ ခရီးထွက်ရလောက်အောင် ပိုက်ပိုက်က မလုံလောက်တဲ့ အချိန်လည်းဖြစ်.. ပရိုမိုးရှင်းတွေ များလွန်းတဲ့ရာသီမို့ ပရိုမိုးရှင်းစာမိတာလည်း ရှိလေတော့ ခရီးထွက်ချင်သော်လည်း မထွက်ဖြစ်ခဲ့တာများပါတယ်ဗျာ..


♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

ဟီးဒါကတော့ ပြောရမယ်ဆို ရယ်ချင်စရာ မောချင်စရာလေးခင်ဗျ.. အကြောင်းက ကျွန်တော် ခရစ်စမတ်လက်ဆောင်ဆိုရင် ဂျယ်လီတုံးလက်ဆောင်ထုပ် လေးတွေနဲ့ ချိုချဉ်လေးတွေက လွဲရင် ဘာမှ ထူးထူးထွေထွေ မပေးဖူးခဲ့ဘူး…. လက်ဆောင်ထူးထူး ဆန်းဆန်းလေးတော့ ပေးခဲ့ဖူးတယ်.. အဲဒါကိုအောက်ကပ်ရပ်က မေးခွန်းထဲမှာ ဖြေထည့်လိုက်ပါတယ်ဗျာ..


♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

အမှတ်တရက.. ကျွန်တော် ၂၀၀၉ ခရစ်စမတ်တုန်းက နောက်ဆုံးနှစ်ဥပဒေ ဖြေထားချိန်လည်း ဖြစ်လေတော့ စိတ်က မြူးဖျစွာပဲ အနီရောင် စန်တာကလော့ ၀တ်စုံကြီးဝတ်.. နှုတ်ခမ်းမွှေး ဖြူလျားလျားကြီး တပ်ပြီး.. စင်တာတွေလိုက်ပတ်တာဗျာ.. အိတ်ထဲမှာ ပါတာကတော့ ချိုချဉ်တွေနဲ့ ဂျယ်လီတွေချည်းပါပဲ.. အဲဒီမှာ ကျွန်တော်နဲ့ ရင်းနှီးဖူးတဲ့ သူတွေလာရင်ပေးဖို့ ခရစ်စမတ်ကတ်လှလှ လေးတစ်ခု ထည့်လာခဲ့တယ်ဗျ… ရင်တခုန်ခုန် .. မျှော်တလင့်လင့်ပေါ့.. အဲဒီမှာ ပထမဆုံး စတွေ့တာက ကျွန်တော်နေတဲ့ ရပ်ကွက်ထဲက အ၀တ်လျှော်တဲ့ ဘွားတော်က သူ့သားလေး လက်ဆွဲပြီး စင်တာထဲဝင်လာပါတယ်.. အဲဒီမှာ သူကျွန်တော့်ကို မြင်တော့ ထူးဆန်းပြီး သူ့သားလေးကို ပြနေတာ တွေ့လိုက်ပါတယ်.. သူ့သားလေးက တစ်ခုခုပြောလိုက်တော့ ကျွန်တော့်ဆီခေါ်လာပါတယ်..အဲတော့ ကျွန်တော်လည်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း ကတ်လေး သူ့ဆီပေးလိုက်ရပါတယ်.. အဲ.. သူလည်း ထွက်သွားပြီး မကြာပါဘူး.. ကျွန်တော့်ရဲ့ သုံးနှစ်တာ အချစ်ဟောင်းလေး ကို လှမ်းတွေ့လိုက် ပါတယ်.. သူ့လည်း တွေ့လိုက်ရော… ကျွန်တော့်မှာ ဘွားတော်ကိုပေးလိုက်သော ကတ်လေးကို သတိရပြီး တစ်ခုသောခရစ်စမတ်မှာ မိန်းမကြီးတစ်ယောက်ကို ကျိန်ဆဲလိုက်မိပါတယ်.. (အမှတ်တရလေးပေါ့.. ဟားဟား)


♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

အဲဒါကတော့ အတ္တကြီးတယ်ပဲဆိုဆို.. တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော ခံရမှာပါပဲ.. ကျွန်တော်ကတော့ ကျွန်တော့်အသက်နဲ့ထပ်တူချစ်ရမယ့်သူ တစ်ယောက်နဲ့ပဲ အတူရှိချင်ပါတယ်.. အေးစက်တဲ့ ဒီဇင်ဘာညမှာ အသည်းခိုက်အောင်ချမ်းလှတဲ့ နှင်းစက်တွေနဲ့အတူ မီးပုံဘေးမှာ အချစ်ဆုံးသူကို ရင်ခွင်ထဲထားပြီး ဘာဘီကျူးကို နှစ်ယောက်အတူစား ချစ်စကားလေးတွေပြောရရင် သိပ်ကောင်းမှာပဲလို့လည်း နှစ်တိုင်းတွေးမိပါတယ်…. သို့သော် ကျွန်တော့်ရဲ့ ဒီဇင်ဘာခရစ်စမတ်ညတွေဟာ အထီးကျန်စွာပဲ ကုန်လွန်သွားရလေ့ ရှိပါတယ်..


♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

ကောင့်ဒေါင်းလုပ်မယ်ကြံတိုင်း တစ်ယောက်တည်းဆိုတော့ အူကြောင်ကြောင် နိုင်တာနဲ့ ကောင့်ဒေါင်းကို တစ်ခါမှ မလုပ်ဖြစ်ခဲ့ပါဘူး.. တွေးမိတိုင်း ပြုံးမိတဲ့ အမှတ်တရလေး တစ်ခု ရှိပါတယ်.. ကျွန်တော် ၂၀၁၀ နှစ်ကူးမှာ သူငယ်ချင်းအိမ်သွား အိပ်ဖြစ်ပါတယ်.. ကောင့်ဒေါင်း လည်းမလုပ်နိုင်ဘဲ မွေးနေ့အတွက်ပင်ပန်း ထားတာတွေနဲ့ မနက် ၇နာရီထိုးလောက်မှ နိုးပါတယ်… အဲဒီအချိန်မှာ အိမ်ပြင်ထွက်လိုက် တော့ ၁၀ နှစ်အရွယ်ကလေးတစ်ယောက်က ဟက်ပီးနယူးရီးယားလို့ ထအော်ပါတယ်.. ကျွန်တော့် မျက်လုံးတွေတောင် ကျယ်သွား သလိုပါပဲ.. ဒါနဲ့. ဟဲ့ကလေး ညကမအော်ဘဲ ခုမှ ဘာလို့ အော်ရသတုန်း လို့မေးတော့ သူကညကအော်မလို့.. အိပ်ပျော်သွားတော့ ခုမနက် ၇ နာရီမှ ထအော်ရတာတဲ့ဗျာ…. ကျွန်တော့်မှာ ရယ်မိတာ မျက်ရည်တောင် ထွက်ပါတယ်… အဲဒါကတော့ ကောင့်ဒေါင်း အမှတ်တရပေါ့.. ဟားဟား


♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။

ရှိပါတယ်ဗျာ.. ကျွန်တော်ငယ်ငယ်တည်းက အိပ်မက်မက်ထားတာက နှစ်သစ်ကူးချိန် ကျွန်တော့်မွေးနေ့နဲ့လည်း ထပ်တူကျတဲ့ ဒီဇင်ဘာနှစ်ကုန်မျိုးမှာဆိုရင် ရာသီဥတု အကြိုက်ဆုံးနဲ့ အလှဆုံးလို့ ကျွန်တော်ခံယူထားတဲ့ ဆွစ်ဇာလန် နိုင်ငံမှာ သွားနေချင်တာပါ.. ကျွန်တော် အကယ်၍များ နှစ်သစ်ကို သွားလည်ဖို့ တစ်နေရာကို ရွေးပါဆိုရင် သေချာပေါက် ဆွစ်ဇာလန်ကို ရွေးမိမှာပါ.. သူ့ရဲ့ ရာသီဥတုနဲ့ ရေမြေတွေ လှပတာကို အရမ်းချစ်ပါတယ်.. အလည်အပတ်အစီအစဉ်ကတော့ ခုချိန်ထိမရှိသေးပါ… ဒီနှစ် နယူးရီးယားနဲ့ မွေးနေ့ကိုတော့ မန်းတလေးမှာပဲ အားလုံး လုပ်သွားမှာပါ.. လာနိုင်သူများလည်း လာခဲ့ကြပါခင်ဗျာ..


♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

အဲဒီလိုမျိုးတော့ အကောင်အထည်မဖော်တတ်ဘူးခင်ဗျ.. ဘာလို့လည်းဆိုတော့ ကျွန်တော် သတ်မှတ်ထားတာက နှစ်သစ်ကူးသွားတယ်ဆိုပေမယ့် သူလည်း ပြက္ခဒိန်ထဲက ရက်စွဲ တစ်ခုပဲလေ.. အဲတော့ ကျွန်တော်တို့ နေ့စဉ်ကြိုးစားရမယ့်အတိုင်းပဲ ကြိုးစားသွားရုံပါပဲ… ထူးပြီးလည်း လုပ်စရာမလိုသလို ဘာမှမလုပ်ဘဲ ထိုင်နေဖို့လည်း မလိုအပ်ပါဘူး.. အကောင်အထည် ဖော်ချင်သပ ဆိုရင်တော့ အလုပ်သစ်စလုပ်မယ်ဆိုရင် ၁ရက်၊၁လ ဆိုတော့ ထိပ်ဆုံးဂဏန်းတွေချည်းပဲဆို လာဘ်ကီးကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်..


♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။

မလွမ်းမောပါ.. အလွမ်းဟာ ကျွန်တော့်ကို အားယုတ်စေပါတယ်.. နှစ်တစ်နှစ်ကုန်သွားတာ နဲ့အညီ ကျွန်တော့်အသက်ဟာလည်း နှစ်နဲ့ထပ်တူကြီးလာပါတယ်… နှမျောမိတာမျိုး လည်းမရှိသလို တစ်နှစ်ကြီးလာတာနဲ့ ထပ်တူ အသက်နဲ့ လိုက်အောင် ကျွန်တော် ရင့်ကျက် ဖို့ကြိုးစားမိပါတယ်.. အသက်ကြီးလာခြင်းဟာ အိုမင်းခြင်းလို့ မယူဆသလို တစ်နှစ်စာ ပိုပြီး လူရာဝင်လာတယ်လို့ထင်ပါတယ်… မယုံရင် ကလေးတွေကို မေးကြည့်ပါ.. ဟဲဟဲ (သို့သော်. .. ကျွန်တော် အခါများစွာမှာ ကလေးဆန်ဆဲပါ)


♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။.....................တဲ့

ဟီး.. အဲလိုတော့ ပို့စ်စကဒ်တွေ အီးကတ်တွေ မပေးဖြစ်ဘူးဗျ.. သို့သော် ကျွန်တော်က တော့ နှစ်စဉ် အဲဒါမျိုးတွေကို မြောက်မြားစွာ လက်ခံရတတ်ပါတယ်…. ခင်မင်စွာဖြင့်၊ လေးစားစွာဖြင့်၊ စိတ်ထဲကမပါသော်လည်း လူမှူ့ရေးအရ၊ ချစ်မြတ်နိုးစွာဖြင့် အစရှိသဖြင့် အကြောင်းအရာပေါင်းစုံနဲ့ မွေးနေ့လက်ဆောင်နဲ့နှစ်သစ်လက်ဆောင် တစ်ပေါင်းတည်း ပေးကြသော ကတ်လေးတွေများစွာ ရရှိတတ်ပါတယ်။… သို့အတွက် ပေးပို့ကြသော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အားလုံးကို ကျေးဇူးတင်ပါတယ်.. ကျွန်တော်ကတော့ ချစ်ခင် ရင်းနှီးသော မိတ်ဆွေများကို ဖုန်းဖြင့်ဖြစ်စေ၊ မက်ဆေ့ခ်ျပို့၍ဖြစ်စေ၊ နှုတ်ခွန်းဆက်တတ် ပါတယ်ခင်ဗျာ..
ကဲ.. ဒီလောက်ဆိုရင်ဖြင့် တဂ်မမကြီး မနမ်းမ၀ (အဖြူရောင် နတ်သမီး) တစ်ယောက် ကျေနပ်လောက်မယ်လို့ ထင်ပါတယ်.. ဒီပို့စ်လေးကို တွေ့တော့ အရမ်းရေးချင်စိတ် ပေါ်လာပါတယ်.. ရင်ထဲမှာ ပြောစရာတွေလည်း အများကြီးရှိတာကိုးဗျာ.. နောက်ထပ် မေးခွန်းတွေ ရှိဦးမယ်ဆို လည်း ရင်ထဲက ထွက်လာနေဦးမှာပါပဲ. .. အဲဒီလို ရင်ဖွင့်ခွင့်ရတဲ့ အတွက်လည်း မနမ်းမ၀ (ခ) မကလိုရီ အပျိုကြီးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ.. ဟဲဟဲ..

ဒီဇင်ဘာမွေးတစ်ယောက်အနေနဲ့ ဒီဇင်ဘာကို ချစ်ကြောင်းပြောရမယ်ဆိုလည်း ပြော၍ ကုန်နိုင်ဖွယ်မထင်ပါခင်ဗျာ॥ ပြော၍မကုန် ရေး၍မညောင်းနိုင်အောင်ပဲပေါ့.. ကျွန်တော် ခုတလော တော်တော်ကြီးကိုပျောက်နေ ပါတယ်.. အလုပ်ကြောင့်ပဲ.. ဖေ့စ်ဘုတ်လေး သာဖွင့်နိုင်ပြီး စာလည်းမရေးနိုင်.. ဘလော့လည်း မလည်နိုင်… ကော်နက်ရှင်ကြောင့် ကွန်မန့်တွေလည်း မပေးနိုင်ဖြစ်နေရရှာပါတယ်ဗျာ.. ခုတော့ အိပ်နေတဲ့ သံလိုက် မောင်ကိုကိုးအိမ်တစ်ယောက် မနမ်းမ၀ရဲ့ တဂ်ပို့စ်ပဲစေ့လေးနဲ့ လာနှိုးတော့မှ အိပ်မှုန်စုံမွှား ဖြင့် အတက်စာ စားလိုက်မိသကာလ.. မရေးတာကြာတဲ့ ကိုရွှေလက်က ရပ်၍တောင် မရလေသောကြောင့် သို့ကလောက် စာရှည်သွားရခြင်း ဖြစ်ပေတကား…

ခွင့်လွှတ်ကြပါကုန်အံ့..

စာရေးသူ…। ကိုကိုးအိမ်(မန္တလေး)

ပန်းချင်လည်းပန်းပါစေ (မင်းနဲ့မနီးနိုင်ခဲ့ရင်)

|

ချစ်သူရေ… မနီးနိုင်မှန်းသိလျက်နဲ့ ကိုယ်မင်းကို ချစ်ခဲ့တာ အပြစ်တစ်ခုလား….

အမြဲတမ်း ပြုံးနေတတ်တဲ့ ချစ်သူ…. စကားလုံးလှလှ လေးတွေရဲ့ အထိမ်းအမှတ် ချစ်သူ…. ၀ိုင်းစက်လှပတဲ့ မျက်နှာ…. ပါးလွှာတဲ့ နှုတ်ခမ်းနှစ်လွှာမှာ မထင်မှတ်ဘဲ ကျဆုံးခဲ့မိတယ်… ဒါဟာ အိပ်မက်တစ်ခုဆိုရင်တော့ မနိုးထချင်တဲ့ အိပ်မက်တစ်ခုပေါ့…

ဝေးကွာရမယ့် အငွေ့အသက်တွေ ခံစားမိခဲ့တာ မင်းကိုမြင်လိုက်ရတဲ့ တခဏအချိန်ကလေး ကတည်းကပါပဲ….

မထင်မှတ်ဘဲ တွေ့ခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက် ရဲ့တွေ့ဆုံမှူ့မှာ အမှတ်မထင် ချစ်ခဲ့မိတာ ကိုယ့်ဘ၀ရဲ့ အလေးနက်ဆုံး ခံစားချက်တစ်ခုပါ….

အချစ်ဦးလို့ မသတ်မှတ်ခဲ့ပေမယ့် ချစ်သူဆီမှာပဲ အချစ်တွေ ဆုံးခဲ့ပါပြီ….

ရင်နင့်ရတယ် ချစ်သူရယ်.. ခံစားချက်တွေ နင့်သီးစွာနဲ့ ခွဲခွာရမယ့်တစ်နေ့ကို စောင့်နေရတဲ့ ကိုယ့်ရင်မှာ ကြိုးမိန့်ကျခံထားရတဲ့ လူတစ်ယောက်လိုပါပဲ….

ချစ်သူရဲ့ နှုတ်ဖျားထက်က အခြားတစ်ယောက်ရဲ့ နာမတစ်ခုကို ကြားလိုက်ရတိုင်း ကိုယ့်နှလုံး သားတွေ အေးစက်ခါးသက် သွားတတ်ခဲ့ပါတယ် ချစ်သူရယ်….

ချိုမြိန်စွာ ရွတ်ဆိုတတ်တဲ့ နာမတစ်ခုမှာ ကိုယ့်အသည်းတွေ ပျက်ကြွေပြုန်းခဲ့ရတာ ချစ်သူသိနိုင်ပါ့မလား…

မခံစားတတ်ခဲ့သူ ကိုယ့်နှလုံးသားကို ချစ်ခြင်းများစွာနဲ့ မွမ်းမံခဲ့တာ ချစ်သူပိုင်ဆိုင်တဲ့ ပညာရပ်တစ်ခု ဆိုရင်တော့ ကိုယ်ထာဝရ လေးစားလျက်ပါ….

ချစ်သူရဲ့ စကားတစ်ခွန်း ကြားလိုက်ရတိုင်း နစ်မွန်းစွာပျော်ဝင် တတ်ခဲ့တာ အချစ်ဆုံးသူ သိနိုင်မယ်မထင်ပါ…

ကျိန်စာသင့်ခဲ့တဲ့ ကိုယ့်ရဲ့ချစ်ခြင်းတစ်ခုကို တသက်တာ ကြေကွဲရမှူ့တွေ အဖြစ်ကိုယ်ခံစား နိုင်ဖို့ပြင်ဆင် ရဦးမယ်ကွယ်….

ဆုတောင်းမှားခဲ့ကြသူ ကိုယ်တို့အတွက် ခဏတာတော့ နီးခွင့်ရှိဦးမယ် ထင်ပါတယ်…

တစ်ခဏတာ တွေ့ဆုံမှူ့ဟာ တစ်သက်စာ အမှတ်တရတွေ အဖြစ် တွေဆုံချိန်ခဏ လေးမှာတော့ ဖန်တီးခွင့်ပေးပါ…..

ကိုယ့်ရဲ့ နံက်ခင်းတိုင်းဟာ ရနံ့သင်းတဲ့ နံက်ခင်းတွေ မဖြစ်နိုင်တော့ပေမယ့်… အထီးကျန်စွာ တော့မနိုးထချင်ခဲ့ပါ…

တစ်ချိန်က အမှတ်တရတစ်ခုကို ကိုင်စွဲရင်း ကိုယ့်ရဲ့နောက်ဆုံး ထွက်သက်အထိ လွမ်းဆွတ်ခွင့် ပေးပါ….

သိပံဆန်တဲ့ ပညာရပ်တွေကို အနုပညာမြောက်စွာ ဖန်တီးတတ်တဲ့ ချစ်သူ.. ကိုယ့်ရဲ့ သင်္ချာဆန်တဲ့ နှလုံးသားကို အနုပညာမြောက်စွာ သိမ်းယူဆန်းသစ်ပါတော့….

မွန်းကျပ်လွန်းလှတဲ့ ကိုယ့်ရဲ့ နှလုံးသား အခန်းတွေကို ခမ်းနားတဲ့ ချစ်ခြင်းတွေနဲ့ ပြတင်းပေါက်တွေ တပ်ပေးပါ….

ငံ့သက်စွာ ပြေးလွှားနေတဲ့ နှလုံးသားတစ်စုံကို ချစ်သူရဲ့ ရင်ခွင်မှာ ထာဝရ ခိုလှုံစီးဆင်းခွင့် ပြုပါ…

ချစ်သူရဲ့ နူးညံ့တဲ့ အထိအတွေ့ကို ခံစားလိုက်ရတိုင်း အသက်ရှူရပ်မတတ် ခံစားခဲ့ရတာ ရင်နဲ့အမျှပါပဲ…

ချစ်သူရဲ့ ဥပက္ခာပြုမှူ့ဟာ ကိုယ့်ဘ၀အတွက်တော့ ခါးသက်စွာ ကျိန်စာသင့်ခြင်းပါပဲ….

ချစ်ခြင်းတစ်ခုကို ကိုယ့်ရင်မှာ ထိုးစိုက်လိုက်မိတဲ့ အတွက်ပြန်နှုတ်ယူလို့ မရတော့တဲ့ အနေမှာ ကိုယ့်နှလုံးသားမှာလဲ သေရာပါဒဏ်ရာ ခပ်ပြင်းပြင်း တစ်ခုကို ကျေနပ်စွာနဲ့ လက်ခံလိုက် ရပါတယ်…

ကိုယ်ဟာ ရုပ်ကြွင်းတစ်ခုသာဆို ဘူမိဗေဒပညာရှင်ရဲ့ လက်ထဲမှာ ကိုယ့်နှစ်လုံးသားဟာ ချစ်သူအတွက် တလှပ်လှပ်ခုန်နေမှာပါ…

ဒါပေမယ့်ချစ်သူရယ်.. လွတ်မြောက်ခွင့် ရမှ ချစ်သူဘ၀ နေပျော်မယ်ဆို ကိုယ့်နှလုံးသားကို စတေးလို့ ချစ်သူသွားမယ့် အရပ်ဆီ ကိုယ့်ရင်ကို နင်းခံလို့ အရောက်လိုက်ပို့ပေးမယ် ချစ်သူ….

တွယ်ရာမဲ့ ကိုယ့်ဘ၀မှာ ချစ်ခဲ့ဖူးတဲ့ အမှတ်တရ တစ်ခုကို ကိုင်စွဲရင်း ကြေကွဲစွာ ဖြတ်သန်းတော့မယ်…

ပန်းချင်လဲပန်းပါစေ……..

ခံစားရေးသားသူ- ကိုကိုးအိမ်(မန္တလေး)

(၂၈।၁၀।၂၀၁၁)

www.kokoeaimmdy.info

တံတိုင်းနှင့် ဆည်၏ သားကောင်များ

|

719

မဟာတံတိုင်းကြီး နောက်ကွယ်က သမိုင်းအမှန်တွေကို ရောင်ပြန်ဟပ်စေသော ဒဏ္ဍာရီတစ်ပုဒ် ရှိခဲ့ပါသည်။

ဘီစီ ၂၀၀ ၀န်းကျင်။ မဟာ တံတိုင်းကြီး တည်ဆောက်သော ခေတ်ကာလ ကျန်းနန်ပြည်နယ် တစ်နေရာ။ အိမ်နီးချင်းများဖြစ်ကြသည့် မန်အိမ်နှင့်ကျန်းအိမ်။ သူတို့ နှစ်အိမ်စလုံးက သားထောက်သမီး ခံမရှိကြ။ တစ်နှစ်မှာတော့ မန်အဘိုးကြီးက ခွံမာသီးပင် ခြုံတစ်ခြုံကို စိုက်ပျိုးခဲ့သည်။ အပင်တစ်စတစ်စကြီး လာပြီး ကျန်းအိမ်ဘက်ကိုပါ ရောက်လာသည်။ ကျန်းအိမ်ဘက်မှာ အသီးကြီးတစ်လုံး သီးလာခဲ့သည်။ သူပိုင် သည်၊ ငါပိုင်သည် အငြင်းပွားကြရင်း နောက်ဆုံးမှာတော့ ခွဲယူဖို့ ဆုံးဖြတ်လိုက်ကြသည်။ အသီးကြီးကို ခွဲလိုက် သောအခါတွင်တော့ ကလေးငယ်တစ်ဦး ထွက်လာခဲ့သည်။ ကလေးကို နှစ်အိမ်စလုံးက အတူပျိုးထောင် လာခဲ့ကြပြီး နှစ်ဖက်မျိုးရိုးအမည်များ ပါစေရန် မန်ကျန်းနုဟု အမည်ပေးခဲ့ကြသည်။ (နုမှာ မိန်းကလေး ဟု အဓိပ္ပာယ်ရသည်)

မန်ကျန်းနု ကလေးအရွယ် ရောက်လာသောအခါတွင်တော့ ဖန်ရှီးလင် ဆိုသော လုလင်ပျိုနှင့် ချစ်ကြိုက်မိကြကာ လက်ထပ်ထိန်းမြားရန် စီစဉ်ခဲ့သည်။ ဒီအချိန်မှာကံကြမ္မာဆိုး က ၀င်လာခဲ့သည်။ မင်္ဂလာဆောင်သည့်နေ့တွင်ပင် ရှီးလင်ကို မဟာတံတိုင်း တည်ဆောက်ရေးအတွက် ချွေးတပ်ဆွဲ (ပေါ်တာဆွဲ) သွားကြသည်။ မဟာတံတိုင်းအတွက် ချွေးတပ်ဆွဲခံခဲ့ရသူ တစ်ဦး၏ဘ၀သည် ငတ်မွတ်ခေါင်းပါးမှုတို့ဖြင့် သေခြင်းသာ အဆုံးရှိသည်က များကြသည်။ တစ်နှစ်သာကြာသွားသည်။ ရှီးလင် သတင်းကမရ။ နုက စိတ်ပူလှပြီ။ မဟာတံတိုင်းကို ရောက်အောင် သွားပြီး သူ့ခင်ပွန်းအကြောင်း သွားစုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။ ခက်ခဲသော တစ်ကိုယ်တော်ခရီးကို ဖြတ်သန်းပြီး မဟာတံတိုင်းဆီရောက်တော့ သတင်းဆိုးက ဆီးကြိုနေသည်။ ရှီးလင် တစ်ယောက် အလုပ်လုပ်ရင်း သေလွန်ခဲ့ပြီ။ အလောင်းကရော။ တံတိုင်းအောက်မှာ သေသူ အလုပ်သမားတွေကို မြှုပ်ထားသည်ဆိုခြင်းကို နုသိလိုက်ရသည်။ သည်းထန်စွာ ငိုကြွေး ရင်း တံတိုင်းကိုဖြိုတော့သည်။သစ္စာ မေတ္တာစွမ်းက ကြီးလှသည်။ သူငို ကြွေးရင်းထုနှက်သော နေရာတစ်ဝိုက်မှ တံတိုင်းကြီးပျက်စီးပြိုလဲ သွားခဲ့သည်။ မရေမတွက်နိုင်သော အရိုးတွေ တောင်ပုံရာပုံ။ သူ့ချစ်လင်၏ အရိုးကို ရှာဖို့အတွက် သစ္စာဆို သည်။ သူ့လက်ထိပ်ကို ကိုက်၊ကျ လာသောသွေးနှင့် အရိုးတိုင်းကို စမ်း ကာ ချစ်လင်အရိုးဖြစ်လျှင် ကျသော သွေးကိုအရိုးက စုပ်ယူပါစေဟု သစ္စာဆိုခဲ့သည်။ ချစ်လင်အရိုးကို နောက်ဆုံးမှာ ရှာတွေ့ခဲ့သောအခါတွင်လည်း အရိုးပုံကိုဖက်ပြီး ငိုရှာရပြန်သည်။


Three Gorges Dam ဖွင့်ပွဲအခမ်းအနားကို ဘူမိနှင့် ရေအားလျှပ်စစ် အင်ဂျင်နီယာပညာ အသီးသီးဖြင့် ကျောင်းပြီးခဲ့ကြသော ၀န်ကြီးချုပ် ၀မ်ကျားပေါင် နှင့် သမ္မတ ဟူကျင်တောင်တို့ မတက်ရောက်ခဲ့။ သမိုင်းတရားခံတော့ အဖြစ်မခံလိုကြ။

အမျက်ထွက်နေသော ကျင်မင်းဆက် ပြည့်ရှင်ဧကရာဇ်ကြီးက ပျက်စီးသွားသောနေရာကို လာကြည့်သည်။ မအိုသေးသော မုဆိုးမ မန်ကျန်းနုကိုမြင်တော့ ဘုရင်ကြီး သဘောခွေ့သွားသည်။ ဒေါသတွေအရည် ပျော်သွားသည်။ တောင်းဆိုချက် သုံးချက်ကို ခွင့်ပြုလျှင် လက်ထပ်မည် ဟု နုကတုံ့ပြန်သည်။ ပထမအချက် က သူ့ချစ်လင်ကို တော်ဝင် အခမ်းအနားဖြင့် သင်္ဂြိုဟ်ရမည်။ ဒုတိယ အချက်က ဧကရာဇ်ကြီးနှင့် သူ့အစိုးရသည် ဈာပနကိုတက်ရမည်။ တတိယအချက်က သူသမုဒ္ဒရာကို ကြည့်ချင်သည်၊ လိုက်ပို့ပေးရမည်ဟု။ အရပ်သား တစ်ယောက်အတွက် လုပ်မပေးချင်လှသော်လည်း သူ့မယား လိုချင် သူ့လင်ကောင်းကောင်း သင်္ဂြိုဟ်ပေးရမည်ပေါ့။ တတိယ တောင်းဆိုချက် ရောက်လာသည်။ သမုဒ္ဒရာ ကမ်းခြေသို့ အရောက်တွင်တော့ နု တစ်ယောက် ဘုရင်ကြီးကို ပြင်းပြင်းထန်ထန် ကျိန်ဆဲပြီးသမုဒ္ဒရာထဲ ခုန်ချ လိုက်လေသည်။ ဤတွင်ဇာတ်လမ်း ဆုံးလေသည်။

(ဇာတ်နာမှာ စိုးရိမ်သူ သူတို့ကတော့ မန်ကျန်းနုကို နဂါးမင်းကြီး နှင့် သမီးတော်များက ကယ်တင်လိုက် ကြသည်ဟု ဆိုကြသည်။) ဒီဇာတ်လမ်းသည် စီမံကိန်းကြီးကြောင့် ခင်ပွန်းကို ဆုံးရှုံးလိုက်ရသော မုဆိုးမများ၊ သားကို ဆုံးရှုံးလိုက်ရသော မိဘများ အားလုံးကို ကိုယ်စားပြုနေသည်။ တရုတ်ပြည်၏ မြောက်ဖက်ဖျားကို အိမ်ခြံစည်းရိုးခတ်သလို တံတိုင်းကာဖို့သည် တရုတ်၏ ပထမဆုံး ဧကရာဇ် ရှီဟွမ်တီ၏ အကြံအစည်။ မြောက် ဖျားမှ သူတို့ခေါ်ဝေါ်မှုအရ လူရိုင်းတွေ၏ ရန်မှကာကွယ်ရေး။ ရည်ရွယ်ချက်ကဖြင့် ကောင်းချင်ကောင်းနိုင် ပါသည်။ သို့ပေမဲ့ ပေးဆပ်လိုက်ရသည်က များလွန်းလှသည်။ မုဆိုး အလိုကျ စတေးလိုက်ရသည့် သားကောင်တွေ တစ်ပုံတစ်ပင်။ သည်တံတိုင်းကြီးက အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်းရှိ မရှိဆိုသည်က လည်းမွန်ဂို၊ မန်ချူး၊ ဗြိတိသျှ၊ ဂျပန် တို့၏ ကျူးကျော် သိမ်းပိုက်မှု အလီလီ ခံခဲ့ရခြင်းက သက်သေ။

ဒီ မဟာတံတိုင်းကြီး ဆောက်ပြီးနောက် အနှစ် ၂၀၀၀ နီးပါးအကြာ။ မဟာတံတိုင်း နောက်ပိုင်း အကြီးမားဆုံး စီမံကိန်းသည် တစ်ဖန်နိုးထလာသော တရုတ်တွင် ပေါက်ဖွားလာခဲ့ပြန်သည်။ ၂၁ ရာစု မဟာတံတိုင်းဟု ဆိုနိုင်သော Three Gorges Dam ။ တစ်မိုင်ခွဲကျယ်ပြီးပေ ၆၀၀ မြင့်သော ဆည်ကြီးသည် မိုင် ၄၀၀ ကျော်ရှည်လျားသည်။ စီမံကိန်းကြီးကို ခေတ်သစ် တရုတ်နိုင်ငံ၏ ဖခင်ကြီး ဆွန်ယက်ဆင်က စတင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၁၉ ခုနှစ်ကတည်းက ဖြစ်သည်။ တစ်နိုင်ငံလုံးကို မီးပေးနိုင်ဖို့၊ ရေလွှမ်းမိုးမှုတွေကို တားဆီးဖို့ဆိုသော ရည်ရွယ်ချက်ကောင်းများ။

719a

၁၉၃၂ မှာ ချန်ကေရှိတ်၊ ၁၉၃၉ မှာ ထိုစဉ်က တရုတ်ကို သိမ်းထားသော ဖက်ဆစ်ဂျပန်များ၊ ၁၉၄၉ မှာ မော်စီတုန်းအားလုံးက တည်ဆောက်ဖို့ မျှော်လင့်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ် တွင်မှ တည်ဆောက်ရေးကို တရုတ်ပြည်သူ့ ကွန်ဂရက်တွင် စတင်အတည်ပြုနိုင်ခဲ့သည်။ ကိုယ်စားလှယ် ၂၆၃၃ ယောက်မှာ ၁၇၆၇ ဦး ထောက်ခံပြီး ၁၇၇ ကန့်ကွက်ကာ ၆၆၄ မဲပယ် ဖျက်ခံရပြီး ၂၅ ဦးမဲ မပေးခဲ့ကြခြင်းဖြင့် ဒီဆည်ကြီး တည်ဆောက်ရေး အတည်ဖြစ်လာခဲ့သည်။ ကန့်ကွက်သူပမာဏသည် နည်းလှသည်ဟု ထင်ရသော်လည်း တစ်ပါတီစနစ်ရှိသော နိုင်ငံတစ်နိုင်ငံအတွက် ကန့်ကွက်မှုနှုန်း စံချိန်တင်သည့်ကိစ္စ ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄၃ ဘီလျံကျော်(ယွမ် ၂၅၄ ဘီလျံ) ကုန်ခဲ့သော ဆည်ကြီးကို ၂၀၀၉ ခုနှစ်ကတည်းကစတင် လည်ပတ်ရန် မျှော်လင့်ခဲ့သော်လည်း အဆင်မပြေခဲ့။ ဒီလထဲတွင်တော့ စလည်ပတ်နေပြီ။

ဆည်ကြီး မတည်ဆောက်မီက လူသန်းချီ နေရာရွှေ့ပြောင်းရမည်။ ရှေးအမွေအနှစ်တွေ ရေလွှမ်းကုန်မည်။ မြို့လုံးကျွတ်၊ ရွာလုံးကျွတ်ရွှေ့ ပြောင်းကြရမည်။ အားလုံးကို တွက်ချက်ပြီး ဆောက်ခဲ့ကြသည်ဟုတော့ သူတို့အစောပိုင်းမှာ ဆိုခဲ့ကြပါသည်။ စတေးရမည့် သားကောင်အရေအတွက် ကို နားလည်ထားပြီး ဖြစ်သည်ဆို သောသဘော။

သဘာဝကို ကိန်းဂဏန်းဖြင့် လျှော့တွက်မိခြင်း ဖြစ်ခဲ့သည်ကိုတော့ အချိန်လွန်မှ နားလည်ခဲ့ကြသည်။ ဂျပန်လိုနိုင်ငံမျိုးမှာပင် ငလျင်လှုပ်မည်ကို အချိန်စောပြီးမပြောနိုင်သေး။ သဘာဝဘေးတို့ကို လူသား၏ တွက်ချက်နိုင်စွမ်းက အပြည့်အ၀ လိုက်မမီသေး။ သို့ပေမဲ့ သဘာဝသည် ဖြစ်ချင်တိုင်း ဖြစ်နေသည်တော့ မဟုတ်။ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းတစ်ခါက ပြောခဲ့ဖူးသည်။ “ထာဝရဘုရားသည် သဘာဝတရားနဲ့ ကြွေအံမကစား”ဟူ၍။ သဘာဝတရားသည် ဖြစ်ချင်တိုင်း ဖြစ်နေသည်မဟုတ်။ အကြောင်းတရားများကြောင့် ဖြစ်သည်။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က အရှင်အဿဇိမထေရ် က ရှင်သာရိပုတ္တရာ အလောင်းအလျာ ဥပတ္တိသပရဗိုဇ်ကို ဟောပြခဲ့သည့် ဗုဒ္ဓတရားအနှစ်ချုပ်ကို အမှတ်ရမိသည်။ ယင်းဂါထာ၏အစ “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” ဆိုသော စာသား။ အကြင်တရားတို့သည် အကြောင်းကြောင်းကြောင့် ဖြစ်ကုန်၏ဟူ၍ အနက်ရပါသည်။ လူတို့ တွက်ချက်နိုင်သော အကြောင်းတရားမည်မျှ ရှိနိုင်မည်နည်း။ ဘက်ပေါင်းစုံမှ တွက် ချက်ထားပြီးဖြစ်သည်ဟု မည်သူကများ ပြောနိုင်မည်နည်း။

နောက်တစ်ချက်က ကိန်းဂဏန်းများဖြင့် သဘာဝတရားကို ကိုင်တွယ်ခြင်း၏အလုပ်ဖြစ်၊ မဖြစ်ဆို သည့် အချက်ဖြစ်သည်။ ကာလနှင့် အာကာသအပေါ် မှီတည်ပြီး သင်္ချာသည် ကွဲပြားနိုင်သည်။ ခန့်မှန်းတွက်ချက်မှုသည် ဖြစ်လာမည်ဟု အာမခံနိုင်သော အရာမျိုးမဟုတ်။ ဂျပန် ငလျင်နှင့် ဆူနာမီဖြစ်စဉ်ကို အနှစ် ၁၀၀ တွင်း တိုကျိုတစ်ဝိုက်မှာ ဖြစ်မည်ဟု တွက်ချက် ခန့်မှန်းထားသည် ဆိုသော ကိန်းဂဏန်း။ ဖြစ်လာသော အခါကာကွယ်ဖို့အတွက် လုံလောက်သော တွက်ချက်မှုမဟုတ်။ သည်လို ကိန်းဂဏန်းမျိုးတွေပါသော မရေရာသည့် တွက်ချက်မှုတို့ဖြင့် သဘာဝတရားကို ဇက်ကြိုးတပ်ရန် ကြံမိခြင်း ဖြစ်သည်။

ပြဿနာပေါင်းများစွာ ကပ်ပါလာခဲ့သည်။ ဆည်ကြီးပြီးစီးလုချိန် ၂၀၀၇ မှာတည်းက ၀န်ကြီးချုပ် ၀မ်ကျားပေါင် ကိုယ်တိုင်က အန္တရာယ် ကို ၀န်ခံလာရသည်။

ပြဿနာ အတိမ်အနက်ကို ဝေဖန်မှုတွေက ဟိုးအောက်ခြေကနေ ထိပ်ပိုင်းအထိ ထွက်လာသည်။ ဘေးဆိုးကြီး ဖြစ်လာနိုင်ချေရှိသည်ကို လက်ခံလာကြသည်။ လူ ၁ ဒသမ ၄ သန်း နေရာရွှေ့ပြီးသော်လည်း နောက်ထပ် သန်းချီရွှေ့ရဦးမည်။

တရုတ်ဗိသုကာပညာ စွမ်းပ ကား၏ပြယုဂ်၊ တိုးတက်လာသော နိုင်ငံစွမ်းအင် လိုအပ်ချက်အတွက် ဖြည့် ဆည်းရာ၊ရေကြီးမှုများအတွက် အရန် အတားအဖြစ် ၀င့်ကြွားခဲ့သော ကမ္ဘာ့ အကြီးဆုံး ဆည်ကြီးကို တည်ဆောက်ခဲ့ခြင်းသည် သရဲမွေးသလို ဖြစ်လာသည်။ ရေအားလျှပ်စစ်ပညာရှင်များက နုန်းတင်မြေနုများပိတ် နေစေခြင်းဖြင့် ဆည်သည်မြစ်အောက်ပိုင်း ကမ်းပါးတစ်လျှောက် ရေလွှမ်းနိုင်ချေကို ပိုပြီးတိုးစေသည် ဟု အချိန်လွန်ထောက်ပြမှုများ လုပ်ကြသည်။

သိပ္ပံပညာရှင်များကတော့ ဒီထက်ပိုဆိုးသည်ဟု ဆိုကြသည်။ ယန်ဇီမြစ်လက်တက်များ၏ရေ အရေအသွေးက သိသိသာသာဆိုးလာသည်။ ဆည်ပိတ်ထားသော မြစ်သည် အညစ်အကြေးတို့ကို ထိထိရောက် ရောက်မစွန့်ပစ်နိုင်တော့။ ရေလှောင်ကန်ကြီးပြီးသည့် ၂၀၀၆ ကတည်း ကစပြီး ရေမှော်တွေ အလွန်အမင်း ပေါက်ဖွားသည့် ထူးခြားဖြစ်စဉ်က ပေါ်လာသည်။ မြစ်ကမ်းပါးတွေ ပြိုကုန်သည်။ ယန်ဇီမြစ်လက်တက်တွေ ရှိရာကမ်းခြေတွေမှာ မြေပြိုမှု တွေရှိလာသည်။ ဒီတိုင်းဆက်သွားလို့တော့ ဒုက္ခများ ကြတော့မည်။

၂၀၁၁ မေလ ထဲမှာလည်း ဆည်ကြီးအကြောင်းက ထပ်ပြောရပြန်ပြီ။ တရုတ်ပြည်သူများ အတွက် အကျိုးပြုခဲ့သော်လည်း ဂေဟဗေဒ ဘေးဆိုးကပ်ဆိုးများ အန္တရာယ် ကာကွယ်ရေး၊ ဘူမိအန္တရာယ် ကာကွယ် ရေး၊ ရွှေ့ပြောင်းပေးရသူများကို အဆင်ပြေပြေ ပြန်လည်နေရာချရေး တို့အတွက် ချက်ချင်းဆောင်ရွက် ရမည့် ပြဿနာများစွာရှိကြောင်း တရုတ်အစိုးရ ၀န်ခံလိုက်ရသည်။

စီမံကိန်းရေးဆွဲမှုနှင့် တည်ဆောက်ရေးတွင် အလွှာစုံ၌ ပြဿနာတွေက ပေါ်လာသည်၊ ချက်ချင်း မဖြေရှင်းနိုင်သေး။ ဆည်ကြောင့်ဖြစ်သော ပြဿနာများကို ဆက်ထုတ်ပြန်ပေးဖို့ အစိုးရက ကတိပေးခဲ့သည်။ ဘေးအန္တရာယ် သတိပေးစနစ်တွေ တပ်ဆင်ဖို့၊ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက်ရန်ပုံငွေတွေ ထပ်ချပေးဖို့ ကတိပြုခဲ့သည်။ နစ်မြုပ်သွားသော မြို့များ၊ သမိုင်းဝင်နေရာများ နှင့် အတူ ရေလှောင်ကန်ကြီး ပတ်လည် က ညစ်ညမ်းမှုနှင့် ဘူမိ အန္တရာယ်များ တစ်ပါတည်း ဖြစ်ပေါ်လာသည်။

Three Gorges Dam ဖွင့်ပွဲ အခမ်းအနားကို ဘူမိနှင့် ရေအား လျှပ်စစ်အင်ဂျင်နီယာ ပညာ အသီးသီး ဖြင့် ကျောင်းပြီးခဲ့ ကြသော ၀န်ကြီးချုပ် ၀မ်ကျားပေါင် နှင့် သမ္မတ ဟူကျင်တောင်တို့ မတတ်ရောက်ခဲ့။ သမိုင်းတရားခံတော့ အဖြစ်မခံလိုကြ။ ဒီစီမံကိန်းကို စလုပ်ခဲ့သည်က သူတို့မဟုတ်။ ၁၉၉၂ ခုနှစ် က ၀န်ကြီးချုပ်လီပင်း။ တိုးပွားလာသော လူဦးရေ၊ အသုံးများလာသော လျှပ်စစ်ဓာတ်အားကြောင့် ဆွန်ယက်ဆင် မျှော်လင့်ခဲ့သလို တစ်နိုင်ငံလုံး မီးပေး၍ရမည့် ဓာတ်အားလည်း မဟုတ်တော့။ အပြည့်လည်နိုင်ချိန်တွင် ထုတ်နိုင်မည့် မီဂါဝပ် ၂၃၀၀၀ သည်ပင် လူဦးရေ ၇ ရာခိုင်နှုန်းကိုသာ မီးပေးနိုင်တော့မည်။

ဆည်ကြီးကပေးသော သင် ခန်းစာသည် တရုတ်တစ်နိုင်ငံတည်းအတွက် မဟုတ်။တစ်ကမ္ဘာလုံးအတွက် ဖြစ်သည်။ ဧရာမဆည်(Mega Dam) တွေ တည်ဆောက်ရေးကို ပြန်သုံးသပ်လာကြသည်။ ဘုရားဇီးက အမေဇုန်မြစ်မှာ ဆည်ကြီးဆောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ တရုတ်ကိုယ်တိုင်လည်း နောက်ထပ်ဆည်တွေ ဆောက်ရေးကို ပြန်သုံးသပ်နေရသည်။ အန္တရာယ်ရှိနိုင်သည့် စီမံကိန်း တို့ကို ဖျက်သိမ်းလိုက်သည်။ သို့ပေမဲ့ အချို့ကိုတော့ မလွှဲမရှောင်သာ ဆက်ဆောက်ရမည်။ ဂျပန်ငလျင်နှင့် နျူအကျပ်အတည်းကြောင့် တရုတ်၏လျှပ်စစ်ဓာတ်အားအတွက် နျူစက်ရုံကိုမှီခိုရေး ကြံရွယ်မှုမှာလည်း နောက်ဆုတ်ရမည့် သဘောဖြစ်သွားခဲ့သည်။ ဓာတ်အား လိုအပ်ချက် ကလည်းရှိနေသည်။ ပြည်ကြီး ရှင်တွေ၊ ပြည်ကြီးရဲ့ သဘာဝရင်းမြစ်တွေ၊ ရှေးဟောင်း အမွေအနှစ်တွေကိုတော့ ဆည်ကြီးများ၏ သားကောင်အဖြစ် မခံလိုတော့။ . . .

Ref;CNN,China Daily,Time, WallStreetJournal,LA Time, London Times,NY Times, Scien-tificamerica.com,thegreatwall .com

Eleven Media Group မှာဖတ်လိုက်ရတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။ အရမ်းကြိုက်လွန်းလို့ ပြန်လည်မျှဝေလိုက် ခြင်းဖြစ်ပါတယ်။ မူလလင့်ခ်ကတော့ http://news-eleven.com/index.php?option=com_content&view=article&id=10277%3A2011-09-26-04-13-53&catid=78%3A2009-11-13-06-25-17&Itemid=135 မှာရှိပါတယ်...။


မျှဝေသူ... ကိုကိုးအိမ်(မန္တလေး)

www.kokoeaimmdy.info


ချစ်တတ် မုန်းတတ်အောင် သင်ပေးသူ

|

ကျွန်တော့်ဘ၀တွင် မိန်းမတစ်ယောက်ကို အသည်းပေါက်မ တတ်ချစ်ခဲ့ဖူးပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုမိန်းမကို သတ်ပစ်ချင်လောက်အောင်လည်း မုန်းနေခဲ့ပါသည်။ ထိုမိန်းမသည် ကျွန်တော့်ကို ချစ်တတ်အောင်လည်း သင်ပေးခဲ့သလို မုန်းတတ်အောင်လည်း သင်ပေးနိုင်စွမ်းရှိခဲ့ပါသည်။ ထိုမိန်းမသည် ကျွန်တော့်ဘ၀ထဲသို့ မထင်မှတ်စွာဝင်ရောက်လာ ခဲ့သလို ကျွန်တော့်ရင်ထဲသို့လည်း ခြေလှမ်းကြမ်းကြမ်းဖြင့် ၀င်ရောက်နေရာယူခဲ့သူလည်း ဖြစ်ပါသည်။

ကျွန်တော့်ဘ၀အတွက် ဆန်းကြယ်ခြင်းများစွာကို လက်ဆောင်ရရှိခဲ့သောနေ့….. ဟုတ်သည်။ သူမနှင့် စတင်တွေ့ဆုံခဲ့ရသောနေ့…………..

ထိုနေ့ကိုတော့ဖြင့် သူဘယ်တော့မှ မေ့နိုင်တော့မည်မထင်ပါ။ အကြောင်းကတော့ ကျွန်တော့်ကို အချစ်တွေစတင်မွေးဖွားစေခဲ့သောနေ့ ဖြစ်သည်လေ။

ထိုနေ့က သူသံရုံးသို့ ပတ်စ်ပို့စ် သွားလုပ်ရသောနေ့ဖြစ်သည်။ ဒီနေ့မှ သူငယ်ချင်း တွေကလည်း သူတို့အလုပ်နှင့်သူတို့မအားသဖြင့် ကျွန်တော်တစ်ယောက်တည်း ကားမောင်း ၍ထွက်လာခဲ့ပါသည်။ သံရုံးရှေ့အရောက် လမ်းကြားမှထွက်လာသော ကောင်မလေးတစ် ယောက်ကို တိုက်မိမလိုဖြစ်သွားပါသည်။ ထို့ကြောင့် ကျွန်တော်လည်း ကားပေါ်မှဆင်း၍ ကောင်မလေးဆီအသွား ကောင်မလေးဆီမှ……..

"ရှင်ဘယ်လိုလုပ်လိုက်တာလည်း၊ ဒီမှာချော်လဲသွားပြီ ” ဆိုပြီး မျက်လုံးလေးဝင့်ကာ လှမ်းရန်တွေ့လိုက်ပါတယ်။ ကောင်မလေးရဲ့ အဲဒီအပြုအမူလေးမှာပဲ ကျွန်တော့်နှလုံးသွေး တွေ တဒင်္ဂရပ်တန့်ခဲ့ရတာပါ။

"ညီမလေး အကို ဘာကူညီပေးရမလဲ"

"ဘာကူညီပေးရမလည်း ဆိုရုံနဲ့တော့မရဘူး၊ ခြေထောက်က ထောက်လို့မရတော့လို့ အိမ်ပြန်လိုက်ပို့မှရမယ်" ဆိုပြီး ပြောလိုက်တော့ ကျွန်တော့်ရင်ထဲမှာဗျာ။ လပြည့်ညကြီး သာသွားသလိုပါပဲ။

ဒီလိုနဲ့ ကျွန်တော်လည်း သူမရဲ့အိမ်ကို သိသွားပြီး နှုတ်ဆက်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ရက်တွေမှာ သူမအိမ်ကိုချောင်းပေါက်မတတ်သွားလည်ရင်း ရင်တွင်းစကားတွေ ကို ဖွင့်ဟခဲ့ပါတယ်။ ဒီလိုနဲပဲနောက်နှစ်လလောက်ကြာတဲ့အခါမှာတော့ သူမက ကျွန်တော့်ကို လှလှပပလေးပဲ အဖြေပေးခဲ့ပါတယ်။ အသည်းပုံကီးချိန်းလေးကို နှုတ်ခမ်းလေးနဲ့ ဖွဖွလေးနမ်းပြီး "ရော့ဒါမောင့်အတွက်အဖြေ" ဆိုပြီး ပေးခဲ့ပါတယ်။ ထိုအချိန်များဆီကတော့ ထိုနှုတ်ခမ်းတွေကို အဆိပ်သင့်နှုတ်ခမ်းတွေဆိုတာ မသိခဲ့ရိုးအမှန်ပါ။ ထိုနှုတ်ခမ်းလေးကိုပဲ အမြဲတမ်းအိပ်မက်မက်ရင် ကျဆုံးခဲ့ရသူပါ။

ဒီလိုနဲ့ ကျွန်တော်နဲ့သူ ချစ်သူသက်တမ်းသုံးလအရမှာ ကျွန်တော် စင်ကာပူမှာ အလုပ်သွားလုပ်ဖို့လျှောက်ထားတဲ့ ဗီဇာကျလာပါတယ်။ ကျွန်တော်တို့နှစ်ယောက်ခွဲရဖို့ ဖန်လာရောဆိုပါတော့ဗျာ။

"မောင်တို့ခွဲရတော့မယ်နော်၊ ဒါပေမယ့် စိတ်ချပါချစ်ရယ်

ဟောဒီကမောင်ဆိုတဲ့ကောင်က ချစ်တစ်ယောက်ကိုပဲ နှလုံးသားတစ်ခုလုံး

ပုံအောပြီးချစ်တာပါ ချစ်ရယ်… ယုံနော်….'

မောင်ကတော့ ဒီစကားပြောထွက်တာပေါ့၊ ခွဲသွားမယ့်သူကိုး၊ ချစ်ကတော့

မောင့်ကို တစ်နေ့မတွေ့ရရင် မနေနိုင်ဘူး၊ တစ်ရက်အသံမကြားရရင်မနေ

နိုင်ဘူး မောင်ရဲ့၊ ပြောရင်းတောင် ငိုချင်လာပြီ"

"ငိုတော့မငိုပါနဲ့ချစ်ရယ်၊ မောင်တို့ဖုန်းပြောလို့ရတာပဲ။"

" ဖုန်းကဘယ်မှာသွားပြောမလည်း၊ သူများဆီသွားပြောရတာ ဖုန်းဖိုးအရမ်း

ကုန်တာမောင်ရဲ့၊ ဘယ်လိုလုပ်မလည်း၊ ချစ်မှာ ကိုယ်ပိုင်ဖုန်းမှ မရှိတာ..ဟင့်."

"ဒါဆိုရင်လည်း မောင်ဟိုရောက်လို့ ပိုက်ဆံအဆင်ပြေတာနဲ့ မောင်ဖုန်းလှမ်း

ဝယ်ပေးလိုက်မယ်နော်၊ မငိုနဲ့တော့နော်.."

"တကယ်နော် မောင်"

"တကယ်ပေါ့ ချစ်ရဲ့"

ဒီလိုနဲ့ ကျွန်တော်လည်း အမိမြေမှ နိုင်ငံခြားသို့ ထွက်ခွာခဲ့ပါတော့သည်။ အလုပ်လုပ်၍ ငွေအနည်းငယ်အဆင်ပြေသည်နှင့် သူမလေးဆီသို့ ဖုန်းတစ်လုံးလှမ်းဝယ်ပေးခဲ့လိုက်ပါသည်။ ထိုနေ့မှစ၍ သူမနှင့် နေ့စဉ်ဖုန်းပြောဖြစ်ခဲ့ပါသည်။ ဖုန်းဘေလ်ကလည်း တစ်လတစ်လ အများကြီးရှင်းရလည်း ကျွန်တော့်မှာ တစ်ချက်မျက်နှာမပျက်ခဲ့ပါ။ သူမလေးနှင့် စကားပြောနေရတာကိုပဲ ဘ၀မှတ်နေခဲ့ပါသည်။ ထိုစဉ်ကတော့ ပျော်စရာအတိပြီးသော နေ့များပါပင်။

နောက်တစ်လလောက်အကြာမှာ သူငယ်ချင်းများဆီက ပြန်ကြားရတာကတော့ သူမတစ်ယောက်ကျွန်တော့်ရဲ့ဖုန်းကို အသုံးပြုကာ အခြားကောင်လေးများနှင့် ကျူနေသည်ဟု ပင်။ သူမကို မေးတော့ "မဟုတ်ပါ" တဲ့။ ထို့ကြောင့် ကျွန်တော်လည်း သူမရဲ့စကားကိုပဲ ယုံကြည်ပေးခဲ့ပါသည်။ ထိုသတင်းကိုပဲ နောက်ထပ်အတိအကျသိရသည့်နေ့ကတော့ သူငယ်ချင်းများကို ကျွန်တော်ပြန်ပြောဖြစ်ခဲ့သည်မှာ ……

"ငါမှ သူ့အနားမှာ နေမပေးနိုင်တာ၊ သူကြိုက်တဲ့သူနဲ့ပြောပါစေ၊

ဒါပေမယ့် သူချစ်တာ ငါ့ကိုပါ၊ တစ်နေ့ကျရင် သူလက်ထပ်မမဲ့သူဟာ ငါပဲဖြစ်မှာပါ" ဟုပင်။ ထိုအခါသူငယ်ချင်းများက ကျွန်တော့်ကို သြဘာပေးကြပါသည်။

"မင်းနွားပဲ" တဲ့လေ။ ကျွန်တော်အပြုံးမပျက်ခံနိုင်ရည်ရှိခဲ့ပါသည်။ သူမဆီဖုန်းဆက် တော့လည်း …

"ကျွန်မချစ်တာ မောင်တစ်ယောက်တည်းပါ" တဲ့။

ထိုစကားလေးဖြင့်ပင် ကျွန်တော်နှစ်သိမ့်နေခဲ့ပါသည်။

တစ်ရက်မှာတော့ သူမဆီမှ..

"မောင် ချစ်ရဲ့မိဘတွေ နေပြည်တော်ကို ပြောင်းကြတော့မယ်တဲ့။

အဲဒါ ချစ်လိုက်မသွားချင်ဘူး။ ချစ်ကို ရန်ကုန်မှာ လုံးချင်းငှားပေးပါ" တဲ့။

ကျွန်တော်သူမကို အစွမ်းကုန်အလိုလိုက်ခဲ့ပါသည်။ သူမအတွက် နေရာကောင်း ကောင်းတစ်ခုမှာ တိုက်ခန်းတစ်ခန်းငှားပေးခဲ့ပါသည်။ သူမအတွက် လစဉ်သုံးငွေကိုလည်း လစဉ်မှန်မှန်းပို့ပေးခဲ့ပါသည်။ သူမအတွက် လစဉ်ထောက်ပံ့နေရာတာနှင့်ပင် အိမ်ကမိဘတွေ ကိုလည်း ငွေပြန်မပို့နိုင်တော့ပါ။ ကျွန်တော်သည် မိဘအတွက် သားလိမ္မာတစ်ယောက် မဖြစ်ခဲ့သောလည်း ချစ်သူအတွက်တော့ ချစ်သူကောင်းတစ်ယောက်ဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့ပါသည်။ ထို့အတွက်လည်း ကျွန်တော်လွန်သည်ဟုမထင်ခဲ့မိပါ။ ကျွန်တော်သည် အချစ်အတွက် မွေးဖွားလာသူတစ်ယောက်သာဖြစ်ပါသည်။

ကျွန်တော့်အတွက် ရှော့ခ်ရသွားစေသော နေ့တစ်နေ့ကို သူမဖန်တီးခဲ့ပါသည်။ ထိုနေ့က သူမကိုလွမ်းမိတာနဲ့ အင်တာနက်ပေါ်ရှိ သူမရဲ့ Facebook စာမျက်နှာပေါ်ကို အလည်သွားခဲ့ပါသည်။ ထိုစာမျက်နှာပေါ်မှာ ကျွန်တော် တွေ့လိုက်ရတာကတော့ သူမနဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ ချစ်ရည်လူးသောစာများဖြစ်ပါသည်။ သို့သော် ကျွန်တော်ဖြေသိမ့်တွေးခဲ့ပါသည်။

"အင်တာနက်ပေါ်မှာပြောတာပဲ အပြင်မှာပြောတာမှမဟုတ်တာ" ဟုပင်။

ထို့နောက် နွေရာသီအားလပ်ရက် တစ်ခုတွင် အမိမြေသို့ ကျွန်တော်တစ်ယောက် အလည်ရောက်ခဲ့ပါတော့သည်။ ကျွန်တော်ပြန်လာတာကို အိမ်ကမသိခင် အရင်ဆုံးသွားတာ ကတော့ သူမဆီကိုပဲဖြစ်ပါသည်။ သူမကတော့ ကျွန်တော့်ကို ၀မ်းပန်းတသာ ကြိုဆိုခဲ့ပါသည်။ ကျွန်တော်ကလည်း ပါလာသမျှ ပိုက်ဆံအားလုံး သူမကိုပဲ ၀ကွက်အပ်နှံခဲ့ပါသည်။ ကျွန်တော် သူမအိမ်ရောက်ပြီး နောက်တစ်နာရီလောက်အကြာမှာ ကောင်လေးတစ်ယောက် သူမကို လာခေါ်ပါသည်။ အဲဒီအချိန်မှာပဲ သူမက ပိုက်ဆံတစ်ထပ်ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လျှက် ကျွန်တော့်ကို စကားတစ်ခွန်းလှမ်းပြောလိုက်ပါသည်။

"မောင် လိုက်သွားမယ်နော်" တဲ့။

အဲဒီနောက်တော့ ကျွန်တော်တစ်ယောက်တည်း မတ်တပ်ရပ်လျှက်သား ကျန်ခဲ့ရပါ တော့သည်။

" ကဲ… ဒီလောက်ဆို ဒီမိန်းမကို ကျွန်တော် မမုန်းသင့်ဘူးလားနော်…."

"သို့သော်… ကျွန်တော်သူမကို အသည်းခိုက်အောင်ချစ်ဆဲပါ။..

အံ့သြဖို့ကောင်းစွာပင် သူမအတွက်ဆို အရာအားလုံးပေးဆပ်ဖို့ အသင့်ဖြစ်နေခဲ့ ပါသည်။


ဒီဝတ္တုတိုလေးက မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ပထမဆုံး ဖော်ပြခံရတဲ့ စာမူလေးဖြစ်တာမို့ အမှတ်တရ တင်ဖြစ်လိုက်ပါတယ်....။ Icon Magazine ၏ အယ်ဒီတာများနှင့်တကွ စာမျက်နှာပေါ်ရောက်လာသည်အထိ ဆောင်ရွက်ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။

စာရေးသူ…… ကိုကိုးအိမ်(မန္တလေး)

Mandalay ICON မဂ္ဂဇင်း (အောက်တိုဘာ၊ ၂၀၁၁)

www.kokoeaimmdy.info

ခပ်စိမ်းစိမ်း ဒဿနများ(၁)

|

ကျွန်တော်မွေးကင်းစမှာ ကျွန်တော့်ကိုထုပ်သော အနှီးဟာ ချည်ဖြင့်ရက်လုပ် ထားသော ချည်သားစစ်စစ် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သော ပုခက်မှာ ကြိမ်ဖြင့်ပြုလုပ် ထားသော ကြိမ်ပုခက် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သောအိပ်ယာမှာ ၀ါဂွမ်းဖြင့်ပြုလုပ် ထားသော ဂွမ်းကပ်စောင်နှစ်ထည် ဖြစ်ပါသည်။ ကျွန်တော့်အတွက် ခေါင်းအုံးကိုတော့ ၀ါဂွမ်းစစ်စစ်ဖြင့် ပြုလုပ်ထားသော နူးညံ့သည့် ခေါင်းအုံးငယ်ကလေး ဖြစ်ပါသည်။ ငယ်စဉ်က ကျွန်တော် ချောင်းအလွန် ဆိုးတတ်ပါသည်။ ထိုသို့ ချောင်းဆိုးလျှင် ကွမ်းရွက်နှင့်ပြုလုပ်ထားသော ကွမ်းရွက်ပုံလျက်ဆားကို အမေကကျွေးတတ်သည်။ ကလေးသဘာဝ အစားစုံစားမိ၍ အစာမကြေဖြစ်လျှင်လည်း ထန်းပင်မှဖြစ်သော ထန်းလျက်ကို ဆေးသဖွယ် ကျွေးတတ်ပါသည်။

ငါးနှစ်ပြည့်၍ သူငယ်တန်းတက် သောအခါ ကျောင်းစိမ်းပုဆိုးနှင့် အိကျီင်္အဖြူကလေးကို ၀တ်ရပါသည်။ ချည်သားအထည်လေးများ ဆိုရင်ဖြင့် ၀တ်ရတာအလွန် သဘောကျမိသည်။ ကျောင်းကို ထည့်သွားသော ထမင်းဗူးနှင့်ရေဗူးကတော့ ကော်စေ့ဖြင့် လုပ်ထားသော ကော်ဗူးလှလှကလေးများ ဖြစ်သည်။ ကျောင်းတက်လျှင် လွယ်ရသော လွယ်အိတ်ကလေးကတော့ ချည်သားအပြည့် ကချင်လွယ်အိတ် အနီကလေး ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ကျောက်သင်ပုန်း ကျောက်တံဖြင့်စာသင်ရသည်။ ဆရာမကတော့ သဘောင်္ဆေး အစိမ်းရောင် သုတ်ထားသော အစိမ်းရောင်အသားပြား ပေါ်တွင် မြေဖြူဖြင့် ရေး၍စာသင်သည်။ ကျောင်းတက်ရတာအလွန်ပျော်သည်။ ကျွန်တော်တို့ ထိုင်ရသော ခုံများသည် ကျွန်းသား၊ ပိတောက်သား များဖြင့်ပြုလုပ်ထားသော သစ်သားခုံအနိမ့်ကလေးများ ဖြစ်သည်။ ပထမဆုံး ကျောင်းတက်ရသည့်နေ့က မေမေအသစ်ဝယ်ပေးသော ရာဘာပင်မှ ဖြစ်သည့် ရာဘာဖိနပ်အသစ် ကလေးဖြင့်ကျောင်းတက်ရသဖြင့် ဂုဏ်တောင်ယူမိသေးသည်။ ကျောင်းရောက်တော့ ဆရာမက တောင်ဇလပ်ပန်းကလေးတွေ ပန်လာတာကို မှတ်မိနေသေးသည်။ သူငယ်တန်းတုန်းက ဆုရတော့ ဆရာမက သစ်သားခဲတံလေး လက်ဆောင်ပေးတာ အမှတ်တရသိမ်းထားမိသည်။

နေ့လည်ကျောင်းဆင်းတော့ အိမ်ပြန်ရေချိုး ထမင်းစားသည်။ ရေချိုးတော့ အိမ်မှာအလွယ်တကူရသည့် တလျော်ကင်ပွန်း ဖြင့်ခေါင်းလျှော်ဖြစ်သည်။ မှတ်မှတ်ရရ ထိုနေ့က မေမေသုံးသည့် သံလွင်ဆီမွှေးကို ခိုးလိမ်းခဲ့သေးသည်။ ထမင်းစားတော့ ရွာကအမျိုးတွေလာတုန်းက လက်ဆောင်ပါလာသည့် ကောက်ကြီးဆန်နှင့်ချက်သည့် ထမင်းကို မေမေက နှမ်းဆီမွှေးမွှေးလေး ဆမ်းပေးသည်။ စားလို့ ကောင်းပါဘိခြင်း။ ဟင်းအဖြစ် အခါမကုန်ခင် လှမ်းထားသော ဗူးသီးခြောက်ကို ရေစပ်စပ်လေးဖြင့် ချက်ထားပြီး ဆားငံပြာရည်ဖျော်ကာ ခရမ်းသီး အတို့အမြုပ်တို့နှင့် ဖြစ်သည်။ သုံးတန်း၊ လေးတန်းရောက်သောအခါ သူငယ်ချင်းတွေ ပေါလာပြီး ကစားနည်း မျိုးစုံကစားဖြစ်လာသည်။ မန်ကျည်းစေ့ တောက်တမ်း၊ ကြက်ပေါင်ကွင်း ခုန်တမ်း၊ အစရှိသဖြင့် ပေါ့။ ငါးတန်းရောက်တော့ စာရေးလျှင် ဘောပင်နှင့်ရေးရမည် ဆိုသဖြင့် ဖေဖေက ရောင်စုံကော်ဘောပင် ကလေးတွေတစ်ဒါဇင် ၀ယ်ပေးခဲ့သည်။

ကိုးတန်းစာမေးပွဲဖြေပြီး ကျွန်တော်တို့ အိမ်ပြောင်းကြသည်။ အိမ်ကလေးမှာ ၀န်ထမ်းအိမ်ယာ ကလေးဖြစ်သည့်အတိုင်း တစ်ဖြောင့်တည်းဝါးလုံး ကလေးများကို ညီညီညာညာစီခင်းထားပြီး ပတ်ပတ်လည်မှာလည်း ၀ါလုံးလေးတွေကို စိပ်စိပ်လေးတွေ ကာထားပါသည်။ အမိုးကိုတော့ ကပ်အထူစားတစ်မျိုးဖြင့် မိုးထားသဖြင့် မိုးရွာပြီများဆိုရင်ဖြင့် ကပ်နံ့လေးတွေ ၀ါးနံ့လေးတွေ တသင်းသင်းရနေတတ်ပါသည်။ သဘာဝ ၀ါးရောင်စိမ်းစိမ်းလေးတွေကို သဘောကျသဖြင့် ဆေးတောင်မသုတ်ခဲ့ကြပါ။ ဒီအိမ်ကလေးကိုရောက်တော့ ကျွန်တော့်အကြိုက်လည်း ပြောင်းသွားခဲ့ပါသည်။ အိမ်ခြံဝင်းနံရံနားမှာ အလေ့ကျပေါက်သလား စိုက်ထားသလားပဲ မသိနိုင်တဲ့ ဆူးပုပ်ကြီးပင်ကနေ မိုးလေးတဖြိုင်နှစ်ဖြိုင်ကျလိုက်လို့ အနုလေးတွေ ထွက်လာပြီဆိုရင် ဆူးပုပ်ညွှန့်လေးတွေခူး၊ စကောလေးပေါ် ကင်ပွန်းရွက်နုတွေ တင်ပြီး လာလာရောင်းတတ်တဲ့ ခေါင်းရွက်ဗျပ်ထိုးသည် ဆီက ကင်ပွန်းရွက်နုတွေ ၀ယ်ပြီး ကင်ပွန်းရွက်စပ်ချဉ်ချက်၊ ဆူးပုပ်ရွက်ကြော်ပြီး ကောက်သစ်ဆန်နဲ့ချက်တဲ့ ထမင်းအိအိ ထွေထွေးလေးကို ပဲဆီမွှေးမွှေးလေး ဆမ်းပြီး လွေးကြပါသည်။ ဒီလိုနှင့် ဆယ်တန်းအောင် တော့ ဂုဏ်ထားသုံးဘာသာပါတဲ့ ကျွန်တော့်ကို ဖေဖေက အဘိုးဆီက အမွေရခဲ့တဲ့ ၂×၈၀ ပလေကပ် ကွက်ရိုက်အကောင်းစား တစ်ထည်နဲ့ ချည်သားအစစ် ပင်နီတိုက်ပုံတစ်ထည် ဆုချ ပါသည်။

တက္ကသိုလ်တက်တော့ အမိတက္ကသိုလ်အနီး တမာတန်းစိမ်းစိမ်းအောက်မှာ လမ်းလျှောက်ရင်း တက္ကသိုလ် လေးနှစ်တာအချိန်ကုန်ဆုံးခဲ့ပါသည်။

ကျောင်းတွေပြီးလို့ အလုပ်လုပ်တဲ့အချိန် ပြည်ပခရီးတွေ ကြုံလာရတဲ့အချိန် ချည်သားအစစ်နဲ့လုပ်ထားတဲ့ ပြည်တွင်းဖြစ် လက်ဂေ့ရှ် လှလှလေးတွေ ဆွဲပြီး နိုင်ငံတကာ အင်မီဂရေးရှင်းကို ဖြတ်ရတိုင်း ကျေနပ်ခြင်းတစ်ရပ်ကို ခံစားမိမြဲပါ။ အင်္ဂလန်မြက်ခင်းစိမ်းစိမ်း တွေကိုမြင်ရတိုင်း တောအုပ်၊တောင်အုပ်တွေနဲ့ စိမ်းလန်းတဲ့ မြန်မာ့မြေကို သတိရမိတတ်သည်။ ဆင်းဒ၀စ်ခ်ျနဲ့ ဘာဂါတွေချည်း စားရတိုင်း အမေချက်တဲ့ ခြံတွင်းဖြစ် အစိမ်းရောင်ဟင်းလျှာများကို တမ်းတမိတတ်သည်။ ဖရီဇာထဲက ပန်းသီးတွေကို မြင်ရတိုင်း အပင်ပေါ်တက်ခူးစားရတဲ့ အိမ်နောက်ဘေးက မာလကာပင်ကို မြင်ယောင်မိသည်။ အေးစက်နေတဲ့ အဲရ်ကွန်းနံ့ကို ခံစားမိတိုင်း ၀ါးလုံးနံရံတွေကြားက ဖြတ်တိုက်လာတဲ့ ၀ါးနံ့သင်းတဲ့ လေနုအေးတွေကို သတိရမိတတ်သည်။ ငွေကြေးစီးဆင်းမှူ့ အကြောင်းကို အငမ်းမရပြောနေကြတဲ့ သူတို့တွေရဲ့ အနောက်သံဝဲ၀ဲတွေကို ကြားရတိုင်း မြန်မာပီသသော အသံဖြင့် အစိမ်းရောင်လွှမ်းတဲ့ မြန်မာ့သယံဇာတတွေ အကြောင်း ဂုဏ်ယူစွာဖြင့် အားပါးတရ ပြောပြချင်မိသည်။ တို့နိုင်ငံရဲ့ အစိမ်းရောင် ၀ါးမျိုသံကို သဲ့သဲ့ကြားရတိုင်း တို့နှလုံးသားမှ သွေးစိမ်းရှင်ရှင် ထွက်သကဲ့သို့ ခံစားမိသည်။ ကျွန်တော်တို့ နှလုံးသားတွေသည်လည်း စိမ်းသက်အေးစက်ခဲ့ပြီကော……॥။ စိမ်းသက်ခြင်းနှင့်အတူ ကျွန်တော်တစ်ခါက ရေးခဲ့ဖူးသော ကဗျာတစ်ပုဒ် ကိုသာ တဖွဖွရေရွတ် နေမိတော့သည်။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတက်ပါတယ် ။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ်

မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်
ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်

ဒါပေမယ့်.....အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနိ ထက်
အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်

ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး

ဒါပါပဲ......ချစ်ရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
" ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ်

လာရောက်ဖတ်ရှူ့ကြကုန်သော ဘလော့ဂါများနှင့် စာရေးသူအပေါင်း ဤစာကြောင်းသို့ရောက်သည်နှင့် အတဂ်ခံလိုက်ရသည်ဟုတ်မှတ်ကြပါကုန်॥ ကိုကိုးအိမ် အားချစ်ခင်သောအားဖြင့် မြန်မာ့ အစိမ်းရောင် ခံစားချက်များအား ရေးသားပေးကြပါကုန်...။

ခံစားရေးသားသူ - ကိုကိုးအိမ်(မန္တလေး)
(၂-၁၀-၂၀၁၁ နံက် ငါးနာရီ)
www.kokoeaimmdy.info
ကဗျာရဲ့မူလလင့်ခ်


ဧရာဝတီလား... သူငိုနေတယ် :((

|

ဒီတစ်ခါတော့ ကိုကိုးအိမ်တစ်ယောက် မနေနိုင်မထိုင်နိုင်စွာဖြင့် မနေသင့်မနေထိုက်စွာ ရေးမိရပြန်ပြီပေါ့ဗျာ…। အဲဒါကတော့ ကျွန်တော်တို့ရဲ့ အမိဧရာဝတီပေါ့ဗျာ…။ အခုတလော ကိုယ်ရေးမလို့ ဘလော့ပေါင်းစုံလျှောက်လည် လိုက်တော့ ဧရာဝတီကို ချစ်သော၊ ဧရာဝတီနဲ့ မွေးဖွားခဲ့ကြသော၊ ဧရာဝတီရဲ့ ရင်ငွေကိုခိုလှုံခဲ့ ကြသော၊ ဧရာဝတီရဲ့ သားငယ်၊ သမီးငယ် ဘလော့ဂါများရဲ့ ရင်တွင်းငိုညည်းသံများကို ကြားခဲ့ရပါတယ်॥။ ကြားမိရတိုင်းလည်း စိတ်မကောင်းဖြစ်ရသလို၊ တွေးမိရတိုင်းလည်း ရင်ထဲမှာဝမ်းနည်းရပါတယ်॥။ ကျွန်တော်တို့ ချစ်တဲ့ဧရာဝတီ၊ အားလုံးရဲ့ မိခင်ကြီးဧရာဝတီ၊ မြန်မာနိုင်ငံကို အတတ်နိုင်ဆုံး ရှာဖွေကျွေးမွေး ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကျွေးမိခင်ကြီး ဧရာဝတီ၊ ကျွန်တော်တို့ရဲ့ စားဝတ်နေရေးအတွက် မရှိမဖြစ်အရေးပါခဲ့တဲ့ အသက်သွေးကြောကြီး ဧရာဝတီ၊ အခုနေအချိန်မှာများ ဘယ်လောက်များ ရင်ဆို့အောင် ခံစားနေရမလဲဗျာ॥။ ဘလော့ဂါအမကြီးအိမ်ချမ်းမြေ့ တစ်ယောက် ပြောသွားသလို ဧရာဝတီခြေတော်တင်ခံနေရပြီ ပေါ့ဗျာ…।။ ကျွန်တော်တို့ရဲ့ အမိဧရာဝတီအတွက် တော့ အခုချိန်ဟာ နေ့လား၊ညလားမသိတဲ့ အချိန်ရောက်နေပြီ လားတောင် မဆိုနိုင် အောင်ပေါ့ဗျာ…।။ ကျွန်တော် အမိဧရာဝတီရဲ့ အနာဂတ်ကို တတ်နိုင်သလောက် တွေးကြည့်မိတာ လေးတွေကို ရေးကြည့်မိပါတယ်…။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စပါးကျီကြီးတွေလို့ တင်စားခေါ်ဝေါ်ကြတဲ့ နေရာတွေ ရှိပါတယ်…။ ပထမစပါးကျီကြီးကတော့ အားလုံးသိကြတဲ့ ဧရာဝတီတိုင်း၊ ဒုတိယစပါးကျီကြီး ကတော့ စစ်ကိုင်းတိုင်း၊ တတိယစပါးကျီကြီးကတော့ ပဲခူးတိုင်း၊ စတုတ္ထစပါးကျီကတော့ ကချင်ပြည်နယ် တို့ဖြစ်ပါတယ်..။ စပါးကျီတွေ စပါးတွေပြည့်ဖို့ ရေသောက်မြစ်လိုပါတယ်…။ အပေါ်မှာ ပြခဲ့တဲ့ စပါးကျီကြီးတွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ မိခင်ကြီးဆီက နို့ရည်အဆီအနှစ်တွေ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဘယ်လောက်သောက်သုံး ခဲ့ပြီးပြီလဲ ဆိုတာ တွေကြည့်ယုံနဲ့တင် ကလေးတောင် တွေးတတ်ပါတယ်ဗျာ…။ ဘုရားဟောမှာပါပါတယ်…။ မိခင်ကိုပြစ်မှားရင် ပဉ္စာနန္ဒိယကံထိုက်တယ်ဆိုတာ…။ ကျွန်တော် တို့ရဲ့ အမိဧရာဝတီကို ပြစ်မှားရင်ရော ပဉ္စာနန္ဒိယကံ ထိုက်တော့မှာလား…။ ကျွန်တော်စဉ်းစား မိပါတယ်…။

ကျွန်တော်တို့ မိခင်ကြီးရဲ့ အနာဂတ်ကို မှီသလောက်ဥာဏ်လေး တစ်ထွာလောက်နဲ့ တွေးကြည့်မိတယ်ပေါ့ဗျာ…။ မြစ်ဆုံ… မြစ်ဆုံ… တစ်ချိန်က အရမ်းကိုလူကြိုက်များ လူတိုင်းပါးစပ်ဖျား ရေပန်းစားလှတဲ့ ကချင်ပြည်နယ်ရဲ့ အလှဆုံး ကချင်မလေးပေါ့…။ အရင်ဆုံး အနေနဲ့ ကချင်မလေး ခြေတော်တင်ခံလိုက်ရပါပြီ..။ တစ်ချိန်ကတော့ ကချင်မလေးရဲ့ အလှနဲ့ မိခင်ဧရာဝတီအပေါ် သိတတ်ခဲ့တဲ့ အလုပ်အကျွေးပြု ခဲ့မှူ့တွေကြောင့် အမိဧရာဝတီကို အမှီပြု ပြီး ကျွန်တော်တို့တတွေ ရှင်သန်ခဲ့ကြပါတယ်..။ မိခင် ဧရာဝတီကလည်း မြန်မာပြည်အထက်ဖျားမှ မြန်မာပြည်အောက်ဖျားအထိ သားသမီးပေါင်းစုံကို ကျောသားရင်သား မခွဲခြားဘဲ အလုပ်အကျွေးပြု ခဲ့တယ်ပေါ့ဗျာ..။ အခုချိန်မှာတော့ သေမိန့်ကျထားတဲ့ အကျဉ်းသားတစ်ယောက်လို ပြုသမျှနုနေရပြီပေါ့ဗျာ…။ တစ်ခါက စကားပုံ လေးကိုလည်း သတိရမိပါရဲ့…။ ကျေးဇူးရှိမှ ကျေးစွပ်တယ်တဲ့လေ…။

ကျွန်တော်တို့ မြစ်ဆုံကချင်မလေးကို ဆုံးရှုံးလိုက်ရပြီဆိုတာနဲ့ အရင်ဆုံးထိခိုက်မှာက ကချင်ပြည်နယ်သားတွေပါ…။ ဆည်တစ်ခုရဲ့ အဆုံးသတ်ဟာ သဘာဝသယံဇာတတွေနဲ့ အလှတရားတွေ ဆုံးရှုံးခြင်းပါပဲ..။ ကချင်ပြည်နယ်မှာ သီးပင်၊စားပင်တွေကအစ စိုက်ပျိုးရေးနဲ့ အသက်မွေးကြသူတွေ အများကြီးပါပဲ…။ ဆည်ဆောက်လိုက်ပြီဆိုရင် ပဏာမအနေနဲ့ ဆည်ဧရိယာအတွင်း မှာရှိတဲ့စိုက်ခင်းတွေ၊ စိုက်ပျိုးဧရိယာတွေ အဖယ်ခံလိုက်ရပါပြီ…။ ဒီအတွက် အဲဒီတစ်ဝိုက်မှာ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းပြု နေထိုင်ခဲ့ကြသူတွေ အလုပ်လက်မဲ့ဖြစ် သွားပါပြီ…။ အဲဒါ ပထမဆုံးဆုံးရှုံးမှူ့သေးသေးလေးပါ…။ အဲဒီနောက် ဘာတွေဆက်ဖြစ်မယ် ထင်ပါသလဲ…။ အလုပ်လက်မဲ့ဖြစ်သွားပြီ ဆိုတာနဲ့ သူတို့ အရင်က လုပ်ခဲ့ကြတဲ့ တောင်ယာတွေ ပြန်ခုတ်ကြပါပြီ…။ ဒါကိုလည်း အပြစ်လို့မဆိုသာတော့ပါဘူး…။ ဘာကြောင့်ဆို သူတို့အသက်မွေး ၀မ်းကျောင်းမှူ့အတွက် အလုပ်လုပ်ကြရတာပါ…။ အဲဒီမှာ နောက်ထပ်အကျိုးဆက်က တောင်ယာခုတ်ကြတဲ့အတွက် သစ်တောတွေ စပြုန်းပါပြီ…။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများအတွက် သစ်တောပြုန်းတီးမှူ့ဟာ ဘယ်လိုမှ လက်မခံနိုင်တဲ့ အချက်တစ်ခုပါ..။ အဲဒါက ဒုတိဆုံးရှုံးမှူ့တစ်ခုပါ…။

နောက်တစ်ချက်က ဆည်ဆောက်လိုက်တာနဲ့ ဆည်ဧရိယာတစ်ဝိုက် မှာရေ၀ပ်ဧရိယာ တွေအများကြီးဖြစ်လာတော့မှာပါ…။ ဆည်ဧရိယာတစ်ဝိုက်ဆိုလို့ အထင်သေးလို့မရပါဘူး…။ ရေ၀ပ်ဧရိယာတွေ ဖြစ်လာပြီဆိုတာနဲ့ နိုင်ငံအတွက် တန်ဖိုးရှိသစ်ပင်တွေ ဘယ်လိုနည်းနဲ့မှ မဖြစ်ထွန်းနိုင်တော့ပါဘူး….။

ဆည်တစ်ခုဖြစ်တည်လာတဲ့ နေရာတစ်ခုမှာသစ်တော ပြုန်းတီးမှူ့တွေဖြစ်ပေါ်လာတာ နဲ့အမျှ ရာသီဥတုဖောက်ပြန်မှူ့တွေ ဖြစ်ပေါ်လာပါမယ်…။ အဲဒီအခါမှာ ရှိပြီးသား ရေခဲတောင်တွေ…။ အဲဒီလိုဖြစ်လာတာနဲ့ တစ်ပြိုင်နက် လေဖိအားနည်းရပ်ဝန်းတွေ အများကြီးဖြစ်လာပါလိမ့်မယ်…။ အားလုံသိကြတဲ့အတိုင်း လေဖိအားနည်းရပ်ဝန်း ဖြစ်တဲ့နေရာ တွေမှာ မုန်းတိုင်းကြီးငယ်တွေ ဖြစ်ပေါ်လာပါတယ်…။ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားပါသလဲ....။ ကဲ…। မုန်တိုင်းဒဏ်ခံဖို့ရော အဆင်သင့် ဖြစ်ကြပြီတဲ့လား…। လို့သာမေးလိုက်ချင်တယ်ဗျာ…။

နောက်ဆိုးကျိုးတစ်ခုက ဘယ်လောက်ပဲခိုင်ခံအောင် တည်ဆောက်ထားတယ် ဆိုနေပါစေ… ဒီဆည်ကြီးဟာ နှစ်ပေါင်းများ စွာကြာအောင်တည်ရှိနေတော့မှာပါ… အဲတော့ ကျွန်တော်တို့ကလည်း နှစ်ပေါင်းများစွာအတွက် တွေးထားဖို့လိုပါလိမ့်မယ်…။ တစ်ချိန်ချိန်မှာ များအကြောင်းတစ်စုံတစ်ရာကြောင့် ဆည်ကိုဖောက်ချရတာပဲဖြစ်ဖြစ်၊ ဆည်ကျိုးတာပဲဖြစ်ဖြစ်၊ ဆည်သက်တမ်းကုန်သွားတာပဲ ဖြစ်ဖြစ် ဖြစ်ခဲ့မယ်ဆိုပါစို့…။ ကချင်ပြည်နယ်တစ်ခုလုံး အစရှာမရအောင် ဖြစ်သွားနိုင်သလို၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် လုံးမှာရှိသမျှ မိသားစုတွေ၊ အိုးအိမ်တွေ အားလုံး ပျက်စီးဆုံးရှုံးရမှာပါ…။ ဒါတွေရော ကြိုမတွေးမိကြတာလို့ တောင်အံ့သြမိပါရဲ့ဗျာ…။ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းပျက်စီး ရသလို မိဘကို ပြစ်မှားမိရင်လည်း ပဉ္စာနန္ဒိယ ကံထိုက်မှာ အသေအချာပါပဲ… ဆရာမဂျူးရေးခဲ့သလို ဗမာလူမျိုးတွေမှာ နေ့တိုင်းထိတွေ့ နေရတာကံဆိုပေမယ့် ကံဆိုတာ လူကလုပ်တာပဲဆိုတာ အမှန်ပါပဲဗျာ…। ကျွန်တော်တို့ရဲ့ ကံတွေကရော ဘယ်သူတွေကလုပ် တာပါလိမ့်ဗျာ…။ ကျွန်တော်တို့ရဲ့ ဧရာဝတီကတော့ ဘယ်သူတွေဘယ်လိုပဲ လုပ်နေကြပါစေ အချိန်တိုင်းမှာ စီးဆင်းဆဲ၊ ကျွေးမွေးမြဲပါဗျာ…။

အင်း.. တကယ်လို့များပေါ့… နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ ဧရာဝတီရဲ့ မြစ်ကမ်းပါးတစ်နေရာမှာ ဘူမိဗေဒပညာရှင်တွေက ဒီနေရာကတော့ ဧရာဝတီဆိုတဲ့ မြစ်ရှိခဲ့တာ ဖြစ်လောက်တယ်ဆိုပြီး တွက်ချက်အဖြေထုတ်နေကြလေမလား…။ အင်း ရင်မောမိ ပါရဲ့ ဧရာဝတီရယ်…။

ဆည်ဆောက်လိုက်ပြီဆိုတာနဲ့ ဧရာဝတီမှာ စီးဆင်းရမယ့်ရေတွေ အပြည့်အ၀ မစီးဆင်းနိုင်တော့ဘဲ မြစ်ကြောင်းတစ်လျှောက် ရေတွေရှားပါးရတော့မယ့် အခြေအနေပါ…။ ရေရှားပြီဆိုတာနဲ့ ရေနဲ့လုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားတွေ ဘယ်ကရေနဲ့ သွားသုံးကြတော့မလဲဗျာ… ကဲ… အဲဒီလိုများဆိုရင်ဖြင့် ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ထမင်း အတွက် ဆန်တွေ ဘယ်ကရတော့မလဲဗျာ… ကမ္ဘာတစ်လွှားမှာ မြန်မာ့ဆန်နဲ့ လျှမ်းလျှမ်းတောက်ခဲ့တဲ့ မြန်မာပြည်အတွက် ဘယ်နိုင်ငံကများ ဆန်တွေအင်ပို့ထ် လုပ်ရတဲ့ အနေရောက်မလဲလို့ တွေးရမယ့် အခြေအနေပေါ့ဗျာ… ။ ရေရှားမှူ့က အဲဒီမှာတင် ရပ်မသွား ပါဘူး… ရေရှားပြီဆိုတာနဲ့ မိုးခေါင်မှူ့က နောက်ကကပ်လိုက်လာမှာပေါ့…॥။ ရေရှိရာ မိုးရွာ ဆိုသလို ရေမရှိတာနဲ့ မိုးခေါင်ပြီလေ…။ အဲဒီအချိန်မှာ လွန်ကြိုးပေါ်က မိုးခေါင်ကျော်စွာလည်း မကယ်နိုင်တော့ပါဘူးဗျာ…။ ကဲ… စဉ်းစားကြည့်.. မိုးခေါင်ပြီဆိုတာနဲ့ အမြဲစိမ်းသစ်တော ကြီးတွေ ဆုံးရှုံးရပါပြီ…။ နောက် အပူပိုင်းဒေသတွေ ပိုများလာပြီး အာဖရိကလို ဖြစ်မသွားဘူး လို့ ပြောနိုင်ပါသလား…။ သယ်ယူဆေးကြောသွားဖို့ မြစ်မကြီးမရှိတော့ရင် အဆိပ်သင့်ပစ္စည်း တွေစုပုံလာပြီး…। တရုတ်ပြည်လိုရော လူပေါင်းထောင်ချီ အဆိပ်သင့်သေဆုံးမှူ့ တွေရော ဖြစ်မလာနိုင်ဘူးလား…။

တရုတ်ပြည်ကြီးတစ်ခုလုံးရဲ့ အမွေခံမြစ်ကြီးခုနှစ်မြစ်ဟာ ဆိုရင် သူတို့တစ်တွေရဲ့ သွားရည်တမြားမြား နဲ့အသွေးအသားတွေကို သောက်သုံးလို့မှ အားမရနိုင် .... မုဒိမ်းကျင့်သွေးစုပ်မှူ့ တွေကြောင့် ခုချိန်မှာ မရှူ့မလှဇာတ်သိမ်းခန်းကို ရောက်နေပါပြီ.... ခုမှ တမ်းတနေလို့ရော ရကြသေးရဲ့ လား.... သူတို့တစ်တွေ အတွက် မြစ်ကြီးခုနှစ်စင်းရဲ့ နေ၀င်ချိန်ကိုရောက်နေချိန်မှာ လက်လှမ်းမီရာ ကောက်ရိုးမျှင် လေးကို လိုက်ရှာရာကနေ ဧရာမရွှေတုံးကြီးကို တွေ့လိုက်ရသလို ပျိုမြစ်ခြင်းအားမာန်တွေနဲ့ ဧရာဝတီကို တွေ့လိုက်မိကြ ပါတယ်.... အဲ... တွေ့လိုက်ကြတဲ့ အချိန်မှာတော့ သူတို့တစ်တွေရဲ့ ထုံးစံအတိုင်း ငါးစာချဖို့ကြိုးစား ကြတော့ တာပေါ့..... ငါးစာဆိုတာကလည်း မျှားလေသူအတွက် ဘာမှမဟုတ် လောက်ပေမယ့် ငါးအတွက်တော့ မက်လုံးများစွာနဲ့ မက်လောက်စရာပေကိုး... မမြင်ဖူးမူးမြစ်ထင်ပေါ့ဗျာ.... လူမျိုးခြင်း ကျူးကျော်ရုံတင်မက... သူတစ်ပါးနိုင်ငံ လာပြီး ခြယ်လှယ်နေလိုက်ကြပေတဲ့ အစွယ်တဖွေးဖွေး သွားရည်တမြားမြား အမြီးတလှုပ်လှုပ် နဂါးစုတ်တွေ ကိုများလေဗျာ ၁၉၆၃ ပတ်ဝန်းကျင်က အခြေအနေမျိုးနဲ့များ ထပ်ကြုံစေချင်စမ်းပါဘိ.....

သူတို့ကိုယ်သူတို့များလေဗျာ... ဖောရိန်းအင်ဗက်စတာ တွေဘာတွေ လေကြီးလို့ စကားကျယ်.... အင်ဗက်စတာလား ကိုလိုနီလား မသိနိုင်တာကတော့ ပိန်းချက်ပေါ့ဗျာ.... အင်္ဂလန်ရဲ့ ကိုလိုနီထက်ဆိုးမယ့် နဂါးကိုလိုနီတွေ ဘယ်ချိန်ထိများ ကျွန်တော်တို့ကို မယားပါသားအရာထား ခိုင်းစားပြီး အမိဧရာဝတီကို မယားငယ်အဖြစ် အနိုင်ကျင့်နှိပ်စက် လေမလဲ မသိနိုင်ပေဘူးပေါ့.... ကဲ... ဒီတော့ ဘာကျန်တော့မလဲဗျာ.... သခင်မျိုးဆိုပြီး မော်ကြွားခဲ့ကြတဲ့ ကျွန်တော်တို့ မြန်မာတွေ နဂါးကိုလိုနီတွေကို အဖေမခေါ်ယုံတစ်မယ် လောပန်း၊ ဘောစိ၊ ရှီးဖော် ခေါ်ပြီး ကျွန်မှန်းမသိဘဲ ကျွန်တစ်ပိုင်းအဖြစ်ခံမလား... သခင်ဆန်ဆန် မော်ကြွားကြ မလားစဉ်းစားကြစေချင်ပါတယ်...။ ကျွန်တော်တို့တစ်တွေ ဒီလောက်သယံဇာတချမ်းသာတဲ့ နိုင်ငံမှာ နေနေကြတယ်...။ လူတကာ မျက်စိကျရတဲ့ တွင်းထွက်တွေနဲ့ အတူတကွ မွေးဖွားလာကြသူတွေ ဖြစ်တယ်... ဒါကိုများ ကမ္ဘာ့သယံဇာတ အဆင်းရဲဆုံးလူတွေရဲ့ လက်ဝေခံဘာလို့ အဖြစ်ခံမလဲဗျာ... ကျွန်တော်တို့ တစ်တွေရဲ့ ဧရာဝတီကထွက်တဲ့ အဆီအနှစ်တွေနဲ့ ကျွန်တော်တို့တစ်တွေ နောင်နှစ်ပေါင်းထောင်ချီ ငတ်မသေ နိုင်ဘူး.... ကျွန်တော်တို့ မြန်မာနိုင်ငံက ထွက်တဲ့ သဘာဝသယံဇာတတွေနဲ့ ကမ္ဘာ့အလယ်မှာ ချမ်းသာစွာ ခေါင်းမော်နိုင်တယ်... ဒါကိုများ အမိကိုပစ်မှား ဇာတ်တူသားစားတဲ့ သူများကိုတော့ မတွေးတတ် နိုင်အောင် ဖြစ်ရပါတယ်....။ မြစ်ဆုံဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက် ပါးစပ်ပေါက်ပဲ။ ပါးစပ်ပေါက်အမြဲ ပွင့်နေနိုင်မှ တစ်နိုင်ငံလုံးရဲ့ အသက်သွေးကြော ဧရာဝတီ အသက်ရှင်သန်နိုင်ပါလိမ့်မယ်...။ ပါးစပ်ပေါက်ကို ပိတ်လိုက်တာနဲ့ အာဟာရပြတ်သေပြီပေါ့ဗျာ....။ အခုတော့ ပါးစပ်ပေါက်ကို ပိတ်ရုံမက မြစ်ရိုးတစ်လျှောက် နှိပ်စက်မှူ့တွေကြောင့် ဒဏ်ရာပရပွနဲ့ ဧရာဝတီ... အခုများတော့ဖြင့်ဗျာ... နေ၀င်ချိန်နီးသထက်နီးလာပါပြီ...။ ကျွန်တော်တို့ ဘာများတတ်နိုင်ကြမလဲ....... ???????? ဧရာဝတီလား..... သူငိုနေတယ်.... ဧရာဝတီရဲ့ မျက်ရည်တွေဟာ ..............


ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တခြားဘလော့ဂါတွေလည်း အများကြီး ရေးပြီးသွားကြပြီဆိုတော့ ကျွန်တော် ဒီလောက်ရေးလိုက်ခြင်းသည် အုပ်တစ်ချပ်သဲတစ်ပွင့် ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်... ကိုကိုးအိမ် လား သူဖျားနေတယ်....


ခံစားရေးသားသူ.... ကိုကိုးအိမ်(မန္တလေး)

www.kokoeaimmdy.info

ဧရာနဲ့ချင်းတွင်း မြစ်နှစ်စင်းရဲ့ပေါင်းဆုံရာ

|

သူ…. သူဆိုတာ ကျွန်တော့်ဘ၀အတွက် အိပ်မက်လှလှလေးတွေ မက်စေခဲ့သူပေါ့….

အိပ်မက်တို့ရဲ့ အရှင်သခင်.. အိပ်မက်တို့ရဲ့ အကြီးအမှူး.. အိပ်မက်မှူးကြီးပေါ့ဗျာ…

လွမ်းမောမိတယ် ချစ်သူရယ်….

တိတ်ဆိတ်တဲ့ညတွေမှာ သူနဲ့ကျွန်တော် နှစ်ယောက်တည်း စကားတွေ အများကြီး ပြောဖူးခဲ့ကြတယ်…

အေးမြတဲ့လရောင်အောက်မှာ ချစ်ခြင်းဖွဲ့စကားတွေနဲ့ အလှတရားကို ထပ်မံလှပအောင် တန်ဆာဆင်ခဲ့ကြတယ်….

လေလှိုင်းကြားက စကားသံတွေနဲ့အတူ ပျော်ရွှင်ခြင်းတွေ စားသုံးခဲ့ကြဖူးတယ်…

ဂျူးရဲ့ ၀ါဒဆန်တဲ့ ဂန္ဒ၀င်မြောက်အတွေးအခေါ်တွေ အကြောင်း ငြင်းခုံခဲ့ကြဖူးတယ်….

ဒါပေမယ့် ဂျူးရဲ့စာတွေကိုသူလည်းချစ်သလို ကျွန်တော်လည်း ချစ်ခဲ့ပါတယ်….

ကျွန်တော်တို့ရဲ့ စကားတွေထဲမှာ ကိုမိုးဝေအကြောင်းလည်းပါသလို စကားပွင့်လေးတွေအကြောင်းလည်း ပါခဲ့တာပေါ့…

ချစ်သူတစ်ယောက် စိတ်ကြည်နေချိန်မှာ ချစ်စကားလေးတွေ တီတီတာတာ ပြောတတ်သလို…. အသံမကြားရလို့ စိတ်မကြည်ချိန်မှာလည်း ကြည်နူးဖွယ်ဒေါသလေးနဲ့ ဟောက်တတ်ပြန်သေးပါတယ်….

မြန်မာသံစဉ်သီချင်းတွေကို ကြည်လင်စွာဆိုပြတတ်သလို အင်္ဂလိပ်သံစဉ်လေးတွေနဲ့လည်း ချော့မြှူတတ်သေးရဲ့ ….. တစ်ခါတစ်လေများမှာတော့ နိုင်ငံတော်ကြီးအကြောင်း ကြီးကြီးကျယ်ကျယ်တွေ ပြောတတ်ကြသလို…. တစ်ခါတစ်လေ ပုရွက်ဆိတ်ကိုက်ခံရတဲ့ အကြောင်းလည်း ပြောမိကြပါရဲ့…..

အော်.. အမြန်နီးပါရစေတော့ ချစ်သူရယ်…

မိုးမျှော်တိုက်တွေကြားက ချစ်သူနဲ့ ရှူ့မဆုံးတဲ့မြက်ခင်းပြင်တွေကြားက ကျွန်တော်တို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှူ့က ရိုးရှင်းစွာတွေ့ဆုံခဲ့သလို ဆန်းကြယ်စွာလည်း ချစ်ခဲ့ကြတယ်ဆိုတာ ဂျူးနဲ့ ချစ်ဦးညိုရဲ့ စာအုပ်ကလေးတွေ အသိဆုံးပါ….

စာပေချစ်သူ… ချစ်သူလေးနဲ့ စာစကားလေးတွေပြောရင်း ချစ်ခွန်းချိုဖွဲ့သီသံတွေကို တယ်လီဖုန်းလေးလည်း နားငြီးနေရော့မယ်…॥ တစ်ခါတစ်လေမှာ ဖုန်းကိုင်မိလို့ ဟုတ်ကဲ့॥ အမိန့်ရှိပါလို့ ပြောမိရင် ဟုတ်ကဲ့… အမိန့်ရှိနေပါတယ်လို့ ပြန်ပြောတတ်တဲ့ ချစ်သူ… ဖုန်းပြောရင်း ကြာလာရင် မျက်လုံးတွေစင်းလာပြီနော်…। လို့ ပြောတတ်တဲ့ချစ်သူ… ခုတော့များကွယ်… နှစ်ခြိုက်စွာအိပ်ပျော်နေလောက်ပေါ့…। တစ်ခုခုများ စိတ်ကူးပေါက်ရာ ပြောလိုက်မိရင်ဖြင့် စိတ်ကူးကောင်းတာပေါ့ လို့ပြောတတ်တဲ့ချစ်သူ...... ချစ်သူရယ် .... ကိုယ်မင်းဆီ အပြေးလာချင်ပါရဲ့...

အင်း… တစ်ခါတစ်လေမှာ ချစ်သူကျောင်းတက်ခဲ့ရာ မုံရွာနည်းပညာတက္ကသိုလ်ကြီးနဲ့ ချင်းတွင်းမြစ်ကြီး ပါတတ်သလို…. ကျွန်တော့်ရဲ့ ကွန်းခိုရာ ရတနာပုံနေပြည်တော်ကြီးနဲ့ ဧရာဝတီမြစ်ကြီး အကြောင်းလည်း ပါတတ်တာပေါ့ဗျာ….

မေခနဲ့ မေလိခကတော့ ဂျိမ်းဖောတို့ဌာနေမှာ ပေါင်းဆုံခဲ့ကြပြီ… ချင်းတွင်းကို ချစ်တဲ့ချစ်သူ… ဧရာဝတီကို မက်မောတဲ့ ကျွန်တော်တို့ မြစ်နှစ်စင်း ပေါင်းဆုံခွင့် မရနိုင်ခြင်းအတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ…. ကျွန်တော်တို့ မြစ်နှစ်စင်းရဲ့ပင်လယ် ကရော ဘယ်မှာလဲ… ကမ်းမမြင်လမ်းမမြင်တဲ့ ပင်လယ်ဆီ ပေါင်းဆုံကြဖို့ ကျွန်တော်တို့ နှစ်ယောက်လုံး မတွေးခဲ့ ကြတာအမှန်ပါ….

မြစ်တစ်စင်းခရီးဆက်ဖို့အတွက် ရေစက်ပေါင်းများစွာပေါင်းဆုံရပါတယ်…. မိုင်ပေါင်းများစွာ ခရီးနှင်ရပါတယ်…. အတားအဆီ၊ အပိတ်အဆို့ပေါင်းများစွာကို ကျော်ဖြတ်ရပါတယ်… ကျွန်တော်တို့နှစ်ယောက် ပေါင်းဆုံဖို့အတွက်ကတော့ာ… ချစ်ခြင်းများစွာပေါင်းဆုံပြီး မိုင်ပေါင်းများစွာ ခရီးနှင်ဖို့ ခွန်အားတွေ ပြည့်ဝခဲ့ကြပေမယ့် ရှေ့မှာ အတားအဆီး၊ အပိတ်အဆို့ပေါင်းများစွာကြောင့် ကျွန်တော်တို့ရဲ့ ဘ၀ခရီးအတွက် ရင်မောခဲ့ရပါတယ်….

အင်း… ဂျူးရေးတဲ့စာအုပ်မှာ မြစ်တို့၏မာယာဆိုပေမယ့် ကျွန်တော်တို့ ချစ်ခဲ့ခြင်းအတွက် မာယာမပါခဲ့တာကိုတော့ ဧရာဝတီ နဲ့ ချင်းတွင်း အသိဆုံးပါ…

နီးပါးရစေတော့ ချစ်သူရယ်…

ချစ်သူရဲ့ စကားတစ်ခွန်းဟာ ကိုယ့်အတွက် အိပ်မက်ဖြစ်ပါစေ…. ချစ်သူရဲ့ အတွေးတစ်ချက်ဟာ ကိုယ့်အတွက် ဘ၀တစ်သက်စာဖြစ်ပါစေ…. ချစ်သူရဲ့ အမုန်းတစ်ချက်ကတော့ ကိုယ့်ဘ၀အတွက် အဆိပ်တစ်ခွက် ဖြစ်လာလိမ့်မယ် ချစ်သူရေ….

ချစ်ခြင်းတစ်ခုအတွက် အပြစ်မရှိခဲ့ပေမယ့် … မုန်းခြင်းအတွက်ကတော့ ကိုယ့်အတွက် ဘ၀တစ်သက်စာပေးဆပ် ရခြင်းပါပဲချစ်သူရေ….

အမြန်လာခဲ့ပါတော့ချစ်သူရယ်…..

အတားအဆီးမဲ့ ကိုယ့်ရင်ခွင်ထဲကို… သိမှတ်မဲ့ တိုးဝင်ခဲ့ပါတော့ချစ်သူရယ်…

နူးညံ့တဲ့ မင်းနှလုံးသားတွေကို အရည်ဖျော်ဖို့ ကိုယ့်ရင်ခွင်ရဲ့ အနွေးဓာတ်က လုံလောက်ပါတယ်…

မင်းနဲ့ ကိုယ့်ရဲ့ချစ်ခြင်းဟာ ချစ်ခြင်းပထ၀ီပါ…। ကိုယ့်တို့ နှစ်ယောက်ရဲ့ ချစ်သက်တမ်းဟာ ချစ်ခြင်း သမိုင်းပါ… သမိုင်းကိုဖျက်ရင် အမှန်တရား မပျောက်ပျက် ပေမယ့် ပထ၀ီကို ဖျက်ရင်တော့ ကိုယ်တို့ရဲ့ ချစ်ခြင်း တိုင်းပြည်လေး ပျက်လိမ့်မယ်ကွယ်… ဒီ့အတွက် ကိုယ်တို့ရဲ့ ချစ်ခြင်း ပထ၀ီကို မဖျက်ကြ စို့နဲ့နော်…।

ချင်းတွင်းချစ်သူနဲ့ ဧရာချစ်သူ…। တို့နှစ်ဦး ပေါင်းစည်း ကမ္ဘာကြီးကို အလှဆင် လိုက်ကြရ အောင်ချစ်သူရေ……

ခံစားချက်များစွာဖြင့် ငိုကြွေးရင်း ရေးသားပါသည်။

ခံစားရေးသားသူ…. ကိုကိုးအိမ်(မန္တလေး)

www.kokoeaimmdy.info

ချစ်သူကိုမပြောဖြစ်လိုက်သော စကားတစ်ခွန်း

|



မန္တလေးမြို့၊ ဆရာဝန်များအသင်းတိုက် (၂၅.၁၂.၂၀၀၇)


ခန်းမကြီးတစ်ခုလုံး သီချင်းသံများဖြင့် လှုပ်ရှားကြွရွလျှက်ရှိသည်။ လူများကလည်း ပျားပန်းခတ်မျှ ဟိုမှသည်သွားလာလျှက်ရှိကြသည်။ ထိုအထဲတွင် ကျောင်းသားကျောင်းသူကလေးခြောက်ယောက်လည်း ပါဝင်လျှက်ရှိသေည်။ အားလုံးမှာလည်း သက်တူရွယ်တူတွေလောက်ပင်... ရှမ်းဝတ်စုံလေးများ ဆင်တူဝတ်လျှက်ပျော်ရွှင်နေကြဟန်မှာလည်း အထင်းသားပင်... အားလုံး၏မျက်နှာများပေါ်မှာလည်း စိတ်လှုပ်ရှားဟန်ကလေးများက အထင်းသား.... သူတို့အားလုံး ဥာဏ်ရည်မမီသောကလေးငယ်လေးများ ရန်ပုံငွေပွဲအတွက် စေတနာ့ဝန်ထမ်းအဖြစ်ဖြင့် ကူညီ နေကြသော လူငယ်လေးများပါပင်။ အားလုံးက ဆေးကျောင်းသား၊ ဆေးကျောင်းသူကလေးများပေါ့... ထိုအထဲမှ ထူးခြားတာက ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်...။ ကောင်လေးကတော့ ကောင်မလေးကို အလွန်တရာ ချစ်မြတ်နိုးဟန်ဖြင့် စိုက်ကြည့်နေခဲ့ပြီး ကောင်မလေးကတော့ စိတ်လှုပ်ရှားဟန်ပေါ်နေပြီး သူငယ်ချင်းတွေနဲ့ စကားလိုက်ပြောနေခဲ့ပါသည်။ အစီအစဉ်စလို့ သိပ်မကြာခင် မှာပဲ ကောင်လေးတို့အဖွဲ့အလှည့်ကို ရောက်လာခဲ့ပါသည်.... အားလုံး စင်ပေါ်တက်ခဲ့ကြပြီး ဖျော်ဖြေမှူ့စကြပါသည်။ သီချင်းလေးကတော့ ကြည်နူးစရာကောင်းလှစွာဖြင့် လက်တီးသီချင်းလေးပေါ့.... သီချင်းသံတွေကြားမှာ ကောင်လေးရဲ့မျက်နှာကတော့ မြူးလို့ဖြလို့ပေါ့... ကောင်မလေးရဲ့မျက်နှာမှာတော့ စိတ်လှုပ်ရှားပျော်ရွှင်မှူ့တွေ အပြည့်နဲ့လေ... ၀ိုင်းပတ်ကနေဟန်လေးတွေ ထဲမှာတော့ ချစ်ခြင်းတစ်ခုကိုကိုယ်စားပြုတဲ့ မျက်နှာ၊ မြတ်နိုးခြင်းတွေကို ရင်မှာပိုက်ထားတဲ့မျက်နှာနဲ့ ရိုးသားတဲ့ကောင်လေးတစ်ယောက်ရဲ့ ကြည်နူးမှူ့လေးတွေကို ပရိတ်သတ်တွေမြင်နိုင်မှာ အသေအချာပဲလေ...
____________________________________________________________________

လောကကြီးရယ် ကျွန်မချစ်တာ မောင်တစ်ယောက်တည်းပါ။ ဒါပေမယ့် မိန်းမတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ကျွန်မအချစ်ကို ဖွင့်ဟဖို့ အသင်ကအခွင့်မပေးခဲ့ဘူးလေ။ ကျွန်မချစ်တာကို မောင်မသိအောင် ထိန်းချုပ်ထားဖို့ ကလည်း မိန်းမတစ်ယောက်ဘ၀မှ တာဝန်တစ်ရပ်အဖြစ် အသင်ကပေးအပ်ခဲ့ပြီလေ...။ အဲဒီတော့ မောင့်ကို ကျွန်မရင်ထဲကနေ ကျိတ်ချစ်နေဖို့ကလွဲလို့ ဘာများရှိတော့မှာလည်းရှင်...။ ဒိုင်ယာရီလေးတွေသာ ကွန်မရဲ့ ရင်ဖွင့်ဖော်၊ ကျွန်မရဲ့အနီးကပ်ဆုံးအားပေးနှစ်သိမ့်သူအဖြစ်နဲက ရပ်တည်ပေးခဲ့ရတာပါ။ မောင့်ကိုမြင်တိုင်း ကျွန်မရဲ့ မိန်းမဖြစ်ရတဲ့ဘ၀ကြီးကို မုန်းမိသလိုတောင် ဖြစ်ခဲ့ရတာ ဒိုင်ယာရီလေးအသိဆုံးပါ...။ ဒါပေမယ့် ကျွန်မကို မျှော်လင့်ချက်တွေ ရှင်သန်စေခဲ့တာကတော့ ဆရာဝန်များအသင်းတိုက်မှာ ကျင်းပတဲ့ ပွဲကလေးတစ်ခုပါပဲ။ အဲဒီပွဲမှာ မောင်နဲ့ ကျွန်မ တွဲကရမယ်တဲ့...။ ကျွန်မမှာ ပျော်လိုက်တာလေ။ ကျွန်မဘ၀အတွက် ဘယ်တော့မှမမေ့နိုင်တော့မယ့် ဖြစ်ရပ်ကလေးတစ်ခုကို ဖန်တီးပေးခဲ့တဲ့ အသင်လောကကို ဒီတစ်ခါတော့ ကျွန်မတကယ်ကို ကျေးဇူးတင်မိတာပါရှင်...။ နောက်ပြီး ကျွန်မအတွက် မောင့်မျက်လုံးတွေထဲက ကျွန်မအပေါ်ချစ်တဲ့ အချစ်ရိပ်ကိုလည်း မိန်းမတစ်ယောက်ရဲ့ ဆဌမအာရုံနဲ့ မြင်နိုင်ခဲ့တယ်လေ။ အဲဒီနေ့က ကျွန်မတို့ ရှမ်းဝတ်စုံလေးတွေနဲ့ ကရတဲ့နေ့ပေါ့...။ မောင်ကလည်း ရှမ်းဝတ်စုံအစိမ်းကလေးနဲ့ အရမ်းကို ကျက်သရေရှိနေတာပေါ့ရှင်...။ ကျွန်မကို အရမ်းမြတ်နိုးတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေခဲ့တာကိုလည်း ရိပ်မိနေတာပေါ့...။ ဒါပေမယ့် ကျွန်မက မိန်းမတစ်ယောက်လေ...။ ကိုယ်ကို မြတ်နိုးရိပ်တွေနဲ့ ကြည့်လာခဲ့တဲ့ ယောက်ျားတစ်ယောက်ကို ကျွန်မက အရိပ်အယောင်တွေပြနေလို့ ဘယ်ဖြစ်ပါ့မလဲရှင်...။ အဲဒီတော့လည်း မောင့်ရဲ့ မြတ်နိုးကြည့်တွေကို ကြည်နူးစွာခံယူရင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားခဲ့ရတာပေါ့...။ ကျွန်မတို့ တွဲကကြတော့လည်း မောင့်ရဲ့နွေးထွေးတဲ့ လက်ကလေးတွေနဲ့အတူ အလိုက်သင့်စီးမျောရင်း တဆိတ်ကြည်နူး မိတာကိုတော့ အိမ်ပြန်ရောက်မှ ဒိုင်ယာရီလေးကို ၀န်ခံရဦးမယ်လေ...။ ဒိုင်ယာရီလေးရေ မောင့်ကိုတော့ ပြန်မပြောရဘူးနော်...။ ကျွန်မတို့အတွက် အမှတ်တရဖြစ်စေမယ့် ပွဲလေးကို မောင့်ရဲ့ မြတ်နိုးခြင်းအကြည့်တွေ၊ ကျွန်မရဲ့ ချစ်ခြင်းဖွဲ့မျက်ဝန်းတွေနဲ့ တန်ဆာဆင်ခဲ့တယ်ဆိုရင်တော့ ကျွန်မလွန်မယ်မထင်ပါဘူးနော်....။

____________________________________________________________________

ဒီလိုနဲ့ ကျောင်းပြန်ဖွင့်တဲ့အခါ စာမေးပွဲတွေ၊ စာတွေနဲ့ ဆေးရုံတွေကြားမှာ ညပ်ပိတ်နေခဲ့တဲ့ ကျွန်တော်နဲ့ သူမလေးတို့ တစ်ခါတစ်ရံလှမ်းလှမ်းတွေ့လိုက်မိ ကြတာမှအပ တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေခဲ့သလို ဖြစ်ခဲ့ရပါတယ်...။ သူမရဲ့မျက်ဝန်းတွေကတော့ ကျွန်တော့်အပေါ်ခုချိန်ထိ အေးစက်ဆဲပဲလေ...။ တွေ့လိုက်ရင် လှမ်းပြီး ပြုံးပြရုံလောက်သာ အသိအမှတ်ပြုတာကလွဲရင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အေးစက်စိမ်းကား နေခဲ့တယ်ဆိုရင်လည်း အမှန်ပါပဲ...။ ကျွန်တော်ကတော့ ဂျူတီကုတ်လေးဝတ်ထားတဲ့ သူမကို လှမ်းမြင်လိုက်ရင် တစ်ခါဆို ဆိုလိုက်တိုင်း အချစ်ပိုခဲ့ရတာကိုတော့ သူမလေးကသိမှာမဟုတ်ပါဘူး...။ သူမလေးကို သတိရမိတိုင်း စာတွေနင်းကန်ကျက်ပြီး ဖြေသိမ့်ခဲ့ရပါတယ်...။ ဒါကို သူမလေးကတော့ သိမှာမဟုတ်ပါ...။ သူကလေးကတော့ ကြည့်လိုက်တိုင်း စာအုပ်တစ်အုပ်နဲ့ အမြဲတမ်းကျက်မှတ်နေတော့တာပါပဲ...။ နောက်ပြီး သူမလေးက ဒီကျောင်းရဲ့ အလှဆုံးစာရင်းဝင်ထဲမှာ ပါတယ်လေ...။ သူမလေးကိုကြည့်လိုက်ရင် ဘယ်တော့ပဲကြည့်လိုက် ကြည့်လိုက် သပ်ရပ်စမတ်ကျပြီး အဆင့်အတန်းမြင့်တဲ့ပုံစံလေး ထွက်နေတတ်တာကြောင့် သူမကိုဆို လိုက်ချင် ကြိုက်ချင်ကြတဲ့ ကောင်တွေကလည်း ၀ိုင်းလို့ပေါ့...။ ကျွန်တော့်လို အများထဲက ဘာမှမထူးခြားတဲ့ သာမာန်ဆေး ကျောင်းသားလေးတစ်ယောက်ကိုတော့ ကပွဲပြီးကတည်းက သူမရဲ့ရင်ထဲက ထွက်သွားလောက်ပါပြီလေ။ ဒါပေမယ့် ကျွန်တော့်အတွက်ကလည်း ချစ်နေရတာကိုပဲ ၀ဋ်ကြွေးတစ်ခုလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ ကျွန်တော့်အတွက်ကတော့ ချစ်နေရရင် ပြီးတာပါပဲလေ...။ ယောက်ျားလေးတစ်ယောက်အတွက် အကြောက်ဆုံး ကသူချစ်တဲ့ကောင်မလေးက သူ့ကိုပြန်မချစ်မှာကိုပါပဲ...။ ဘယ်လောက်ပဲ ခွန်အားကြီးတဲ့ သူရဲကောင်း တစ်ယောက်ဖြစ်ပါစေ...။ သူချစ်တဲ့ကောင်မလေးက သူ့ကိုပြန်မချစ်မျာကို သေမလောက်ကြောက်ကြပါတယ်...။ ကျွန်တော်လဲ ယောက်ျားတစ်ယောက်ပဲလေ... ချစ်တဲ့သူက ပြန်မချစ်မှာ ကြောက်တာပဲပေါ့...။ သူမလေး ပြန်ချစ်တာမချစ်တာထက် ကျွန်တော်သူမကို ချစ်ခွင့်ပန်လိုက်လို့ သူမကပြန်မချစ်လိုက်မှာကိုတော့ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တာပါ...။ သူမလေး ကျွန်တော့်ကိုပြန်မချစ်မှာက သေချာသလောက် ရှိနေတယ်လေ...။ ဒါကိုပဲ ယောကျာ်းတစ်ယောက်ရဲ့ အတ္တလို့ ဆိုမယ်ဆိုလည်း ဆိုကြပါစေဗျာ...။ ကျွန်တော်ကတော့ ကိုယ်ချစ်ရသူက ကိုယ့်ကို ငြင်းပယ်လိုက်တာကို ဘယ်လိုမှလက်ခံနိုင်စွမ်း မရှိခဲ့တာတော့ အမှန်ပဲလေ....။

____________________________________________________________________

ကျွန်မ မျှော်လင့်ချက်တွေတော့ ဖြစ်မလာနိုင်တော့ဘူး ထင်ပါရဲ့လေ...။ ကျွန်မချစ်မိတဲ့ ကိုတေမိကြီးက လူကို လှမ်းလှမ်းရှိုးပြီး မြတ်နိုးရိပ်တွေပြနေတာကလည်း အနေခက်စေပါရဲ့....။ သူ့ကိုချစ်မိတဲ့ ကျွန်မကတော့ ဘယ်ဘ၀က ၀ဋ်ကြွေးမှန်းကို မသိပါဘူးရှင်...။ စာကျက်လိုက်တိုင်း သူ့မျက်နှာလေးပေါ်လာပြီဆိုရင် ဘယ်လိုမှကို စာဆက်ကျက်လို့ မရတော့တာပါ...။ သူ့ကိုသတိရတိုင်းလည်း ကဗျာတွေရေးတတ်လာခဲ့တာ ကဗျာဆရာမတစ်ပိုင်းကိုဖြစ်လို့...။ သူငယ်ချင်းတွေက မေးယူရလောက်ောအင်ကို ကျွန်မပုံစံက တစ်စုံတစ်ခုက လွှမ်းမိုးခံထားရသလို ဖြစ်နေတတ်ခဲ့တာလေ...။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ သရဲဘောကြောင်ပုံကိုလည်း အားမလို အားမရဖြစ်ရတာ မကြာခဏပါပဲ....။ ဆေးရုံသွားတိုင်းလည်း သူ့မျက်နှာလေးကို ရှာဖွေနေတတ်ခဲ့ပါတယ်...။ ဒါတွေကိုတော့ သူသိမှာမဟုတ်ပါ...။ ကျွန်မကလည်း သူသိအောင် ပြလိမ့်မည် မဟုတ်ပါ....။ ကျွန်မသူ့ကို ခုချိန်မှာ ပေးနိုင်ခဲ့တာကတော့ သူ့ကိုချစ်သော ကျွန်မရင်ထဲက အချစ်တွေပဲ ဖြစ်ပါလိမ့်မည်...။ သူ့ရဲ့ အေးစက်စက်ချစ်ခြင်းတွေကို ခံယူရတိုင်း သူ့ကိုမှချစ်မိခဲ့သော ကိုယ့်ကိုယ်ကိုလည်း ဇဝေဇ၀ါဖြစ်ခဲ့ရပါသည်။ ကျွန်မဘေးမှာ ကျွန်မရဲ့ အချစ်ကို လိုချင်သူတွေ ၀ိုင်းဝိုင်းလည်နေသလောက် ချစ်ခွင့်ပန်ခဲ့သူတွေလည်း မနည်းပါပဲ... ဒါပေမယ့် ကျွန်မ သူတို့အားလုံးကို အေးစက်စက်အပြုံတစ်ခုနဲ့တင် ပြန်လည်ငြင်းပယ်နိုင်ခဲ့တယ်လေ...။ အေးစက်စက်သူ့ကိုသာချစ်ခဲ့မိတာအတွက် ၀ဋ်ကြွေးတွေသာ ဖြစ်ခဲ့မယ် ဆိုရင်လည်း အပြုံးမပျက် ခံယူဖို့ အသင့်ရှိနေခဲ့တယ်လေ....။

____________________________________________________________________

ဒီနေ့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေမိပါသည်။ တစ်ညလုံးလည်း အိပ်မရခဲ့တဲ့ အတွက် လူပုံစံကလည်း ကြောင်စီစီဖြစ်နေမှာ အသေအချာပါပဲ....။ ဒီတစ်နှစ်ဟာ ကျွန်တော့်ရဲ့ ကျောင်းသားဘ၀ နောက်ဆုံးနှစ်ပါပဲ။ ဒီအချိန်မှာမှ သူမကို ဖွင့်မပြောဖြစ်ခဲ့ရင် ကျွန်တော် တစ်သက်လုံးနောင်တရနေမယ့် အဖြစ်ကြီးကို လုံးဝလက်မခံ နိုင်တော့ပါ...။ ကျွန်တော်သူမကို ဖွင့်ပြောလိုက်ဖို့ အဆုံးစွန်အထိ အားမွေးထားခဲ့ပါတယ်...။ ဒီနေ့တော့ သူမကိုချစ်တဲ့အကြောင်းတွေ ဖွင့်ပြောလိုက်တော့မယ်ဗျာ...။ သူမဘက်က ငြင်းလိုက်မှာကိုလည်း ကြောက်ရွံ့စိတ် လုံးဝမရှိတော့ပါဘူး...။ ခုချိန်မှာ ကျွန်တော့်ရဲ့ ရင်ဘတ်တစ်ခုလုံးထဲမှာ သူမကိုချစ်သောအချစ် တွေသာ အတိပြီးနေခဲ့ပါသည်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက်လည်း ခုချိန်မှာ နောင်တမရချင်တော့ပါ...။ ကျွန်တော်ဖွင့်ပြောလိုက်လို့ ဖြစ်ပေါ်လာမယ့် သူမရဲ့အမုန်းတွေကိုလည်း ခံယူဖို့ ၀န်မလေးတော့ပါ... ခုချိန်မှာ တော့ကျွန်တော့်ရင်ထဲမှာ လိုအပ်ချက်တစ်ခုသာရှိပါတော့သည်....။ ကျွန်တော့်အချစ်တွေကို သူမအသိအမှတ်ပြု ဖို့ပင်...။ ထိုအသိအမှတ်ပြုမှူ့တစ်ခုတည်း ဖြင့်ပင် ကျွန်တော့်ဘ၀ရဲ့အနာဂတ် အချိန်တွေမှာ ခွန်အားအဖြစ်ဖြင့် ရပ်တည်သွားဖို့ ဆုံးဖြတ်ချက်ချထားခဲ့ပါသည်။

____________________________________________________________________

ဖြစ်ချင်တိုင်းဖြစ်မလာတဲ့ဘ၀မှာ ဖြစ်သင့်တာကို ဦးစားပေးကြရတာ ကျွန်မတို့ မိန်းမသားဘ၀ပါ...။ ငယ်စဉ်က လက်တွေ့ဆန်တတ်ခဲ့တဲ့ ကျွန်မဟာ ဆေးကျောင်းကို ရောက်လာခဲ့တဲ့ အခါမှာတော့ လက်တွေ့ဆန်တဲ့ ပညာရပ်တွေကို သင်ယူနေရင်းပဲ စိတ်ကူးယဉ်ဆန်စွာနဲ့ မောင့်ကိုချစ်ခဲ့မိပါတယ်...။ မောင့်ရဲ့ အချစ်တွေကို တွေ့ရှိခဲ့ပေမယ့် အချစ်တွေကို ရင်ထဲမှာပဲ မျိုသိပ်ထားခဲ့တဲ့ မောင့်ရဲ့ဥပက္ခာပြုမှူ့တွေအောက်မှာ ကျွန်မရဲ့ အချစ်တွေကို မျိုသိပ်နိုင်ခဲ့ပါတယ်....။ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းဂုဏ်သိက္ခာအတွက် ကျွန်မဘယ်ယောက်ျား ကိုမှထပ်ပြီး ချစ်တော့မှာ မဟုတ်ပါဘူး...။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမယ်လေ...။ မိန်းမ တစ်ယောက်ရဲ့ ဘ၀ဟာ စံပယ်ပွင့်လေးတွေနဲ့တူပါတယ်...။ ညှိုးနွမ်းမသွားခင်မှာ ပန်ဆင်မဲ့သူကို မျှော်လင့်ရ ပါတယ်...။ ညှိုးနွမ်းပြီး ကြွေကျသွားချိန်မှာ ဘယ်သူကမှ အမြတ်တနိုးပန်ဆင်မယ့်သူ မရှိတော့တဲ့ဘ၀ကို ကြောက်လန့်တကြားလက်ခံရပါတော့တယ်...။ ကျွန်မမောင့်ကို အဆုံးစွန်ထိ မျှော်လင့်ခဲ့ပြီးပါပြီ...။ ဒါပေမယ့် အချစ်အပေါ်မှာ ဥပက္ခာပြုနိုင်လွန်းခဲ့တဲ့ မောင့်ကို ကျွန်မဒဏ်ခတ်ခဲ့တယ်လို့ပဲ မှတ်ကြပါစို့...။ ကျွန်မလက်ထပ်တော့မယ်မောင်...။ အဖေတို့သဘောတူထားတဲ့သူတစ်ယောက်နဲ့ လက်ထပ်မယ်ပဲဆိုပါစို့...။ ကျွန်မတို့ တစ်ကျောင်းလုံးကို ဖိတ်မယ်မောင်...။ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအတွက် လူအများရှေ့မှာ အရမ်းကံကောင်းတဲ့ မိန်းမတစ်ယောက်အဖြစ် ကျွန်မဂုဏ်ယူချင်တယ်မောင်...။ တစ်ကျောင်းလုံးက အားကျရတဲ့ မိန်းမတစ်ယောက်အဖြစ် ကျွန်မခံယူမယ်မောင်...။ မောင့်ကိုလည်း ကျွန်မဖိတ်မယ်မောင်...။ ကျွန်မဖိတ်စာ လာဖိတ်တဲ့အချိန်မှာ ဖြစ်သွားမယ့် မောင့်မျက်နှာကို အချစ်တစ်ခုကို ဥပက္ခာပြုခံရတဲ့ မိန်းမတစ်ယာက်အဖြစ်နဲ့ အရသာခံပြီးတော့ကို ကြည့်ဦးမယ်မောင်...။ ကျွန်မဘယ်လောက်သတ္တိရှိခဲ့တယ် ဆိုတာကို ပြန်တွေးမိတိုင်း တစ်ဘ၀စာ ကျေနပ်နေမိအောင်ပါ...။ ဒါဟာကျွန်မရဲ့ အတ္တတစ်ခုဆိုရင်လည်း မောင့်အတွက်တော့ ကျွန်မစိတ်မကောင်းပါဘူး...။ ဘာကြောင့်လဲဆိုတော့ မောင့်မျက်ဝန်းထဲက ချစ်ခြင်းစာမျက်နှာကို ကျွန်မဖတ်နိုင် ခဲ့ပြီလေ...။
____________________________________________________________________

ဒီနေ့တော့ ကျွန်တော် ဆေးရုံဝင်ပေါက်နားလေးက ခုံတန်းလေးပေါ်မှာ သူမလေးကို ထိုင်စောင့်နေခဲ့ပါတယ်...။ သူမနဲ့ တွေ့ရင် ပြောမယ့် စကားလုံးတွေကိုလည်း စီနေလိုက်ပါတယ်...။ ဘယ်ကဘယ်လိုစပြောမယ် ဆိုပြီးတော့ပေါ့...။ ကျွန်တော်ထိုင်နေတဲ့ အချိန်မှာ ဆေးရုံထဲကို လက်ချင်းတွဲပြီး ၀င်သွားကြတဲ့ ဆရာဝန်စုံတွဲလေး တွေကိုကြည့်ပြီး စိတ်ကူးတွေတောင် ယဉ်မိပါရဲ့...။ သူမလေးနဲ့ ချစ်သူတွေဖြစ်ရင် သူမလေးကို ဘယ်လိုအလိုလိုက်မယ်၊ ဘယ်လိုယုယလိုက်မယ် ဆိုတာတွေလည်း တွေးနေမိတာပေါ့ဗျာ...။ အဲဒီအချိန်မှာပဲ ဆေးရုံထဲကို အိတ်လေးတစ်အိတ်ကိုင်ပြီး ၀င်လာတဲ့သူမလေးကို တွေ့လိုက်ရတယ်ဆိုရင်ပဲ အသက်နှစ်ဆယ်ကျော်ပြီဖြစ်တဲ့ ကျွန်တော့်နှလုံးသားတစ်စုံဟာ တဖြတ်ဖြတ်လှုပ်ရှားလာပါတော့တယ်...။ မဖြစ်ပါဘူးလေ.... ဒီတိုင်းသာဆိုရင်တော့ သူမလေးနဲ့ ချစ်သူတွေဖြစ်မှာ သူမလေးကို နှလုံးခုန်နှုန်းစမ်းခိုင်း ရမယ်။ အတွေးမဆုံးခင်မှာပဲ သူမလေးက သူ့နားကိုရောက်လာတဲ့အခါ သူ့မျက်လုံးသူတောင် မယုံနိုင်အောင် ဖြစ်သွားရပါတယ်...။ အဲဒီနောက်မှာတော့... ရှင်ဘာလုပ်နေတာလဲ အော်.... ယုကိုစောင့်နေတာပါ ရှင်ကဘာအတွက် ကျွန်မကိုစောင့်နေတာလဲ ယုကိုပြောစရာရှိလို့ပါ... ယုကောဘာပြောစရာရှိလို့လည်း ရှင်ပြောစရာရှိတာအရင်ပြောပါ... ရပါတယ်.... ယုအရင်ပြောပါ လေဒီဖတ်စ်ပေါ့... အင်း ဒါဆိုလည်းပြီးတာပဲလေ... ကျွန်မ မင်္ဂလာဆောင်ဖိတ်စာလာဖိတ်တာပါ... ရော့ ကဲရှင်ပြောစရာရှိတာပြောတော့လေ.... ဆိုပြီး ကျွန်တော့်လက်ထဲကို ဖိတ်စာလေးတစ်စောင် ထည့်ပေးလာပါ တယ်...။ ကျွန်တော့်ခေါင်းကို ခပ်ပြင်းပြင်း ဖြတ်ရိုက်ချလိုက်သလိုပါပဲ.... လှုပ်ရှားနေခဲ့တဲ့ နှလုံးသားတစ်စုံလည်း ဖြတ်ခနဲ သေဆုံးသွားသလိုပါပဲ...။ စကားတောင် ကောင်းကောင်းပြန်မပြောနိုင်ဘဲ သူမကိုသာ ငေးကြည့်နေမိပါ တော့တယ်...။ ကဲ... ရှင်ပြောစရာရှိတာပြောတော့လေ မဟုတ်... မဟုတ်ပါဘူး... ကျွန်တော်ပြောစရာမရှိတော့ပါဘူး॥ ဆိုပြီး ကျွန်တော် ထွက်လာခဲ့မိပါတော့တယ်... သူမကတော့ အံ့သြစွာစိုက်ကြည့်လို့ပေါ့...။ ဒါပေမယ့် ကျွန်တော် အရှုံးများစွာနဲ့ ထွက်ပြေးလာခဲ့ရတယ်ဆိုတာ ကိုတော့ သူမလေးသိနိုင်တော့မည် မထင်ပါ...။ ဒီလိုပါပဲ... ကျွန်တော်မပြောဖြစ်လိုက်တဲ့ စကားတစ်ခွန်းကိုတော့ သူမအတွက် ကျွန်တော့်ရင်ထဲမှာ တစ်သက်စာမြှုပ်နှံသိမ်းဆည်းလိုက်တော့မည်ဆိုတာကိုတော့.............


စာရေးသူ.... ကိုကိုးအိမ်(မန္တလေး)
www.kokoeaimmdy.info
++Image by Google

____________________________________________________________________

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB