ကစဥ့်ကလျားအိပ်မက်များ

|

အနီရောင်နေဖျော့ဖျော့ရဲ့အလင်းကိုခံယူရင်း

ကြယ်တစ်ပွင့်ရဲ့ မှေးမှိန်တဲ့လင်းလက်မှူ့ကိုစောင့်စားခဲ့တယ်

မျှော်လင့်ချက်တွေဝါးမျိုရင်း

အမှောင်မရောက်ခင်မှာပဲ နတ်သမီးရဲ့ကောင်းချီးသံအောက်

ကြယ်စင်တစ်ချို့ အိပ်ပျော်ခဲ့ရတယ်

နူးညံ့တဲ့ကတ္တီပါစတစ်ခုရဲ့ အထိအတွေ့အောက်မှာ

နိုးတစ်ဝက်အိပ်မက်တွေ ကယောင်ခြောက်ခြား ဖြစ်ခဲ့ရ

အော်…. တကယ်တော့ မှိန်ဖျော့တဲ့နူးညံ့မှူ့တစ်ခုကိုမှ

ငါ.. မျှော်လင်ခဲ့လေခြင်း

ရှေ့နောက်မညီတဲ့ စကားလုံးတွေကိုအားပြုရင်း

ငါတို့ရဲ့ဘ၀တွေရှေ့ဆက်ခဲ့ကြတယ်

လင်းဖြာတော့မယ့် အရှေ့အရုဏ်ရဲ့

ခပ်နွေးနွေးကိုယ်ထည်တစ်ခုအောက်မှာ

အတွေးပေါင်းများစွာနဲ့ လူလားမြောက်ခဲ့ရတယ်..

မက်ခဲ့မိသောအိပ်မက်တစ်ချို့ ရောင်ခြည်တစ်ခုကိုမြင်ယောင်ရင်း

ပျက်ခဲ့ရဘ၀ပေါင်းများစွာ..

မျှော်လင့်တကြီး မော့ကြည့်ခဲ့မိတဲ့ရင်ခွင်တစ်ခု

ရက်စက်မှူ့နဲ့အတူ ဖျတ်ခနဲသေဆုံးသွားခဲ့တယ်..

အော်… တကယ်တော့ ကြမ်းတမ်းတဲ့နူးညံ့မှူ့တစ်ခုကိုမှ

ငါ.. တမ်းမက်ခဲ့လေခြင်း…

အနှောင့်မညီတဲ့ စာအုပ်တစ်ချို့နဲ့ ပြန့်ကျဲနေတဲ့အခန်းတစ်ခု…

အယောင်ယောင်အမှားမှား ကျဆုံးခဲ့တဲ့ ငါ့ရဲ့အတွေးများ

ငါရပ်နေတဲ့နေရာ ငါ့ခြေအစုံကို မြဲမြဲစွာကုပ်တွယ်ယူခဲ့တယ်..

ရေစိုစုတ်ပြဲနေခဲ့တဲ့ စာမျက်နှာတစ်ခု

အလင်းမဲ့အခန်းထဲမှာ အောက်သိုးသိုးအနံ့တစ်ခုထွက်နေခဲ့တယ်..

ဆုပ်ကိုင်ဖို့ကြိုးစားရင်း ကြေမွပျက်စီးခဲ့ရတဲ့ ငါ့လက်ထဲကစာအုပ်တစ်စုံ

နွမ်းပါးတဲ့အခန်းတစ်ခုထဲက ပြန်လှည့်အထွက်

ခါးသီးမှူ့တွေအပြည့်နဲ့ လက်ခုပ်များစွာက ငါ့ကိုစောင့်ကြိုလို့..

အော်… တကယ်တော့ အနားမညီတဲ့မျဉ်းတွေကိုမှ

ပေါင်းစပ်ဖို့ကြိုးစားခဲ့မိလေခြင်း…

စာရေးသူ… ကိုကိုးအိမ်(မန္တလေး)

(၁၄.၇.၂၀၁၂) (စနေနေ့) (နံက် ၇နာရီ ၃၀မိနစ်)

4 ယောက်ကစာမူခပေးသွားပါတယ်:

Tzar Adin said...

လက်မှတ်လေးလှတယ်

Anonymous said...

good poem with nice idea ,construction work

ur bro moses

mstint said...

ကဗျာလေးကလည်း တိမ်မရောင်နဲ့နက်တယ် ကိုကိုးအိမ်ရေ။ အဲဒီလိုမျိုးစပ်တတ်ချင်ပါဘိ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
(စကားမစပ် ကွန်မန့်ဘောက်စ်က ပို့စ်ရဲ့အောက်ဆုံးက စာအုပ်လေးကို ကလစ်လိုက်ရုံပဲလေ)

မြတ်နိုးသူ(MUFL) said...

ကဗျာလေးလာအားပေးသွားပါတယ်

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB