ဧရာဝတီလား... သူငိုနေတယ် :((

|

ဒီတစ်ခါတော့ ကိုကိုးအိမ်တစ်ယောက် မနေနိုင်မထိုင်နိုင်စွာဖြင့် မနေသင့်မနေထိုက်စွာ ရေးမိရပြန်ပြီပေါ့ဗျာ…। အဲဒါကတော့ ကျွန်တော်တို့ရဲ့ အမိဧရာဝတီပေါ့ဗျာ…။ အခုတလော ကိုယ်ရေးမလို့ ဘလော့ပေါင်းစုံလျှောက်လည် လိုက်တော့ ဧရာဝတီကို ချစ်သော၊ ဧရာဝတီနဲ့ မွေးဖွားခဲ့ကြသော၊ ဧရာဝတီရဲ့ ရင်ငွေကိုခိုလှုံခဲ့ ကြသော၊ ဧရာဝတီရဲ့ သားငယ်၊ သမီးငယ် ဘလော့ဂါများရဲ့ ရင်တွင်းငိုညည်းသံများကို ကြားခဲ့ရပါတယ်॥။ ကြားမိရတိုင်းလည်း စိတ်မကောင်းဖြစ်ရသလို၊ တွေးမိရတိုင်းလည်း ရင်ထဲမှာဝမ်းနည်းရပါတယ်॥။ ကျွန်တော်တို့ ချစ်တဲ့ဧရာဝတီ၊ အားလုံးရဲ့ မိခင်ကြီးဧရာဝတီ၊ မြန်မာနိုင်ငံကို အတတ်နိုင်ဆုံး ရှာဖွေကျွေးမွေး ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကျွေးမိခင်ကြီး ဧရာဝတီ၊ ကျွန်တော်တို့ရဲ့ စားဝတ်နေရေးအတွက် မရှိမဖြစ်အရေးပါခဲ့တဲ့ အသက်သွေးကြောကြီး ဧရာဝတီ၊ အခုနေအချိန်မှာများ ဘယ်လောက်များ ရင်ဆို့အောင် ခံစားနေရမလဲဗျာ॥။ ဘလော့ဂါအမကြီးအိမ်ချမ်းမြေ့ တစ်ယောက် ပြောသွားသလို ဧရာဝတီခြေတော်တင်ခံနေရပြီ ပေါ့ဗျာ…।။ ကျွန်တော်တို့ရဲ့ အမိဧရာဝတီအတွက် တော့ အခုချိန်ဟာ နေ့လား၊ညလားမသိတဲ့ အချိန်ရောက်နေပြီ လားတောင် မဆိုနိုင် အောင်ပေါ့ဗျာ…।။ ကျွန်တော် အမိဧရာဝတီရဲ့ အနာဂတ်ကို တတ်နိုင်သလောက် တွေးကြည့်မိတာ လေးတွေကို ရေးကြည့်မိပါတယ်…။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စပါးကျီကြီးတွေလို့ တင်စားခေါ်ဝေါ်ကြတဲ့ နေရာတွေ ရှိပါတယ်…။ ပထမစပါးကျီကြီးကတော့ အားလုံးသိကြတဲ့ ဧရာဝတီတိုင်း၊ ဒုတိယစပါးကျီကြီး ကတော့ စစ်ကိုင်းတိုင်း၊ တတိယစပါးကျီကြီးကတော့ ပဲခူးတိုင်း၊ စတုတ္ထစပါးကျီကတော့ ကချင်ပြည်နယ် တို့ဖြစ်ပါတယ်..။ စပါးကျီတွေ စပါးတွေပြည့်ဖို့ ရေသောက်မြစ်လိုပါတယ်…။ အပေါ်မှာ ပြခဲ့တဲ့ စပါးကျီကြီးတွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ မိခင်ကြီးဆီက နို့ရည်အဆီအနှစ်တွေ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဘယ်လောက်သောက်သုံး ခဲ့ပြီးပြီလဲ ဆိုတာ တွေကြည့်ယုံနဲ့တင် ကလေးတောင် တွေးတတ်ပါတယ်ဗျာ…။ ဘုရားဟောမှာပါပါတယ်…။ မိခင်ကိုပြစ်မှားရင် ပဉ္စာနန္ဒိယကံထိုက်တယ်ဆိုတာ…။ ကျွန်တော် တို့ရဲ့ အမိဧရာဝတီကို ပြစ်မှားရင်ရော ပဉ္စာနန္ဒိယကံ ထိုက်တော့မှာလား…။ ကျွန်တော်စဉ်းစား မိပါတယ်…။

ကျွန်တော်တို့ မိခင်ကြီးရဲ့ အနာဂတ်ကို မှီသလောက်ဥာဏ်လေး တစ်ထွာလောက်နဲ့ တွေးကြည့်မိတယ်ပေါ့ဗျာ…။ မြစ်ဆုံ… မြစ်ဆုံ… တစ်ချိန်က အရမ်းကိုလူကြိုက်များ လူတိုင်းပါးစပ်ဖျား ရေပန်းစားလှတဲ့ ကချင်ပြည်နယ်ရဲ့ အလှဆုံး ကချင်မလေးပေါ့…။ အရင်ဆုံး အနေနဲ့ ကချင်မလေး ခြေတော်တင်ခံလိုက်ရပါပြီ..။ တစ်ချိန်ကတော့ ကချင်မလေးရဲ့ အလှနဲ့ မိခင်ဧရာဝတီအပေါ် သိတတ်ခဲ့တဲ့ အလုပ်အကျွေးပြု ခဲ့မှူ့တွေကြောင့် အမိဧရာဝတီကို အမှီပြု ပြီး ကျွန်တော်တို့တတွေ ရှင်သန်ခဲ့ကြပါတယ်..။ မိခင် ဧရာဝတီကလည်း မြန်မာပြည်အထက်ဖျားမှ မြန်မာပြည်အောက်ဖျားအထိ သားသမီးပေါင်းစုံကို ကျောသားရင်သား မခွဲခြားဘဲ အလုပ်အကျွေးပြု ခဲ့တယ်ပေါ့ဗျာ..။ အခုချိန်မှာတော့ သေမိန့်ကျထားတဲ့ အကျဉ်းသားတစ်ယောက်လို ပြုသမျှနုနေရပြီပေါ့ဗျာ…။ တစ်ခါက စကားပုံ လေးကိုလည်း သတိရမိပါရဲ့…။ ကျေးဇူးရှိမှ ကျေးစွပ်တယ်တဲ့လေ…။

ကျွန်တော်တို့ မြစ်ဆုံကချင်မလေးကို ဆုံးရှုံးလိုက်ရပြီဆိုတာနဲ့ အရင်ဆုံးထိခိုက်မှာက ကချင်ပြည်နယ်သားတွေပါ…။ ဆည်တစ်ခုရဲ့ အဆုံးသတ်ဟာ သဘာဝသယံဇာတတွေနဲ့ အလှတရားတွေ ဆုံးရှုံးခြင်းပါပဲ..။ ကချင်ပြည်နယ်မှာ သီးပင်၊စားပင်တွေကအစ စိုက်ပျိုးရေးနဲ့ အသက်မွေးကြသူတွေ အများကြီးပါပဲ…။ ဆည်ဆောက်လိုက်ပြီဆိုရင် ပဏာမအနေနဲ့ ဆည်ဧရိယာအတွင်း မှာရှိတဲ့စိုက်ခင်းတွေ၊ စိုက်ပျိုးဧရိယာတွေ အဖယ်ခံလိုက်ရပါပြီ…။ ဒီအတွက် အဲဒီတစ်ဝိုက်မှာ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းပြု နေထိုင်ခဲ့ကြသူတွေ အလုပ်လက်မဲ့ဖြစ် သွားပါပြီ…။ အဲဒါ ပထမဆုံးဆုံးရှုံးမှူ့သေးသေးလေးပါ…။ အဲဒီနောက် ဘာတွေဆက်ဖြစ်မယ် ထင်ပါသလဲ…။ အလုပ်လက်မဲ့ဖြစ်သွားပြီ ဆိုတာနဲ့ သူတို့ အရင်က လုပ်ခဲ့ကြတဲ့ တောင်ယာတွေ ပြန်ခုတ်ကြပါပြီ…။ ဒါကိုလည်း အပြစ်လို့မဆိုသာတော့ပါဘူး…။ ဘာကြောင့်ဆို သူတို့အသက်မွေး ၀မ်းကျောင်းမှူ့အတွက် အလုပ်လုပ်ကြရတာပါ…။ အဲဒီမှာ နောက်ထပ်အကျိုးဆက်က တောင်ယာခုတ်ကြတဲ့အတွက် သစ်တောတွေ စပြုန်းပါပြီ…။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများအတွက် သစ်တောပြုန်းတီးမှူ့ဟာ ဘယ်လိုမှ လက်မခံနိုင်တဲ့ အချက်တစ်ခုပါ..။ အဲဒါက ဒုတိဆုံးရှုံးမှူ့တစ်ခုပါ…။

နောက်တစ်ချက်က ဆည်ဆောက်လိုက်တာနဲ့ ဆည်ဧရိယာတစ်ဝိုက် မှာရေ၀ပ်ဧရိယာ တွေအများကြီးဖြစ်လာတော့မှာပါ…။ ဆည်ဧရိယာတစ်ဝိုက်ဆိုလို့ အထင်သေးလို့မရပါဘူး…။ ရေ၀ပ်ဧရိယာတွေ ဖြစ်လာပြီဆိုတာနဲ့ နိုင်ငံအတွက် တန်ဖိုးရှိသစ်ပင်တွေ ဘယ်လိုနည်းနဲ့မှ မဖြစ်ထွန်းနိုင်တော့ပါဘူး….။

ဆည်တစ်ခုဖြစ်တည်လာတဲ့ နေရာတစ်ခုမှာသစ်တော ပြုန်းတီးမှူ့တွေဖြစ်ပေါ်လာတာ နဲ့အမျှ ရာသီဥတုဖောက်ပြန်မှူ့တွေ ဖြစ်ပေါ်လာပါမယ်…။ အဲဒီအခါမှာ ရှိပြီးသား ရေခဲတောင်တွေ…။ အဲဒီလိုဖြစ်လာတာနဲ့ တစ်ပြိုင်နက် လေဖိအားနည်းရပ်ဝန်းတွေ အများကြီးဖြစ်လာပါလိမ့်မယ်…။ အားလုံသိကြတဲ့အတိုင်း လေဖိအားနည်းရပ်ဝန်း ဖြစ်တဲ့နေရာ တွေမှာ မုန်းတိုင်းကြီးငယ်တွေ ဖြစ်ပေါ်လာပါတယ်…။ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားပါသလဲ....။ ကဲ…। မုန်တိုင်းဒဏ်ခံဖို့ရော အဆင်သင့် ဖြစ်ကြပြီတဲ့လား…। လို့သာမေးလိုက်ချင်တယ်ဗျာ…။

နောက်ဆိုးကျိုးတစ်ခုက ဘယ်လောက်ပဲခိုင်ခံအောင် တည်ဆောက်ထားတယ် ဆိုနေပါစေ… ဒီဆည်ကြီးဟာ နှစ်ပေါင်းများ စွာကြာအောင်တည်ရှိနေတော့မှာပါ… အဲတော့ ကျွန်တော်တို့ကလည်း နှစ်ပေါင်းများစွာအတွက် တွေးထားဖို့လိုပါလိမ့်မယ်…။ တစ်ချိန်ချိန်မှာ များအကြောင်းတစ်စုံတစ်ရာကြောင့် ဆည်ကိုဖောက်ချရတာပဲဖြစ်ဖြစ်၊ ဆည်ကျိုးတာပဲဖြစ်ဖြစ်၊ ဆည်သက်တမ်းကုန်သွားတာပဲ ဖြစ်ဖြစ် ဖြစ်ခဲ့မယ်ဆိုပါစို့…။ ကချင်ပြည်နယ်တစ်ခုလုံး အစရှာမရအောင် ဖြစ်သွားနိုင်သလို၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် လုံးမှာရှိသမျှ မိသားစုတွေ၊ အိုးအိမ်တွေ အားလုံး ပျက်စီးဆုံးရှုံးရမှာပါ…။ ဒါတွေရော ကြိုမတွေးမိကြတာလို့ တောင်အံ့သြမိပါရဲ့ဗျာ…။ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းပျက်စီး ရသလို မိဘကို ပြစ်မှားမိရင်လည်း ပဉ္စာနန္ဒိယ ကံထိုက်မှာ အသေအချာပါပဲ… ဆရာမဂျူးရေးခဲ့သလို ဗမာလူမျိုးတွေမှာ နေ့တိုင်းထိတွေ့ နေရတာကံဆိုပေမယ့် ကံဆိုတာ လူကလုပ်တာပဲဆိုတာ အမှန်ပါပဲဗျာ…। ကျွန်တော်တို့ရဲ့ ကံတွေကရော ဘယ်သူတွေကလုပ် တာပါလိမ့်ဗျာ…။ ကျွန်တော်တို့ရဲ့ ဧရာဝတီကတော့ ဘယ်သူတွေဘယ်လိုပဲ လုပ်နေကြပါစေ အချိန်တိုင်းမှာ စီးဆင်းဆဲ၊ ကျွေးမွေးမြဲပါဗျာ…။

အင်း.. တကယ်လို့များပေါ့… နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ ဧရာဝတီရဲ့ မြစ်ကမ်းပါးတစ်နေရာမှာ ဘူမိဗေဒပညာရှင်တွေက ဒီနေရာကတော့ ဧရာဝတီဆိုတဲ့ မြစ်ရှိခဲ့တာ ဖြစ်လောက်တယ်ဆိုပြီး တွက်ချက်အဖြေထုတ်နေကြလေမလား…။ အင်း ရင်မောမိ ပါရဲ့ ဧရာဝတီရယ်…။

ဆည်ဆောက်လိုက်ပြီဆိုတာနဲ့ ဧရာဝတီမှာ စီးဆင်းရမယ့်ရေတွေ အပြည့်အ၀ မစီးဆင်းနိုင်တော့ဘဲ မြစ်ကြောင်းတစ်လျှောက် ရေတွေရှားပါးရတော့မယ့် အခြေအနေပါ…။ ရေရှားပြီဆိုတာနဲ့ ရေနဲ့လုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားတွေ ဘယ်ကရေနဲ့ သွားသုံးကြတော့မလဲဗျာ… ကဲ… အဲဒီလိုများဆိုရင်ဖြင့် ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ထမင်း အတွက် ဆန်တွေ ဘယ်ကရတော့မလဲဗျာ… ကမ္ဘာတစ်လွှားမှာ မြန်မာ့ဆန်နဲ့ လျှမ်းလျှမ်းတောက်ခဲ့တဲ့ မြန်မာပြည်အတွက် ဘယ်နိုင်ငံကများ ဆန်တွေအင်ပို့ထ် လုပ်ရတဲ့ အနေရောက်မလဲလို့ တွေးရမယ့် အခြေအနေပေါ့ဗျာ… ။ ရေရှားမှူ့က အဲဒီမှာတင် ရပ်မသွား ပါဘူး… ရေရှားပြီဆိုတာနဲ့ မိုးခေါင်မှူ့က နောက်ကကပ်လိုက်လာမှာပေါ့…॥။ ရေရှိရာ မိုးရွာ ဆိုသလို ရေမရှိတာနဲ့ မိုးခေါင်ပြီလေ…။ အဲဒီအချိန်မှာ လွန်ကြိုးပေါ်က မိုးခေါင်ကျော်စွာလည်း မကယ်နိုင်တော့ပါဘူးဗျာ…။ ကဲ… စဉ်းစားကြည့်.. မိုးခေါင်ပြီဆိုတာနဲ့ အမြဲစိမ်းသစ်တော ကြီးတွေ ဆုံးရှုံးရပါပြီ…။ နောက် အပူပိုင်းဒေသတွေ ပိုများလာပြီး အာဖရိကလို ဖြစ်မသွားဘူး လို့ ပြောနိုင်ပါသလား…။ သယ်ယူဆေးကြောသွားဖို့ မြစ်မကြီးမရှိတော့ရင် အဆိပ်သင့်ပစ္စည်း တွေစုပုံလာပြီး…। တရုတ်ပြည်လိုရော လူပေါင်းထောင်ချီ အဆိပ်သင့်သေဆုံးမှူ့ တွေရော ဖြစ်မလာနိုင်ဘူးလား…။

တရုတ်ပြည်ကြီးတစ်ခုလုံးရဲ့ အမွေခံမြစ်ကြီးခုနှစ်မြစ်ဟာ ဆိုရင် သူတို့တစ်တွေရဲ့ သွားရည်တမြားမြား နဲ့အသွေးအသားတွေကို သောက်သုံးလို့မှ အားမရနိုင် .... မုဒိမ်းကျင့်သွေးစုပ်မှူ့ တွေကြောင့် ခုချိန်မှာ မရှူ့မလှဇာတ်သိမ်းခန်းကို ရောက်နေပါပြီ.... ခုမှ တမ်းတနေလို့ရော ရကြသေးရဲ့ လား.... သူတို့တစ်တွေ အတွက် မြစ်ကြီးခုနှစ်စင်းရဲ့ နေ၀င်ချိန်ကိုရောက်နေချိန်မှာ လက်လှမ်းမီရာ ကောက်ရိုးမျှင် လေးကို လိုက်ရှာရာကနေ ဧရာမရွှေတုံးကြီးကို တွေ့လိုက်ရသလို ပျိုမြစ်ခြင်းအားမာန်တွေနဲ့ ဧရာဝတီကို တွေ့လိုက်မိကြ ပါတယ်.... အဲ... တွေ့လိုက်ကြတဲ့ အချိန်မှာတော့ သူတို့တစ်တွေရဲ့ ထုံးစံအတိုင်း ငါးစာချဖို့ကြိုးစား ကြတော့ တာပေါ့..... ငါးစာဆိုတာကလည်း မျှားလေသူအတွက် ဘာမှမဟုတ် လောက်ပေမယ့် ငါးအတွက်တော့ မက်လုံးများစွာနဲ့ မက်လောက်စရာပေကိုး... မမြင်ဖူးမူးမြစ်ထင်ပေါ့ဗျာ.... လူမျိုးခြင်း ကျူးကျော်ရုံတင်မက... သူတစ်ပါးနိုင်ငံ လာပြီး ခြယ်လှယ်နေလိုက်ကြပေတဲ့ အစွယ်တဖွေးဖွေး သွားရည်တမြားမြား အမြီးတလှုပ်လှုပ် နဂါးစုတ်တွေ ကိုများလေဗျာ ၁၉၆၃ ပတ်ဝန်းကျင်က အခြေအနေမျိုးနဲ့များ ထပ်ကြုံစေချင်စမ်းပါဘိ.....

သူတို့ကိုယ်သူတို့များလေဗျာ... ဖောရိန်းအင်ဗက်စတာ တွေဘာတွေ လေကြီးလို့ စကားကျယ်.... အင်ဗက်စတာလား ကိုလိုနီလား မသိနိုင်တာကတော့ ပိန်းချက်ပေါ့ဗျာ.... အင်္ဂလန်ရဲ့ ကိုလိုနီထက်ဆိုးမယ့် နဂါးကိုလိုနီတွေ ဘယ်ချိန်ထိများ ကျွန်တော်တို့ကို မယားပါသားအရာထား ခိုင်းစားပြီး အမိဧရာဝတီကို မယားငယ်အဖြစ် အနိုင်ကျင့်နှိပ်စက် လေမလဲ မသိနိုင်ပေဘူးပေါ့.... ကဲ... ဒီတော့ ဘာကျန်တော့မလဲဗျာ.... သခင်မျိုးဆိုပြီး မော်ကြွားခဲ့ကြတဲ့ ကျွန်တော်တို့ မြန်မာတွေ နဂါးကိုလိုနီတွေကို အဖေမခေါ်ယုံတစ်မယ် လောပန်း၊ ဘောစိ၊ ရှီးဖော် ခေါ်ပြီး ကျွန်မှန်းမသိဘဲ ကျွန်တစ်ပိုင်းအဖြစ်ခံမလား... သခင်ဆန်ဆန် မော်ကြွားကြ မလားစဉ်းစားကြစေချင်ပါတယ်...။ ကျွန်တော်တို့တစ်တွေ ဒီလောက်သယံဇာတချမ်းသာတဲ့ နိုင်ငံမှာ နေနေကြတယ်...။ လူတကာ မျက်စိကျရတဲ့ တွင်းထွက်တွေနဲ့ အတူတကွ မွေးဖွားလာကြသူတွေ ဖြစ်တယ်... ဒါကိုများ ကမ္ဘာ့သယံဇာတ အဆင်းရဲဆုံးလူတွေရဲ့ လက်ဝေခံဘာလို့ အဖြစ်ခံမလဲဗျာ... ကျွန်တော်တို့ တစ်တွေရဲ့ ဧရာဝတီကထွက်တဲ့ အဆီအနှစ်တွေနဲ့ ကျွန်တော်တို့တစ်တွေ နောင်နှစ်ပေါင်းထောင်ချီ ငတ်မသေ နိုင်ဘူး.... ကျွန်တော်တို့ မြန်မာနိုင်ငံက ထွက်တဲ့ သဘာဝသယံဇာတတွေနဲ့ ကမ္ဘာ့အလယ်မှာ ချမ်းသာစွာ ခေါင်းမော်နိုင်တယ်... ဒါကိုများ အမိကိုပစ်မှား ဇာတ်တူသားစားတဲ့ သူများကိုတော့ မတွေးတတ် နိုင်အောင် ဖြစ်ရပါတယ်....။ မြစ်ဆုံဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက် ပါးစပ်ပေါက်ပဲ။ ပါးစပ်ပေါက်အမြဲ ပွင့်နေနိုင်မှ တစ်နိုင်ငံလုံးရဲ့ အသက်သွေးကြော ဧရာဝတီ အသက်ရှင်သန်နိုင်ပါလိမ့်မယ်...။ ပါးစပ်ပေါက်ကို ပိတ်လိုက်တာနဲ့ အာဟာရပြတ်သေပြီပေါ့ဗျာ....။ အခုတော့ ပါးစပ်ပေါက်ကို ပိတ်ရုံမက မြစ်ရိုးတစ်လျှောက် နှိပ်စက်မှူ့တွေကြောင့် ဒဏ်ရာပရပွနဲ့ ဧရာဝတီ... အခုများတော့ဖြင့်ဗျာ... နေ၀င်ချိန်နီးသထက်နီးလာပါပြီ...။ ကျွန်တော်တို့ ဘာများတတ်နိုင်ကြမလဲ....... ???????? ဧရာဝတီလား..... သူငိုနေတယ်.... ဧရာဝတီရဲ့ မျက်ရည်တွေဟာ ..............


ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တခြားဘလော့ဂါတွေလည်း အများကြီး ရေးပြီးသွားကြပြီဆိုတော့ ကျွန်တော် ဒီလောက်ရေးလိုက်ခြင်းသည် အုပ်တစ်ချပ်သဲတစ်ပွင့် ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်... ကိုကိုးအိမ် လား သူဖျားနေတယ်....


ခံစားရေးသားသူ.... ကိုကိုးအိမ်(မန္တလေး)

www.kokoeaimmdy.info

ဧရာနဲ့ချင်းတွင်း မြစ်နှစ်စင်းရဲ့ပေါင်းဆုံရာ

|

သူ…. သူဆိုတာ ကျွန်တော့်ဘ၀အတွက် အိပ်မက်လှလှလေးတွေ မက်စေခဲ့သူပေါ့….

အိပ်မက်တို့ရဲ့ အရှင်သခင်.. အိပ်မက်တို့ရဲ့ အကြီးအမှူး.. အိပ်မက်မှူးကြီးပေါ့ဗျာ…

လွမ်းမောမိတယ် ချစ်သူရယ်….

တိတ်ဆိတ်တဲ့ညတွေမှာ သူနဲ့ကျွန်တော် နှစ်ယောက်တည်း စကားတွေ အများကြီး ပြောဖူးခဲ့ကြတယ်…

အေးမြတဲ့လရောင်အောက်မှာ ချစ်ခြင်းဖွဲ့စကားတွေနဲ့ အလှတရားကို ထပ်မံလှပအောင် တန်ဆာဆင်ခဲ့ကြတယ်….

လေလှိုင်းကြားက စကားသံတွေနဲ့အတူ ပျော်ရွှင်ခြင်းတွေ စားသုံးခဲ့ကြဖူးတယ်…

ဂျူးရဲ့ ၀ါဒဆန်တဲ့ ဂန္ဒ၀င်မြောက်အတွေးအခေါ်တွေ အကြောင်း ငြင်းခုံခဲ့ကြဖူးတယ်….

ဒါပေမယ့် ဂျူးရဲ့စာတွေကိုသူလည်းချစ်သလို ကျွန်တော်လည်း ချစ်ခဲ့ပါတယ်….

ကျွန်တော်တို့ရဲ့ စကားတွေထဲမှာ ကိုမိုးဝေအကြောင်းလည်းပါသလို စကားပွင့်လေးတွေအကြောင်းလည်း ပါခဲ့တာပေါ့…

ချစ်သူတစ်ယောက် စိတ်ကြည်နေချိန်မှာ ချစ်စကားလေးတွေ တီတီတာတာ ပြောတတ်သလို…. အသံမကြားရလို့ စိတ်မကြည်ချိန်မှာလည်း ကြည်နူးဖွယ်ဒေါသလေးနဲ့ ဟောက်တတ်ပြန်သေးပါတယ်….

မြန်မာသံစဉ်သီချင်းတွေကို ကြည်လင်စွာဆိုပြတတ်သလို အင်္ဂလိပ်သံစဉ်လေးတွေနဲ့လည်း ချော့မြှူတတ်သေးရဲ့ ….. တစ်ခါတစ်လေများမှာတော့ နိုင်ငံတော်ကြီးအကြောင်း ကြီးကြီးကျယ်ကျယ်တွေ ပြောတတ်ကြသလို…. တစ်ခါတစ်လေ ပုရွက်ဆိတ်ကိုက်ခံရတဲ့ အကြောင်းလည်း ပြောမိကြပါရဲ့…..

အော်.. အမြန်နီးပါရစေတော့ ချစ်သူရယ်…

မိုးမျှော်တိုက်တွေကြားက ချစ်သူနဲ့ ရှူ့မဆုံးတဲ့မြက်ခင်းပြင်တွေကြားက ကျွန်တော်တို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှူ့က ရိုးရှင်းစွာတွေ့ဆုံခဲ့သလို ဆန်းကြယ်စွာလည်း ချစ်ခဲ့ကြတယ်ဆိုတာ ဂျူးနဲ့ ချစ်ဦးညိုရဲ့ စာအုပ်ကလေးတွေ အသိဆုံးပါ….

စာပေချစ်သူ… ချစ်သူလေးနဲ့ စာစကားလေးတွေပြောရင်း ချစ်ခွန်းချိုဖွဲ့သီသံတွေကို တယ်လီဖုန်းလေးလည်း နားငြီးနေရော့မယ်…॥ တစ်ခါတစ်လေမှာ ဖုန်းကိုင်မိလို့ ဟုတ်ကဲ့॥ အမိန့်ရှိပါလို့ ပြောမိရင် ဟုတ်ကဲ့… အမိန့်ရှိနေပါတယ်လို့ ပြန်ပြောတတ်တဲ့ ချစ်သူ… ဖုန်းပြောရင်း ကြာလာရင် မျက်လုံးတွေစင်းလာပြီနော်…। လို့ ပြောတတ်တဲ့ချစ်သူ… ခုတော့များကွယ်… နှစ်ခြိုက်စွာအိပ်ပျော်နေလောက်ပေါ့…। တစ်ခုခုများ စိတ်ကူးပေါက်ရာ ပြောလိုက်မိရင်ဖြင့် စိတ်ကူးကောင်းတာပေါ့ လို့ပြောတတ်တဲ့ချစ်သူ...... ချစ်သူရယ် .... ကိုယ်မင်းဆီ အပြေးလာချင်ပါရဲ့...

အင်း… တစ်ခါတစ်လေမှာ ချစ်သူကျောင်းတက်ခဲ့ရာ မုံရွာနည်းပညာတက္ကသိုလ်ကြီးနဲ့ ချင်းတွင်းမြစ်ကြီး ပါတတ်သလို…. ကျွန်တော့်ရဲ့ ကွန်းခိုရာ ရတနာပုံနေပြည်တော်ကြီးနဲ့ ဧရာဝတီမြစ်ကြီး အကြောင်းလည်း ပါတတ်တာပေါ့ဗျာ….

မေခနဲ့ မေလိခကတော့ ဂျိမ်းဖောတို့ဌာနေမှာ ပေါင်းဆုံခဲ့ကြပြီ… ချင်းတွင်းကို ချစ်တဲ့ချစ်သူ… ဧရာဝတီကို မက်မောတဲ့ ကျွန်တော်တို့ မြစ်နှစ်စင်း ပေါင်းဆုံခွင့် မရနိုင်ခြင်းအတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ…. ကျွန်တော်တို့ မြစ်နှစ်စင်းရဲ့ပင်လယ် ကရော ဘယ်မှာလဲ… ကမ်းမမြင်လမ်းမမြင်တဲ့ ပင်လယ်ဆီ ပေါင်းဆုံကြဖို့ ကျွန်တော်တို့ နှစ်ယောက်လုံး မတွေးခဲ့ ကြတာအမှန်ပါ….

မြစ်တစ်စင်းခရီးဆက်ဖို့အတွက် ရေစက်ပေါင်းများစွာပေါင်းဆုံရပါတယ်…. မိုင်ပေါင်းများစွာ ခရီးနှင်ရပါတယ်…. အတားအဆီ၊ အပိတ်အဆို့ပေါင်းများစွာကို ကျော်ဖြတ်ရပါတယ်… ကျွန်တော်တို့နှစ်ယောက် ပေါင်းဆုံဖို့အတွက်ကတော့ာ… ချစ်ခြင်းများစွာပေါင်းဆုံပြီး မိုင်ပေါင်းများစွာ ခရီးနှင်ဖို့ ခွန်အားတွေ ပြည့်ဝခဲ့ကြပေမယ့် ရှေ့မှာ အတားအဆီး၊ အပိတ်အဆို့ပေါင်းများစွာကြောင့် ကျွန်တော်တို့ရဲ့ ဘ၀ခရီးအတွက် ရင်မောခဲ့ရပါတယ်….

အင်း… ဂျူးရေးတဲ့စာအုပ်မှာ မြစ်တို့၏မာယာဆိုပေမယ့် ကျွန်တော်တို့ ချစ်ခဲ့ခြင်းအတွက် မာယာမပါခဲ့တာကိုတော့ ဧရာဝတီ နဲ့ ချင်းတွင်း အသိဆုံးပါ…

နီးပါးရစေတော့ ချစ်သူရယ်…

ချစ်သူရဲ့ စကားတစ်ခွန်းဟာ ကိုယ့်အတွက် အိပ်မက်ဖြစ်ပါစေ…. ချစ်သူရဲ့ အတွေးတစ်ချက်ဟာ ကိုယ့်အတွက် ဘ၀တစ်သက်စာဖြစ်ပါစေ…. ချစ်သူရဲ့ အမုန်းတစ်ချက်ကတော့ ကိုယ့်ဘ၀အတွက် အဆိပ်တစ်ခွက် ဖြစ်လာလိမ့်မယ် ချစ်သူရေ….

ချစ်ခြင်းတစ်ခုအတွက် အပြစ်မရှိခဲ့ပေမယ့် … မုန်းခြင်းအတွက်ကတော့ ကိုယ့်အတွက် ဘ၀တစ်သက်စာပေးဆပ် ရခြင်းပါပဲချစ်သူရေ….

အမြန်လာခဲ့ပါတော့ချစ်သူရယ်…..

အတားအဆီးမဲ့ ကိုယ့်ရင်ခွင်ထဲကို… သိမှတ်မဲ့ တိုးဝင်ခဲ့ပါတော့ချစ်သူရယ်…

နူးညံ့တဲ့ မင်းနှလုံးသားတွေကို အရည်ဖျော်ဖို့ ကိုယ့်ရင်ခွင်ရဲ့ အနွေးဓာတ်က လုံလောက်ပါတယ်…

မင်းနဲ့ ကိုယ့်ရဲ့ချစ်ခြင်းဟာ ချစ်ခြင်းပထ၀ီပါ…। ကိုယ့်တို့ နှစ်ယောက်ရဲ့ ချစ်သက်တမ်းဟာ ချစ်ခြင်း သမိုင်းပါ… သမိုင်းကိုဖျက်ရင် အမှန်တရား မပျောက်ပျက် ပေမယ့် ပထ၀ီကို ဖျက်ရင်တော့ ကိုယ်တို့ရဲ့ ချစ်ခြင်း တိုင်းပြည်လေး ပျက်လိမ့်မယ်ကွယ်… ဒီ့အတွက် ကိုယ်တို့ရဲ့ ချစ်ခြင်း ပထ၀ီကို မဖျက်ကြ စို့နဲ့နော်…।

ချင်းတွင်းချစ်သူနဲ့ ဧရာချစ်သူ…। တို့နှစ်ဦး ပေါင်းစည်း ကမ္ဘာကြီးကို အလှဆင် လိုက်ကြရ အောင်ချစ်သူရေ……

ခံစားချက်များစွာဖြင့် ငိုကြွေးရင်း ရေးသားပါသည်။

ခံစားရေးသားသူ…. ကိုကိုးအိမ်(မန္တလေး)

www.kokoeaimmdy.info

ချစ်သူကိုမပြောဖြစ်လိုက်သော စကားတစ်ခွန်း

|



မန္တလေးမြို့၊ ဆရာဝန်များအသင်းတိုက် (၂၅.၁၂.၂၀၀၇)


ခန်းမကြီးတစ်ခုလုံး သီချင်းသံများဖြင့် လှုပ်ရှားကြွရွလျှက်ရှိသည်။ လူများကလည်း ပျားပန်းခတ်မျှ ဟိုမှသည်သွားလာလျှက်ရှိကြသည်။ ထိုအထဲတွင် ကျောင်းသားကျောင်းသူကလေးခြောက်ယောက်လည်း ပါဝင်လျှက်ရှိသေည်။ အားလုံးမှာလည်း သက်တူရွယ်တူတွေလောက်ပင်... ရှမ်းဝတ်စုံလေးများ ဆင်တူဝတ်လျှက်ပျော်ရွှင်နေကြဟန်မှာလည်း အထင်းသားပင်... အားလုံး၏မျက်နှာများပေါ်မှာလည်း စိတ်လှုပ်ရှားဟန်ကလေးများက အထင်းသား.... သူတို့အားလုံး ဥာဏ်ရည်မမီသောကလေးငယ်လေးများ ရန်ပုံငွေပွဲအတွက် စေတနာ့ဝန်ထမ်းအဖြစ်ဖြင့် ကူညီ နေကြသော လူငယ်လေးများပါပင်။ အားလုံးက ဆေးကျောင်းသား၊ ဆေးကျောင်းသူကလေးများပေါ့... ထိုအထဲမှ ထူးခြားတာက ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်...။ ကောင်လေးကတော့ ကောင်မလေးကို အလွန်တရာ ချစ်မြတ်နိုးဟန်ဖြင့် စိုက်ကြည့်နေခဲ့ပြီး ကောင်မလေးကတော့ စိတ်လှုပ်ရှားဟန်ပေါ်နေပြီး သူငယ်ချင်းတွေနဲ့ စကားလိုက်ပြောနေခဲ့ပါသည်။ အစီအစဉ်စလို့ သိပ်မကြာခင် မှာပဲ ကောင်လေးတို့အဖွဲ့အလှည့်ကို ရောက်လာခဲ့ပါသည်.... အားလုံး စင်ပေါ်တက်ခဲ့ကြပြီး ဖျော်ဖြေမှူ့စကြပါသည်။ သီချင်းလေးကတော့ ကြည်နူးစရာကောင်းလှစွာဖြင့် လက်တီးသီချင်းလေးပေါ့.... သီချင်းသံတွေကြားမှာ ကောင်လေးရဲ့မျက်နှာကတော့ မြူးလို့ဖြလို့ပေါ့... ကောင်မလေးရဲ့မျက်နှာမှာတော့ စိတ်လှုပ်ရှားပျော်ရွှင်မှူ့တွေ အပြည့်နဲ့လေ... ၀ိုင်းပတ်ကနေဟန်လေးတွေ ထဲမှာတော့ ချစ်ခြင်းတစ်ခုကိုကိုယ်စားပြုတဲ့ မျက်နှာ၊ မြတ်နိုးခြင်းတွေကို ရင်မှာပိုက်ထားတဲ့မျက်နှာနဲ့ ရိုးသားတဲ့ကောင်လေးတစ်ယောက်ရဲ့ ကြည်နူးမှူ့လေးတွေကို ပရိတ်သတ်တွေမြင်နိုင်မှာ အသေအချာပဲလေ...
____________________________________________________________________

လောကကြီးရယ် ကျွန်မချစ်တာ မောင်တစ်ယောက်တည်းပါ။ ဒါပေမယ့် မိန်းမတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ကျွန်မအချစ်ကို ဖွင့်ဟဖို့ အသင်ကအခွင့်မပေးခဲ့ဘူးလေ။ ကျွန်မချစ်တာကို မောင်မသိအောင် ထိန်းချုပ်ထားဖို့ ကလည်း မိန်းမတစ်ယောက်ဘ၀မှ တာဝန်တစ်ရပ်အဖြစ် အသင်ကပေးအပ်ခဲ့ပြီလေ...။ အဲဒီတော့ မောင့်ကို ကျွန်မရင်ထဲကနေ ကျိတ်ချစ်နေဖို့ကလွဲလို့ ဘာများရှိတော့မှာလည်းရှင်...။ ဒိုင်ယာရီလေးတွေသာ ကွန်မရဲ့ ရင်ဖွင့်ဖော်၊ ကျွန်မရဲ့အနီးကပ်ဆုံးအားပေးနှစ်သိမ့်သူအဖြစ်နဲက ရပ်တည်ပေးခဲ့ရတာပါ။ မောင့်ကိုမြင်တိုင်း ကျွန်မရဲ့ မိန်းမဖြစ်ရတဲ့ဘ၀ကြီးကို မုန်းမိသလိုတောင် ဖြစ်ခဲ့ရတာ ဒိုင်ယာရီလေးအသိဆုံးပါ...။ ဒါပေမယ့် ကျွန်မကို မျှော်လင့်ချက်တွေ ရှင်သန်စေခဲ့တာကတော့ ဆရာဝန်များအသင်းတိုက်မှာ ကျင်းပတဲ့ ပွဲကလေးတစ်ခုပါပဲ။ အဲဒီပွဲမှာ မောင်နဲ့ ကျွန်မ တွဲကရမယ်တဲ့...။ ကျွန်မမှာ ပျော်လိုက်တာလေ။ ကျွန်မဘ၀အတွက် ဘယ်တော့မှမမေ့နိုင်တော့မယ့် ဖြစ်ရပ်ကလေးတစ်ခုကို ဖန်တီးပေးခဲ့တဲ့ အသင်လောကကို ဒီတစ်ခါတော့ ကျွန်မတကယ်ကို ကျေးဇူးတင်မိတာပါရှင်...။ နောက်ပြီး ကျွန်မအတွက် မောင့်မျက်လုံးတွေထဲက ကျွန်မအပေါ်ချစ်တဲ့ အချစ်ရိပ်ကိုလည်း မိန်းမတစ်ယောက်ရဲ့ ဆဌမအာရုံနဲ့ မြင်နိုင်ခဲ့တယ်လေ။ အဲဒီနေ့က ကျွန်မတို့ ရှမ်းဝတ်စုံလေးတွေနဲ့ ကရတဲ့နေ့ပေါ့...။ မောင်ကလည်း ရှမ်းဝတ်စုံအစိမ်းကလေးနဲ့ အရမ်းကို ကျက်သရေရှိနေတာပေါ့ရှင်...။ ကျွန်မကို အရမ်းမြတ်နိုးတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေခဲ့တာကိုလည်း ရိပ်မိနေတာပေါ့...။ ဒါပေမယ့် ကျွန်မက မိန်းမတစ်ယောက်လေ...။ ကိုယ်ကို မြတ်နိုးရိပ်တွေနဲ့ ကြည့်လာခဲ့တဲ့ ယောက်ျားတစ်ယောက်ကို ကျွန်မက အရိပ်အယောင်တွေပြနေလို့ ဘယ်ဖြစ်ပါ့မလဲရှင်...။ အဲဒီတော့လည်း မောင့်ရဲ့ မြတ်နိုးကြည့်တွေကို ကြည်နူးစွာခံယူရင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားခဲ့ရတာပေါ့...။ ကျွန်မတို့ တွဲကကြတော့လည်း မောင့်ရဲ့နွေးထွေးတဲ့ လက်ကလေးတွေနဲ့အတူ အလိုက်သင့်စီးမျောရင်း တဆိတ်ကြည်နူး မိတာကိုတော့ အိမ်ပြန်ရောက်မှ ဒိုင်ယာရီလေးကို ၀န်ခံရဦးမယ်လေ...။ ဒိုင်ယာရီလေးရေ မောင့်ကိုတော့ ပြန်မပြောရဘူးနော်...။ ကျွန်မတို့အတွက် အမှတ်တရဖြစ်စေမယ့် ပွဲလေးကို မောင့်ရဲ့ မြတ်နိုးခြင်းအကြည့်တွေ၊ ကျွန်မရဲ့ ချစ်ခြင်းဖွဲ့မျက်ဝန်းတွေနဲ့ တန်ဆာဆင်ခဲ့တယ်ဆိုရင်တော့ ကျွန်မလွန်မယ်မထင်ပါဘူးနော်....။

____________________________________________________________________

ဒီလိုနဲ့ ကျောင်းပြန်ဖွင့်တဲ့အခါ စာမေးပွဲတွေ၊ စာတွေနဲ့ ဆေးရုံတွေကြားမှာ ညပ်ပိတ်နေခဲ့တဲ့ ကျွန်တော်နဲ့ သူမလေးတို့ တစ်ခါတစ်ရံလှမ်းလှမ်းတွေ့လိုက်မိ ကြတာမှအပ တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေခဲ့သလို ဖြစ်ခဲ့ရပါတယ်...။ သူမရဲ့မျက်ဝန်းတွေကတော့ ကျွန်တော့်အပေါ်ခုချိန်ထိ အေးစက်ဆဲပဲလေ...။ တွေ့လိုက်ရင် လှမ်းပြီး ပြုံးပြရုံလောက်သာ အသိအမှတ်ပြုတာကလွဲရင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အေးစက်စိမ်းကား နေခဲ့တယ်ဆိုရင်လည်း အမှန်ပါပဲ...။ ကျွန်တော်ကတော့ ဂျူတီကုတ်လေးဝတ်ထားတဲ့ သူမကို လှမ်းမြင်လိုက်ရင် တစ်ခါဆို ဆိုလိုက်တိုင်း အချစ်ပိုခဲ့ရတာကိုတော့ သူမလေးကသိမှာမဟုတ်ပါဘူး...။ သူမလေးကို သတိရမိတိုင်း စာတွေနင်းကန်ကျက်ပြီး ဖြေသိမ့်ခဲ့ရပါတယ်...။ ဒါကို သူမလေးကတော့ သိမှာမဟုတ်ပါ...။ သူကလေးကတော့ ကြည့်လိုက်တိုင်း စာအုပ်တစ်အုပ်နဲ့ အမြဲတမ်းကျက်မှတ်နေတော့တာပါပဲ...။ နောက်ပြီး သူမလေးက ဒီကျောင်းရဲ့ အလှဆုံးစာရင်းဝင်ထဲမှာ ပါတယ်လေ...။ သူမလေးကိုကြည့်လိုက်ရင် ဘယ်တော့ပဲကြည့်လိုက် ကြည့်လိုက် သပ်ရပ်စမတ်ကျပြီး အဆင့်အတန်းမြင့်တဲ့ပုံစံလေး ထွက်နေတတ်တာကြောင့် သူမကိုဆို လိုက်ချင် ကြိုက်ချင်ကြတဲ့ ကောင်တွေကလည်း ၀ိုင်းလို့ပေါ့...။ ကျွန်တော့်လို အများထဲက ဘာမှမထူးခြားတဲ့ သာမာန်ဆေး ကျောင်းသားလေးတစ်ယောက်ကိုတော့ ကပွဲပြီးကတည်းက သူမရဲ့ရင်ထဲက ထွက်သွားလောက်ပါပြီလေ။ ဒါပေမယ့် ကျွန်တော့်အတွက်ကလည်း ချစ်နေရတာကိုပဲ ၀ဋ်ကြွေးတစ်ခုလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ ကျွန်တော့်အတွက်ကတော့ ချစ်နေရရင် ပြီးတာပါပဲလေ...။ ယောက်ျားလေးတစ်ယောက်အတွက် အကြောက်ဆုံး ကသူချစ်တဲ့ကောင်မလေးက သူ့ကိုပြန်မချစ်မှာကိုပါပဲ...။ ဘယ်လောက်ပဲ ခွန်အားကြီးတဲ့ သူရဲကောင်း တစ်ယောက်ဖြစ်ပါစေ...။ သူချစ်တဲ့ကောင်မလေးက သူ့ကိုပြန်မချစ်မျာကို သေမလောက်ကြောက်ကြပါတယ်...။ ကျွန်တော်လဲ ယောက်ျားတစ်ယောက်ပဲလေ... ချစ်တဲ့သူက ပြန်မချစ်မှာ ကြောက်တာပဲပေါ့...။ သူမလေး ပြန်ချစ်တာမချစ်တာထက် ကျွန်တော်သူမကို ချစ်ခွင့်ပန်လိုက်လို့ သူမကပြန်မချစ်လိုက်မှာကိုတော့ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တာပါ...။ သူမလေး ကျွန်တော့်ကိုပြန်မချစ်မှာက သေချာသလောက် ရှိနေတယ်လေ...။ ဒါကိုပဲ ယောကျာ်းတစ်ယောက်ရဲ့ အတ္တလို့ ဆိုမယ်ဆိုလည်း ဆိုကြပါစေဗျာ...။ ကျွန်တော်ကတော့ ကိုယ်ချစ်ရသူက ကိုယ့်ကို ငြင်းပယ်လိုက်တာကို ဘယ်လိုမှလက်ခံနိုင်စွမ်း မရှိခဲ့တာတော့ အမှန်ပဲလေ....။

____________________________________________________________________

ကျွန်မ မျှော်လင့်ချက်တွေတော့ ဖြစ်မလာနိုင်တော့ဘူး ထင်ပါရဲ့လေ...။ ကျွန်မချစ်မိတဲ့ ကိုတေမိကြီးက လူကို လှမ်းလှမ်းရှိုးပြီး မြတ်နိုးရိပ်တွေပြနေတာကလည်း အနေခက်စေပါရဲ့....။ သူ့ကိုချစ်မိတဲ့ ကျွန်မကတော့ ဘယ်ဘ၀က ၀ဋ်ကြွေးမှန်းကို မသိပါဘူးရှင်...။ စာကျက်လိုက်တိုင်း သူ့မျက်နှာလေးပေါ်လာပြီဆိုရင် ဘယ်လိုမှကို စာဆက်ကျက်လို့ မရတော့တာပါ...။ သူ့ကိုသတိရတိုင်းလည်း ကဗျာတွေရေးတတ်လာခဲ့တာ ကဗျာဆရာမတစ်ပိုင်းကိုဖြစ်လို့...။ သူငယ်ချင်းတွေက မေးယူရလောက်ောအင်ကို ကျွန်မပုံစံက တစ်စုံတစ်ခုက လွှမ်းမိုးခံထားရသလို ဖြစ်နေတတ်ခဲ့တာလေ...။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ သရဲဘောကြောင်ပုံကိုလည်း အားမလို အားမရဖြစ်ရတာ မကြာခဏပါပဲ....။ ဆေးရုံသွားတိုင်းလည်း သူ့မျက်နှာလေးကို ရှာဖွေနေတတ်ခဲ့ပါတယ်...။ ဒါတွေကိုတော့ သူသိမှာမဟုတ်ပါ...။ ကျွန်မကလည်း သူသိအောင် ပြလိမ့်မည် မဟုတ်ပါ....။ ကျွန်မသူ့ကို ခုချိန်မှာ ပေးနိုင်ခဲ့တာကတော့ သူ့ကိုချစ်သော ကျွန်မရင်ထဲက အချစ်တွေပဲ ဖြစ်ပါလိမ့်မည်...။ သူ့ရဲ့ အေးစက်စက်ချစ်ခြင်းတွေကို ခံယူရတိုင်း သူ့ကိုမှချစ်မိခဲ့သော ကိုယ့်ကိုယ်ကိုလည်း ဇဝေဇ၀ါဖြစ်ခဲ့ရပါသည်။ ကျွန်မဘေးမှာ ကျွန်မရဲ့ အချစ်ကို လိုချင်သူတွေ ၀ိုင်းဝိုင်းလည်နေသလောက် ချစ်ခွင့်ပန်ခဲ့သူတွေလည်း မနည်းပါပဲ... ဒါပေမယ့် ကျွန်မ သူတို့အားလုံးကို အေးစက်စက်အပြုံတစ်ခုနဲ့တင် ပြန်လည်ငြင်းပယ်နိုင်ခဲ့တယ်လေ...။ အေးစက်စက်သူ့ကိုသာချစ်ခဲ့မိတာအတွက် ၀ဋ်ကြွေးတွေသာ ဖြစ်ခဲ့မယ် ဆိုရင်လည်း အပြုံးမပျက် ခံယူဖို့ အသင့်ရှိနေခဲ့တယ်လေ....။

____________________________________________________________________

ဒီနေ့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေမိပါသည်။ တစ်ညလုံးလည်း အိပ်မရခဲ့တဲ့ အတွက် လူပုံစံကလည်း ကြောင်စီစီဖြစ်နေမှာ အသေအချာပါပဲ....။ ဒီတစ်နှစ်ဟာ ကျွန်တော့်ရဲ့ ကျောင်းသားဘ၀ နောက်ဆုံးနှစ်ပါပဲ။ ဒီအချိန်မှာမှ သူမကို ဖွင့်မပြောဖြစ်ခဲ့ရင် ကျွန်တော် တစ်သက်လုံးနောင်တရနေမယ့် အဖြစ်ကြီးကို လုံးဝလက်မခံ နိုင်တော့ပါ...။ ကျွန်တော်သူမကို ဖွင့်ပြောလိုက်ဖို့ အဆုံးစွန်အထိ အားမွေးထားခဲ့ပါတယ်...။ ဒီနေ့တော့ သူမကိုချစ်တဲ့အကြောင်းတွေ ဖွင့်ပြောလိုက်တော့မယ်ဗျာ...။ သူမဘက်က ငြင်းလိုက်မှာကိုလည်း ကြောက်ရွံ့စိတ် လုံးဝမရှိတော့ပါဘူး...။ ခုချိန်မှာ ကျွန်တော့်ရဲ့ ရင်ဘတ်တစ်ခုလုံးထဲမှာ သူမကိုချစ်သောအချစ် တွေသာ အတိပြီးနေခဲ့ပါသည်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက်လည်း ခုချိန်မှာ နောင်တမရချင်တော့ပါ...။ ကျွန်တော်ဖွင့်ပြောလိုက်လို့ ဖြစ်ပေါ်လာမယ့် သူမရဲ့အမုန်းတွေကိုလည်း ခံယူဖို့ ၀န်မလေးတော့ပါ... ခုချိန်မှာ တော့ကျွန်တော့်ရင်ထဲမှာ လိုအပ်ချက်တစ်ခုသာရှိပါတော့သည်....။ ကျွန်တော့်အချစ်တွေကို သူမအသိအမှတ်ပြု ဖို့ပင်...။ ထိုအသိအမှတ်ပြုမှူ့တစ်ခုတည်း ဖြင့်ပင် ကျွန်တော့်ဘ၀ရဲ့အနာဂတ် အချိန်တွေမှာ ခွန်အားအဖြစ်ဖြင့် ရပ်တည်သွားဖို့ ဆုံးဖြတ်ချက်ချထားခဲ့ပါသည်။

____________________________________________________________________

ဖြစ်ချင်တိုင်းဖြစ်မလာတဲ့ဘ၀မှာ ဖြစ်သင့်တာကို ဦးစားပေးကြရတာ ကျွန်မတို့ မိန်းမသားဘ၀ပါ...။ ငယ်စဉ်က လက်တွေ့ဆန်တတ်ခဲ့တဲ့ ကျွန်မဟာ ဆေးကျောင်းကို ရောက်လာခဲ့တဲ့ အခါမှာတော့ လက်တွေ့ဆန်တဲ့ ပညာရပ်တွေကို သင်ယူနေရင်းပဲ စိတ်ကူးယဉ်ဆန်စွာနဲ့ မောင့်ကိုချစ်ခဲ့မိပါတယ်...။ မောင့်ရဲ့ အချစ်တွေကို တွေ့ရှိခဲ့ပေမယ့် အချစ်တွေကို ရင်ထဲမှာပဲ မျိုသိပ်ထားခဲ့တဲ့ မောင့်ရဲ့ဥပက္ခာပြုမှူ့တွေအောက်မှာ ကျွန်မရဲ့ အချစ်တွေကို မျိုသိပ်နိုင်ခဲ့ပါတယ်....။ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းဂုဏ်သိက္ခာအတွက် ကျွန်မဘယ်ယောက်ျား ကိုမှထပ်ပြီး ချစ်တော့မှာ မဟုတ်ပါဘူး...။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမယ်လေ...။ မိန်းမ တစ်ယောက်ရဲ့ ဘ၀ဟာ စံပယ်ပွင့်လေးတွေနဲ့တူပါတယ်...။ ညှိုးနွမ်းမသွားခင်မှာ ပန်ဆင်မဲ့သူကို မျှော်လင့်ရ ပါတယ်...။ ညှိုးနွမ်းပြီး ကြွေကျသွားချိန်မှာ ဘယ်သူကမှ အမြတ်တနိုးပန်ဆင်မယ့်သူ မရှိတော့တဲ့ဘ၀ကို ကြောက်လန့်တကြားလက်ခံရပါတော့တယ်...။ ကျွန်မမောင့်ကို အဆုံးစွန်ထိ မျှော်လင့်ခဲ့ပြီးပါပြီ...။ ဒါပေမယ့် အချစ်အပေါ်မှာ ဥပက္ခာပြုနိုင်လွန်းခဲ့တဲ့ မောင့်ကို ကျွန်မဒဏ်ခတ်ခဲ့တယ်လို့ပဲ မှတ်ကြပါစို့...။ ကျွန်မလက်ထပ်တော့မယ်မောင်...။ အဖေတို့သဘောတူထားတဲ့သူတစ်ယောက်နဲ့ လက်ထပ်မယ်ပဲဆိုပါစို့...။ ကျွန်မတို့ တစ်ကျောင်းလုံးကို ဖိတ်မယ်မောင်...။ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအတွက် လူအများရှေ့မှာ အရမ်းကံကောင်းတဲ့ မိန်းမတစ်ယောက်အဖြစ် ကျွန်မဂုဏ်ယူချင်တယ်မောင်...။ တစ်ကျောင်းလုံးက အားကျရတဲ့ မိန်းမတစ်ယောက်အဖြစ် ကျွန်မခံယူမယ်မောင်...။ မောင့်ကိုလည်း ကျွန်မဖိတ်မယ်မောင်...။ ကျွန်မဖိတ်စာ လာဖိတ်တဲ့အချိန်မှာ ဖြစ်သွားမယ့် မောင့်မျက်နှာကို အချစ်တစ်ခုကို ဥပက္ခာပြုခံရတဲ့ မိန်းမတစ်ယာက်အဖြစ်နဲ့ အရသာခံပြီးတော့ကို ကြည့်ဦးမယ်မောင်...။ ကျွန်မဘယ်လောက်သတ္တိရှိခဲ့တယ် ဆိုတာကို ပြန်တွေးမိတိုင်း တစ်ဘ၀စာ ကျေနပ်နေမိအောင်ပါ...။ ဒါဟာကျွန်မရဲ့ အတ္တတစ်ခုဆိုရင်လည်း မောင့်အတွက်တော့ ကျွန်မစိတ်မကောင်းပါဘူး...။ ဘာကြောင့်လဲဆိုတော့ မောင့်မျက်ဝန်းထဲက ချစ်ခြင်းစာမျက်နှာကို ကျွန်မဖတ်နိုင် ခဲ့ပြီလေ...။
____________________________________________________________________

ဒီနေ့တော့ ကျွန်တော် ဆေးရုံဝင်ပေါက်နားလေးက ခုံတန်းလေးပေါ်မှာ သူမလေးကို ထိုင်စောင့်နေခဲ့ပါတယ်...။ သူမနဲ့ တွေ့ရင် ပြောမယ့် စကားလုံးတွေကိုလည်း စီနေလိုက်ပါတယ်...။ ဘယ်ကဘယ်လိုစပြောမယ် ဆိုပြီးတော့ပေါ့...။ ကျွန်တော်ထိုင်နေတဲ့ အချိန်မှာ ဆေးရုံထဲကို လက်ချင်းတွဲပြီး ၀င်သွားကြတဲ့ ဆရာဝန်စုံတွဲလေး တွေကိုကြည့်ပြီး စိတ်ကူးတွေတောင် ယဉ်မိပါရဲ့...။ သူမလေးနဲ့ ချစ်သူတွေဖြစ်ရင် သူမလေးကို ဘယ်လိုအလိုလိုက်မယ်၊ ဘယ်လိုယုယလိုက်မယ် ဆိုတာတွေလည်း တွေးနေမိတာပေါ့ဗျာ...။ အဲဒီအချိန်မှာပဲ ဆေးရုံထဲကို အိတ်လေးတစ်အိတ်ကိုင်ပြီး ၀င်လာတဲ့သူမလေးကို တွေ့လိုက်ရတယ်ဆိုရင်ပဲ အသက်နှစ်ဆယ်ကျော်ပြီဖြစ်တဲ့ ကျွန်တော့်နှလုံးသားတစ်စုံဟာ တဖြတ်ဖြတ်လှုပ်ရှားလာပါတော့တယ်...။ မဖြစ်ပါဘူးလေ.... ဒီတိုင်းသာဆိုရင်တော့ သူမလေးနဲ့ ချစ်သူတွေဖြစ်မှာ သူမလေးကို နှလုံးခုန်နှုန်းစမ်းခိုင်း ရမယ်။ အတွေးမဆုံးခင်မှာပဲ သူမလေးက သူ့နားကိုရောက်လာတဲ့အခါ သူ့မျက်လုံးသူတောင် မယုံနိုင်အောင် ဖြစ်သွားရပါတယ်...။ အဲဒီနောက်မှာတော့... ရှင်ဘာလုပ်နေတာလဲ အော်.... ယုကိုစောင့်နေတာပါ ရှင်ကဘာအတွက် ကျွန်မကိုစောင့်နေတာလဲ ယုကိုပြောစရာရှိလို့ပါ... ယုကောဘာပြောစရာရှိလို့လည်း ရှင်ပြောစရာရှိတာအရင်ပြောပါ... ရပါတယ်.... ယုအရင်ပြောပါ လေဒီဖတ်စ်ပေါ့... အင်း ဒါဆိုလည်းပြီးတာပဲလေ... ကျွန်မ မင်္ဂလာဆောင်ဖိတ်စာလာဖိတ်တာပါ... ရော့ ကဲရှင်ပြောစရာရှိတာပြောတော့လေ.... ဆိုပြီး ကျွန်တော့်လက်ထဲကို ဖိတ်စာလေးတစ်စောင် ထည့်ပေးလာပါ တယ်...။ ကျွန်တော့်ခေါင်းကို ခပ်ပြင်းပြင်း ဖြတ်ရိုက်ချလိုက်သလိုပါပဲ.... လှုပ်ရှားနေခဲ့တဲ့ နှလုံးသားတစ်စုံလည်း ဖြတ်ခနဲ သေဆုံးသွားသလိုပါပဲ...။ စကားတောင် ကောင်းကောင်းပြန်မပြောနိုင်ဘဲ သူမကိုသာ ငေးကြည့်နေမိပါ တော့တယ်...။ ကဲ... ရှင်ပြောစရာရှိတာပြောတော့လေ မဟုတ်... မဟုတ်ပါဘူး... ကျွန်တော်ပြောစရာမရှိတော့ပါဘူး॥ ဆိုပြီး ကျွန်တော် ထွက်လာခဲ့မိပါတော့တယ်... သူမကတော့ အံ့သြစွာစိုက်ကြည့်လို့ပေါ့...။ ဒါပေမယ့် ကျွန်တော် အရှုံးများစွာနဲ့ ထွက်ပြေးလာခဲ့ရတယ်ဆိုတာ ကိုတော့ သူမလေးသိနိုင်တော့မည် မထင်ပါ...။ ဒီလိုပါပဲ... ကျွန်တော်မပြောဖြစ်လိုက်တဲ့ စကားတစ်ခွန်းကိုတော့ သူမအတွက် ကျွန်တော့်ရင်ထဲမှာ တစ်သက်စာမြှုပ်နှံသိမ်းဆည်းလိုက်တော့မည်ဆိုတာကိုတော့.............


စာရေးသူ.... ကိုကိုးအိမ်(မန္တလေး)
www.kokoeaimmdy.info
++Image by Google

____________________________________________________________________

Bloggerဆိုတာ

|

ဘလော့ဂါဆိုတာဘာလဲတဲ့॥ နတ်နတ်တို့က လုပ်ချလိုက်ပြန်ပါဘီ... နှလုံးသားအာဟာရ ရှားပါးပြတ်တောက် သလိုဖြစ်နေတဲ့အချိန်မှာ နတ်နတ်တို့ ကိုညိမ်းနိုင်တို့က သူတို့လေးတွေစိတ်ထဲပေါ်လာသမျှ ရှာဖွေပစ်ခတ်ပြီး မီးမဖုတ်ဘဲ အစိမ်းကျွေးလေ့ရှိတဲ့ တဂ်ပို့စ်လေးတွေနဲ့ အိပ်ပျော်နေတတ်တဲ့ သံလိုက်ကိုကိုးအိမ်ကို ပဲစေ့လေးတွေ နဲ့လာလာနှိုးတတ်ပါတယ်.... ချစ်စရာဘလောက်ဂါ (ဗလာဂေါက်)လေးနှစ်ယောက်ပါ... ဗလာနေရင်းဂေါက်ဂေါက် နေတတ်ကြလို့ သူတို့နှစ်ယောက်ကို ဒီလိုနောက်လိုက်တာပါဗျာ... ခင်မင်ရင်းစွဲနဲ့ပါ.... ကဲ ပခုက္ကူရီးယန်းလေး နတ်နတ်ရေ ဒီတဂ်လေး ဘယ်လိုတွေ့လဲလို့ အရင်ဆုံးပြောမယ်နော်.... ကိုကိုးလည်း ပျင်းပျင်းရှိတာနဲ့ ဘလော့တွေလျှောက်လည် တာပေါ့ကွယ်... တက်ကြွဖျတ်လတ်တဲ့ အန်တီတင်တို့ မဟောင်းနိုင်တဲ့သံစဉ်တွေနဲ့ ငွေလမင်းတို့အိမ်လည်း ပါသပေါ့ကွယ်... အဲနောက်ဆုံး ကြမ္မာငင်ချင်တော့ လူပြိုကြီး ကိုဇော်(မာတီမှာရှိတဲ့ ပလိုင်းထဲကို) အိမ်ကိုရောက်သွားတယ်ဆိုပါတော့... ဒီလိုနဲ့ ကိုဇော်ရေးထားတဲ့ တဂ်ပို့လေး ဖတ်လိုက်လိုက်ချင်း ပထမပိုဒ်မှာ တင်ခေါင်းနပန်းကြီးသွားပါတယ်... ဟဲဟဲ॥ သူကပြောထားသကိုး.... နတ်ဆိုးလေးကတဂ်ပါသတဲ့.... နတ်ဆိုးတဂ် တဲ့ပို့စ် ဆိုကတည်းက ကိုကိုးအိမ်တစ်ယောက် ပါနိုင်ခြေ ကိုးဆယ်ရှိတယ်လို့... အဲဒါနဲ့ နတ်ဆိုးဆီ အပြေးကလေးရောက်ခဲ့ ပြန်တော့ ဟဲဟဲ ထင်တဲ့အတိုင်း ပေါ်တော်မူကိုယ်တော်ကလေးလည်း ပါနေပါသတဲ့... ဒါနဲ့ပဲ ဘလော့ဂါဆိုဇိုက်တီးက အပျင်းကြီးဆုံးဘလောက်ဂါ (ဗလာဂေါက်)ဆုရ ကိုကိုးအိမ်လည်း နတ်ဆိုးရဲ့ တင်နေသမျှတဂ်ကြွေး ဒီနေ့ဆပ်မဟဲ့ပေါ့... ဒါနဲ့ ဒီပို့စ်လေးကို နတ်ဆိုးရဲ့ ပရောက်စီစပွန်ဆာ ဒေါ်ရွှေစင်ဦးရဲ့ မစမှူ့ပရောက်စီနဲ့ ဘလော့ပေါ်ကို ကြွရောက်လို့လာခဲ့ပြန်ပေါ့... ဒီပို့စ်လေးက ဆာနေတဲ့နှလုံးသားနဲ့ မှေးနေတဲ့ မျက်လုံး... ညောင်းညာကိုက်ခဲနေတဲ့ လက်တွေကြားက ထွက်လာတဲ့ ပို့စ်လေးတစ်ပုဒ်ပေါ့.....

စကားတွေများ၊ လေကြောတွေရှည်၊ အတင်းတွေတုပ်နဲ့ စကားတွေဟိုရောက်ဒီရောက် (အဲ-- ပြောရင်းကနေ လိုရင်းကိုမရောက်တော့ဘူး) နဲ့ အပိုတွေပြောလိုက်တဲ့ကောင် ဆိုပြီး စာဖတ်သူတို့ တွေများနေမလား မသိနော်... အဲလိုပဲ ကျွန်တော်က ပျောက်လိုက်ရင်လည်း တမေ့တမော.... ပေါ်လာရင်လည်းလေကြောကရှည်.... အဲဒါလည်း ဘလော့ဂါတို့ ဥာဉ်လားမသိပေကိုး.... အင်းလေ ဘလော့တွေရေးလာမှပဲ... စကားတွေက များလာရ သကိုး.... အရင်က ၀တ္တုတိုလေးတွေ သီးသန့်ရေးနေတုန်းက စရေးတော့မယ်ဆိုရင် ဇာတ်အိမ်ကိုစဉ်းစားရတာ... ခုများတော့ ဘလော့ပေါ်ရောက်လို့ ပို့စ်လေးတစ်ပုဒ်များရေးတော့မယ်ဆို ရေးမဲ့စာကနောက်ထား အချီး(အကြွေးမဟုတ်ပါ) လေးတွေ၊ နိဒါန်းလေးတွေနဲ့ လိုရင်းကိုမရောက် နိုင်တော့ဘူး... တကယ်ပါ... ဒါလည်း ဘလော့ပေါ်က သဘောကောင်းအရစ်မရှည်တဲ့ စာတည်းချုပ် ဂူဂယ်ကြောင့်ပါပဲ... စာမျက်နှာတွေပေါ်မှာဖြင့် ဒါမျိုးတွေ စကားများလို့ ဘယ်ရပါ့ဗျာ.... ဖောင်ကျော်သွားမှာ စိုးလို့ တစ်ချိုစာလေးတွေဆို ဖြတ်ဖြတ်ပစ်ရတာ နှမြောပါဘိသနဲ့.... အော် ဘယ်တတ်နိုင်မလဲလေ.... ကြော်ငြာခေတ်ကိုး... အဲ... ဟုတ်ပေါင် ဘယ်တွေတောင်ရောက်ကုန်ပါလိမ့်နော်... ပြောရင်းနဲ့ ရှည်သွားပြန်ပြီ....

တဂ်ကလေးလည်း စဦးမှပါ.... ဘလော့ဂါဆိုတာဘာလဲတဲ့ နတ်နတ်ကမေးပါတယ်... ကိုကိုးမေး၍ နတ်ဆိုးဖြေသည်ဆိုပြီး တူကလုပ်သွားတော့ ခုဟာက နတ်ဆိုးမေး၍ ကိုကိုးဖြေသည်ပေါ့ဗျာ... အမှန်အတိုင်း ပြောရရင် ဘလော့ဂါဆိုတာကို ဘလော့သက်တမ်း တစ်နှစ်ကျော်လောက်ထိကို ဘာမှန်းမသိခဲ့သေးဘူးဗျ... အရင်က ဘလော့ဂါဂုရုကြီးတွေရဲ့ စာတွေဖတ်တယ်॥ သဘောကျတယ်.... ကိုယ်တိုင်လည်း စာတိုပေစလေးတွေ ရေးဖြစ်နေတယ်... ဦးလေးဘလော့ဂါကြီး မိုးကောင်းကင်ကလည်း ဘလော့တွေရေးနေတဲ့အချိန် ၂၀၀၆လောက်ကတည်းက ဘလော့ဘလော့ဘလော့နဲ့ လုပ်နေကြချိန်၊ ဘလော့ရေးနည်း သင်တန်းတွေကလည်း လုံးဝခေတ်စားနေချိန်ဆိုတော့ ကိုယ်တိုင်လည်းရေးမယ်ပေါ့.... ဒါနဲ့ စရေးဖြစ်ပါတယ်.... အဲတော့မှ ထဲထဲဝင်ဝင်လေ့လာဖြစ်တာပေါ့ဗျာ... ကိုသက်တန့်ချိုကြီးကလည်း ဘလော့ဂါကို တိုက်တွန်းပြီး ကိုယ်ဖိရင်ဖိ သင်ပေးသွားတာကိုးဗျ.... အဲဒီမှာစတွေ့တာပဲဗျ... တကယ်လည်းရေးမယ်ဆိုရော ဘယ်ကစရေး ရမှန်းမသိတော့ဘူး.... ဒါနဲ့ ကိုမောင်လှတို့ ဦးရန်အောင်တို့ နောက်တစ်ခြားဘလော့ တွေကို သူတို့ဘာတွေ ရေးလဲ သတိထားပြီးအသေးစိတ်ကြည့်တယ်... ဒါနဲ့ မနက်မိုးလင်းရင် ဘာလုပ်တယ်... နေ့လည်စာဘာနဲ့ စားတယ်... ညနေပိုင်းကျ ဘယ်ချိန်အိပ်ယာဝင်တယ်ဆိုတာ လေးတွေ တစ်ခါတစ်လေရေး ထားတာတွေ့တယ်ဗျ.... ဒါနဲ့ ရေးဖြစ်ရောပေါ့ဗျာ... ကျောင်းကိုဘယ်လိုသွားတယ် ဘာလုပ်တယ်... တစ်ခါတစ်လေလည်း ရသစာပေလေးတွေပါတာပေါ့ဗျာ..... အဲလိုလုပ်လာတာ တစ်နှစ်ကျော်လောက်ထိ ကိုယ့်ကို ဘလော့ဂါခေါ်နေကြတာတောင် ဘလော့ဂါဆိုတဲ့ အဓိပ္ပါယ်ကို သေချာမသိ... ကိုယ့်ကိုယ်ကိုတောင် ဘလော့ဂါလို့မခံယူမိသေးပါဘူး... သာမာန်ဝါသနာရှင် စာရေးသူတစ်ယောက်ပဲပေါ့ဗျာ... အဲလိုနဲ့ သူငယ်ချင်းက သူ့ကို ဘလော့ရေးနည်းသင်ပေးပါတဲ့... ပြောလာရောဗျာ... ပြဿနာကအဲမှာစတာပဲ... ဘလော့ဆိုတာဘာလဲတဲ့ ဘလော့ဂါဆိုတာဘာလဲတဲ့.... ဒါနဲ့ ဟိုမေးဒီမေး ဟိုရှာဒီရှာနဲ့ ၀ှက်အစ်စ်ဘလော့ ဆိုပြီး ကွပ်ရှင်မတ်တွေနဲ့ လိုက်မေးတော့တာပေါ့.... ဘလော့ဆိုတာဘာလဲသိရင် ဘလော့ဂါကိုသိမယ်ဆိုတဲ့ အတွေးနဲ့ပေါ့.... ဒါပေမယ့် မရေရာဘူးဗျ.... မြန်မာသူငယ်ချင်းများနေ့ ကိုစထောင်တုန်းက ပါခဲ့ဖူးတဲ့ သူငယ်ချင်း ဘလော့ဂါတစ်ယောက်ကိုမေးတော့လည်း သူက သူ့ကိုယ်သူဘလော့ဂါလို့မခံယူဘူးတဲ့.... ဦးရန်အောင်တို့လို လူအများအကျိုးအတွက် ဘလော့ပေါ်မှာ အကျိုးပြုစာတွေရေးနေတဲ့သူကိုမှ ဘလော့ဂါအစစ်တဲ့.... နောက်တစ်ယောက်ကျတော့ ခံစားချက်တွေချည်းရေးနေရင် ဘလော့ဂါအစစ် မဟုတ်သေးဘူးတဲ့... လူအများအကျိုးပြုစာတွေရေးမှ ဘလော့ဂါစာရေ့းသူအစစ်တဲ့... ဒါနဲ့ ကိုကိုးလည်း ရန်တွေ့ခဲ့လိုက်တယ်... ဒါဆို စာရေးဆရာဂျူးတို့ ဆရာချစ်ဦးညိုတို့ကရော ခံစားချက်တွေချည်းရေးတာပဲလို့.... ဒါဆို သူတို့ကအတ္တသမား တွေလားဆိုတော့ အဲလိုလည်းမဟုတ်ပါဘူးတဲ့... တစ်ယောက်ကကျတော့ ရသစာပေစစ်စစ်တွေ ရေးတဲ့သူတွေကမှ ဘလော့ဂါအစစ်တဲ့.... လုပ်ပြန်ရောဗျာ... ဒါနဲ့ပဲ ကိုကိုးတစ်ယောက်လဲ ဘလော့ရေးသက် တစ်နှစ်ကျော်လောက်ထိ ရေရေရာရာမသိခဲ့ပါဘူး.... ခုလည်း သေချာသိလားဆိုတော့ သေချာတော့လည်း မသိပါဘူး...

ဒါပေမယ့် အမှန်တရားဆိုတာ တစ်ချို့သောနေရာများမှာ အမှန်တရားများစွာ ရှိနေတတ်သည့်အလျှောက် ကိုကိုး တွေမိတာလေးကိုတော့ ကိုယ်ပိုင်အမှန်တရားလို့ သတ်မှတ်ထားတာလေးတော့ရှိပါတယ်... အဲဒါလေးကိုပဲ ပြောပါ့မယ်ဗျာ... နတ်ဆိုးမေး၍ ကိုကိုးဖြေသည်ပေါ့..... ဘလော့ဆိုတာ ကိုယ်တိုင်အတွက်ဖြစ်စေ၊ တစ်စုံတစ်ယောက် အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ၊ ပညာသည်တွေအတွက်ဖြစ်စေ၊ ၀ါသနာရှင်တွေ အတွက်ဖြစ်စေ သူတစ်ပါးမထိခိုက်တဲ့ စိတ်ဖြေရာ၊ စိတ်ကျေနပ်ရာ နေရာတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကိုကိုးကတော့ ဘလော့လို့ သတ်မှတ်ပါတယ်.... ဘလော့ဂါဆိုတာလည်း ကိုယ့်ခံစားချက်အတွက်ဖြစ်စေ၊ ကိုယ်ချစ်သောသူ အတွက်ရည်စူး၍ဖြစ်စေ၊ အများအတွက်ဖြစ်စေ၊ နာမည်ကျော်အောင်မြင်ချင်လို့ဖြစ်စေ၊ မသိလိုက်မသိဘာသာ ဘလော့ဂါဖြစ်လာတာပဲဖြစ်စေ သူလုပ်လိုက်တဲ့ ဘလော့တစ်ခုဟာ အမည်သူ့ကိုမျှမထိခိုက်စေဘဲ တစ်စုံတစ်ယောက် လောက်သာအကျိုးရှိသွားမယ်ဆိုရင် ဘလော့ဂါလို့ သတ်မှတ်ပါတယ်... (ဒါကတော့ ကိုကိုးရဲ့ ကိုယ်ပိုင်ရှူ့ထောင့်ပါ).... အများနဲ့မတူခဲ့ရင်လည်း နားလည်ပေးကြပါဗျာ....

ဒီလောက်ရေးလိုက်ရင်တော့ တဂ်လာသူကို လေးစားသမှူ့ဖြစ်လောက်ပြီလို့ မျှော်လင့်ပါတယ် နတ်နတ်ရေ... တဂ်ကြွေးတွေကြေလိုက်တော့နော်....
နောက်ထပ် ဆက်ပြီးတော့ ကူပွန်ဝေပါ့မယ်ဗျာ....

ပရဟိတတွေနဲ့ သာသနာရဲ့ သဲတစ်ပွင့် ကိုဇော်သိင်္ခ (မိုးကောင်းကင်)
သရဲဝတ္တုအမိုက်စားတွေနဲ့ ဖြဲဖြဲခြောက်လေ့ရှိတဲ့ ဒေါက်တာ သက်တန့်ချိုချို
ပျောက်ချက်သားကောင်းလှတဲ့ အိနှ်ဂျယ်ရှာ့ပါး
သီချင်းကောင်းလေးတွေ မျှဝေတတ်တဲ့ ညီငယ်လေး ခရာတွန်
မြန်မာစာအိတ်စပတ်ကြီး ရေသည်ယောက်ျား စင်ကာပူရောက်ကိုဖိုးစိန်
မန်းတလေးသူလို့ ခံယူထားပါတယ်ဆိုတဲ့ မျက်ရည်ကျလောက်အောင်အရေးကောင်းသူ ဝေ(စီးပွားရေး တက္ကသိုလ်)
မြန်မာနိုင်ငံရဲ့ တစ်ချိန်က အထင်ကရ စာရေးဆရာမကြီး အန်တီမေငြိမ်း(မြန်မာစာ)
စာမျက်နှာတွေမှာ တွေ့တွေ့လာရတဲ့ ဘလော့ဂါမမကြီး မြသွေးနီ
တခြမ်းမြင့်အပြုံးနဲ့ ပြုံးတတ်လာပြီဆိုတဲ့ ပခုက္ကူရီးယန်း ဒေါက်တာနန်းလေပြေနု
ပို့စ်ဆယ်ပုဒ်ဖတ်မှ နင်လိုချင်တာပေးမယ်ဆိုတဲ့ နွားခြံပိုင်ရှင် နွားတို့သခင် ကိုအောင်ပိုင်
မလေးရှားကမြန်မာတွေကို စေတနာရှိလှသူ ချစ်ကိုကြီးကိုနေဇော်လင်း
ဘုရားတရားလုပ်တဲ့ ကျောင်းဒကာမကြီး ညခင်းရဲ့လမင်း
ဘလော့ဂါတိုင်းချစ်တဲ့ ဘလော့ဂါကြီး ကိုမိုးယံ
ရွာကလေးအကြောင်း ဟာသနှောကာပြောတတ်တဲ့ ဘိလပ်ရောက် ကိုကိုမောင်(ပန်းရနံ့)
ဘလော့ဒေးကို လှုပ်ခတ်စေသူ ကိုအောင်(ပျူနိုင်ငံ)
ကျေးလက်ရသလေးတွေကို ကြည်နူးစရာကောင်အောင်ရေးတတ်သူ နှင်းဟေမာ
လက်ဖက်ဆိုအသေပိုင်တဲ့ ချင်းချောင်းခြံက မောင်ဘကြိုင်
ပုရွက်ဆိတ်တွေ မုန့်ဝိုင်းလုတာကအစ အရေးပိုင်တဲ့ ဘလော့ဂါဆလစ်ဘရစ်တီ မမကွန်(မရေးလည်းတဂ်ပြီဗျာ)
ဖေ့စ်ဘုတ်ရဲ့ ပို့စ်အကျော်အမော် ကိုရှေးစာဆို ကိုလည်း တဂ်ပါသဗျာ...
မထူးဆန်းတာလေးတွေကိုတောင် လုံးဝအလန်းကြီးတွေဖြစ်အောင် ရေးနိုင်သူ ဘလော့ဂါမယ်ကိုး
ဘလော့သက်တမ်းရှစ်လပြည့်သွားပြီဆိုတဲ့ ဘလော့ဂါမေသိမ့်သိမ့်ကျော်
အတိတ်ဝဋ်ကြွေးမကုန်နိုင်တယ်ဆိုတဲ့ နှင်းဆီတစ်ခင်းနဲ့ ပန်းတစ်ခြင်းပိုင်ရှင် သိင်္ဂါကျော် တို့ကို တဂ်လိုက်ပါတယ်ဗျာ... အထင်နဲ့ အမြင်များကို ပြန်လည်ထုတ်ဖော်ပေးကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်ခင်ဗျာ...

ခင်မင်စွာဖြင့်
စာရေးသူ... ကိုကိုးအိမ်(မန္တလေး)(၆-၉-၂၀၁၁ နံက်၅နာရီ ၁၀မိနစ်)
WWW.KOKOEAIMMDY.INFO

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB