စာတစ်ပုဒ်ဖြစ်သွားသော အလွမ်းတစ်ရက်စာ

|


ဒီကနေ့ အလုပ်ကိစ္စတစ်ခုနဲ့ အမိတက္ကသိုလ် ရတနာပုံကို တစ်ခါတစ်ခေါက် ရောက်ခဲ့ပြန်ပါပကော... ကျောင်းသားဘ၀ကသိပ်မထူး ခြားခဲ့ပေမယ့် အခုတစ်ခါ ပြန်ရောက်တဲ့အခါမှာတော့ အလို.. လွမ်းစရာတွေနဲ့ ပြည့်နေပါပကော.. စာသင်ပေးခဲ့ကြတဲ့ ဆရာမဟောင်းတွေ ဆရာဟောင်းတွေ၊ ကျောင်း ကန်တင်းက အဒေါ်ကြီး၊ ဦးလေးကြီးတွေ၊ ရေခဲရေသည်တွေ၊ မိတ္တူဆိုင်တွေ လွမ်းစရာတွေနည်းတာမှ မဟုတ်ပဲကော.. ကျောင်းထဲမှာတုန်းကတော့ ဆရာမတွေ တခြားပီအိပ်ခ်ျဒီတက်နေကြတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားတွေဖောင်နေတာနဲ့ လွမ်းစရာရယ်လို့ မမြင်မိပေဘူးကိုး.. အဲ.. ကျောင်းက ပြန်လာတော့မှ လွမ်းစိတ်ပေါ်လာတာနဲ့ ကျောင်းကြီးကတော့ ကျန်ခဲ့ပြီ.. ရောက်တဲ့နေရာ ရိုက်ဦးမှဆိုပြီး အပြန်လမ်းက တမာတန်းကို ရောက်မှပဲ ရိုက်ဖြစ်ခဲ့ပါတယ်.. အခု တင်ပေးလိုက်တာကတော့ အလွမ်းတွေနဲ့ တမာတန်းကြီးပါ.. နောက်ပြီး နှလုံးသားတစ်ခု ခတ္တခဏပျောက်ဆုံး နေတဲ့အချိန်မှာ လွမ်းတတ်ကြတာ လူသားဆန်ခြင်းပဲလေ.. ခုလည်း ကျွန်တော် လူသားဆန်တဲ့ နှလုံးသားလေ ခတ္တပျောက်ဆုံးချိန်မှာ အလွမ်းများစွာနဲ့ တင်ဖြစ်လိုက်တဲ့ ဒီပို့စ်လေးပါ... အားလုံး လွမ်းမောခြင်းနှလုံးသားလေးကို ခံစားကြည့်ကြပါခင်ဗျာ...

Image Hosted by PicturePush - Photo Sharing



ဒီပုံလေးကတော့ တမာတန်းအောက်က ရေအိုးစင်လေးပါ သွားတိုက်ဆေးကြော်ငြာမဟုတ်ပါ.. တော်ကြာ ရှိုင်းသွားတိုက်ဆေးက ကြော်ငြာခ လာပေးရင်တော့ မငြင်းပါ.. ဟိဟိ

Image Hosted by PicturePush - Photo Sharing

ဒီပုံလေးကတော့ ရန်ကုန်၊မန္တလေး အမြန်လမ်းမကြီးပေါ်မှာပါ...

Image Hosted by PicturePush - Photo Sharing
--
ဒီအိမ်လေးကတော့ ကြိုက်လွန်းလို့ကိုရိုက်ယူလာတာ.. အိမ်ဆောက်ရင် ဒါမျိုးလေးဆောက်မယ်.. (အိမ်ရှင်က အလန့်တကြားနဲ့ကြည့်နေတယ်.. ဟိဟိ ဆိုးသူလုပ်လာတာ)

Image Hosted by PicturePush - Photo Sharing


ဒီပုံကတော့ ခွဲခွာနေရတဲံ နှလုံးသားလေးအတွက် စိတ်ဖြေရာပေါ့..မန္တလေးက ၈၂လမ်း၊ ၃၈x၃၉ကြား၊ ရွှေဝါထိုင်းစားဥယျာဉ် အပေါ်ဆုံးထပ် ကော်ဖီဂါးဒင်းပါ.. အတွဲလေးတွေနဲ့ အရမ်းထိုင်လို့ကောင်းတဲ့နေရာလေးပါ.. အပင်စိမ်းစိမ်းလေးတွေကြားမှာ ကိုယ့်ချစ်သူလေးတွေ ကိုယ်စီနဲ့ ကာပူချီနို ကော်ဖီလေး သောက်ရင်း ပြင်းရှရှ အချစ်ရဲ့အရသာကို အပြည့်အ၀ခံစားနိုင်မယ့် နေရာလေးပါ.. ကိုယ်တွေ့ ကိုယ်တွေ့ (အဟီး... ကြော်ငြာခတွေ ဘယ်လောက်ပေးချင် နေမှန်းမသိ.. )
Image Hosted by PicturePush - Photo Sharing

ဒီပုံလေးကတော့ ချစ်သူတို့အတွက် ထိုင်ခုံပုံဆန်းဆန်းလေးတွေပါ.. အလွမ်းပြေကော်ဖီသောက်ရင်းပေါ့


Image Hosted by PicturePush - Photo Sharing

ဒီလိုမျိုး ခုံတွဲလေးတွေလည်းရှိတယ်လေ.. ရိုမန်းတစ်ဆန်ဆန်လေးပေါ့.. ဆွဲဆောင့်နေပြီ.. ပါလာတော့မယ်.. ဟိဟိ

Image Hosted by PicturePush - Photo Sharing


ဒါကတော့ အပေါ်စီးကရိုက်ထားတာပါ.. တွေ့တယ်မဟုတ်လား .. အပင်လေးတွေကွယ်နေတော့လေ.. ချစ်သူကို လွတ်လွတ်လပ်လပ် မွှေးမွှေးပေးလို့ ရတာပေါ့....

Image Hosted by PicturePush - Photo Sharing


ချစ်သူလေးနဲ့ ကော်ဖီသောက်ရင်း၊ ချစ်စကားလေးတွေ နှောရင်း အဝေးဆီငေးလို့ ရှူ့ခင်းလေးတွေလည်း ကြည့်နိုင်သေးတယ်နော်.... အင်း ပြောနေရင်းတောင် အလွမ်းက ပိုပြီးပီပြင်လာသလိုပဲ... အဟင့်.. ရွှတ်.. ဘတ်(သတိ-နှပ်ချေးညှစ်သံ)Image Hosted by PicturePush - Photo Sharing

ရေးစရာမရှိတော့လည်း အလွမ်းတစ်ခုတောင် စာတစ်ပုဒ်ဖြစ်သေးတယ်နော်...


ခံစားတင်ပြသူ.... ကိုကိုးအိမ်(မန္တလေး)




ကျွန်တော့်အတွက်မီးအိမ်ရှင်

|

ဒီပို့စ်လေးကို ကြားဖြတ်တင်ဖြစ်လိုက်ပါတယ်.. အကြောင်းကတော့ ဒီနေ့ဟာ အမေများနေ့ဖြစ်တာမို့ပါ..


http://www4.picturepush.com/photo/a/5616192/640/5616192.jpg
ပထမဆုံး အမေ့ကို ကန်တော့ပါတယ်.. အမေများနေ့မို့မဟုတ်ပါ.. တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားတွေ အရာဝတ္တုတွေ အားလုံးထက် အမေဆိုတဲ့ လူသားဆန်တဲ့ လူသားတစ်ယောက်ကို အချစ်ဆုံးနဲ့ အလေးစားဆုံးပါ.. အမေဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်သာ ကမ္ဘာပေါ်မှာ မရှိခဲ့ဘူးဆိုင်ရင် ကျွန်တော်တို့ အားလုံးတစ်တွေ ကမ္ဘာမြေပေါ်ကို တောင်ခြေချခွင့်ရခဲ့ကြမှာ မဟုတ်ပါဘူး.. ကျွန်တော့်ရဲ့ဘ၀မှာဆိုရင် အမေသာကျွန်တော့် ရဲ့ အကောင်းဆုံးရှေ့ဆောင် လမ်းပြဖြစ်ခဲ့ပါတယ်.. ကျွန်တော့်ရဲ့ ဘ၀လှုပ်ရှားမှူ့ တွေမှာ အမေ့ရဲ့အရိပ်တွေ အများကြီးလွှမ်းမိုးခဲ့ ပါတယ်.. ကျွန်တော့်ကို စိတ်ဓာတ်ခွန်အားတွေ ရှိလာအောင်.. ကျွန်တော့်ဘ၀ကို မြင့်မားလာအောင်.. ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှူ့ရှိလာအောင်.. ကိုယ့်အားကိုယ်ကိုးတတ်အောင်.. ဘ၀နဲ့လူတွေ အကြောင်းနားလည်အောင်.. ရုန်းကန်ခြင်းအတွက် ခွန်အားတွေ ရရှိအောင် အကောင်းဆုံး လမ်းပြပေးခဲ့တဲ့ မီးအိမ်ရှင်ဖြစ်ပါတယ်.. အခုချိန်ထိလည်း ကျွန်တော့်ဘ၀အတွက် လမ်းပြပေးနေဆဲပါ.. အမေတစ်ယောက် ယခုဘ၀မှာသာမက သံသရာတစ်လျှောက်လုံးမှာ အပူအားလုံး ကင်းဝေးပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ ကင်းရာ၊ ကုန်ရာ၊ ချုပ်ရာ၊ ငြိမ်းရာဖြစ်သော နေရာဌာနကို အမြန်ဆုံး ရောက်နိုင်ပါစေခင်ဗျာ.. သား အမေ့အပေါ် ကိုယ်၊နှုတ်၊နှလုံးသုံးပါးစလုံးဖြင့် ပြစ်မှားခဲ့သည်ရှိပါက ၀န်ချတောင်းပန်ပါတယ်ခင်ဗျာ...

ဒီပို့လေးထဲမှာ အမေ့အတွက်ဆုတောင်းကို စာထဲမှာသာမက ရင်ထဲမှာပါ ခံစားပြီး တောင်းဆိုခဲ့မိခြင်းပါ.. အကယ်၍ စာဖတ်သူအားလုံးတို့လည်း ကျွန်တော့် မေမေအတွက်  ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းသမှူ့အာရုံပြု ပေးခဲ့ကြမယ်ဆိုရင်တော့ အတိုင်းမသိဝမ်းသာ မိမည်မှာအမှန်ပါ....။


ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

--

ဂျိုးကဗျာနဲ့ ရသစာပေ

|

ဂျိုးဆိုတဲ့ တကူကူးကူးလို့ အော်မြည်တမ်းတတ်တဲ့ သတ္တ၀ါငယ်လေးတွေကို စာဖတ်သူတို့ ကောင်းကောင်းသိကြလိမ့်မယ်လို့ ကိုကိုးထင်ပါတယ်.. ဂျိုးငှက်လေးတွေဟာ မောင်နှံနှစ်ဖော် အတူတကွ တစ်သက်တာပေါင်းသင်း နေထိုင်လေ့ရှိကြပါတယ်.. ဂျိုးငှက်တွေဟာ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြပြီး တစ်သက်တာသစ္စာရှိစွာ နေထိုင်တတ်ကြပါတယ်. ဇီဝဇိုးငှက်တွေ၊ ဟင်္သာမောင်နှံတို့လို တစ်ကောင်သေရင် ကျန်တဲ့တစ်ကောင်လိုက် သေတာမျိုးမရှိကြပေမယ့် အရမ်းသစ္စာရှိတဲ့ သတ္တ၀ါလေးတွေပါ... ဂျိုးငှက်ကလေးတွေဆိုတာ လူတွေနဲ့ အရမ်းရင်းနှီးကြတဲ့ သတ္တ၀ါလေးတွေပါ... အိမ်တွေနားမှာ သစ်ပင်တွေပေါ်မှာ ချောင်းတွေ၊ လမ်းတွေပေါ်မှာ တွေ့ရတတ်တဲ့ အတွက် လူတွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့နေကျ တိရိစ္ဆာန်တွေပါ..

တစ်ခါတုန်းက ဂျိုးထီးလေးတစ်ကောင်နဲ့ ဂျိုးမလေးတစ်ကောင်တို့ရှိကြပါတယ်.. ဂျိုးထီးလေးက လူသားတွေရဲ့လက်ချက်နဲ့ ဘ၀တစ်ပါး ပြောင်းသွား ကွယ်လွန်လေတော့ ဂျိုးမလေးခင်မျာမှာ ၀မ်းနည်းစွာနဲ့ ငိုကြွေးအော်မြည်တမ်းနေရှာတာပေါ့လေ.. အဲဒါကတော့ စာလို၊ စကားပြေလို၊ စာစီစာကုံးလို ပြောလိုက်ခြင်းပါ.. ငှက်ဖိုကလေး သေဆုံးသွားလို့ ငှက်မကလေး လွမ်းဆွေးနေရှာတယ်ပေါ့လေ... အဲဒါလေးကိုပဲ ကဗျာဆရာက ဘယ်လို ဖွဲ့နွဲ့သီကုံး လိုက်လေသလဲဆိုတော့ ကိုကိုးတို့ ငယ်ငယ်က သင်ဖူးတဲ့ကဗျာလေး တစ်ပုဒ်လေ ရေးပြလိုက်ရင်တော့အားလုံး မှတ်မိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.. နေ၀င်စ ဂျိုးမရယ်ကူ တောသူမလေးအဝေး... စာကိုသာစာကိုလိုလို့ ကူရှာသလော ကူသလော.. ရေကိုသာရေကိုလိုလို့ ကူရှာသလော ကူသလော.. နွားကျောင်းသားငယ် ညွှတ်ကွင်းရယ်တည့် ဘယ်.. ဘယ်ကိုမှီး လယ်.. လယ်ကိုမှီး ဘယ်.. ဘယ်ကိုနှက် လည်ပင်းအထက် ခေါင်းကိုနှက် ဘယ်.. ဘယ်ကိုခွဲ ရင်.. ရင်ကိုခွဲလို့ ရှားမီးခဲတွင် ရဲရဲငယ်ကင်သည် အကျွန်မမြင်ဝံ့ပါတကား.. ကဲဒိလောက်ဆိုရင်တော့ မှတ်မိလောက်ပြီလို့ထင်ပါတယ်...

ခုနကတော့ စာလို၊စကားပြေလို ပြောတုန်းက ဂျိုးလည်ပြောက်လေးတွေ အိမ်နား၊ ချောင်းနား၊ သစ်ပင်နားတွေမှာ နေတယ်.. လူတွေနဲ့ရင်းနှီးတယ်.. သူတို့ရဲ့သဘာဝလေးတွေဘယ်လိုရှိတယ်.. လူတွေမကြောက်တတ်ဘူး.. လမ်းတွေပေါ်မှာ အစာရှာစားတတ်တယ်.. လူတွေကသတ်လိုက်လို့ ဂျိုးဖိုလေး သေတာကို ဂျိုးမလေးငိုကြွေးမြည်တမ်းနေရှာ တယ်လို့ပြောလိုက်တဲ့ စကားနဲ့ အခု ဘာမှ စကားပြေ(Translate) မပြန်ရသေးတဲ့၊ ကဗျာလေးကို ရွတ်ပြလိုက်တဲ့အခါ ခံစားရတဲ့ခံစားမှူ့ ဘယ်ဒင်းက ရင်ကိုထိမိခံစားမိစေပါသလဲ... အဲဒီမှာပြောကြပါလိမ့်မယ် .. ကဗျာပါဆိုမှ စကားပြေပြန်ဖို့ Translate လုပ်ဖို့ လိုသေးလို့လားလို့ မေးတဲ့သူတွေရှိပါလိမ့်မယ်.. လိုတယ်.. လိုကိုလိုပါတယ်.. ဘာလို့လည်းဆိုတော့ ကဗျာမှာပါတဲ့စကားလုံးတွေဟာ ကွန်ဆာ့ထ်(ကျစ်လစ်) ဖြစ်တဲ့အတွက် စကားပြေပြန်ဖို့ လိုကိုလိုပါတယ်.. တစ်ချို့နေရာတွေမှာ ကဗျာစာသားတွေဟာ ကျစ်လစ်တဲ့အတွက် ပြောရမယ်ဆိုရင် လူပြိန်းနားမလည်နိုင်တဲ့ စကားတွေပါနိုင်ပါတယ်.. အဲတော့ ဘာလုပ်ပေးရမလဲ.. ကွန်ဆာ့ထ်ဖြစ်နေတာတွေကို ဖြည်ပေးရပါတယ်.. ကဗျာမှာပဲဖြစ်ဖြစ် စာမှုာပဲဖြစ်ဖြစ် အင်ဖလစ်(ပွယောင်း)လွန်းရင်လည်းမကောင်းသလို ကွန်ဆာ့ထ်(ကျစ်လစ်)လွန်း ရင်လည်း မကောင်းပါဘူး.. သာမန်လူနားမလည်နိုင် တော့ပါဘူး.. စာဖတ်သူတွေသဘောပေါက် မယ်ထင်ပါတယ်.. ဒါပေမယ့် ဒီကဗျာမှာတော့ ကွန်ဆာ့ထ်ဖြစ်လွန်းတာလည်းမဟုတ်သလို အင်ဖလစ် ဖြစ်လွန်းတာ လည်းမရှိပါဘူး.. ဒါပေမယ့် တိရိစ္ဆာန်လေးတွေရဲ့ သဘောသဘာဝလေးတွေ ပါလာတော့ အဲဒါကို ကိုကိုးတို့နည်းနည်း ပြန်ရှင်းရမယ့် အပိုင်း လေးတွေရှိပါတယ်..
ဒီနေရာမှာ မေးစရာတစ်ခုရှိလာပါပြီ.. အခုနက အပေါ်ဆုံးမှာ ရေးပြခဲ့သလို စာလိုဖတ်ပြတာနဲ့ ကဗျာလေးလို ရွတ်ပြတာနဲ့ ဘယ်ဒင်းကပိုပြီး ရင်ကိုထိစေ မယ်လို့ စာဖတ်သူတို့ထင်ပါသလဲ.. ကဗျာလေးလိုရွတ်ပြတာက ပိုပြီး ရင်ကိုထိစေတာပေါ့.. ကိုကိုး အပေါ်ဆုံးမှာ စာလို၊ စကားပြေလိုပြောနေတုန်းက နေရာတွေ၊ အချိန်တွေ၊ သစ်ပင်တွေပေါ်မှာ၊ လမ်းတွေပေါ်မှာ ၊ မနက်ခင်းတွေမှာ ၊ ချောင်းနား၊ မြောင်းနားမှာတွေ အစရှိသဖြင့်ပေါ့ အဲလိုမျိုးတွေပါပါတယ်.. သူကတောင်ပိုပြီးတော့ ပြည့်စုံရှင်းလင်းနေသေးတယ်နော်.. အဲဒါက တင်ပြတဲ့အပိုင်းကို ပြောတာပါ.. ရှင်းလင်းတဲ့အပိုင်းမှာလည်း စကားပြေဆိုတော့ နားလည်လွယ်တယ် ပိုပြီးပြည့်စုံတဲ့ ရှင်းလင်းချက်တွေပါတဲ့ အတွက် လူတိုင်းနားလည်နိုင် ပါသေးတယ်.. ဘာသာပြန်ပေးစရာကိုမလို လောက်အောင် နားလည်သဘောပေါက်နိုင်ပါတယ်..

ဒါပေမယ့် အဲဒီစကားပြေပုံစံစာကိုဖတ်ပြတာနဲ့ ကဗျာရွတ်ပြတာလေးနဲ့ကို ယှဉ်ပြလိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ရင်ထဲက ခံစားမှူ့မှာ ဘယ်ဒင်းက အရသာ ကိုပိုပေးမယ်လို့ စာဖတ်သူတို့ထင်ပါသလဲ.. ကိုကိုးကတော့ ကဗျာရွတ်တာလေးက ပိုပြီး အရာသာပိုပေးတယ်လို့ထင်ပါတယ်.. ဥပမာ၊ ဥပမေယျနဲ့ ဆောင်ပြီးပြောရမယ် ဆိုရင်တော့ ကလေးငယ်လေးကို အိပ်ရာဝင်ခါနီးမှာပဲဖြစ်ဖြစ်၊ စာသင်တဲ့အခါမှာပဲဖြစ်ဖြစ် စာတွေကို အတုံးလိုက် အတစ်လိုက် ဖတ်ပြတာနဲ့ ကဗျာလေးတွေ သင်ပေးတာ ဘယ်ဒင်းကပို အတတ်မြန်မယ်ထင်ပါသလဲ.. ကဗျာရွတ်ပြတာကပို အတက်မြန်တာပေါ့.. ဘာလို့လဲဆိုတော့ ကဗျာဆိုတာမျိုးက ရွတ်လို့ကောင်းတော့ ရင်ထဲလဲ တိုက်ရိုက်ဝင်တယ်.. နားထဲလည်း တိုက်ရိုက်ဝင်တာပေါ့..
ခုနကကဗျာလေးကို ပြန်ကောက်လိုက်ကြဦးစို့.. နေ၀င်စ ဂျိုးမရယ်ကူ တောသူမလေးအဝေး... တဲ့..။ အဲဒီတောသူမလေးဆိုတာဘယ်သူ့ကို ပြောတာလဲ.. ဘာကိုဆိုလိုတာလဲ..ဘာကိုရည်ညွှန်းတာလဲ.. တောမှာ ရေခပ်ဆင်းတဲ့ တောသူမလေးနဲ့ မနီးမဝေးကို ပြောတာလား.. ဂျိုးငှက်မလေး ကိုပြောတာဆိုရင်လည်း ဘာလို့ ဂျိုးငှက်မလေးအဝေးလို့ မသုံးတာလဲ.. အကြောင်းတော့ရှိရမယ်နော့... အဲဒါကိုတော့ ပြောမပြေတော့ဘူး စာဖတ်သူတို့ကိုယ်တိုင်ပဲ စဉ်းစားကြည့်တော့နော်... စဉ်းစားလို့ အဖြေရတယ်ဆိုလည်း ပြောသွားပါဦးနော်.. နောက်တစ်ခုက အဝေးဆိုတာကကော ဘာကိုပြောချင်တာလဲ .. အဝေးကြီးကို ပြောတာမဟုတ်ဘူးနော်.. သေသွားတာကို အလင်္ကာနဲ့ခံပြီးရေးလိုက်တာပါ. မဆုံနိုင်အောင်ဝေးသွားတာကို အခုကဗျာလေးမှာ သံပေါက်ပုံစံမျိုးရေးထားတဲ့အတွက် မဆုံနိုင်အောင်ဝေးတယ်တို့ စည်းတစ်ဖက်ခြားတို့ ၊ ပြန်မဆုံနိုင်တော့ပါ တို့ကို ကဗျာမှာသုံးလို့အဆင် မပြေနိုင်တဲ့အတွက် အဝေးဆိုပြီး အလှဆုံးသုံးသွားတာပါ.. အဲဒါကို ရသလို့ခေါ်ပါတယ်..
စာကိုသာစာကိုလိုလို့ ကူရှာသလော ကူသလော..ဆိုတာမှာလည်း စာဆိုတာ ဘာစာလဲ.. ဘာကိုပြောချင်တာလဲ.. စာပုလွေရင်မှာပိုက်ပါလို့ဆိုတဲ့ စာမျိုးလား၊ ရည်းစားစာလား.. တကယ်တမ်းက သူရေးချင်တာ အစာဆိုတာကိုရေးချင်တာပါ.. အဲဒါကို ဘာလို့ အ ဆိုတဲ့အက္ခရာကို မထည့်ဘဲဖြုတ်ထားခဲ့ရတာလဲ.. စဉ်းစားစရာနော်.. စာကိုသာစာကိုလိုလို့ လို့ဘာလို့ရေးတာလဲ.. ဒါကတော့ ကဗျာရဲ့ပညာရပ်ပိုင်းဆိုင်ရာ နဲ့ဆိုင်သွားပါပြီ.. ဒီ့ထက်ဆက်ပြောမယ်ဆိုရင်တော့ တစ်ညလုံး၊ တစ်နေကုန်ထိုင်ရေးတောင် ပြီးနိုင်အံ့မထင်ပါတယ်.. နောက်များမှပဲ အဲဒီအကြောင်းတွေ အလျဉ်းသင့်သလို ရေးပါဦးမယ်.. တကယ်မှာက ကျွန်တော်တို့ မြန်မာ့ပင်ရင်းကဗျာတွေဟာ အရမ်းကို ပညာသားပါလွန်း အရမ်းကို ကောင်းလွန်းလှပါတယ်.. ဘာတဲ့အခု ခေတ်စားနေတဲ့ မော်ဒန်ကဗျာတို့ မော်ဒတ်တို့ အော်တာ တို့ အာတော်တို့ တွေ ဆိုတာ ဘာကိုရေးလို့ရေးမှန်းမသိ.. ရေးထားတဲ့ အကြောင်းအရာနဲ့ ခေါင်းစဉ်နဲ့ကတလွဲ.. ဆီမပါ ပြားမပါ ထမင်းကို စားရသလို ဘာမှန်းမသိ ပေါ့ရွှတ်ရွှတ်ကြီးကိုဖြစ်နေတာပါ... သူတို့လည်း အဲဒီဘာမှန်းမသိတာတွေကိုပဲ ဘာမှန်းမသိလေ ကောင်းလေဆိုပြီး ထင်တိုင်းကျဲ နေကြတာတော့မကောင်းဘူး ပေါ့ခင်ဗျာ.. ကျွန်တော်တို့ မြန်မာပင်ရင်းကဗျာတွေရဲ့ အဆီအနှစ် ဘယ်လောက်သက်ဝင်တယ်ဆိုတာ ကို မြန်မာပြည်မှာကြီး မြန်မာထမင်းစားပြီး မြန်မာကဗျာ၊ မြန်မာ့ဂီတသံကြားရင် အိပ်ချင်တယ်ဆိုတဲ့ အော်တာ အော်တက်တွေ မော်ဒန် မော်ဒတ်တွေ သိစေချင်စမ်းပါဘိ ကိုရွှေမြန်မာကြီးတို့ရေ..
တစ်ခုတော့လည်း မော်ဒန်မော်ဒတ်တွေကို မေးချင်စမ်းပါဘိ.. ဘာမှန်းမသိတဲ့ စုန်းတွေ၊ ကဝေတွေ၊ ဖုတ်တွေ သရဲတွေအကြောင်းတွေ ရေးထားတဲ့ ခင်ဗျားတို့ မော်ဒန်ကဗျာတွေကို ခင်ဗျားတို့ကိုယ်တိုင် ခံစားသက်ဝင်လို့ရေးတာလား.. သူများတွေတော့ရေးနေကြတာ ကောင်းတယ်ပြောကြတယ်.. ငါလည်းရေးကြည့်ဦးမှဆိုပြီး သူများရေးလို့ လိုက်ရေးရင် မော်ဒတ်ကဗျာဆရာအမည်ခံလိုက်တာလား.. ဖြေကြည့်ကြပါ.. တကယ်လို့သာ သူများလုပ်တိုင်း လိုက်လုပ်တာဆိုရင်တော့ သူများယောင်လို့ယောင် မောင်တောင်မှန်းမြောက်မှန်းမသိတဲ့ ကဗျာချာတွေဖြစ်ကုန်ကြမှာပေါ့ဗျာ.. တကယ်မှာက ကဗျာဆိုတာ အနုဿယကို ဖွဲ့တာပါ. ကျွန်တော်တို့ မြန်မာကဗျာတွေကိုကြည့်လိုက် စမ်းပါ.. ဘယ်ချိန်ရွတ်လိုက်ရွတ်လိုက် ရသပေါင်းစုံကို တကယ့်အနုဿယနဲ့ ရေးဖွဲကထားတာကိုတွေ့ရမှာပါ.. အခုတော့ဖြင့် မဟုတ်ပေါင်ဗျာ.. ကဗျာထဲမှာ ဆဲထားလိုက်တာကလည်း ဗလကြမ်း .. တစ်ခါတစ်လေများ မအေနှမစုံလို့ပါ တကယ့် ပရိယုတ္ထာနတွေကို တွေ့နေရတာပါ. ရသဆိုတာ ဘယ်မှာပါလိမ့်လို့ ဆိုရမလောက်ပါပဲ.. ဘယ်နေရာမှာမှကို ရသရဲ့သဘောတရားကို မတွေ့ရတာပါ... အဲတော့ ကိုမော်ဒတ်တို့ကို စေတနာအရင်းခံဖြင့်ပြောချင်တာက မြန်မာတို့ရဲ့ မြန်မာကဗျာကို တစ်ချက်ကလေး လောက်တော့ စောင်းငဲ့ကြည့်ကြည့်ပါ.. တစ်စုံတစ်ရာကိုမြင်တွေ့လာရမှာပါ..
ရေကိုသာရေကိုလိုလို့ ကူရှာသလော ကူသလော.. ဒါကတော့ရှင်းပါတယ်.. ရေကိုလိုလို့ ကူတာပါလားတဲ့ခင်ဗျာ.. ရသဆိုတာကတော့ လူတစ်ယောက်ချင်းစီရဲ့ ခံစားမှူ့ အတိမ်အနက်ပေါ်မှာ လိုက်ပြီးကွဲလွဲမှူ့လေးတွေရှိပါတယ်.. စီးပွားရေးသမားတစ်ယောက်ဟာ စီးပွားရေးအမြင်မြင်မယ်.. အဲသလိုပဲ အနုပညာသမား တစ်ယောက်ရဲ့အမြင်၊ ဂီတသမားတစ်ယောက်ရဲ့ အမြင်၊ စာပေသမားတစ်ယောက်ရဲ့အမြင်၊ သိပံသမားတစ်ယောက်ရဲ့အမြင် အစရှိသဖြင့် လူတစ်ဦးချင်းစီ ရဲ့ အမြင်နဲ့ ခံစားမှူ့အပေါ်မှာ ရသကို အမျိုးမျိုးစားသုံးလို့ရပါတယ်.. တစ်ချို့ရသတွေမှာ အရမ်းကို ကွန်ဆာ့ထ်ဖြစ်လွန်းသွားတဲ့အတွက် ဖော်လို့မရနိုင်တဲ့ လျှို့ဝှက်ချက်တွေ၊ ပဟေဠိတွေ မြှုပ်ကွက်တွေ အများကြီးကို တွေ့ရနိုင်ပါတယ်. အဲလိုမျိုး ရသအမျိုးအစားကိုကျတော့ သူ့ရဲ့ခံစားမှူ့နယ်ပယ်ကနေ သူ့ရဲ့ရပ်တည်မှူ့ရှူ့ထောင့်ကနေ အဖြေထုတ်သွားရတာမျိုးတွေရှိပါတယ်..
ဥပမာတစ်ခု ထင်သာအောင်ပြပါဦးမယ်.. ရိုင်းတယ်လို့တော့မထင်ကြပါနဲ့ခင်ဗျာ..နားနဲ့မနာ ဖ၀ါးနဲ့နာပေါ့ အခု လူတွေပြောနေကြတယ် မြန်မာလိုဆို နင့်ကိုငါချစ်တယ်.. တရုတ်လိုဆို ဝေါ်အိုက်နိ.. အင်္ဂလိပ်လိုဆို အိုင်လပ်ဖ်ယူ ဟုတ်တယ်နော် အဲဒီလောက်ပြောလိုက်တာနဲ့ လူတွေဘယ်လောက်ထိသဘောပေါက် သွားမလဲ.. အဲဒီစကားလေးရဲ့ နောက်ကွယ်မှာ နောက်ဆက်တွဲအဓိပါယ် တွေအများကြီးရှိပါသေးတယ်.. အဲဒါတွေပြောစရာလို သေးရဲ့လား.. နင့်ကိုငါချစ်တယ်.. ဆိုရင် ချစ်ပြိးတာနဲ့ လက်ထပ်မယ်.. လက်ထပ်ပြီးတာနဲ့ တူတူအိပ်တဲ့ကိစ္စတွေ.. တူတူနေတဲ့ထိုင်တဲ့ကိစ္စတွေ အားလုံးပါသွားပါပြီ.. အဲဒါတွေကို ထုတ်ပြောနေစရာကိုမလို တော့ပါဘူး.. ကောင်လေးက တောင်းဆိုလို့ ကောင်မလေးက ချစ်တယ်ပြောလိုက်ပြီ ဆိုရင်ဖြင့် အဲဒီနောက်ဆက်တွဲတွေက အလိုလိုပါလာမယ်ဆိုတာသိပြီးသားပါ.. ရှင်းပြစရာကို မလိုတော့တာပါ.. အဲလိုပဲပေါ့ခင်ဗျာ.. ရသဆိုတာလည်း အရှေ့ကနေ လမ်းကြောင်းလေးတစ်ခုကို ဦးတည်ပြီး အနုပညာဖော်ထုတ်သူတစ်ယောက်က ဒီလိုခံစားပြီး ရေးလိုက်ပေမယ့် အနုပညာခံစားသူတစ်ယောက်က ဟိုလိုခံစားပြီး နောက်ဆက်တွဲအတွေးတွေကို ခံစားတတ်ရင် တတ်သလောက် ခံစားနိုင်တာကို ရသလို့ခေါ်ပါတယ်..
ကဲ... ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်.. မေးခွန်းလေးလဲဖြေသွားဦးနော်... ဒုတိယပိုင်းကိုတော့ နောက်နေ့မှ ဆက်ရေးပါတော့မယ်.. စောင့်စာဖတ်ရှူ့ပေးကြပါဦးခင်ဗျာ
ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး) --

ချောအိမာန် ပြီးတော့ ငွေဇင်ယော်ဦး....... ငွေဇင်ယော်ဦး ပြီးတော့ ချောအိမာန်

|


5218417.jpg
ဒီတစ်ခါ ကိုကိုးမိတ်ဆက်ပေးမဲ့စာအုပ်လေးကမန္တလေးမှ ဘလော့ဂါစာရေးဆရာမ ချောအိမာန် (မန္တလေး)နဲ့ မိုးကုတ်သူ စာရေးဆရာမ ငွေဇင်ယော်ဦး(မိုးကုတ်)တို့ ရဲ့ အသစ်ထုတ်ဝေ ဖြန့်ချိလိုက်တဲ့ ချောအိမာန်ပြီးတော့ ငွေဇင်ယော်ဦး-- ငွေဇင်ယော်ဦးပြီးတော့ ချောအိမာန် ဆိုတဲံ ၀တ္တုတိုပေါင်းချုပ်စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေး ပါမယ်.. နှစ်ဦးစလုံးကို စတင်သိခဲ့တာ ကတော့ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေကလောင်နှစ်ချောင်းဖြစ်တဲ့ ချောအိမာန်(မန္တလေး)နဲ့ ငွေဇင်ယော်ဦး(မိုးကုတ်)တို့ရဲ့ ရွှေအသစ်ကလောင်ကဏ္ဍမှာ စတင်ပြီး သူတို့ရဲ့စာတွေကို မြည်းစမ်း ခဲ့ရတာပါ.. ဒေသစွဲ ကလောင်စွဲကြောင့်လားတော့ မသိ.. အဲဒီချိန်ကစတင်လို့ ကိုကိုးဟာ ချောအိမာန်ရဲ့ ပရိတ်သတ်ဖြစ်ခဲ့သလို ငွေဇင်ယော်ဦးကိုလည်း အားပေးခဲ့မိပါတယ်.. သူတို့နှစ်ဦးရဲ့ စာရေးတဲ့ အချိုးအချိတ်နဲ့ အခြေခံသဘောတရားဟာ တူညီခဲ့သလို ရည်ရွယ်ရင်းစွဲတွေလည်း အရမ်းတူတဲ့အတွက် နှစ်ယောက်လုံးရဲ့ စာတွေကို မဂ္ဂဇင်းတွေမှာ စောင့်ဖတ်ဖြစ်ခဲ့ပါတယ်.. ဒီစာအုပ်ထဲမှာတော့ ကျွန်တော့်ရဲ့အကြိုက်ကိုပြောရမယ်ဆိုရင် ချောအိမာန်ရဲ့ ၀တ္တုတိုတွေထဲက ကွမ်းစားသမီး ကိုအကြိုက်ဆုံးပါ.. ငွေဇင်ယော်ဦး အပုဒ်တွေထဲက ထီးဆိုတဲ့အပုဒ်လေးတွေကို အကြိုက်ဆုံးပါ.. အခုလို ကျွန်တော် အားပေးတဲ့ စာရေးဆရာမနှစ်ယောက် ပေါင်းပြီး ၀တ္တုတို ပေါင်းချုပ်ထုတ်လာတဲ့အတွက်လည်း အတိုင်းမသိပျော်ရွှင်မိပါတယ်.. နောက်တစ်ခုက ချောအိမာန်(မန္တလေး)ဟာ မန္တလေးသူလို့ ဆိုရလောက်အောင် သူရဲ့ဝတ္တုတွေထဲမှာ မန္တလေးရနံ့တွေ အပြည့်အ၀ထုံမွမ်းနေပါတယ်.. ငွေဇင်ယော်ဦးဆိုရင်လည်း အမှန်တကယ်ကြုံတွေ့ခဲ့ရသလို စာဖတ်သူ စိတ်မျက်စိမှာ မြင်ယောင်လာအောင် အတိုင်းမသိရေးဖွဲ့နိုင်သူတစ်ယောက်ပါ.. အခုတော့ သူတို့နှစ်ယောက်နဲ့ မိတ်ဆွေတို့ကို မိတ်ဆက်ပေးပါမယ်..... စာပေချစ်ပရိသတ်တွေအတွက် ချောအိမာန်(မန္တလေး)နှင့် ငွေဇင်ယော်ဦးတို့ ၏ဝတ္ထုတို စုစည်းမှု စာအုပ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကျွန်မရဲ့ စာပေချစ်ပရိသတ်တွေအတွက် ချောအိမာန်(မန္တလေး)ရဲ့ ဝတ္တုတို (၈)ပုဒ်နဲ့ ငွေဇင်ယော်ဦးရဲ့ ဝတ္ထုတို (၇)ပုဒ် စုစုပေါင်း ဝတ္တုတို (၁၅) ပုဒ် ပါဝင်တဲ့ စာအုပ် လေးကို ``ချောအိမာန် ပြီးတော့ ငွေဇင်ယော်ဦး … ငွေဇင်ယော်ဦး ပြီးတော့ ချောအိမာန် `` ဆိုတဲ့ စာအုပ်ခေါင်းစဉ် လေးနဲ့ ထူးထူးဆန်းဆန်း ပုံစံလေးနဲ့နှစ်ဖက်လှပုံစံဖြင့် မိုးမာန် စာပေမှ ဒုတိယမြောက် ထုတ်ဝေလိုက်တဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ မှာ ပထမအကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချီလိုက်ပါတယ်။ ဒီစာအုပ်လေး မှာ အမှာစာ အနေနဲ့ ဆရာမ မစန္ဒာ မှရေးပေးထားပါတယ်။ ထိုစာအုပ်လေးထဲမှ ဆရာမ မစန္ဒာရဲ့ အမှာစာလေးများကို ဖော်ပြ ပေးလိုက်ရပါတယ်။

***********
ကျွန်မတို့၏ စာပေလောကကြီးသည် သစ်ပင်ကြီးတစ်ပင်နှင့် တူသည်ဟု တင်စား၍ ပြောလိုပါသည်။ စာပေသစ်ပင်ကြီးတွင် အကိုင်းအခက်၊ အရွက်အလက်များနှင့် စိမ်းစိုဝေဖြာပြီး အုံ့ဆိုင်းညိုမှိုင်းနေရန် အရေးကြီးပါသည်။ သို့မှသာလျှင် သစ်ပင်အောက်တွင် အရိပ်ခိုနေသော စာဖတ်ပရိသတ်များ ချွေးသိပ်နိုင်မည်။ အေးမြ အမောပြေနိုင်မည် ဖြစ်သည်။
မန္တလေးမှ ချောအိမာန်နှင့် မိုးကုတ်မှ ငွေဇင်ယော်ဦးတို့သည် စာပေ သစ်ပင်ကြီးကို အားဖြည့်လာသော ရွက်စိမ်း ရွက်သစ်ကလေးများ ဖြစ်ကြပါသည်။ ရွှေအမြူတေ စင်မြင့်မှ ရွှေလက်ကလေး နှစ်လက်ဟု ပြောလျှင်လည်း ရပါသည်။ ယခု သူတို့စာပေညီအစ်မက နှစ်ဦးပူပေါင်းပြီး ဝတ္တုတိုပေါင်းချုပ်တစ်အုပ် ထွက်လာတော့မည်ဟု သိရတော့ ဝမ်းမြောက်ဝမ်းသာနှင့် ကြိုဆိုရပါသည်။
ချောအိမာန်၏ ဝတ္ထုက (၈) ပုဒ်၊ ငွေဇင်ယော်ဦး၏ ဝတ္ထုက (၇) ပုဒ် မို့ စုစုပေါင်း (၁၅) ပုဒ် ပါဝင်ပါသည်။ တစ်ဦးနှင့် တစ်ဦး လက်ရည်ညီကာ ရပ်တည်ချက်ချင်းလည်း တူကြသည်မို့ စာအုပ်တစ်အုပ်အနေနှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိနေပါသည်။
ထူးထူးဆန်းဆန်း အမည်များကို ပိုင်ဆိုင်သော၊ အလွန်ချော၊ အလွန်လှ၊ အလွန်ချမ်းသာသော ဇာတ်ရုပ်များကို သူတို့ မရွေးချယ်ပါ။ ဆန်းဆန်းပြားပြား ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက်များကိုလည်း မရေးပါ။ လက်တွေ့ဘဝထဲမှ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်နေပျက်နေသော ဖြစ်ရပ်များနှင့် ဇာတ်ရုပ်များကိုသာ ဝတ္ထု၏ စာမျက်နှာများဆီသို့ ခေါ်လာခဲ့ကြပါသည်။ သူတို့၏ ဝတ္ထုထဲတွင် သက်ဝင်လှုပ်ရှားနေသူများသည် ကျွန်မတို့ နေ့စဉ် သွားရင်း လာရင်း မြင်မိ၊ တွေ့မိ၊ လူချင်းတိုက်မိ၊ ငဲ့စောင်းကြည့်မိ၊ မျက်စောင်းခဲမိ၊ ပြုံးပြနှုတ်ဆက်မိသော သာမန်လူများသာ ဖြစ်ကြပါသည်။
ဖခင်ထံမှ ကွမ်းဝါးဖတ်ကို နှစ်သက်စွာ တောင်း၍စားတက်သော ``ကွမ်းစားသမီး`` ဝတ္ထုတိုလေးထဲမှ အဖေနှင့် သမီး၏ မေတ္တာကို စာဖတ်သူပါ ခံစားလိုက်ရသည်။ ထို့နောက် အားငယ်တက်သော ၊ စိတ်ကောက် ကလေးဆန်သော ဇနီးအပေါ်တွင် ထားရှိသည့် ခင်ပွန်းသည် အဘိုးကြီး၏ မေတ္တာကို ရေးဖွဲ့သည့် ``ဆေးပေးမီးယူ``။ ထိုဝတ္ထုတိုလေး နှစ်ပုဒ်လုံးသည် ရိုးရိုးလေးနှင့် လှနေပါသည်။ မေတ္တာရနံ့ ပျံ့ပျံ့လေး သင်းနေပါသည်။
``ပွဲခ``၊ ``အားနာခြင်း သည်းခံပါ``၊ ``တစ်ခါတလေမှာ…`` စသည့် ဝတ္တုတိုလေးများကိုတော့ ဖတ်ပြီး ပြုံးရယ်မိပါသည်။ ထိုကဲ့သို့သော ခပ်ဆင်ဆင် အဖြစ်အပျက်မျိုးကို ကျွန်မတို့လည်း ကြုံဖူးသောကြောင့် ဖြစ်ပါသည်။ ကျွန်မတို့၏ ပတ်ဝန်းကျင်တွင် ``မျှော်လင့်ချက်``ထဲမှ စုစုနိုင်လို၊ ``မုသား``ထဲမှ ခင်မေလို၊ ``ခေါင်းမော့ထားသူ`` ထဲမှ ကလျာဆွေလို မိန်းကလေး၊ တစ်ခါတစ်ရံ ယောက်ျားလေးမျိုးကို တွေ့ဖူး မြင်ဖူးကြပါသည်။ ``ငယ်ငယ်တုန်းက တစ်ယောက်`` လို ဘာရယ်လို့ မဟုတ်တာလေးတွေကိုလည်း ကြုံဖူးကြမည် ဖြစ်ပါသည်။ သို့ပါသော်လည်း မြင်သူ၊ တွေ့သူ၊ ကြုံဖူးသူတိုင်းက ဖတ်၍ကောင်းသော စာကလေးများဖြစ်အာင် မဖန်တီးနိုင်ကြ၊ မရေးတက်ခဲ့ကြသည်ကတော့ အမှန်ပင်။
ထူးထူးဆန်းဆန်း အကြောင်းအရာများကို စာဖွဲ့ရသည်က မခက်လှပါ။ မထူးမဆန်းဖြစ်တက် ပျက်တက်၊ ဖြစ်ပျက်နေသောလူတို့နှင့် သူတို့၏ သဘောသဘာဝ အဖြစ်အပျက်ကလေးများကို စာဖွဲ့ရသည်ကတော့ မြင်တက်၊ ရေးတက်ရန် လိုသဖြင့် ပို၍ ခက်ပါသည်။ ထို… ပို၍ခက်သောအလုပ်ကို ကြိုးစားလုပ်ဆောင်နေကြသော စာပေညီအစ်မနှစ်ဦးကို နှစ်သက် ချီးကျူးမိပါသည်။
စာတစ်ပုဒ်ဖြစ်လာရန်အတွက် ရေးစရာအကြောင်းအချက်ကို မြင်တက်၊ တွေ့တက်ဖို့လိုပါသည်။ တွေ့ရုံနှင့် မပြီးသေး၊ ဆက်၍လည်း အတွေးနယ်ချဲ့ဖို့လိုပါသည်။ စာရေးဖြစ်ရုံနှင့်လည်း ပြီးပြီဟု မယူဆစေလိုပါ။ ကိုယ်ရေးထားသည့် စာသည် မည်ကာမတ္တ မဟုတ်ဘဲ ရသမြောက်ပါမှ၊ အနုပညာမြောက်ပါမှစာကောင်းတစ်ပုဒ် ဖြစ်လာမည်ကို သတိချပ်ရမည်ဖြစ်ပါသည်။
ထင်ရှားခဲ့သော စာရေးဆရာကြီးတစ်ဦး ပြောခဲ့သောစကားကို အမှတ်ရမိပါသည်။ ``ရေးတက်ရင် ဝတ္ထုဖြစ်တယ်`` တဲ့။ ထို့ကြောင့် ချောအိမာန်နှင့် ငွေဇင်ယော်ဦး…။ သူတို့နှစ်ဦးစလုံး ရေးတက်ကြပါပေသည်ဟု ပြောလိုပါသည်။ ရေးတက်လျှင် ဝတ္တုဖြစ်ပြီး၊ ဖြစ်လာသော ဝတ္ထုကလည်း လှလှပပလေး ရှိတက်ပါသည်။ ထို့အတွက်ကြောင့် သက်ကြီးတန်း၊ သက်ရင့်တန်း စာရေးသူတစ်ဦးအနေနှင့် ဝမ်းမြောက် ကြိုဆိုရပါသည်။ စာဖတ်သူတစ်ဦးအနေနှင့်လည်း ကျေးဇူးတင်ရပါသည်။ ပို၍ တွေးပြီး ရေးကာ၊ ပို၍ အောင်မြင်ကြပါစေဟူ၍ ဆန္ဒပြု ဆုတောင်းလိုက်ရပါသည်။
ကျွန်မတို့၏ စာပေသစ်ပင်ကြီးတွင်လည်း ပိုးကိုက်ရွက်များ ကင်းပါစေ။ ရွက်စိမ်း၊ ရွက်သစ်၊ ရွက်နု၊ ပုရစ်ဖူးများနှင့် ဝေသည်ထက် ဝေပါစေဟု ထပ်ဆင့် ဆုတောင်းလိုက်ရပါသည်။
မစန္ဒာ (၇.၁၀.၁၀)

*********
ထိုစာအုပ်လေးထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုလေးတွေရဲ့ ခေါင်းစဉ်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ချောအိမာန်ပြီးတော့ ငွေဇင်ယော်ဦး
5218435.jpg
၁။ မျှော်လင့်ချက်
၂။ ဖြစ်ခွင့်
၃။ ကွမ်းစားသမီး
၎။ မုသား
၅။ ကွန်ဒိုအိပ်မက်
၆။ ပစ္စုပ္ပန်နေရာ
၇။ ပွဲခ
၈။ မချိုမြိန်သော တေးသံများ

ငွေဇင်ယော်ဦးပြီးတော့ ချောအိမာန်
5218438.jpg
၁။ ဆေးပေးမီးယူ
၂။ တစ်ခါတလေမှာ
၃။ ငယ်ငယ်တနုးက တစ်ယောက်
၎။ ထီး
၅။ ခေါင်းမော့ထား သူ
၆။ စက်ဝိုင်းထဲက ခြေရာ
၇။ အားနာခြင်း သည်းခံပါ

ဖြန့်ချိရေး………
ရန်ကုန် - လင်းလွန်းခင်စာပေ
မန္တလေး - ထွန်းဦးစာပေ
နဂါးစာပေ
ရာပြည့်မန္တလေးစာပေ
ညိုစာပေ
တို့မှာ ဝယ်ယူရရှိနိုင်ကြောင်း ချောအိမာန်(မန္တလေး) နဲ့ငွေဇင်ယော်ဦး(မိုးကုတ်)တို့ရဲ့ စာပေချစ်ပရိသတ်များသို့ သတင်းကောင်းပေးလိုက်ရပါတယ်။
မျှဝေသူ--- ကိုကိုးအိမ်(မန္တလေး)

--

လတ်တလောအဖြစ်ချင်ဆုံးဆန္ဒတွေနဲ့ဖြစ်နေတာတွေ

|

ကိုးချစ်တဲ့ဘလော့ဂါ ဘော်ဒါကြီးတို့ရေ.. ကိုးလည်းစာမရေးဖြစ်ခဲ့တာ လေးလလောက်တောင် ကြာညောင်းခဲ့ပေါ့လေ.. ဒါ ၂၀၁၁ ခုနှစ်ထဲမှာ ကိုးပထမဆုံး ပြန်စရေးဖြစ်တဲ့ဘလော့ ပို့စ်လေးတစ်ပုဒ်ပါ.. ဘယ်လောက်ပဲ ဘလော့လောကနဲ့ ဝေးခဲ့ပေမယ့် ဘလော့ပြန်ရေးချင်စိတ်ကတော့ ဘယ်တုန်းကမှ ပျောက်ပျက်မသွားခဲ့ပါဘူး.. ကိုးတစ်နှစ်ကျော်နှစ်နှစ်နီးပါး ကျင်လည်ခဲ့ဖူးတဲ့ ဘလော့လောကကြီးရယ်.. ရေးဖော်ရေးဖက် ဘလော့ဂါသူငယ်ချင်း တွေရယ် လည်နေကျဘလော့တွေ လာဖတ်ကြတဲ့ ဘလော့ပရိတ်သတ်တွေ အားလုံးကို အစဉ်အမြဲသတိရ လျှက်ပါ.. အခုအချိန်မှာတော့ မြားမြောင်လှတဲ့ကိစ္စတွေနဲ့ လူ့ဘောင်မှာ ကျင်လည်နေတဲ့ မောင်ကိုကိုးအိမ်တစ်ယောက် ကတော့ဖြင့် တစ်ခါတစ်ခေါက်ပြန်လည် ရောက်ရှိလို့လာပါပြီ.. အားလုံးသော မိတ်ဟောင်းမိတ်သစ်များ မြန်မာနှစ်သစ်မှာ လန်းဆန်းပျော်ရွှင်မှူ့အပေါင်း နဲ့အတူ ဘ၀တွေအေးမြ ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.. စာမရေးတာလည်းကြာပြီ ဆိုတော့ လက်ကလည်း မသွက် စိတ်ကလည်း ဘာရေးရမှန်းမသိတာနဲ့ ဆားချက်လိုက်ပါတယ်.. ကိုးရဲ့စိတ်ထဲမှာ အလိုချင်ဆုံးအရာတွေကို ချရေးပါမယ် . ပြီးရင်တော့ သူငယ်ချင်းတွေကို အားလုံးရေးကြဖို့ တဂ်ပါ့မယ် ဟိဟိ... လာကတည်းက နှိပ်စက်တော့မယ်.... တဂ်မဲ့သူတွေကိုတော့ ပို့စ်ရဲ့အောက်ဆုံးမှာ အစဉ်လိုက်ရေးပါ့မယ် ဟိဟိ..

ပထမဆုံး ကြေညာချင်တာကတော့ နောက်နှစ်ရက်ကစပြီး ဒိုမိန်းပြောင်းတော့မှာဖြစ်တဲ့အတွက်.. www.kokoeaimmdy.info သို့လင့်ခ်ပြောင်းလဲ ချိတ်ပေးကြပါရန် အနူးအညွှတ်တောင်းဆိုအပ်ပါသည်။

လတ်တလောအဖြစ်ချင်ဆုံးဆန္ဒတွေနဲ့ဖြစ်နေတာတွေ

(၁) အစားချင်ဆုံးအစားအစာ    -    ပီစာ (ပင်လယ်စာ) အစားကအရင်လာတယ်

(၂)နေ့တိုင်းစားဖြစ်တဲ့အစား    -    ပေါင်မုန့်နဲ့ ကြံရည်၊ ပဲပုပ်နဲ့လ္ဘက်သုပ်၊ နန်းကြီးသုပ်နဲ့ လက်စုံသုပ်၊ နန်း(နန်းလေပြေနု) ယူလာတဲ့ ရေစကြိုထန်းသီးမုန့်.. ဟိဟိ

(၃)အလိုချင်ဆုံးရေမွှေး    -    Channel 5

(၄)သုံးဖြစ်နေတဲ့ရေမွှေး    -    L'Oreal (Kerasys)

(၅)အလိုချင်ဆုံးမွေးနေ့လက်ဆောင်-    တယောလှလှလေးတစ်လုံး

(၆)အလိုချင်ဆုံးဖုန်း        -    I Phone 5   (ဟိဟိ)

(၇)သုံးဖြစ်နေတဲ့ဖုန်း        -    C-8500 (Huawei)

(၈)အရူးသွပ်ဆုံးအရာ        -    ကလပ်စစ်ဂီတ

(၉)အနီးစပ်ဆုံးဂီတ        -    တယောသံစဉ်

(၁၀)အလိုချင်ဆုံးစာအုပ်    -    Dale Carnegie - (How To Win Friends And Influence People)

(၁၁)အခုဖတ်ဖြစ်နေတဲ့စာအုပ်    -    Chicken Soup for the Soul

(၁၂)အကြားချင်ဆုံးစကား    -    သူမလေးဆီက ချစ်စကား (ခွိခွိ)

(၁၃)အဖြစ်ချင်ဆုံးဆန္ဒ    -    အက်ဖ်ဖိုးထဲက ဂူဂျွန်ပျို လောက်ချမ်းသာချင်တယ် ဟဲဟဲ--လွန်သလားနော်

(၁၄)အလိုချင်ဆုံးဆု        -    ဂရမ်မီဆုတော့ တစ်ခါလောက်ရဖူးချင်တယ်

(၁၅)အသွားချင်ဆုံးနေရာ    -    ဂျပန်နိုင်ငံကနျူးကလီးယား စိမ့်နေတဲ့နေရာ.. ဟိဟိ.. နောက်ပြီး ဖူးခက်ကမ်းခြေ
                အဲ.. ကျန်သေးတယ်  ဆွစ်ဇာလန်.ဂျနီဗာမြို့

(၁၆)သွားဖြစ်နေတဲ့နေရာတွေ    -    မန္တလေးတောင်၊ ကျုံးဘေး(စာသွားကျက်တာနော်)၊

(၁၇)အကြည့်ချင်ဆုံးရုပ်ရှင်    -    စပါတာကပ်စ်

(၁၈)အပြောချင်ဆုံးစကား    -    ငါအရမ်းအထီးကျန်တယ်

(၁၉)အယုံကြည်ဆုံးလူသား    -    ဘုရားရှင်

(၂၀)မယုံကြည်ဆုံးအရာ    -    စိတ်

(၂၁)အမုန်းဆုံးအရာ        -    ဒိန်ချဉ်၊ ဒူးရင်းသီး၊ ငပိရည်ကျို

(၂၂)အသောက်ဖြစ်ဆုံးအအေး    -    ကြံရည်

(၂၃)လတ်တလောအထိတွေ့ဆုံးအရာ-    ကွန်ပျူတာနဲ့ စီဒီချပ်တွေနဲ့ ဖုန်းနဲ့ သီချင်းနဲ့ တယော

(၂၄)မကောင်းတဲ့ကျန်းမာရေး    -    မျက်စိနဲ့စိတ်

(၂၅)အကောင်းဆုံးအဖော်    -    စာအုပ်၊ ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက်၊ မုန့်၊ သီချင်း၊ တယော

(၂၆)လက်ရှိအကြိုက်ဆုံးသီချင်း    -    Only Love (Trademark), Country Road, Cry on My Shoulder, Close to you (Karen Carpenter)

(၂၇)အကြောက်ဆုံးအလုပ်    -    စာမေးပွဲဖြေရတော့မယ်

(၂၈)တန်ဖိုးအထားဆုံးအရာ    -    မေတ္တာတရား

(၂၉)ကြောက်ဆုံးတိရိစ္ဆာန်    -    မြွေ

(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ-    ရွှေစင်ဦး၊ နန်းလေပြေနု၊ နတ်ဆိုးလေး၊ မာရ်နတ်၊ အရုပ်ကလေး၊ ဇေတာရာ၊ နှင်းမိုးမိုး၊ တေလေ၊ သိင်္ဂါရ၊ ဇော်သိင်္ခ၊ ချောအိမာန်(မန္တလေး)၊ အိုင်တီမန်း၊ မောင်လှ၊ သက်တန့်ချို

(၃၁)အပြင်သွားတိုင်းပါတဲ့ပစ္စည်း    -    ဆိုင်ကယ်၊ ဖုန်း၊ နက်ဘုတ်၊ ပါဝါမျက်မှန်၊ ပြီးရင် နားကြပ်၊ စာအုပ်၊ အဟဲ မန်းနီးလည်းပါတာပေါ့နော်

(၃၂)သွားဖြစ်နေတဲ့နေရာတွေ    -    မန္တလေးတောင်၊ ကျုံးဘေး(စာသွားကျက်တာနော်)၊

(၃၃)စိတ်အညစ်ဆုံးအချိန်    -    ဆိုင်ကယ်ဆီကုန်ခါနီးရင်၊ သီချင်းနားမထောင်ရရင်

(၃၄)အနေချင်ဆုံးနေရာ    -    အိုးဘားမားရဲ့ အိမ်ဖြူတော် (ဟိဟိ)

(၃၅)ကြားလိုက်မိတဲ့ဟာသာလေးတစ်ခု-    Mobile Mother Phone Shop ဆိုတာ အငြိမ်မနေတဲ့အမေရဲ့ဖုန်းဆိုင်တဲ့ (နန်းပြောတာ.. ခွိခွိ)

(၃၆)ပေးချင်တဲ့သတင်းတစ်ခု    -    ကိုကိုး အခုမြန်မာပြည်က စာဖတ်သူတွေအတွက် ဒိုမိန်းဝယ်ထားတယ် ( www.kokoeaimmdy.info ) နောက်နှစ်ရက်လောက်နေရင်ရပြီ

(၃၇)အပျော်ဆုံးဖြစ်မယ့်အချိန်    -    တယောလှလှလေးတစ်လုံးလောက် အမေ၀ယ်ပေးတဲ့အချိန် .. ဟိဟိ


    အခုချိန်ကစပြီးတဂ်ပါတော့မယ်.. အားလုံးးးးးးးးးးးးး....သတိ( ဟဲဟဲ)..
    တဂ်စာရင်းကို အစဉ်လိုက်ရေးပါ့မယ်....    (၁)ရွှေစင်ဦး(www.shwezinu.com)
                    (၂)နန်းလေပြေနု(အလွမ်းတွေနဲ့ပြည့်နေတဲ့အိမ်)(www.nannlaypyaenu.com)
                    (၃)နတ်ဆိုးလေး(www.netsoelay.info)
                    (၄)မြန်မာလူငယ်(www.myanmaryouth.info)
                    (၅)မာရ်နတ်
                    (၆)ဇော်သိင်္ခ(http://zawtk.mandalaybloggers.org)
                    (၇)အဖြူရောင်နတ်သမီး(မနမ်းမ၀)(http://seaandangel.blogspot.com)
                    (၈)ဇေတာရာ(http://lamin30.blogspot.com)
                    (၉)မစ္စစ်ငွေလမင်း(http://lamin30.blogspot.com)
                    (၁၀)အရုပ်ကလေး
                    (၁၁)တေလေ
                    (၁၂)သက်တန့်ချို(www.thettantcho.com)
                    (၁၃)အိုင်တီမန်း(မန္တလေးဘလော့ဂါ)(www.mandalaybloggers.org)
                    (၁၄)မောင်လှ(မန္တလေး)   
                    (၁၅)ချော(အစိမ်းရောင်လွင်ပြင်)(http://www.missgreenlady.com)
                    (၁၆)မြသွေးနီ(http://www.myathwayni.com)
                    (၁၇)ကိုဇော်(http://www.zaw357.net)
                    (၁၈)မေကျော် (မိုးထက်အိမ်)
                    (၁၉)မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)(http://mgbakyaing.blogspot.com)
                    (၂၀)ဆိုဆီဂါးဒိုး(တည်ငြိမ်အေး)(http://sosegado1.blogspot.com)
                    (၂၁)မမယ်ကိုး (http://www.maecoe.net)
                    (၂၂)နိုင်းနိုင်းစနေ(http://www.99sanay.com)
                    (၂၃)မျောလွင့်တိမ်တို့နားခိုရာ(http://mglay97.blogspot.com)

    ဖေ့စ်ဘုတ်အတွက်ကတော့        (၁)တိုမိုကိုလေး (တိုကျို၊ မိုနို၊ ချီကာကို၊ မလေးရှား)
                    (၂)ကိုရေခဲရေ
                    (၃)ကလေးမလေး ကလေးလေး
                    (၄)အေးဥမ္မာမြင့်
                    (၅)မေသက်ခိုင်
                    (၆)ကိုကိုးဥ တို့ကို ခင်မင်လေးစားစွာဖြင့်တဂ်လိုက်ပါသည်။ အားလုံးကိုကိုးရဲ့တဂ်ပို့စ်ကို ချစ်ခင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ပြီးရင်တော့ ပြန်တဂ်ဖို့မမေ့နဲ့နော်

ရေးသားသူ..... ကိုကိုးအိမ်(မန္တလေး)   

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB