(Ethical Consideration) ဒီစာသားလေးကို ကြိုက်လို့ ယူသုံးလိုက်ပြီဗျာ…. မြန်မာလိုပြန်ဖို့ စကားလုံးရှာတာ မပြန်တတ် တော့လို့ သူ့အတိုင်းလေး တန်းဖိုးရှိရှိထား လိုက်ပါရစေ…. ကျွန်တော်တို့တွေ နေ့စဉ်လိုအပ် မှူ့တွေကို ဖြည့်ဆည်းဖို့ အဖိုးစားနားတွေ ပေးချေကြရတယ်.. တန်လို့ ပေးလိုက်ရတာ ရှိသလို မတန်ဘဲ ပေးလိုက်ရတာတွေလည်း ရှိပါတယ်… အဲဒီလို အဖိုးစားနားပေါင်း မြောက်များစွာထဲကမှ ကိုယ်ကျင့်သိက္ခာနဲ့ ရင်းပြီးမှ ပေးလိုက်ရတဲ့ အဖိုးစားနားကတော့ တန်ဖိုးတကာ့ တန်ဖိုးတွေထဲမှာ အကြီးမားဆုံး ပေးဆပ်ရခြင်းပါပဲ…
ကျွန်တော် မဂ္ဂဇင်းတွေ မဖတ်ဖြစ်တာ လတော်တော်ကြာပါပြီ…. ခုလည်း ဆရာမရွှေစင်ဦး ပြန်တင်ပေးလိုက်တဲ့ မင်းအုပ်စိုးရေးတဲ့ ဆောင်းပါးကြောင့် ကျွန်တော့်လက်တွေ ကီးဘုတ်ပေါ် ပြန်ရောက်လာရပြန်ပါပြီ… တော်တော်များများလည်း သိကြပြီးဖြစ်မှာပါ… ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ ပြေတီဦး ဖောင်ဒေးရှင်းအလှူ အကြောင်းပါ… ပထမဆုံး လှိုက်လှိုက် လှဲလှဲ သာဓုခေါ်လိုက်ပါတယ်….
ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကျောင်းထဲမှာ အတန်းထဲမှာ စာတွေကျက်ကြ၊ သူ့ထက်ငါ အပြိုင်အဆိုင် အမှတ်တွေပိုရအောင် ကြိုးစားကြတာ တွေဟာ အချည်းနှီးအတွက် မဟုတ်ပါဘူး.. ကျွန်တော်တို့တစ်တွေ ရဲ့ရင်ထဲမှာ သူများထက်သာမှ ငါသူများရဲ့ အနှိမ်ခံ မျက်လုံးတွေအောက်က လွတ်မယ်လို့ တစ်ထစ်ချယုံကြည် ကြလို့ပါပဲ… ဆုလေးများ ရကြည့် ပါလားဗျာ… မျက်နှာလေးတွေ မော့ကာ မော့ကာနဲ့ ကျောင်းဆင်းချိန်တောင် မစောင့်နိုင်အောင် အိမ်ပြန်ကြွားချင်တတ် ကြတာလေ… ဂုဏ်ယူတတ်ခြင်းမှာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းနဲ့ မသက်ဆိုင်ပါဘူး.. ချမ်းသာတဲ့ ကလေးတွေမှာ ချမ်းသာခြင်းကြောင့် ကြွားဝါ တာဟာ ကိုယ်ပိုင်အရည်အချင်း မပါပေမယ့် ဆင်းရဲတဲ့ ကလေးတွေ ကြွားဝါခြင်းမှာ သူများထက်သာမယ့် အရာတစ်ခုခုကို လုပ်ပြပြီး ဂုဏ်ယူကြရရှာတာပါ… ဘယ်လိုကလေး မျိုးကိုပဲဖြစ်ဖြစ် အားနည်းချက်ကြောင့် ထိုးနှက်ခံရတာမျိုး ကိုအရမ်းနာကျင်ခံစား တတ်ကြပါတယ်… နှစ်ယောက်ချင်းတွေ့တဲ့ အချိန် ဆဲချင်ဆဲ လက်သီးနဲ့ ထိုးချင်ထိုး လုပ်ပါစေ.. အဲဒီကလေး ပြန်လုပ်ချင်မှလုပ်ပါလိမ့်မယ်.. ခံစားရချင်မှလည်း ခံစားရပါလိမ့်မယ်.. အားနည်းချက်ကို လူအများရှေ့မှာ ဖွင့်ချခံလိုက်ရရင်တော့ ရှက်စိတ်တစ်ခုကို ခံစားရမှာ သေချာပါတယ်.. ကျွန်တော်ကိုယ်တိုင်လည်း ငယ်စဉ်ကလေးဘ၀က အဲဒီလိုခံစားချက်မျိုး နည်းတူခံစားခဲ့ဖူးပါတယ်… နောက်ပြီး ကျွန်တော်တို့အားလုံး ကလေးဘ၀ကို ဖြတ်သန်းဖူးသူချည်း ပါပဲ.. လူအားလုံးနဲ့ ယှဉ်လိုက်ရင် ကိုယ်ချည်းအသာ ဖြစ်လိုကြတာ လူသားတိုင်းရဲ့ အရိုးသားဆုံး ဆန္ဒတွေပါ….
ကျွန်တော်ရှေ့မှာ လူတွေ၊ ဘုန်းကြီးတွေ၊ မယ်သီလရှင်တွေ၊ ဖောင်ဒေးရှင်းတွေ၊ အဖွဲ့အစည်းတွေ လှူကြတယ်.. အများကြီးပါပဲ… တစ်သီပုဂ္ဂလလှူ ကြတာတွေလည်း ရှိပါတယ်.. လှူကြတဲ့ ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုး ရှိကြသလို အလှူရှင်တွေရဲ့ စိတ်တွေလည်း အမျိုးမျိုး ရှိကြပါတယ်…
ပြေတီဦးဖောင်ဒေးရှင်း မှာဆိုရင် သူတို့ ငွေကြေးတတ်နိုင်တယ်… ရံပုံငွေတွေ အများကြီးရတယ်.. သူတို့လှူချင်သပဆိုရင် သေချာစစ်တမ်းကောက် ပြီးသားကျောင်းသား တွေကို သူတို့လှူမယ့် ငွေကြေးပမာဏကို နေရာလေးတစ်ခု.. နောက်ဆုံး အိမ်တိုင်ယာရောက် သွားလှူမယ်ဆိုရင်တောင် ရပါတယ်…. ဒါပေမယ့် ဒီလိုပွဲကြီး လုပ်ပြီး လှူတယ်ဆိုတော့ ဂုဏ်သရေရှိလှပါတယ်လို့ ကြွေးကြော်ကြသူ လူကြီးမင်းအပေါင်းကို ကျွေးမွေးစရိတ်.. (လူငယ်တွေကို ဖြစ်သလိုကျွေးလို့ ဖြစ်နိုင်ပေမယ့် သူတို့ပါလာတာနဲ့ ဟင်းပွဲတွေကို အထူးစီစဉ်ရတော့တာပါ)၊ ပွဲနေရာစီစဉ်ရမှာတွေ၊ စာနယ်ဇင်းဖိတ်ရမှာတွေ… အစုံအစုံသော များမြောင်လှတဲ့ ကိစ္စတွေနဲ့တင် စရိတ်ကတော်တော် ထောင်းနေပါပြီ… အဲဒီကုန်ကျစရိတ်တွေနဲ့ တွက်မယ်ဆိုရင်တောင် သီးခြားရည်ရွယ်ချက်နဲ့ ဖောင်ဒေးရှင်း လုပ်လိုက်လို့ရနေပါပြီ…
ဗုဒ္ဒဘာသာမှာ စိတ်သာရှင်စော၊ ဘုရားဟောလို့ အဆိုရှိခဲ့ပါတယ်… ကျွန်တော်တို့တွေရဲ့ သဏ္ဍာန်မှာ စေတနာသုံးတန် တည်အောင် ထားနိုင်ရင် အကျိုးကြီးတယ် လို့ပါပါတယ်.. ကလေးတွေအလှူအတွက် ဂုဏ်သရေရှိသည်ဟု ကြွေးကြော်ထားကြသော လူကြီးမင်းများကို ကျွေးပွဲမွေးပွဲလုပ်ပြီး ကလေးတွေကိုတော့ အဖျားအနားလောက်သာ ပေးတယ်ကမ်း တယ်ဆိုရင် မယောင်ရာ ဆီလိမ်းတယ်လို့သာ သတ်မှတ်လို့ရပါတယ်..
နောက်ပြီးဖောင်ဒေးရှင်းကို လှူကြပြီဆိုရင် ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကို ကြည့်လှူကြတာ များပါတယ်… ပြေတီဦးဖောင်ဒေးရှင်းမှာတော့ ဂုဏ်သရေရှိ လူကြီးလူကောင်းများ ကိုကျွေးရန် မွေးရန်ဆိုပြီး ရည်ရွယ်ချက်မှာ ထည့်ပြောပြီး အလှူခံမယ်မထင်ပါ… စကားပုံအရဆို (သူကြီးဘုရား၊ ရွာသားကောင်းမှူ့) ဆိုတဲ့အတိုင်း အလှူရှင်တွေလှူတဲ့ ရန်ပုံငွေတွေကို သုံးပြီး ပါးဖြဲနားဖြဲစားမယ့် လူတွေကို အလှူလက်ဖက်နဲ့ မျက်နှာလုပ်စရာမလိုပါ.. ရန်ပုံငွေထဲက လှူရမယ့် အပိုင်းမှန်သမျှကို စိတ်ပိုင်းပြတ်စွာနဲ့ ယတိပြတ် ကျောင်းသား တစ်ယောက်ဘယ်လောက် ဆိုပြီး ပေးမယ်ဆိုလည်း အဖွဲ့အစည်းရှေ့မှာတင် ပြတ်သားစွာ ပေးလိုက်လည်း ရတာပါပဲ…. အပိုကုန်ကျစရိတ်၊ ပွဲလုပ်စရိတ် သိန်းပေါင်းများစွာ သက်သာရင် ကျောင်းသားဦးရေ တိုးပြီး လှူလို့ တန်းလို့မရဘူးလား.. စဉ်းစားစရာပါ…..
ဦးမြတ်ခိုင်ဆိုတာ ကျွန်တော် အရင်က လေးစားခဲ့ရတဲ့ မီဒီယာသမားကြီးတွေပါ… သူတို့တွေမှာလည်း ကိုယ်ကျင့်သိက္ခာနဲ့တန်တဲ့ အဖိုးစားနားဆိုတာ ရှိပါတယ်.. ဒီအချိန်မှာ ဦးမြတ်ခိုင်တစ်ယောက် အရေးတကြီးငွေလိုအပ်နေတဲ့အချိန် တခြားသူဌေးတစ်ယောက် ယောက်ဆီမှာ အကူအညီသွား တောင်းခဲ့ရင် အဲဒီသူဌေးကြီးက ဦးမြတ်ခိုင်ကို ကူညီလိုက်ပါပြီတဲ့။ အဲလိုကူညီလိုက်တဲ့အတွက် ဦးမြတ်ခိုင်ကိုယ်တိုင် စိတ်ထဲကမပါဘဲ အဲဒီသူဌေးကို လူအများ ကြည့်ကောင်း မြင်သာရှိအောင် ပွဲတစ်ခုစီစဉ်ပြီး ကန်တော့ရမယ်၊ အဲဒီကန်တော့တဲ့ပုံတွေကို ဂျာနယ်မှာ ပုံတွေနဲ့တကွဖော်ပြ လိုက်မယ်ဆိုရင် ဘယ်လိုခံစားရမယ်ဆိုတာ ကိုယ်တိုင် ၀င်ပြီး ခံစားကြည့်ကြပါ။ အဲလိုအခြေအနေမျိုးမှာ ဦးမြတ်ခိုင်က ကိုယ်ကျင့်သိက္ခာကို ဘယ်လို အဖိုးစားနားမျိုးနဲ့ လဲမှာလည်း…
ကျွန်တော်တို့မြန်မာ လူမျိုးတွေရဲ့ စိတ်ထဲမှာ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်စိတ် အမြဲရှိကြပါတယ်… လူမသိနိုင်တဲ့နေရာမှာ ကျောင်းသားတွေက ကန်တော့ပါဦးမယ်ဆိုရင် တောင် လက်ခံသင့်တဲ့ အနေအထားပါ… လက်အုပ်ကြွေးဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်.. ရဟန်းဝတ်ထားတဲ့ သံဃာတွေတောင် ကန်တော့ခံထိုက်တဲ့ အရည်အချင်း မရှိဘဲ ကန်တော့ခံရင် လက်အုပ်ကြွေး တင်ပါတယ်တဲ့…. အခုကန်တော့ခံတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကရော ဘယ်လောက်များ ကန်တော့ခံထိုက်ကြတဲ့ သူတွေမို့ပါလဲ…. အရေးကြီးတာ ကန်တော့လိုက်မှ ကုသိုလ်ရတာမဟုတ်ပါဘူး… ကျောင်းသားတွေ စိတ်ထဲက တစ်သက်တာ ကျေးဇူးတင်နေကြရင်လည်း သူတို့တွေအတွက် အရမ်းတန်ဖိုးရှိပါတယ်. ..
ဆရာဝန်လောင်းဖြစ်စေ ဆရာဝန်ဖြစ်စေ ပရော်ဖက်ရှင်နယ် လိုင်းကို ၀င်ကြမယ့်သူတွေမှာ မာန်ဆိုတာ ရှိပါတယ်… သူတို့တွေလည်း ဦးနှောက်ဥာဏ်ရင့်သန် ကြလို့ ဒီလိုအခြေအနေကို ရောက်လာကြတာပါ… ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တတ်ကြပါတယ်.. သူတို့တစ်တွေကို လူလယ်ခေါင်မှာ ဒီလိုလုပ်ကြီး လုပ်ခိုင်းတာ မလုပ်သင့်ဘူးဆိုပြီး စိတ်ကွက်ခဲ့မယ်ဆိုရင် ကျောင်းသားတွေမှာ အပြစ်ရောက်ပါတယ်.. လူကြီးဖြစ်စေ ကျေးဇူးရှင်ဖြစ်စေ အမှားတစ်ခုကျူး လွန်မိလို့ ပြဿနာမရှိပေမယ့် ကျေးဇူးစားတွေမှာတော့ စိတ်ကအစ ဆင်ခြင်ရတာ ပင်ပန်းလှပါတယ်…
ပြောရမယ်ဆို ပြေတီဦးရဲ့ သရုပ်ဆောင်ကို ကြိုက်သလို အိန္ဒြာကျော်ဇင်ကိုလည်း သဘောကျခဲ့ဖူးပါတယ်.. ဒါပေမယ့် ပရဟိတဆိုတာ အတ္တဟိတနဲ့ လုံးဝဆန့်ကျင်ဖက်ပါ.. အတ္တဟိတဆိုတာ ကိုယ့်အတွက် လုပ်တာဆိုတော့ ပရဟိတမှာ သူများအတွက်ချည်းပဲ လုပ်ပေး၊ စဉ်းစားပေးရတာပါ… ဒီလိုအလုပ်မျိုးလုပ်တဲ့ အတွက် ကိုယ့်ကိုကိုယ်ဂုဏ်ယူ နေဖို့လည်း မလိုသလို၊ လူအများရှေ့မှာ မဏ္ဍပ်တိုင်တက်ပြ စရာလည်း မလိုပါဘူး.. အရေးကြီးတာ ကိုယ်ရဲ့ တစ်စုံတစ်ရာသော လုပ်ဆောင်ချက်ကြောင့် တစ်ပါးသူတွေ အဆင်ပြေဖို့ သာအဓိကပါ…. ဖောင်ဒေးရှင်းဆိုတာ ပျော်ဖို့ ရွှင်ဖို့ ဖွဲ့ထားတဲ့ Funny Group မဟုတ်ပါဘူး… အရေးကြီးတဲ့ လိုအပ်တဲ့နေရာတွေနဲ့၊ ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်တွေကိုပဲ ဦးတည် အကောင်အထည် ဖော်ရတာမျိုးပါ… ဒါကို ပဲ ရေလိုက်လွဲပြီး တလွဲဆံပင်ကောင်း နေကြဦးမယ် ဆိုရင်တော့ ဖြင့် နောက်လာမယ့် ဖောင်ဒေးရှင်းတွေ အလွဲတုယူမှားကြမှာ စိုးရိမ်ရပါတယ်…
၂၁ ရာစုမှာ ခေတ်စားတဲ့ စီးပွားရေးစကားနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေအားလုံး Change လုပ်ကြဖို့လိုပါတယ်… Transparency (ပွင့်လင်းမြင်သာမှူ့) ရှိဖို့လည်း လိုပါတယ်…. ပျက်စီးမှူ့တွေများတဲ့ ဒီလိုခေတ်ကြီးနဲ့ ဆင်းရဲ၊ ချမ်းသာကွာခြားမှူ့များတဲ့ ခေတ်ကြီးမှာ NGO တွေ၊ ဖောင်ဒေးရှင်းတွေ များများရှိလာဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ရမှာပါ… တမင်တကာရည်ရွယ်လို့ မဟုတ်ပဲ နားလည်မှူ့လွဲမှားမှူ့ ကြောင့် အမြင်မတော်တာများ ရှိရင်လည်း တွေ့မြင်သူများက ပြောပြပေးဖို့နဲ့.. အပြောခံနိုင်စွမ်းရည် ပြည့်ဝဖို့ လိုအပ်ပါတယ်…
မည်သို့ပင်ဖြစ်စေ.. ကျွန်တော်ကတော့ ဒီလိုမျိုး ပရဟိတအဖွဲ့အစည်း တွေများလာတာကို ကြိုဆိုပါတယ်.. နည်းမှန်၊ လမ်းမှန်၊ အသုံးနဲ့ အဖြုန်းကိုနားလည်ပြီး အားနည်းသူများကို ခံစားနား လည်ပေးနိုင်တဲ့ ဖောင်ဒေးရှင်းကောင်းများ အဖွဲ့အစည်းကောင်းများ ထပ်မံပေါ်ထွက် လာပါစေလို့ ဆုတောင်းပေးတယ်ဗျာ.. ဘာလို့တုန်းဆို.. ကိုယ်မှ ကောင်းကောင်းမလုပ် နိုင်သေးတာကိုး.. အာချောင်ရုံပဲ တတ်နိုင်တာကိုးဗျာ… သို့သော် နေရာတိုင်းမှာတော့ အားလုံးနဲ့ တန်တဲ့ အဖိုးစားနားတစ်ခုရှိပါတယ်… ကိုယ်ရဲ့ တန်ဖိုးကို ကိုယ်သာဖြတ်ကြသည်..
(လွတ်လပ်သော ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်ရှိသည်ဟု ယူဆသည်.. ယခုပို့စ်ကြောင့် အဆဲကွန်မန့်များ မမြင်ရဟု.. မြန်မာမြေဖွား သူငယ်ချင်းများကို ယုံကြည်သည်…)
ခံစားရေးသားသူ…॥ ကိုကိုးအိမ်(မန္တလေး)