စာဖတ်သူများအားလုံးကို ကျွန်တော်ကိုကိုးအိမ်မှ ဝေမျှချင်တာကတော့ ဖေဖော်ဝါရီလ ၂၀၁၂ မှာ ကျင်းပပြုလုပ်မယ့် Barcamp Mandalay 2012 ပဲဖြစ်ပါတယ်.... အားလုံးစိတ်ဝင်စားမယ့် အကြောင်းလေး လည်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်...
ဒုတိယအကြိမ်မြောက် ဘားကဲ့မ့်ပ်မန္တလေးကို ၂၀၁၂ ဖေဖော်ဝါရီလ (၄)ရက်နဲ့ (၅) ရက်နေ့တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်॥ ShwePhyu Plaza ဒုတိယထပ် MCPA & MCIA အသင်းများတည်ရှိရာ အထပ်မှာ ပြုလုပ်မှာပါ။ Barcamp 2012 ပါ။ အခန်းပေါင်း အနည်းဆုံး (၈) ခန်းပါလိမ့်မယ်လို့လည်း သိရပါတယ်...။ ဘားကဲ့မ်ပ်ရဲ့ ထူးခြားတဲ့အနှစ်သာရ တွေကို တင်ပြချင်ပါတယ်။ ဘားကဲ့မ်ပ်ဆိုတာ Seminar လိုဟောပြောပွဲမျိုးမဟုတ်ပါ...။ ဘယ်သူတက်၊ ဘယ်သူနားထောင်၊ ဘယ်သူမလာရ ဆိုတာမျိုးမရှိသလို... ဖိတ်စာမလို လိပ်စာသာလို တဲ့ပွဲမျိုးဖြစ်လို့ စိတ်ဝင်စားသူ မည်သူမဆို တက်နိုင်တဲ့ ပွဲဖြစ်ပါတယ်... တက်ရောက်လာသူများထဲမှာ ပြောချင်ဆိုချင် ရှင်းလင်းပြသချင်သူတွေ ပါသလို နားထောင်သူ၊ လေ့လာသူ၊ မှတ်သားသူ၊ ဆွေးနွေးလိုသူတွေ အများအပြားရှိနေပါတယ်...။ အဲဒီလို ပြောသူနားထောင်သူတွေ အားရပါးရ တွေ့ဆုံနိုင်တာ ဘားကဲ့မ့်ပ်ပါ...။ အစီအစဉ်တကျ ကြိုတင်စီစဉ်ပြီး ဖိတ်ကြားတဲ့ ပွဲမျိုးမဟုတ်တဲ့အတွက် ပြောသူရော နားထောင်သူရောပါ လွတ်လပ်ပါတယ်....။ ပြောသူများအတွက် လိုက်နာရမယ့် အဓိကအချက်တစ်ခုထဲပဲရှိပါတယ်... အဲဒါကတော့ (ကိုယ်ပြောသမျှ ကိုယ့်တာဝန်) ဆိုတာပါပဲ...
ဘားကဲ့မ်ကိုလာ၊ အစီအစဉ်ကြေငြာထားတဲ့ သင်ပုန်းကိုကြည့်၊ အချိန်နဲ့အခန်းတွေရေးထားတဲ့ သင်ပုန်းပေါ်က လွတ်နေတဲ့ကွက်လပ်မှာ ကိုယ်ပြောချင်ပြချင် ဆွေးနွေးချင်တဲ့ အကြောင်းအရာကို ခေါင်းစဉ်လေးတစ်ခုပေးပြီး ကိုယ့်နာမည်နဲကတကွ ရေးကပ်လိုက်ရုံပါပဲ...။ အဲဒီကိစ္စတွေကို ကူညီပေးဖို့ ဘားကဲ့မ်ပ် စီစဉ်သူတွေနဲ့ စေတနာ့ ၀န်ထမ်းကူညီဝိုင်းဝန်းသူတွေက ကူညီပါလိမ့်မယ်....
သင်ပုန်းပေါ်က အစီအစဉ်အတိုင်း သတ်မှတ်အချိန် သတ်မှတ်အခန်းတွေမှာ မတူညီတဲ့ အကြောင်းအရာတွေကို တစ်ပြိုင်တည်း ဆွေးနွေးကျင်းပနေမှာဖြစ်ပြီး တက်ရောက်လာသူများကလည်း ကိုယ်စိတ်ဝင်စားတဲ့အကြောင်း ကို သက်ဆိုင်ရာအခန်းမှာ သွားနားထောင်ရုံ၊ ၀င်ဆွေးနွေးရုံပါပဲ... သတ်မှတ်ထာတဲ့အချိန် အကန့်အသတ်လေး တော့ရှိပါတယ်... ကိုယ်တင်ပြဆွေးနွေးချင်တဲ့ အကြောင်းအရာကို ကိုယ့်အတွက်ရတဲ့ သတ်မှတ်ချိန်အတွင်းမှာ အပြီးသတ်နိုင်ဖို့တော့ ကြိုတင်ပြင်ဆင်ခဲ့ရပါမယ်... ဟောပြောပွဲများမှာလို တစ်ယောက်ကပြော အများကနားထောင် ဆိုတာမျိုးမဟုတ်ပဲ... အပြန်အလှန်ဆွေးနွေး ကြရမှာဖြစ်ပါတယ်... သိချင်တာမေးလာရင် ဖြေနိုင်ဖို့အတွက် ကိုယ်ဆွေးနွေးရမယ့် အချိန်ကို ကိုယ်ကိုတိုင်ပဲ ကန့်သတ်ထားဖို့လိုပါမယ်... ဆွေးနွေးမယ့်အကြောင်းအရာ ခေါင်းစဉ်တွေများမှာမို့ ပြောသူနားထောင်သူ ၀င်ရောက်ဆွေနွေး ဖလှယ်သူတွေ အားလုံးအတွက် အကျိုးရှိမှာပါ...
ဘာကဲ့မ့်ပ်ကို စီစဉ်သူများဟာ ဆွေးနွေးပွဲများမှာ ၀င်ရောက်စွက်ဖက်မှာမဟုတ်ပဲ.... ဘာသာရပ်ပေါင်းစုံကို တစ်နေရာထဲမှာ စုစုစည်းစည်း မြည်းစမ်းခွင့်ရအောင် စီစဉ်ပေးတာသာဖြစ်ပါတယ်... ဘားကမ့်ပ် ဆိုတာ ကွန်ပျူတာနဲက အိုင်တီနည်းပညာတွေကိုသာ ဆွေးနွေးတာမဟုတ်တဲ့အတွက် ကိုယ်သန်ရာသန်ရာ စိတ်ဝင်စား စရာတွေကို နှီးနှောဖလှယ်ဆွေးနွေးနိုင်ပါတယ်...
ဘာကဲ့မ့်ပ်ရဲ့အနှစ်သာရက... လုပ်ရိုးလုပ်စဉ် ထုံးတမ်းစဉ်လာတွေနဲ့ ကင်းလွတ်ပါတယ်... နည်းပညာ၊ လူမှူ့ရေး၊ စီးပွားရေး၊ ပညာရေး၊ စီမံခန့်ခွဲရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်... စတဲ့ လူမှူ့ဝန်းကျင်ကို အကျိုးပြုတဲ့ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို ပေါင်းကူးပေးတာဖြစ်ပါတယ်... နည်းပညာရှိပြီး စီးပွားရေးအကြောင်း သိချင်သူ၊ စီးပွားဖြစ်နေပြီး နည်းပညာပိုင်းမှာ အားနည်းသူစသူတွေကို တွေ့ဆုံပေါင်းကူးပေးတာပါ॥ ပကာသနမပါ... အဆောင်အယောင်မရှိတဲ့ ပွဲပါ... အဲဒီလို တွေ့ဆုံကြဖို့ ဘားကဲမ့်ပ်ဆိုတာ ဖြစ်လာတာပါ॥ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး॥ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အခွင့်အလမ်းပေါင်းများစွာကို တစ်နေရာ တည်းမှာ ရနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ဟာ ဘားကဲ့မ့်ပ်တိုင်းရဲ့ တူညီသော ရည်ရွယ်ချက်ဖြစ်ပါတယ်...။
ကိုယ်သိချင်နေတာတွေ၊ ကိုယ်ပြောပြချင်နေတာတွေကို အချိန်တိုတိုနဲ့ တစ်နေရာတည်းမှာ စုစုစည်းစည်းရနိုင် တာမို့ ကမ္ဘာအရပ်ရပ်က ဘားကဲ့မ်ပ်အသီးသီးဟာ အောင်မြင်နေတာပါ... ဘားကဲ့မ်ပ်ကို လာရောက်ကြသူများ အတွက် ရလာနိုင်တဲ့ အကျိုးကတော့ ကိုယ့်စိတ်ကူး ကိုယ့်ပညာ ကိုယ့်အသိတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြန့်ချိမယ်ဆိုရင် အချိန်နဲ့ငွေ ပိုကုန်ပါလိမ့်မယ်... အလားတူပါပဲ .... ရယူလိုသူများ အတွက်လည်း ကုန်ကျမှူ့တွေ ရှိပါတယ်... ဘားကဲ့မ်ပ်မှာ လာပြီး ဆွေနွေးဖလှယ်ခြင်းနဲ့ အဲဒီအချိန်တွေ ငွေတွေကို ခြွေတာနိုင်ပါတယ်... ပညာရပ်တစ်ခုကို ထဲထဲဝင်ဝင်လေ့လာထားတဲ့ ပညာရှင်များ အတော်များများ လာတက်ကြတဲ့အတွက် သိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ မေးမြန်းနိုင်သလို ကိုယ်သိထားတာနဲက မတူတာရှိရင်လဲ ပွင့်လင်းရင်းနှီးစွာ ဖလှယ်နိုင်ပါတယ်...
ဘားကဲ့မ်ပ်ကို လာသူတွေအနေနဲ့ ပြင်ဆင်ခဲ့ဖို့လိုတာကတော့ ကိုယ်က ဘာသိချင်တယ်ဆိုတာရယ်... ကိုယ်က ဘာကိုတင်ပြ ဆွေးနွေးချင်တယ် ဆိုတာရယ်ကို ပြင်ဆင်ခဲ့ဖို့ပါပဲ.... ဘားကဲ့မ်ပ်စင်မြင့်ဟာ ကိုယ့်ကို နယ်ပယ်တစ်ခုမှာ ထင်ပေါ်ကျော်ကြားသူတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်...
မေးပါများစကားရ ဆိုတဲ့စကားဟာ ဘားကဲ့မ်ပ်နဲ့ အသင့်လျော်ဆုံးပါပဲ... Barcamp Mandalay လို့ သညာပြု ခေါ်ဝေါ်ရတာကတော့ ကမ္ဘာ့ဘားကဲ့မ်ပ်တွေရဲ့ အစဉ်အလာတစ်ခုကို လိုက်နာလိုက်တာပါပဲ.... ကမ္ဘာ့ ဘားကဲ့မ်ပ်တိုင်းဟာ အဲဒီဘားကဲ့မ်ပ်ကျင်းပတဲ့ နေရာကို ထည့်သွင်းခေါ်ဝေါ်လေ့ရှိပါတယ်... ဒေသစွဲ၊ နေရာစွဲ စွဲတာမျိုးမဟုတ်ပါဘူး.... ဘားကဲ့မ်ပ်မန္တလေး ဟာအားလုံးကို ကြိုဆိုပါတယ်... ဘားကဲ့မ်ပ်မန္တလေး ရဲ့ အမှတ်တရ လက်ဆောင်များလည်း ပေးပါမယ်... ကြိုတင်စာရင်းသွင်းချင်တယ်ဆိုရင်တော့ http://barcampmandalay.org မှာစာရင်းသွင်းနိုင်ပါတယ်ဗျာ.... ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ၊ စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ဆွေးနွေးလိုတဲ့ အကြောင်းအရာများကိုလည်း ကြိုတင်ရေးသားဖြည့်သွင်း ထားနိုင်ပါတယ်ခင်ဗျာ...
အားလုံးကို ကိုကိုးအိမ်မှ အထူးကျေးဇူးတင်ရှိပါတယ်...
မျှဝေသူ... ကိုကိုးအိမ်(မန္တလေး) (7.1.2012)
1 Comentário:
ကောင်းတယ်ဗျို့... ဒါမျိုးလေးတွေကို ကြိုဆိုတယ်။ :)
ခင်မင်လျက်
Junemoe
Post a Comment