သတင်းသမားများအပေါ် ထင်မြင်ချက်

|


ဒီပို့်စ်လေးကိုတင်ဖြစ်လိုက်တာက ဟိုတစ်လောက ဟိုးဟိုးကျော်ဖြစ်သွားတဲ့ အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ ကိစ္စလေးကို စိတ်ထဲမှာ စနိုးစနောင့်ဖြစ်နေမိလို့ပါ။ အဲဒီကိစ္စဖြစ်တဲ့အချိန်မှာ ကိုကိုးရဲ့ သူငယ်ချင်းတစ်ယောက် အနားမှာရှိနေပါတယ်။ ပထမဆုံးမှာ ပါပါရာဇ်ီမမက ထက်ထက်ကို ‘ထက်ထက်က ဘ၀ကို ခဏခဏပြန်ပြန်စတယ်နော်.. ဘာဖြစ်လို့ပါလည်း” လို့မေးပါတယ်။ ထက်ထက်က ယဉ်ယဉ်ကျေးကျေးပဲ “ ညီမရေ ပါစင်နယ်တွေမမေးပါနဲ့” လို့ပြန်ပြောပါတယ်တဲ့။ ဒါကိုပဲ သတင်းသမားဖြစ်ပြီး အလိုက်မသိတဲ့ ပါပါရာဇီမမက “ ထက်ထက်က ဘ၀ကိုအသစ်က ပြန်စတယ် ပြန်စတယ်နဲ့ ယောင်္ကျားတွေထပ်ထပ်ယူတယ်နော်။ နောက်ထပ် ဘယ်နှစ်ခါများ ဘ၀ကိုပြန်စဦးမှာလည်းလို့ မေးပါတယ်။”
ဘယ်လောက်မိုက်ရိုင်းလိုက်ပါသလည်း။ ဟိုက မမေးပါနဲ့လို့ ယဉ်ယဉ်ကျေးကျေးပြောတာကို သတင်းသမားတစ်ယောက်ဖြစ်တဲ့သူက အလိုက်ကန်းဆိုးမသိတာပါ။ လူတွေကလည်း ဘယ်လိုဖြစ်သလည်းဆိုတော့ ထက်ထက်မိုးဦးက ပါးရိုက်လိုက်တယ်ဆိုတာကိုပဲ မြင်ကြတာပါ။ နိုင်ငံကျော်မင်းသမီးတစ်ယောက်အနေနဲ့ ထက်ထက်မိုးဦးဟာ မစဉ်းစားနိုင်လောက်အောင် ဥာဏ်ရည်နုံနဲ့သူလည်းမဟုတ်ပါဘူး။ တုံ့ပြန်လောက်စရာ အကြောင်းရှိလို့ကိုပဲ အကျိုးဆိုတာမျိုးဟာပေါ်လာရတာပါ။ ကိုယ့်ဂုဏ်သိက္ခာကျဆင်းခံ ပြီးတော့တော့ ဘယ်သူမှ ဒီလိုမလုပ်ပါဘူး.။ နိုင်ငံကျော်မင်းသမီးတစ်ယောက် အနေနဲ့ ပိုပြီးတောင် ဂရုစိုက်ဦးမှာပါ။ နောက်ပြီး ထက်ထက်ဟာ အနုပညာသက်တမ်းတစ် လျှောက်လုံးမှာ အင်တာဗျူးပေါင်းမြောက်မြားစွာ ကိုဖြေဆိုခဲ့သူပါ။ ဒီလောက်ထိစိတ်မထိန်းနိုင် ဖြစ်စရာ အကြောင်းကိုမရှိ ပါဘူး.။ အဲဒီတော့ သူများအပြော သတင်းသမားအပြောကိုပဲမယုံဘဲ နောက်ခံဖြစ်နိုင်တဲ့ အကြောင်းအရာပေါ်မူတည်ပြီး စဉ်းစားရမှာပါ။ တစ်ဖက်ပြောတာကိုပဲယုံပြီး မစူးမစမ်း နားယောင်လိုက်တယ်ဆိုရင် ကျန်တစ်ဖက်ကို အနိုင်ကျင့်စော်ကားလိုက်သလိုပဲဖြစ်သွားမှာပါ။
သတင်းသမားတွေဘက်ကလည်း ထက်ထက်ကို ဒီလောက်ထိဘာလို့ဝိုင်းဆော် ကြလည်းဆိုတော့ တစ်ဖက်က သူတို့လူဖြစ်နေလို့ပါပဲ။ လူတိုင်းဟာ ကိုယ့်ခွေးနဲ့ သူ့ခွေးနဲ့ကိုက်ရင်တောင် ကိုယ့်ခွေးနိုင်စေချင်ကြတာ သဘာဝပါ။ ဘယ်သူကပဲမှားမှား ကိုယ့်ဘက်က အမှန်ဖြစ်အောင်တော့ ဘယ်နည်းပဲဖြစ်ဖြစ်သုံးကြမှာပါ။ အဲဒီတော့ သတင်းသမားများ စဉ်းစား ကြည့်ကြပါ။ ကိုယ့်လိပ်ပြာကိုယ်ရောလုံရဲ့လား။ သတင်းသမားမှရယ်မဟုတ်ပါဘူး လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခု အပြစ်ကင်းရဲ့လားဆိုတာ သေချာစမ်းစစ် ကြည့်သင့်ပါတယ်။ ကျွန်တော်က တော့ ခုကိစ္စမှာ တစ်ဘက်တည်းအပြစ်လို့တော့ မဆိုလိုပါဘူး။ နှစ်ဖက်စလုံးမှာ အပြစ်ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးဖြစ်လာအောင် စတင်သူကတော့ ပိုလို့အပြစ်ရှိတယ်လို့ ထင်ပါတယ်။ အဲဒီတော့ သတင်းသမားဆိုတာမျိုးဟာ သတင်းသားကောင်ရဲ့ လူ့တန်ဖိုးနဲ့ အခွင့်အရေးကို အလေးအနက်ထားသင့်ပါတယ်။ သတင်း သမားတစ်ယောက်ဟာ သတင်းသားကောင်တစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးထိခိုက်စေမဲ့ အကြောင်းအရာ အဖြစ်အပျက်တို့ကို စည်းတစ်ခုထားပြီး မေးမြန်းရေးသားရပါတယ်။ အဲလိုမှမဟုတ်ဘဲ မေးချင်ရာမေး ရေးချင်ရာရေး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးထားတဲ့ သတင်းသမားဟာ လူ့ကျင့်ဝတ်၊ သတင်းသမားကျင့်ဝတ်ကို ဖောက်ဖျက်လိုက်တာပါပဲ.။ နောက်ပြီး ကိုယ်ကျင့်စာရိတ္တပျက်ပြားခြင်းပါပဲ။ ဒီလိုပြောလို့လည်း ထက်ထက်မိုးဦးအကောင်းပဲပြောတာ မဟုတ်ပါဘူး။
ထက်ထက်ယောင်္ကျား ဘယ်နှစ်ယောက်ပဲယူယူ သူယူတာ တရားဝင်ယူတာချည်းပါ။ ကျွန်တော်ကတော့ တရားဝင်ယူလိုက်တာကိုပဲ သူ့ကိုချီးကျူးမိပါတယ်။ ဘာလို့လည်းဆိုတော့ ဒီခေတ်ကြီးမှာ အနုပညာရှင်တော်တော်များများဟာ တရားဝင်ယူကြတဲ့သူ ခပ်ရှားရှားပါ.။ ခိုးစားနေကြတာကများပါတယ်။ ထက်ထက်ရဲ့ စတိုင်လ်က တစ်ယောက်ယူလိုက်တယ်။ စိတ်သဘောမတိုက်ဆိုင်ရင် ကွာလိုက်တယ်။ နောက်တစ်ယောက်လာရင်လည်း တရားဝင်ယူလိုက်တယ်။ အဲဒီတော့ ခိုးစားနေတာထက်စာရင် အများကြီးသာပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ ဇနီးတစ်ယောက်ပြောတာကို ကြားဖူးပါတယ်။ သူ့ယောင်္ကျား ဇာတ်ကားပဲရိုက်ရိုက် ကြော်ငြာပဲရိုက်ရိုက် ထက်ထက်နဲ့ဆိုရင်တော့ စိတ်ချပါတယ်တဲ့။ ယောင်္ကျားတွေအများကြိးယူတာ ဗုဒ္ဒဘာသာအရ မကောင်းဘူးဆိုပေမယ့် သူများယောင်္ကျား ကိုလုယူတာလည်းမဟုတ်ပါဘူး။ မယူဘဲ ဖြစ်ချင်တိုင်းဖြစ်နေတာလည်း မဟုတ်ပါဘူး။ အနုပညာလောကမှာလည်း ထက်ထက်မိုးဦးတော့ ဘယ်သူနဲ့ခြေပုန်းခုတ်နေတယ်လို့လည်း တစ်ရံတစ်ဆစ်မှ မကြားဖူးပါဘူး။ အဲဒီတော့ သတင်းသမားတွေအနေနဲ့ ကိုယ်သတင်းရဖို့ကိုပဲ ဦးစားမပေးဘဲ တစ်ဖက်လူကိုမထိခိုက်စေဖို့ ဂရုစိုက်သင့်ပါတယ်။ သတင်းလေးတစ်ပုဒ် မရတာနဲ့ပဲ ထမင်းတော့ငတ်မသွားပါဘူး ကိုရွှေသတင်းသမားတို့ရယ် လို့သာပြောလိုက် ချင်ပါတယ်။ အဲဒီတော့ သတင်းသမားတွေကိုပြောချင်တာက သတင်းသမားဆန်ဆန်တွေးကြ၊ မေးကြ၊ ရေးကြပါလို့…………………

စာရေးသူ….ကိုကိုးအိမ်
 

ရိုးရာယဉ်ကျေးမှူ့ ဆိုကရေးတီးပြိုင်ပွဲအတွေ့အကြုံအပိုင်း(၄)

|


ဒီလိုနဲ့ပြိုင်ပွဲ နောက်ဆုံးရက်ကို ရောက်လာပါတယ်။ ရင်တုန်ပန်းတုန်ပေါ့ဗျာ။ ပြိုင်ပွဲက မနက်ပိုင်း ၈ နာရီမှာ ခေတ်ဟောင်းကာလပေါ်တေးနဲ့စဖွင့်မှာကိုး။ အဲမှာလည်း မဲနှိုက်ရပြန်တာပဲဗျ။ အမှတ်စဉ်ရွေးတော့ ကိုကိုးက တစ်ပဲပြန်ပေါက်ပါတယ်။ သီချင်းကိုမဲနှိုက်တော့ ဂုဏ်တော်ဖွင့်ပေါက်ပါတယ်။ ဂုဏ်တော်ဖွင့်ဆိုတာက တော်တော်များများက ငယ်ငယ်တည်းက နားယဉ်ခဲ့ကြတဲ့သီချင်းဆိုတော့ လန့်ရတာပေါ့ဗျာ။ တော်တော်များများကလည်း ပိုင်ပိုင်နိင်နိုင်ကြီးကို ဆိုနိုင်ကြတယ်ဗျ။ ဒီလိုနဲ့ဒူးတုန်ခြေတုန်နဲ့ စင်ပေါ်ရောက်သွားတာပေါ့။ အဲဒီမှာဒုက္ခတစ်ခုရောက်ပါတယ်။ ဂုဏ်တော်ဖွင့်ထဲက သစ်တစ်ပင်အောက်မှာ ၀ါးတစ်ပင်အောက်မှာ မရောက်နိုင်သော်လည်းပဲ စိတ်ငြိမ်ရာကိုမဆိုလို လုပ်မှရကြမယ် ဆိုတဲ့အပိုဒ်ကိုနှစ်ခါပြန်ဆိုရပါတယ်။ အဲဒီမှာကိုကိုးကမေ့ပြီး တစ်ခေါက်ပဲဆိုလိုက်ပါတယ်။ နောက်တစ်ခေါက်က တစ်ဝက်လောက်နေမှသတိပေါ်တဲ့အတွက် မဆိုတော့ပါဘူးလေဆိုပြီးလွှတ် လိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လုံးဝဆုရလိမ့်မယ်လို့ မမျှော်မှန်းခဲ့ပါဘူး။ တစ်ခုပဲရရင်တော်ပါပြီလေလို့ နှလုံးပိုက်ထားခဲ့တော့တာပါ။ ချွတ်ချော်ပြီး တတိယဆုရသွားတော့ လည်းအရမ်းဝမ်းသာခဲရတာပေါ့။ ရန်ကုန်တိုင်းန့ မန်းတလေးတိုင်းက တိုင်းကြိးဖြစ်တဲ့အတွက် တစ်တိုင်းကို ပြိင်ပွဲတစ်မျိုးချင်းစီမှာ နှစ်ယောက်ခေါ်လို့ရပါတယ်။ အဲတော့ ပထမဆုနဲ့ ဒုတိယဆုနှစ်ယောက်ပဲခေါ်တာပါ။ အဲတော့ ကိုကိုးက မဟာဂီတတော့ ဗဟိုမှာပြိုင်ခွင့်ရှိပြိး ခေတ်ဟောင်းကာလပေါ်တေးကိုတော့ ပြိုင်ခွင့်မရှိတော့ပါဘူ။ အဲဒီလိုနဲ့ ညနေပိုင်းရောက်တော့ အရေးပြိုင်ပွဲတွေစပါတယ်။

သီချင်းရေးတာကိုတော့ ရေးနည်းတွေကော စာသားထည့်ပုံတွေကော သံစဉ်ထည့်ပုံတွေကော နောက်ပြီး ကိုကိုးက မြန်မာသံတွေနားထောင်တဲ့ အတွက်အခက်အခဲမရှိခဲ့ပါဘူး။ ညနေပိုင်း အရေးပြိုင်ပွဲစတော့ စင်ပေါ်ကို ငါးယောက်တက်ရပါတယ်။ ကိုကိုးကတော့ ကိုယ်သီချင်းရေးထားတဲ့စာရွက်ကို ကိုင်၊ ဆိုပေးမယ့် ဆရာကတော့ မိုက်ခရိုဖုန်းရှေ့မှာ သီချင်းစာရွက်ကိုင်ပြီး၊ စန္ဒယားဆရာနဲ့ဗျောတီးတဲ့ဆရာက သပ်သပ် နုတ်စ် စာရွက်တွေကိုင်ပြီး စင်ပေါ်တက်ဂါရ၀ပြုပြီးပြင်ဆင်ရပါတယ်။ သီချင်းအရေးပြိုင်တဲ့အခါမှာ အစမ်းကျင့်တာကတစ်ခေါက် ၊တကယ်ဆိုတာကတစ်ခေါက်ဆိုပြီးတော့ နှစ်ခေါက်ဆိုရပါတယ်။ ဆိုပေးတာက တော့ ဂန္တ၀င်မေမေသီချင်းဆိုတဲ့ ဆရာဦးအောင်ကျော်ဆန်းပါ၊ ဗျောခေါက်ပေးတာက ဆရာဦးစိုးဝေပါ၊ စန္ဒယားကတော့ ဆရာဦးအောင်သက်ထွန်းပါ။ အားလုံး ပန်တျာကျောင်းကဆရာတွေချည်းပါပဲ။ 


ပြိုင်ပွဲမှာ ဒိုင်လုပ်တာကတော့ အကယ်ဒမီ ဦးစိန်မွတ္တားနဲ့ နောက်ထပ် ဆိုင်းဆရာကြီးနှစ်ယောက် ပေါင်းသုံးယောက်ပါ။ ဆရာကြီးက မောင်းတီးလိုက်တာနဲ့ အစမ်းတစ်ခေါက်စဆိုပါတယ်။ ဆိုတုန်းက ဆရာ့အသံက တစ်မျိုးဖြစ်နေလို့ လန့်နေတာ။ နောက်မှသိရတာက အစမ်းဆိုတာဖြစ်တဲ့အတွက် အတည်ဆိုတဲ့အခါအသံမကုန်အောင် လျှော့ဆိုတာလို့ ဆရာကပြောပါတယ်။ ကိုကိုးကတော့ ရင်တုန်ပန်းတုန်ပေါ့လေ။ အဲဒါနဲ့ အစမ်းတစ်ခေါက်ပြီးလို့ ဒိုင်ကိုလှမ်းကြည့်လိုက်တော့ ဒိုင်က မောင်းထုပါတယ်။ သီချင်းတစ်ပုဒ်လုံး လျှောလျှောရှူရှူ ပြီးသွားလို့ တော်သေးတာပေါ့့ဗျာ။ အဲဒီနောက်ဒိုင်တွေအမှတ်ပေါင်းနေတဲ့အချိန်ကိုယ်က ပြင်စရာရှိတာပြင်ရပါတယ်။ အရေးကိုတော့သိပ်လည်း မျှော်မှန်းမထားခဲ့ပါဘူး။ ပြိုင်ပွဲဝင်တာကလည်း ဆယ်ယောက်ဆိုတော့ ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှူ့နည်း တာလည်းပါတာပေါ့လေ။ ဒီလိုနဲ့ ဆုကြေငြာတဲ့အခါ ပထမဆုဆိုတော့ လူတစ်ကိုယ်လုံးမြောက်တက်သွားသ လိုပါပဲ။ မျက်စိရှေ့မှာ ရှိသမျှဘာမှကိုမမြင်တော့တာ.။ ရင်ထဲမှာလည်း တစ်ဒိန်းဒိန်းနဲ့ မျက်ရည်တောင်ဝိုင်း ချင်လာပါတယ်။. ဆရာကတော့ ကျွန်တော့်ကိုပဲကြည့်ပြီးရယ်နေတာ။ တကယ်တမ်းပြောရမယ်ဆိုရင် ရလိမ့်မယ်လို့ကိုမထင်ခဲ့တာပါ။ ဆိုကရေးတီးနတ်ကြီးတယ်ဆိုတာအဲတော့မှယုံတော့တာ။ ဘာလို့လည်းဆိုတော့ ပြိုင်တုန်းက ကိုယ့်ထက်ကောင်းတာတွေနည်းတာမှမဟုတ်တာကိုးဗျာ။ အဲဒီလိုနဲ့ ဆုပေးပွဲကိုရောက်လာပါတယ်။ အဲဒီညနေမှာပဲဆုက တစ်ခါတည်းပေးတာပါ။ ကိုကိုးက ဆုသုံးဆုတက်ယူရပါ တယ်။ ရင်ကော့လို့ပေါ့။ အဟဲ ဆရာမရွှေစင်ဦးပြောသလို ဆုပေးတဲ့သူတွေကျေနပ်အောင် ပုဆိုးလေးဖုတ် ဖက်ခါပြီး တက်ယူတာပေါ့။ ဒါပေမယ့် နေပြည်တော်မှာပြိုင်ခွင့်ရခဲ့တာကတော့ နှစ်မျိုးတည်းပါ။ ဒါနဲ့ ဆုတွေပိုက် အိမ်ပြန်ပြီး အဝေးမှာရှိတဲ့အဖေတို့ အမေတို့ကိုလည်းလှမ်းကြွားရတာပေါ့။ အဲဒီညမှာပဲ မြန်မာ့အသံက လွှင့်တဲ့အစီအစဉ်မှာ ကိုယ့်ရုပ်ကြိးကိုယ်ပြန်မြင်ရတော့တာပေါ့။ အဖေတို့အမေတို့ကလည်း လှမ်းဖုန်းဆက်တယ်။ တီဗွီမှာတွေ့တယ်ပေါ့လေ။ အဲတုန်းကပျော်တာမျိုး ဘယ်တော့မှပြန်ရ တော့မယ်မထင်ပါဘူးဗျာ။ ဒါကြောင့်ကိုကိုးရဲ့ မှတ်ကျောက်တင်ခဲ့တဲ့ ကိုယ်တိုင်ရေးသီချင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။


ရွှေမြန်မာပြည်........ ရွှေမြန်မာပြည်
အေးချမ်းသာယာသည့် တို့ရဲ့ရွှေပြည် လှမ်းပြိုင်တူတူညီ
ပန်းတိုင်ခရီးသို့ချီ.............

မျှော်ရည်တွေးဆ အေးမြတဲ့ တို့ရဲ့မြန်မာပြည်
တောင်တန်းကြီးတွေ ၀န်းရံလို့တလီ သံလွင်ချင်းတွင်း ဧရာဝတီ
အမှန်ပင်စီးဆင်းနေပါသည်။ ကျောက်သံပတ္တမြား၊ ကောက်နှံစပါး......
ဆပွားတို့လို့ တိုးတက်ဝေစည်....... ကမ္ဘာကိုရင်ပေါင်တန်း လှမ်းပြိုင်ဖို့ရည်
ထွန်းတက်နေပမာညီ.. ရွှန်းလက်ဝေဖြာသည်..
အေးချမ်းသာယာသည့် ပန်းတိုင်ခရီးသို့ချီ။

တူညီစိတ်ထား တစ်သွေးတစ်သားတည်းညီ
အရေးကြီးက သွေးနီးကြဆိုစကားသည် ၊ တိုင်းရင်းသားတို့ ပေါင်းစုအားနဲ့
အနာဂတ်ရဲ့ပန်းတိုင်လှမ်းပြိုင်ဖို့ရည်။
ဥမကွဲ သိုက်မပျက်နေထိုင်မည်၊ တို့သွေးရင်းတို့ရွှေမြန်မာပြည်
အေးအတူပူအမျှ ဖေးကူမတဲ့ နှလုံးသားတွေသည်
ကမ္ဘာကိုရင်ပေါင်တန်း လှမ်းပြိုင်ဖို့ရည်
ထွန်းတက်နေပမာညီ.. ရွှန်းလက်ဝေဖြာသည်..
အေးချမ်းသာယာသည့် ပန်းတိုင်ခရီးသို့ချီ။

တက်ညီလက်ညီ လှော်ခတ်ကြမည် တက်စုံရွက်စုံလှော်ခတ်စို့သံပြိုင်ညီ
မုန်တိုင်းကြောင့်တလီ လေထန်တစ်မျိုးကြုံတွေ့ရလေပြီ................
တူပြိုင်မနားလှော်ခတ်ကြမည် မုန်တိုင်းထန်လည်းတို့မမှူ့ပြီ
လေထန်သော်လည်း တို့မကြောက်ပြီ အေးချမ်းသာယာသည့်ပန်းတိုင်ခရီးသို့ချီ။

သီချင်းလေးကို အမှတ်တရ ထည့်သွင်းရေးသားလိုက်ပါတယ်။

နေပြည်တော်ပြိုင်ပွဲအကြောင်းဆက်လက်ဖော်ပြပါဦးမည် ။


စာရေးသူ...ကိုကိုးအိမ်


ရိုးရာယဉ်ကျေးမှူ့ ဆိုကရေးတီးပြိုင်ပွဲအတွေ့အကြုံအပိုင်း(၃)

|

ပြိုင်ပွဲကလည်းဆုံးကိုမဆုံးနိုင်တော့ဘူးလို့ပြောကြမယ်ထင်ပါရဲ့။ အဟဲ ကြုံခဲ့ရတာလေးလောက်ကို ဘော်ဒါကြီးတို့ကို မျှဝေချင်လွန်းလို့ မနေနိုင်မထိုင်နိုင်ရေးဖြစ်လိုက်တာပါ။

ဒီပုံလေးကတော့ နေပြည်တော်ရေပန်းဥယျာဉ်ကြီးမှာ ရိုက်ခဲ့တဲ့ပုံလေးပါ။ နောက်က ပန်းရောင်းအဆောက်အအုံကြီးကတော့ အကယ်ဒီမီပေးတဲ့ အဆောက်အအုံကြီးပါ။

ဒီပုံလေးကတော့ နေပြည်တော်တိရိစ္ဆာန်ဥယျာဉ်ထဲမှာ မောင်ကိုးတစ်ယောက် ချင်းဝတ်စုံနဲ့ ရိုက်ထားတဲ့ ပုံပါ။ နေပြည်တော်တိရိစ္ဆာန်ဥယျာဉ်ဖွင့်ပြီး ခြောက်လလောက်ပေါ့။ နေရာကတော ဆင်စခန်းမှာပါ။

ဒီလိုနဲ့ တိုင်းအဆင့်ပြိုင်ပွဲနေ့ကိုရောက်လာခဲ့ရောဆိုပါတော့ဗျာ။ ပြိုင်ပွဲကို  မန်းတလေးတက္ကသိုလ်ဘွဲ့နှင်းသဘင် အဟောင်းကြီးမှာ ကျင်းပတာပါ။ 2008 ခုနှစ် သြဂုတ်လကုန်ပိုင်းလောက်မှာ စတာပါ။ အရမ်းလည်းပျော်စရာကောင်းပါတယ်။ တက္ကသိုလ်ပေါင်းစုံက ညီကိုမောင်နှမတွေနဲ့ဆုံစည်းရတာ။ တက္ကသိုလ်ပေါင်း ခြောက်ခု ခုနှစ်ခုလောက်ရှိပါတယ်။. အဲမှာ မြန်မာရှူ့ခင်း သီချင်းလေးကိုပြိုင်ပွဲတွေမစခင်မှာ ဖွင့်ထားတာ အရမ်းကြည်နူးစရာကောင်းပါတယ်။ မန်းတလေး တက္ကသိုလ်နယ်မြေလည်းဖြစ်တဲ့အတွက် မိန်းထဲမှာ စိမ်းစိမ်းစိုစိုနဲ့အရမ်းကြည်နူးရပါတယ်။ မနက်ကိုးနာရီထိုးပြီဆိုတာနဲ့ အနောင်ဇာက အခမ်းအနားစတင်ကြောင်းကြေငြာပါတယ်။ အဲဒီနောက် တိုင်းမှူးတွေနဲ့ လူကြီးတွေပြောစရာရှိတာပြောပြီး အကပြိုင်ပွဲဝင်ကြပါတယ်။ သူတိုအကပြိုင်ပွဲဝင်နေတဲ့အချိန် ကိုကိုးတို့က စာမေးပွဲခန်းဝင်ပြီး အရေးပြိုင်ကြရပါတယ်။ ရေးတယ်ဆိုတာ နိုင်ငံတော်အကျိုးပြုတေးတွေရေးရ တာပါ.။ တိုင်းအဆင့်မှာဆို သုံနာရီနဲ့ အပြီးရေးရပါတယ်။ သီချင်းရေး သံစဉ်ထည့် နုတ်စ်ထုတ်ပြီး အခန်းစောင့် ဆရာကို အပ်ခဲ့ရတာပါ။ အပြင်ရောက်မှ ကိုယ့်ကို တီးပေးမယ့်စန္ဒရားဆရာနဲ့ သီချင်းဆိုပေးမယ့် အဆိုဆရာတွေကို ကိုယ်ဖြစ်စေချင်တဲ့ သံစဉ်နဲ့ ကိုယ်ဆိုစေချင်တဲ့ပုံစံကိုပြောပြပြီး တိုက်ရတာပါ။ 

ပြိုင်ပွဲကိုနှစ်ရက်ခွဲလုပ်တာဆိုတော့ ပထမ၇က်မှာရေးပြီး နောက်တစ်ရက်မှာပြိုင်ရတာပါ။ အဲတော့ တစ်၇က်တိုက်ချိန်ပေးထားလိုက်တာပါပဲ။ မနက်ပိုင်း ၁၂နာရီထိုးတာနဲ့ မန်းတလေးတက္ကသိုလ်ထဲမှာရှိတဲ့ မြတမာဆောင် က ဟောလ်ကြီး ထဲမှာ ကြက်သားဟင်းတုံးကြီးတွေနဲ့ ရှယ်ကျွေးတော့တာဗျို့ ။ စားလို့ကလည်းကောင်းလိုက်တာ။ အဟီး။...ဂလု....။ အင်း ကျေွးမွေးပြီးတော့ နေ့လည်ပိုင်းပြိုင်ပွဲကို နေ့လည်၁ နာရီမှာပြန်စပါတယ်။ အဆိုပြိုင်ပွဲတွေစ ပြီလေ။ ကိုကိုတစ်ယောက်လည်း ပုဆိုးကြိးတဖားဖား တိုက်ပုံကြီးတကားကားနဲ့ ဟိုပြေးဒီလွှားဖြစ်နေပြီပေါ့ဗျာ။ 

ပြိုင်ပွဲတွေမှာအထာတစ်ခုရှိတာက ဘယ်တော့ပဲနေနေ မဟာဂီတ ကိုအရင်ပြိုင်တာဗျ။ ကိုယ့်မှာ ပတ္တလားဆရာကို လိုက်ရှာရတာနဲ့ သီချင်းကြိးဆိုတော့ မေ့မှာစိုးလို့ တတွတ်တွတ်ရွတ်ကြည့်နေရတာနဲ့ ဇောချွေးတွေပြန်လာပါသကော။ ပြိုင်ရင် အမျိုးသားမဟာဂီတက စပြိုင်ရတာဆိုတော့ ကိုကိုးက အရင်ကျတာပေါ့ဗျာ။ အဲမှာ မဲနှိုက်ပြီး အမှတ်စဉ်ရွေးရသေးတယ်ဗျ။ ပြီးမှပြိုင်ရမဲ့သီချင်းကို မဲနှိုက်ရွေးတာလေ။ မဲနှိုက်လိုက်တော့ ကံကောင်းတာလား ကံဆိုးတာလားမသိ။ ကိုကိုးက နံပါတ်တစ်ဖြစ်ပြီး အရင်ဆုံးဆိုရတယ်။ ဒါနဲ့ စင်ပေါ်တက်ပြီး ဟိုကန့်တော့ ဒီကန်တော့ပေါ့ဗျာ။ ကန်တော့မှလည်း အမှတ်များများရမှာကိုး။ အဆိုပြိုင်ပွဲမှာတော့ အမေရီရီသန့်ုတို့ မန်းတလေးက အမေဒေါ်ဝေေ၀ခင်တို့က ဒိုင်လုပ်ပါတယ်။ နောက် စည်းဝါးကိုင်ပြီး စဆိုတော့တာပေါ့။ အဲဒီနှစ်က တိုင်းအဆင့်မှာ လျှပ်ပန်းခွေနွဲ့ ယိုးဒယား မဲပေါက်ပါတယ်။  ကိုကိုးအကြိုက်ပေါ့ဗျာ။ အပီဟဲတော့တာ့ပေါ့(သီချင်းကြီးကိုဆိုတာပါ.. ဟဲတယ်ဆိုလို့ အာဇာနည်လိုပြေးမြင်နေမှာစိုးလို့..အဟီး) သီချင်းကြီးဆိုတာမျိုးက နားထောင်ရတဲံသူသာ အိပ်ချင်တာ ဆိုရတဲ့သူကတော့ အရမ်းဖီးလ်ရှိတာဗျာ။ တစ်ခါတစ်လေဆို စင်ပေါ်ကတောင်မဆင်ချင်ဘူး... မိုက်ခဲကိုကိုပေါ့ဗျာ။ ပြိုင်ပွဲပြီးတာနဲ့ ဟိုကန်တော့ ဒီကန်တော့ (ဆုရအောင်လို့..အဟီး) ပြိးတော့မှ ပုဆိုးလေးခါပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှူ့ရှိတဲ့ ခြေလှမ်းတွေနဲ့ ဆင်းလာတာပေါ့။နောက်လူတွေဆို တော့လည်း မှားဆိုပါစေ မှားဆိုပါစေနဲ့ဆုတောင်းတာ ဆုတောင်းပြည့်လို့လားမသိဘူး ၁၄ ယောက်ပြိုင်တာ ၇ယေက်လောက်က မှားဆိုကြတယ် အဟီး။ ဒါနဲ့ပဲ စွတ်ရွတ်ပြီး မဟာဂီတမှာ တိုင်းအဆင့်ပထမရသွားကောဆိုပါတော့။

အပိုင်း(၄)ဆက်ရေးပါဦးမည်။
စာရေးသူ...ကိုကိုးအိမ်




ရိုးရာယဉ်ကျေးမှူ့ ဆိုကရေးတီးပြိုင်ပွဲအတွေ့အကြုံအပိုင်း(၂)

|


 ဒီပုံလေးက နေပြည်တော်ရေပန်းဥယျာဉ်မှာ မောင်ကိုးတို့ အမှတ်တရရိုက်ခဲ့တဲ့ပုံလေးပေါ့။ နောက်မှာလည်း အကယ်ဒမီပေးပွဲလုပ်တဲ့အဆောက်အအုံကြီးပါပါတယ်။


ဒီနေ့တော့ အရင်ရေးခဲ့တဲ့ အဆက်ကလေးကိုပဲ အပိုင်း(၂)ဆက်ရေးဖြစ်ပါတယ်။ အင်း ..ဆရာမရွေစင်ဦးကတော့ ကိုကိုးကို အဆိုတော်လူထွက်ကြီးတဲ့ အဟား နာမည်ကလည်းလှလိုက်တာ ။ အဲဒီလိုနဲ့ ခေတ်ဟောင်းကာလပေါ်တေး စကျင့်ဖြစ်ပါတယ်။ ခေတ်ဟောင်းကာလပေါ်တေးကအ၇မ်း ဆိုလို့လည်း ကောင်း နားထောင်လို့လည်းကောင်းပါတယ်။ အမျိုးသားခေတ်ဟောင်းကာလပေါ်တေးက လေးပုဒ်ကျင့်ရပါတယ်။ ကိုကိုးတို့ ပြိုင်တဲ့နှစ်က သီချင်းတွေက ဦးမောင်မောင်ကြီး ရဲ့ သံတုန္တီစ ၊နောက် တိမ်တမန်၊ လေဘာတီမမြရင်ဆိုထားတဲ့ မဲဇာတောင်ခြေ ၊ ပြည်လှဖေဆိုထားတဲ့ ဂုဏ်တော်ဖွင့် အစရှိတဲ့ သီချင်းလေးပုဒ်ပါ။ အဲထဲမှာ ကိုကိုးတို့ ပိုင်တာကတော့ တိမ်တမန်သီချင်းဗျ။ အဓိပါယ်ကလည်းပြည့်ဝ ဆိုလို့ကလည်းကောင်း သီချင်းစာသားလေးကလည်းအရမ်းမိုက် ဆိုတော့ အရမ်းကြိုက်တာဗျ.။ သီချင်းဆိုနေရင်းကို မိုးသားတိမ်လိပ်တွေတက်လာသလိုလို ဘာလိုလိုလေ။
မှိုင်းပြာမှုန်ဝေ၊ တိမ်မည်းညိုရိပ်တွေ၊ တောင်ပြန်လေ ။ တပ်လှန့်နှိုး.. နှိုးကြွလာပြီလေ။။ 
တဖြည်းဖြည်းလာချေပြီလေ၊ .... ပင်လယ်တွေဖြတ်သန်း... ရိုးမပေါ်လွှားကျော်ကာလေ ..သူ့ချစ်မိတ်ဆွေ 
တို့မြန်မာနိုင်ငံအခြေ.. လက်ဆောင်ပါးတယ်မိုးပုလဲပန်းတွေ ၊ ရွာပါစေလေ....
အေးအေးချမ်းချမ်းရွာပါစေ......
သီချင်းလေးဆိုရတာအရမ်းကြည်နူးဖို့ကောင်းတယ်ဗျ။

တခြားသီချင်းလေးတွေလည်း အမြည်းသဘောနဲ့ ထည့်ရေးလိုက်ပါဦးမယ်။

အမျိုးသား မြန်မာတို့ရယ် ... နိုးကြားပါစို့ကွယ်။ သမာ..သမာဓိရှိမှ တည်ကြည်..မယ်။
စိပ်ပုတီးကို စိပ်ကြအပေါင်းတွေ ဒိဌကောင်းပေ. ဧ၀မ်းကနှိုးဆော်ပြန်ပါတယ်။ 
သတိရဖို့နေ့ညတကယ်  အချိန်ကုန်သွားအလကားဖြစ်မယ် အိုတဒင်္ဂပဟန် ထင်ရပြန် 
အဖိုးအလွန်တန်ပါတယ်၊ အိပ်ယာဝင်ရင်လည်း ပုတီးကို မြဲမှတော်ကြမယ်။

အပေါ်ကသီချင်းလေးကတော့ စစ်သားကြီး ပြည်လှဖေ သီဆိုခဲ့တဲ့ ဂုဏ်တော်ဖွင့်သီချင်းပါ။ သီချင်းလေးကို ဆိုခဲ့စဉ်က ပြည်လှဖေဟာ တပ်ထဲမှာ တာဝန်ထမ်းဆောင်လျှက်ရှိဆဲပါ။ နောက်ပြီး ပြည်လှဖေဟာ အဆိုတော်ဒေါ်မေရှင်ကို တစ်ဖက်သတ်ချစ်ခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်.။ ဒါကြောင့်များ စိတ်တည်ငြိမ်မှူ့ရအောင် စိပ်ပုတီးပဲ စိတ်နေသလားလို့ ကိုကိုးထင်မိပါတယ်။ အဟဲ.. ဒါကတော့ စိတ်ထင်ပါလေ။.
နောက်သီချင်းလေးတစ်ပုဒ်ကတော့ အဆိုတော်ဦးမောင်မောင်ကြီးဆိုခဲ့တဲ့ သံတုန္တီစ သီချင်းလေးပါ။

သံတုန္တီစ .. ပရမံ.. သုခံ။
မရှိတောင့်တ ရှိကြောင့်ကြနဲ့ လောကတံထွာ လူတို့ရွာမှာ 
လိုချင်လောဘ သြချစရာ မက်မောတွယ်တာ ရတက်ဇောငယ်ဖြာ 
တွေဝေမိန်းမော တောတိုးဆင်ကန်းပမာ တရားမရှိ အမှားမသိယောင်တိယောင်ချာ
လောကီလူ့ဘုံခန်းဝါ ဆန်းပြာထွေလာ လမ်းမမှားစေရာ စမ်းတ၀ါးမနေသာ.....
မမြင်သာလွန်းလှ ရင်မှာမွန်းရှ အစွန်းကျရောက်လာသောအခါ အတိအကျပြောရမှာ
ဝိသမလောဘပါ... အမှားဆိုတာကွေ့ရှောင်ကာ တရားကိုယ်မှာတွေ့အောင်ရှာ 
သင့်တင့်လျှောက်ပတ်စွာ နေထိုင်တတ်မှသာ.. ခြိုးခြံခြွေတာ အဖိုးတန်ပေတာ...
အရာရာအစစ သပ္မါယဖြစ်လိမ့်မှာ ထိုအခါ ကိုယ်စိတ်နှစ်ဖြာ လွန်ချမ်းသာ၏ 
သတိသမ္မစဉ် ဥာဏ်ယှဉ်ထုတ်ကာ သတုန္တီစ အမှန်အဟုတ်မည်စွ မြတ်ဗုဒ္ဒ၏ ဓမ္မကထာ
မင်္ဂလာဒေသနာ.. နာယူစွဲမြဲ ရောင့်ရဲတင်းတိမ် အေးငြိမ်ဒီအရသာ။.......

အင်း..ဒီသီချင်းလေးကတော့ လူတွေကို တရားအသိနဲ့ယှဉ်ပြပေးတဲ့ သီချင်းလေးပေါ့။ အရမ်းကြိုက်လွန်းလို့ တစ်ပုဒ်လုံးဆုံးအောင်ရေးပြပေးလိုက်တာပါ။ ကိုကိုးက တစ်ခြားကိစ္စတွေလုပ်ရင်သာစိတ်ပြန့်ရင်ပြန့်မယ်။ သီချင်းဆိုလို့ကတော့ စည်းနဲ့ဝါး လက်ထဲရောက်ပြီဆိုတာနဲ့ စိတ်ဝင်တစားကို ဆိုဖြစ်ခဲ့တာပါ။ ငယ်ငယ်လေး တည်းက စန္ဒရားခွန်တင်ကြွယ်ရဲ့ အမတမျိုးစေ့ သီချင်းကို တစ်ပုဒ်လုံးအလွတ်ရအောင် လေ့ကျင့်ခဲ့ပါတယ်။ ဓမ္မတေးလေးတွေဆိုပိုသဘောကျဖြစ်တယ်ဗျ။
နောက်တစ်ပုဒ်ကတော့ လေဘာတီမမြရင်ရဲ့ မဲဇာတောင်ခြေသီချင်းပါ။ အဲဒီသီချင်းမှာတော့ နည်းနည်း ကသိကအောင့်ဖြစ်ရပါတယ်။ ပြိုင်ပွဲဝင်မယ့်သီချင်းတွေကိုစုပြီး စံခွေဆိုပြီးထုတ်ပါတယ်။ အဲဒီသီချင်းမှာတော့ လေဘာတီမမြရင်က ဆိုထားတာပါ။ ရှေးတုန်းက ဓာတ်ပြားသီချင်းတွေကနေပြန်ကူးတာဆိုတော့ အသံဗလုံးဗထွေးနဲ့ တော်တော်ကိုလိုက်နားထောင်ယူရပါတယ်။ ဒါပေမယ့် တီးလုံးလေးတွေ သံစဉ်လေးတွေကတော့ လွမ်းစရာလေးဗျ။ သီချင်းကို မြန်မာဂီတာနဲ့ တီးထားတာ ဖြစ်တဲ့ အတွက် အသံချိုချို လွင်လွင်ကလေးပေါ့။ အမြည်းလေးဖော်ပြလိုက်မယ်နော်။

မဲဇာတောင်ခြေ၊ စီးတွေတွေရစ်သန်း... ရစ်သန်း  သီတာရေ။
မဲဇာမြစ်ရေ ရစ်ခွေစီးထွေ၊ ၀ဲယာပတ်လည်နှင်းတွေဆိုင်းမှိုင်းဝေ၊ ဝေးခဲ့ပေါ့ဌာနေတို့တိုင်းပြေ
ခြုံလွှာထွေး မလုံသေးပေ ၊ မွန်းတည့်နေခြည်ဖြာမှနွေးတယ် ၊ တရေးရေးတွေးလေ ..ဆွေးလေ
ဖြေသော်လည်းမပြေ  ၊ လက်ဝဲသုန္ဒရ ရောက်ခဲ့ရတဲ့ ဒီဝန္နာမြေ.............။
ဒီသီချင်းလေးကတော့ ပြည်ပရောက် သူငယ်ချင်းများဆိုရင်ပိုခံစားတတ်ပါတယ်။ ကိုယ့်ရေ ကိုယ့်မြေနဲ့ခွဲခွာ နေရတဲံသူအဖို့ ဘယ်လောက်ခံစားရတယ်ဆိုတာကို  လက်ဝဲသုန္ဒရက ရေးပြသွားခဲ့ပါတယ်။ အမေလေဘာတီမမြရင် ရဲ့အသံနဲ့ မြန်မာဂီတာသံနဲ့ပေါင်းလိုက်တဲ့ အခါမှာတော့ အလွန်တရာ လွမ်းမောဖွယ်ကောင်းတဲ့ ဂီတသံစဉ်တစ်ပုဒ်ပေါ်ထွန်းလာခဲ့ပါတော့တယ်။ ကိုကိုးဆိုလည်း သီချင်းဆိုရင်းနဲ့တောင် လက်ဝဲသုန္ဒရရဲ့အလွမ်းကို ခံစားခဲ့မိရပါတယ်။ ကိုယ့်ရေ ကိုယ့်မြေကိုလွမ်းတဲ့စိတ်ချစ် တဲ့စိတ်ဆိုတာလူတိုင်းရှိကြပါတယ်။ ပြည်ပရောက် ရေခြားမြေခြားမှာနေရတဲ့ သူဆိုပိုသိသာပါတယ်။ ဘယ်ကိုမျှော်လို့ ကိုယ်ချစ်ရတဲ့သူတွေရှိမှန်းမသိ ။ မြေပုံလေးကိုထောက်ပြီး အော်ဒါငါ့ရဲ့အမိမြေပါလားဆိုတာ လေးနဲ့ပဲ ဖြေသိမ့်ခဲ့ရတာပါ။
ရပ်ဝေးမြေခြားရောက် အမိမြေဖွားတွေရဲ့ ခံစားချက်တွေကို စာဖွဲ့ခဲ့သလိုပဲထင်မိ ပါတယ်။ 

အပိုင်း(၃)ဆက်ရေးပါဦးမည်။

စာရေးသူ...ကိုကိုးအိမ်
 

ရိုးရာယဉ်ကျေးမှူ့ဆိုကရေးတီးပြိုင်ပွဲအတွေ့အကြုံအပိုင်း(၁)

|

ဘော်ဒါကြီးတို့ရေ ကိုကိုးအိမ်မှာ အခုလက်ရှိဘာရေးရမယ်မှန်းမသိလို့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က နေပြည်တော်မှာ ဆိုကရေးတီးသွားပြိုင်ခဲ့စဉ်က အတွေ့အကြုံလေးကို ရေးလိုက်ရပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်ကျော် ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ပြိုင်ပွဲဝင်ခဲ့တဲ့ ၁၇ ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲကြီးဟာ ကိုကိုးအိမ်ရဲ့ ဘ၀မှာ မမေ့နိုင်စေရာ အတွေ့အကြုံတွေကို ရရှိခဲ့ပါတယ်။ ကျွန်တော်က အဆိုဘာသာနဲ့ အရေးဘာသာကို ပြိုင်ပွဲဝင်ခဲ့တာပါ။ အဆင်မြင့်ပညာအဆင့်မှာ ပါဝင်ခဲ့တာပေါ့။ ပြိုင်ပွဲဝင်ဖြစ်ခဲ့တာက မြန်မာ့ရိုးရာသီချင်းကြီးတွေကို ချစ်တာလည်းပါတာပေါ့။ ကိုကိုးတို့ကို ပထမဆုံးအနေနဲ့ မန္တလေးတိုင်းမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲဝင်ဖို့ တက္ကသိုလ်အတွင်းအသံစစ်ဆေးမှူ့တွေကိုပြုလုပ်ပါတယ်။ အဲဒီနောက်တော့ သြဂုတ်လကုန်ပိုင်းမှာ ပြိုင်ပွဲတွေကိုစပါတယ်။ ပြိုင်ပွဲမ၀င်ခင် တစ်ပတ်လောက်အလိုမှာတော့ ကျောင်းကနေ မန်းတလေးပန်တျာကျောင်းကို အဆိုပညာသွားသင်ရပါတယ်။ အဲဒီမှာ သင်ပေးတဲ့ဆရာတွေကတော့ စန္ဒယား ဦးအောင်သက်ထွန်း၊ ဂန္တ၀င်မေးမေသီချင်းဆိုတဲ့ ဆရာဦးအောင်ကျော်ဆန်း၊ ဦးစီးမှူး ဦးဆန်းလွင်၊ ပတ္တလားဆရာ ဦးစိုးဝေတို့ပါ။ ကိုကိုးက အဆိုမှာ ခေတ်ဟောင်းကာလပေါ်တေး နဲ့ မဟာဂီတ ကိုအဆင့်မြင့်ပညာအဆင့်မှာပြိင် တာပါ။ အဲတော့ ခေတ်ဟောင်းကာလပေါ်တေးကို စန္ဒယားဦးအောင်သက်ထွန်း က ပံ့ပိုးတီးပေးပြီး မဟာဂီတကိုတော့ ပတ္တလားဆရာ ဦးစိုးဝေတို့က တီးပေးတာပါ။ အဆိုကိုတော့ ဆရာဦးအောင်ကျော်ဆန်းက ပဲသင်ပေးခဲ့တာပေါ့။ ဆရာတွေရဲ့ စေတနာထားသင်ပြပေးခဲ့မှူ့ကြောင့်လည်း အခက်အခဲမရှိပြိုင် နိုင်ခဲ့တာပါ။ ကိုကိုးတို့ ပြိုင်တဲ့အဆင့်မှာ မဟာဂီတက လေးပုဒ် ခေတ်ဟောင်း ကာလပေါ်တေးက လေးပုဒ် ပေါင်းရှစ်ပုဒ်ကျင့်ရပါတယ်။...။

အဲဒီတုန်းကပြိုင်ရတဲ့သီချင်းတွေကတော့  မဟာဂီတမှာ (၁) ကောင်းချီးသခါင်္(မွန်) (၂) လျှပ်ပန်းခွေနွဲ့(ယိုးဒယား) (၃) မြိုင်ခြေစုံသာ(ပတ်ပျိုး) (၄)ဆဒ္ဒန်အိုင်သာ(သီချင်းခံ) တွေကို ပြိုင်ရပါတယ်။ အဲဒီနှစ်က အမျိုးသားတွေက ကောင်းချီးသခါင်္ မဲပေါက်ပြီး အမျိုးသမီးတွေက လျှပ်ပန်းခွေနွဲ့ သီချင်းမဲပေါက်ပါတယ်။ နေပြည်တော်မှာ မဟာဂီတကို စောင်းနဲ့ဆိုရပါတယ်။ စောင်းတီးပေးတဲ့သူကတော့ အဆိုတော် အမေရီရီသန့်ရဲ့ မောင် စောင်းဦးဇော်ဝင်မောင်ပါ။ နေပြည်တော်ကို မသွားခင် ကျွန်တော်တို့ကို စခန်းသွင်းလေ့ကျင့်ပေးပါတယ်။ အဲဒီမှာ လာသင်ပေးတဲ့ ဆရာတွေကတော့ မဟာဂီတကို အမေရီရီသန့် ၊ ခေတ်ဟောင်းကာလပေါ်ကို အမေဒေါ်တင်တင်မြတို့ပါ။ အဲဒီမှာ ကိုကိုးအိမ်ဘယ်လောက်အသလည်းဆို ကိုယ့်ကို အမေရီရီသန့်က မဟာဂီတသင်ပေးနေတာ ဘယ်သူမှန်းကိုမသိခဲ့တာ။ သီချင်းနှစ်ပုဒ်လောက်ဆုံးမှ အမေရီရီသန့်မှန်းသိခဲ့တာ.။ အဲဒါလေးက အမှတ်တရလေးပါ။ ပြန်စဉ်းစားမိတိုင်းရယ်ခဲ့၇တာလေ။ 

နောက်တစ်ခုက ကိုကိုးအိမ်အကျင့်မကောင်းတာပါ။ ဘာလည်းဆို အဆိုပြိုင်ပွဲဝင်ဖို့ စာရင်းပေးလိုက်ပြီဆိုတာနဲ့ အသံကနာလာတော့တာပါ။ ဘယ်လိုအကျင့်မှန်း ကိုမသိတာပါ။ အဲဒီချိန်ဆို ၀ဋ်ကလည်းကြီးသလားမမေးနဲ့ အဆီပါတာဆိုမစားရ။ ဟိုဟာမစားရ ဒီဟာမစားရ။ တေးသံရှင်တွေတော်တော်သနားစရာပါ။ အစားမက်တဲ့ ကိုကိုးလည်း အဲဒီကျမှ ဒုက္ခရောက်တော့တာလေ။

နောက်ပြီး အဆိုပြိုင်ပွဲမှာဆိုလည်း ကိုယ်က ယဉ်ကျေးမှူ့တက္ကသိုလ်ကလူတွေနဲ့ ပြိုင်ရမှာဆိုတော့ နည်းနည်းလန့်ရတာလည်းပါတာပေါ့။ သူတို့က သေချာ သီအိုရီတွေ ဆိုနည်းတွေနဲ့ ထံတျာတေရှင် ကအစ သင်ထားရတာလေ။ ကိုယ်က ပြိုင်ပွဲနီးပြီဆိုမှ ဖုတ်ပူမီးတိုက်သင်ရတာကိုး။ တော်တော်လည်းကသိကအောင့် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဆုမရလောက်ဘူးထင်ထားတာ ကံချွတ်ချော်ပီး ရသွားတော့လည်း ဘယ်တတ်နိုင်မလည်းပေါ့လေ...နော့။

အဲလိုနဲ့  တိုင်းအဆင့်ပြိုင်ပွဲရက်က နီးလာပါလေရော လူကလည်း ခြေတုန်လက်တုန်ပေါ့။ သီချင်းကလည်း လေးပုဒ်ကျင့်ရမှာ သုံးပုဒ်လောက်စီပဲရသေးတာလေ။ မဲနှိုက်ရမှာဆိုတော့ လေးပုဒ်လုံးရမှဖြစ်မှာ လေ။ အဲဒီမှာ ဒုက္ခပေးတာက ကောင်းချီးသခါင်္ပေါ့ဗျာ။ ကောင်းချီးသခါင်္က လွယ်မလိုနဲ့ခက်တာဗျို့။ အစမှာတော့ ဟုတ်တုတ်တုတ်။ နောက်ပိုင်းရောက်ရင် ရပ်ရပ်သွားတာ။ ကောင်းချီးသခါင်္ ၊ ရွှေနေဇာ၊ ဘုန်းမိုးစွေကာ၊ သွန်းဖြိုးဇေယျာ၊ ဟင်္သာဗွေ အောင်မြေရွှေဘုံဦး၊ သြဘာတော်သာ၊ ကျူရင့်ကျွေးကြော်ငြာ။ ပိုင်စိုး........... ဆိုပြီး လုပ်တော့တာပေါ့။ အောက်ဆုံးအပိုဒ်လည်းရောက်ရော....အဟဲ... သွားရော။ အဲလိုနဲ့ ကောင်းချီးသခါင်္တစ်ပုဒ်ထဲကို သုံးရက်လောက်အသေ အလဲ ကျင့်လိုက်ရတယ်။ တိုင်းအဆင့်မဲပေါက်တော့ လျှပ်ပန်းခွေနွဲ့မို့ တော်သေး တာပေါ့။ ကံကောင်းချက်.....။ ဒီလိုနဲ့ မဟာဂီတပြီးတော့ ခေတ်ဟောင်းကာလပေါ်တေးဘက် လှည့်ရတာပေါ့။ အဲမှာတော့....

အပိုင်း(၂)ဆက်ရေးပါဦးမည်။

စာရေးသူ...ကိုကိုးအိမ်

မျှော်လင့်ခြင်းစုတ်ချက်များ

|




ကျွန်တော်တို့ဘ၀မှာ ငယ်စဉ်ဘ၀ကတည်းကပင် မျှော်လင့်ခြင်းများစွာဖြင့်
မွေးဖွားလာခဲ့ကြပါ သည်။ လူသားတွေရဲ့ဘ၀တစ်လျှောက်လုံးမှာ
မျှော်လင့်ခြင်းတွေဟာ မော်ဒန်ပန်းချီဆရာတစ် ယောက်ရဲ့ စုတ်ချက်တွေလို
အရောင်အသွေးစုံလင်စွာဖြင့် လှပခဲ့ကြဖူးပါသည်။ ထိုမျှော်လင့်
ချက်များဖြင့်ပင် ကျွန်တော်တို့ရဲ့ ဘ၀ပေါင်းများစွာကို လှပအောင်
ခြယ်မှုန်းခဲ့ကြလေသည်။
ကျွန်တော်တို့ ငယ်စဉ်ဘ၀တွေတုန်းကတော့ မျှော်လင့်ချက်တွေဟာ
ကြယ်ပေါင်းစုံလင်း လက်တောက်ပနေသည့် လပြည့်ညပမာ တဖျပ်ဖျပ်
ကွန့်မြူးလှပစွာ…။ ထိုမျှော်လင့်ခြင်းများ ဖြင့်ပင် ကျွန်တော်သည်
စည်းချက်မညီသော ရင်ခုန်သံများကို ပေါက်ဖွားစေခဲ့ဖူးပါသည်။
ကျွန်တော်ကလေးဘ၀်က မျှော်လင့်ချက်မှာ
ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ခဲ့
ပါသည်။ ထိုအချိန်က စိုးသူတို့
ကိုကိုလင်းမောင်တို့ ခေတ်စားသောအချိန်ဖြစ်ပါသည်။ ရုပ်ရှင်မင်းသား
ဖြစ်ချင်လိုက်တာလည်းတစ်ပိုင်းကိုသေလို့ပင်။ ဆံပင်ညှပ်လျှင်တောင်
စိုးသူကေမှ ကိုကိုလင်း မောင်ကေမှ ဟုဆိုသဖြင့်
အမေနှင့်စကားများခဲ့ရပေါင်းလည်း များခဲ့ပြီ။ ထိုအချိန်က ထွက်သော
ဗွီဒီယိုကားဆိုလည်း မလွတ်တမ်းအားပေးခဲ့သူဖြစ်ပါသည်။…။
တစ်နေ့တစ်နေ့ အမေ့မှန်တင်ခုံကြီးရှေ့မှာလည်း အိုက်တင်မျိုးစုံထုတ်ကာ
သရုပ်ဆောင် ကျင့်ရတာလည်းအမော။ ထိုအချိန်က
တရုတ်သိုင်းကားတွေခေတ်စားနေချိန်ဖြစ်သဖြင့် ထိုဇာတ်ကားများထဲမှ
မင်းသားများ၏အိုက်တင်ကိုလည်း မှန်ပေါက်အောင်ပင်ကျင့်ခဲ့ ဖူးပါ၏။
ကျွန်တော်ငယ်ငယ်က အဲလို အဲလို ဆိုးခဲ့သူဖြစ်ပါသည်။
ထိုအချိန်က  ကစားလျှင်လည်း ရုပ်ရှင်ရိုက်တမ်းကိုသာ ကစားဖြစ်ပါသည်။
ကျွန်တော်က မင်းသားလုပ်ကာ ရပ်ကွက်ထဲမှ ကလေးများကို မုန့်ကျွေးပြီး
လူဆိုး၊ ဇာတ်ပို့နေရာမှာ သရုပ်ဆောင်ခိုင်းကာ ကစားခဲ့တဲ့အထိ
မျှော်လင့်ခြင်းဖြင့်ရူးသွပ်ခဲ့ပါသည်။ ကျွန်တော်သည် ထိုဘ၀ကိုပင်
မက်မက်မောမော စီးမျောခဲ့ဖူးပါသည်။…။
               -----------------****-----------------
ကျွန်တော် ဆယ်ကျော်သက်ဘ၀ရောက်သောအခါ ကျွန်တော့်မျှော်လင့်ခြင်းများသည်
လေနှင့်အတူ ပြောင်းလဲခဲ့ပါသည်။ ကျွန်တော်၏ မျှော်လင့်ချက်များသည်
ပိုမိုခိုင်မာ သက်ဝင်လာခဲ့ပါသည်။ အမှန်တရားဘက်မျှ ရပ်တည်တတ်သော
ပြည်သူ့အကျိုးပြုရှေ့နေ တစ်ယောက်ဖြစ်ချင်စိတ် ပြင်းပြစွာပင်
ထက်သန်ခဲ့တော့သည်။
ထိုအချိန်မှစ၍ ကျွန်တော်နှင့်ပတ်သက်သော အခန်းတိုင်းနေရာတိုင်းမှာ
ရှေ့နေ၀တ်စုံ ပြည့်ဝတ်ဆင်ထားကြသော ရှေ့နေကြီးများ၏ ပုံများ
ထင်ရှားစွာနေရာယူလာခဲ့ကြတော့သည်။ ထိုပုံများကိုကြည့်မိလျှင်ပင်
တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထကာ မျှော်လင့်ခြင်းရောင် ခြည်များ
တောက်ပလက်ဖြာလာခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော့်မျှော်လင့်ခြင်းများ၏
အာသာငမ်းငမ်းလိုချင်တပ်မက်မှူ့များကို ဖြည့်စွမ်းနိုင်ဖို့ စာကို
အပတ်တကုတ် ကြိုးစားခဲ့တော့ သည်။
ကျွန်တော်ဆယ်ကျော်သက်အရွယ်တွင် ကျွန်တော့်နှလုံးသားသည် ကြောက်မက်ဖွယ်
ကောင်းလှစွာ အေးစက်ငြိမ်သက်နေခဲ့သည်။  သူငယ်ချင်းတွေရင်ခုန်သလိုလည်း
ရင်မခုန်တတ်ခဲ့…။ စိတ်ကစားသော သူငယ်ချင်းများကိုပင်
အပြင်းအထန်ဝေဖန်ထိုးနှက်ခဲ့ဖူး သည်။ ထိုအချိန်က
ကျွန်တော့်နှလုံးသွေးထဲတွင် မျှော်လင့်ခြင်းတွေသာ ကြမ်းတမ်းစွာ
ခုန်ပေါက်စီးဆင်းလျှက်ရှိခဲ့လေသည်။
ထို့သို့ပြင်းပြထက်သန်မှူ့၏ အကျိုးခံစားခွင့်အဖြစ်
ကျွန်တော့်၏မျှော်လင့်ခြင်းတွေ သက်ဝင်လှုပ်ရှားလာခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး နှစ်ဘာသာဖြင့်
ဥပဒေပညာအဓိကယူကာ တက္ကသိုလ်တက်ခွင့်ရခဲ့ခြင်းပင် ဖြစ်ပါတော့သည်။
                ----------------********------------------
ကျွန်တော် ဥပဒေပညာ သင်ယူနေချိန်မှာ နောက်ထပ် မျှော်လင့်ခြင်းတစ်ခုကို
ထပ်မံ မွေးဖွားခဲ့ပါသည်။ ထိုမျှော်လင့်ချက်မှာ ကလေးငယ်များကို
မြန်မာစာသင်ပေးရင်း စာရေးသူတစ်ယောက် ဖြစ်လိုခြင်းပင်ဖြစ်တော့သည်။
ထိုမျှော်လင့်ခြင်းသည် ကျွန်တော့်ဘ၀ ကို
အပြောင်းလဲကြီးပြောင်းလဲစေခဲ့ပါသည်။
ကျွန်တော်က ခေါင်းမာသည်။ ကိုယ်လိုချင်သည့်အရာမှန်သမျှကို မည်သည့်အခက်အခဲ
ကိုကျော်ရသည်ဖြစ်စေ သွေးအေးအေးနှင့် ဖြစ်အောင်လုပ်တတ်သော
လူတစ်ယောက်ဖြစ်ပါ သည်။ ကျွန်တော့်သည် ထိုမျှော်လင့်ချက်ကို
အကောင်အထည်ဖော်ဖို့ စာအုပ်တွေ နေ့မအား ညမနားဖတ်၍ ၀မ်းစာဖြည့်တော့သည်။
ကျွန်တော့်အိပ်ယာဘေးတွင်လည်း စာအုပ်ပုံများဖြင့် ပြည့်နှက်လာခဲ့လေသည်။
တစ်ရက်တွင်တော့ စာရွက်တွေဘေးမှာချကာ ကလောင်ကိုင်တော့သည်။ ရင်ထဲရှိသမျှ
နှလုံးသွေးနှင့်ရင်း၍ အန်ထုတ်ရေးသားခဲ့သည်။ ထို့နောက် ဂျာနယ်တိုက်၊
မဂ္ဂဇင်းတိုက်များသို့ မနားတမ်းပို့ခဲ့လေသည်။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ
ကိုယ့်ကလောင်လေး တစ်ခုတစ်လေများ မြင်ရပြီဆိုလျှင်ဖြင့်
မျှော်လင့်ခြင်းရောင်ခြည်များ ယှက်ဖြာစွာဖြင့်
နှလုံးသွေးတို့ကြမ်းတမ်းစွာ စီးဆင်းခဲ့လေသည်။ တစ်ဖက်မှလည်း ကလေးများအား
မြန်မာစာသင်ရင်း ၀မ်းစာဖြည့်ခဲ့လေ သည်။ ကိုယ်သင်လိုက်သောစာကို
ကလေးတို့အားပါးတရကျက်မှတ်နေကြလျှင်ဖြင့် နှလုံးသားမှ စိမ့်ထွက်လာသော
ပီတိကိုစား အားရှိခဲ့ရလေသည်။ထို့သို့ဖြင့် ကျွန်တော့်ဘ၀ထဲသို့
နောက်ထပ်မျှော်လင့်ခြင်းများသည် ဦးတည်ရာမဲ့ ထပ်မံဝင်ရောက်လာခဲ့ ကြသည်။
ထိုမျှော်လင့်ခြင်းများသည် ကျွန်တော့်ဘ၀ထဲတွင် လှပဆန်းကြယ်ခြင်း၊
နူးညံ့သိမ်မွေ့ခြင်း၊ ပြင်းပြထက်သန် ခြင်း တို့ ဖြင့်
အဆန်းတကြယ်နိုင်လှစွာ ခုန်ပေါက်လျှက် ရှိတော့သည်။
လူသားတိုင်းတွင် မျှော်လင့်ခြင်း ကိုယ်စီရှိရပါမည်။ လူသားအားလုံးသည်
မျှော်လင့်ခြင်း လူသားများအဖြစ်အသက်ရှင်ရပ်တည်ပိုင်ခွင့်ကိုယ်စီရှိကြသည်။
ထိုမျှော်လင့်ခြင်းများကို အသက်သွင်းရန်အတွက် လောကကြီးက တရာမျှတစွာပင်
အခွင့်အလမ်းတွေ ပေးထားခဲ့သည်။ တကယ်ဖြစ်ချင်သော မျှော်လင့်ခြင်းဖြင့်သာ
ကြိုးစားမည်ဆိုလျှင် အောင်မြင် မှူ့သည် ဆုလာဒ်တစ်ခုအဖြစ်
စားသုံးခွင့်ရမည်မှာ အမှန်တကယ်ပင် ဖြစ်ပါသည်။
ကျွန်တော်သည် ယခုဆိုလျှင် ကျွန်တော်မျှော်လင့်ခဲ့သော
ပြည်သူ့အကျိုးပြုရှေ့နေ တစ်ယောက်ဖြစ်ခဲ့ပေပြီ။ အနုပညာဆန်သော
လက်ချောင်းများဖြင့်လည်း စာရေးသူတစ် ယောက်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
မြန်မာစာ သင်ကြားရေးဆရာတစ်ယောက်လည်း ဖြစ်နေ ခဲ့ပြီ။
လူတိုင်းမျှော်လင့်ခဲ့ကြဖူးသည်။ ထိုအထဲကမှ တစ်ချို့က မျှော်လင့်ခြင်းကို
အကောင်အထည်မဖော်နိုင်ခဲ့ကြ။ ထို့အထဲကမှ တစ်ချို့ကမူ
ပြီးမြောက်အောင်မြင်သည်အထိ အသက်သွင်းနိုင်ခဲ့ကြသည်။ အချို့မှာ
မျှော်လင့်ချက်မပြည့်ဝမီ သေဆုံးခဲ့ကြသလို အချို့ကတော့ အောင်မြင်မှူ့ကို
အပြည့်အ၀ စားသုံးသွားခဲ့ကြသည်။
ကဲ…. သင်ရော ဘယ်လိုမျှော်လင့်ခြင်းများဖြင့်အသက်ရှင်နေပါသလဲ၊
ကျွန်တော်ကတော့မျှော်လင့်ခြင်းများဖြင့် ဆက်လက်အသက်ရှင်နေဦးမည်သာ။
နောက်ထပ် မျော်လင့်ခြင်းတွေကို ဆက်လက်မွေးဖွားနေဦးမည်သာ။
ထိုမျှော်လင့်ခြင်းတွေကတော့ လှပဆန်းကြယ်ခြင်းများဖြင့် အတိပြီးလျှက်……………….

------------------------------********--------------------------------
------------------------------********--------------------------------

စာရေးသူ…ကိုကိုးအိမ်(၃၁.၈.၂၀၀၉) မွေးနေ့အမှတ်တရ
 
မျှော်လင့်ခြင်းစုတ်ချက်များကို လှပစွာရေးခြယ်နိုင်ကြပါစေလို့ ဆုတောင်းလျှက်

မလေးရှားဆိုရာဝယ် အပိုင်း(၁)

|

ကိုကိုးအိမ် ပို့်စ်အသစ်တွေမတင်ဖြစ်တာလည်းကြာလှပေါ့နော်။ ဘော်ဒါတွေလာလာလည်ပြီး ပြန်ပြန်သွားကြတာလည်းတွေ့နေရပါရဲ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ပရောက်ဆီကိစ္စတော်တော် ဒုက္ခရောက်နေတော့ အွန်လိုင်းတက်ပြီး ကိုယ့်ဘလော့လေးကို ဂူဂယ်မှာပဲကြည့်ပြီး မြင်သာမြင်မကြင်ရ ခုတောင် ဦးလေးကြီး ကိုမိုးကောင်းကင် ရဲ့ အကူအညီနဲ့ ဘလော့ပေါ်ကို ခန့်ညားထည်ဝါလှစွာဖြင့် တက်ရောက်လို့လာပြန်ပါပြီခင်ဗျား။ ဒါနဲ့ ကိုကိုးလည်း ကိုသက်တန့်ချို ဆီမှာအကူအညီတောင်းပြီး မြန်မာနိုင်ငံက ဘော်ဒါတွေအတွက် ထမီမလိုက်ုဆိုးမလိုက်နဲ့ မကျော်ရမခွရလေအောင် Domain Name  တစ်ခုဝယ်ဖို့ကြံစည်နေတယ်ဗျ။ လုပ်ပြီးရင်တော့ အိမ်သစ်တက်ပွဲလေး လုပ်ဖြစ်မယ်ထင်တယ်။  အဟဲ ကြုံတုန်းကိုယ့်ကိုယ်ကိုယ်မြှောက်ကြည့်တာ ကြုံမြှောက်လေးပေါ့ဗျာ။  အင်း မရေးဖြစ်တာကြာတော့ ဘယ်ကစရေးရမှန်းတောင်မသိတော့ပါလားနော်။ ဒါနဲ့ စဉ်းစားလိုက်တော့ အရှေ့တောင်အာရှနိုင်ငံတွေအကြောင်းပဲရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတော့ ဘယ်ကစရေးမလည်း စဉ်းစားလိုက်တော့ ကိုကိုးအိမ်တို့မြန်မာတွေ အများဆုံးရောက်ဖြစ်ကြတဲ့ မလေးရှားနိုင်ငံအကြောင်းကိုပဲစရေးမယ်လို့ အတွေးပေါက်မိတယ်ဗျ။ ကဲ.. ရေးကြည့်လိုက်ဦးမယ်ဗျို့ ..စာဖတ်သူတွေအတွက် ကိုကိုးရဲ့ပို့စ်တစ်ခုကနေ တစ်ကြောင်းလောက်များ ဗဟုသုတပေးလိုက်နိုင်တယ်ဆို ရင် ရေးရကျိုးနပ်ပါတယ်ဗျာ။ ရေးမယ်နော်......... မတိမ်းမစောင်းတဲ့ ဗိန်းဗောင်းဗျို့..
မလေးရှားနိုင်ငံသည် ကျွန်းပိုင်းအရှေ့တောင်အာရှတွင် ပါဝင်သော နိုင်ငံဖြစ်ပါသည်။ အရှေ့ပိုင်းမလေးရှားနှင့် မလေးကျွန်းဆွယ်ဟူ၍ရှိရာ ဒေသနှစ်ခုကြား မိုင် လေးရာခန့်မျှသော ပင်လယ်ပင် ခြားနားထားပါသည်။ မလေးကျွန်းဆွယ်သည် အာရှတိုက်ကုန်းမကြီးနှင့် တစ်ဆက်တည်းဖြစ်၍ အရှေ့ပိုင်းသည် ဘော်နီယိုကျွန်း မြောက်ပိုင်းတွင် ရှိသည်။ မလေးကျွန်းဆွယ်တွင် ပြည်နယ် ၁၁ခုနှင့် ပြည်ထောင်စုနယ်မြေတစ်ခုပါဝင်ပါသည်။ အရှေ့ပိုင်းမလေးရှားတွင် ဆာဗားပြည်နယ်နှင့် ဆာရာဝတ်ပြည်နယ်တို့ပါဝင်သည်။ ဆာဗားပြည်နယ် အနီးရှိ လာဘူယံ ကျွန်းကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားသည်။ 

ဒီပုံကတော့ Raffles ရဲ့ရုပ်ထုပါ
 
 
မလေးရှားသည် အီကွေတာမြောက်ဘက် ၁ဒီဂရီနှင့် ၇ဒီဂရီကြားတွင် တည်ရှိသည်။ အရှေ့ပိုင်းမလေးရှားသည် အင်ဒိုနီးရှား၊ ဘရူနိုင်းနိုင်ငံတို့နှင့် နယ်မြေထိစပ်လျှက်ရှိသည်။ အနောက်ဘက်တွင် အင်ဒိုနီးရှားနယ်မြေဖြစ်သော ဆူမတ္တရားကျွန်းသည်  မလက္ကားရေလက်ကြားခြားလျှက် တည်ရှိပါသည်။ောင်ဘက်ရှိ စင်ကာပူနိုင်ငံနှင့် မလေးရှားနယ်မြေကြားတွင် ဂျိုဟိုးရေလက်ကြားရှိသည်။ ထိုရေလက်ကြားသည် အကျဉ်းဆုံးနေရာတွင် 3/4မိုင်သာ ကျယ်ဝန်းပါသည်။ မလေးကျွန်းဆွယ်၏အလယ် တွင် ကျွန်းဆွယ်၏ အလျားလိုက်တောင်တန်းရှိ၍ တစ်ဖက်တစ်ချက်မှာ ကမ်းရိုးတန်းလွင်ပြင်ရှိပါသည်။ ဘော်နီယိုကျွန်းပေါ်ရှိပြည်နယ်များ၏ အတွင်းပိုင်းသည်လည်း တောင်ထူထပ်သည်။ အီကွေတာရပ်ဝန်းတွင် ကျရောက်၍ တစ်နိုင်ငံလုံးသည် အီကွေတာရာသီဥတုမျိုး ရှိသည်။ နွေ၊ မိုး၊ ဆောင်း ဟူ၍မရှိပါ။ တစ်နှစ်ပတ်လုံးရာသီဥတုအခြေအနေပြောင်းလဲမှူ့အလွန်နည်းပါသည်။

္ပဤဒေသအားလုံးသည် ယခင်က ဗြိတိသျှပိုင်နက်များဖြစ်သည်။ သို့သော် နယ်မြေတစ်ခုနှင့် တစ်ခု သမိုင်းနောက်ခံချင်းမတူညီကြပါ.။ မလေးကျွန်းဆွယ်နှင့် စင်ကာပူကျွန်းတို့ကို စတင်နယ်ချဲ့ခဲ့သည်မှာ ဗြိတိသျှအစိုးရမဟုတ်ခဲ့ပါ။ ထိုအချိန်က မလေးရှားပတ်ဝန်းကျင်တွင် ဗြိတိသျှတို့နှင့် ပြိုင်ဘက်မှာ ပေါ်တူဂီနှင့် ဒတ်ခ်ျများဖြစ်ပါသည်။ ဗြိတိသျှကုမဏီသည် အိန္ဒိယနှင့် တရုတ်ပြည်ကြား ရေလမ်းကြောင်းတွင် သင်္ဘောပြင် စခန်းတစ်ခု ထားရှိလို၍ ပီနံကျွန်းကို ကေဒါ စူလတန်ဆီမှ အခကြေးငွေပေး၍ငှားရမ်းခဲ့ပါသည်။ ပီနံကျွန်းနှင့် မျက်နှာချင်းဆိုင်ရှိ ကျဉ်းမြောင်းသော ကမ်းရိုးတန်းဒေသကိုလည်းရခဲံသည်။ ထိုအချိန်က မလက္ကားတောင်ပိုင်းမှာ ဒတ်ခ်ျတွေရဲ့လက်အောက်မှာပဲရှိနေဆဲပါ။ နပိုလီယံစစ်များအတွင်းမှာ ဗြိတိသျှတို့ ခဏသိမ်းပိုက်ထားရာကနေ ပြန်မပေးချင်သဖြင့် ဒတ်ခ်ျတွေနဲ့ စေ့စပ်ဆွေးနွေး၍ နယ်မြေကို ရယူခဲ့ပါတယ်။ မလေးရှားဒေသမှာရှိတဲ့ ဗြိတိသျှကုမဏီ၏အကြီးအကဲဖြစ်သူ (Raffles) သည် ဒတ်ခ်ျများကန့်ကွက်သည့်ကြားမှပင် စင်ကာပူကျွန်းကိုလည်းသိမ်းလိုက်သည်။ ပီနံကျွန်း၊ မလက္ကားနှင့် စင်ကာပူတို့သည် မူလက အိန္ဒိယအစိုးရလက်အောက်တွင်ထားရှိသည်။ ၁၈၆၇ခုနှစ်တွင် ကရောင်းကိုလိုနီဖြစ်လာပါတယ်။ ၁၉ရာစု နောက်ပိုင်းမှာ ကျန်ရှိတဲ့ စူလတန်စော်ဘွားများ ပိုင်နယ်မြေတွေကိုလည်း ဗြိတိသျှပိုင်နယ်မြေတွေအဖြစ်သိမ်းယူခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၈ မှာ စင်ကာပူမှလွဲ၍ မလေးကျွန်းဆွယ်ပေါ်မှာရှိတဲ့  ပြည်နယ်အားလုံးကို Malay Federation ဆိုပြီး ပြည်ထောင်စုဖွဲ့စည်းခဲ့ပါတယ်။ ကွန်မြူနစ်သူပုန်များကြောင့် ချက်ချင်းလွတ်လပ်ရေးမယူဘဲ 1957 ခုနှစ်ကျမှ လွတ်လပ်ရေးယူခဲ့ပါတယ်။ စင်ကာပူဟာ ကိုလိုနီအဖြစ်ဆက်လက်တည်ရှိပြီး ၁၉၅၉ မှာ ဓနသဟာယအတွင်း လွတ်လပ်သောနိုင်ငံ ဖြစ်လာသည်။ သို့ရာတွင် လုံးဝလွတ်လပ်ရေးကားမဟုတ်ပါ။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးကို ဗြိတိသျှက ချုပ်ကိုင်ထားဆဲပဲရှိပါသေးတယ်။

ဆက်လက်ရေးသားပါဦးမည်.

စာရေးသူ...ကိုကိုးအိမ်

အရှေ့တောင်အာရှဆိုတာ အပိုင်း(၃)

|

 
 
ဒေသတွင်းတူညီချက်များရှိသောလည်း အရင်ကတော့ ဒေသတွင်းစည်းလုံးမှူ့ မရှိလှပါ။ အကြောင်းကတော့ ထိုင်းနိုင်ငံမှအပ ကျန်နိုင်ငံများမှာ ကိုလိုနိလက်အောက်ခံနိုင်ငံများဖြစ်နေခြင်း၊ ယေဘုယျအားဖြင့် ထွက်ကုန်များမှာ တူညီကြ၍ အချင်ူးချင်း ကုန်စည်ဖလှယ်ခြင်းထက်အပြိုင်အဆိုင်ဖြစ်နေခြင်းတို့ကြောင့်ဖြစ်ပါ သည်။


၁၉၅၄ ခုနှစ်တွင် အမေရိကန်ဦးဆောင်မှူ့ဖြင့် ဒေသတွင်းမှ နိုင်ငံအချို့ ပါဝင်သော ဆီးတိုး (SEATO-South0 East Asian Treaty Organization ) ဆိုသည့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခဲ့ဖူးပါသည်။ ဤအဖွဲ့အစည်း သည် နိုင်ငံရေး၊ စစ်ရေးအရသာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဤဒေသအတွင်းသို့ ကွန်မြူနစ်ဝါဒ ပြန်ပွားလာမှူ့ကို တားဆီးရန်အလို့ငှာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။. ထို့ကြောင့် နိုင်ငံအချို့သာ ဤအဖွဲ့အစည်းတွင် ပါဝင်ကြပါသည်။ ဗီယက်နမ်စစ်ပွဲတွင်လည်း အမေရိကန်တို့ အရေးနိမ့်ပြီးသည့်နောက်တွင် ထိုအဖွဲ့အစည်းမှာလည်း ပျက်ပြယ်သွားပါသည်။.

၁၉၆၇ ခုနှစ်တွင်တော့ အာဆီယံ ( ASEAN ) ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း ( The Association of South-East Asian Nations ) ကိုတည်ထောင်ခဲ့သည်။ မူလဖွဲ့စည်းစဉ်က ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ပါဝင်သည်။ ထိုအသင်းရဲ့ ရည်ရွယ်ချက်မှာ ဒေသအတွင်း စီးပွားရေး၊ လူမှူ့ရေး ၊ ယဉ်ကျေးမှူ့ ဖွံ့ဖြိုးမှူ့ကိုမြှင့်တင်ရန်၊ နိုင်ငံအချင်းချင်း ရိုင်းပင်းကူညီရန် ဒေသတွင်း တည်ငြိမ်မှု့ရရှိစေရန်၊ ရည်ရွယ်ချက်ချင်း တူညီသော အခြားအပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။ အသင်းဝင်နိုင်ငံများကြားတွင် စီးပွားရေးပူပေါင်း ဆောင်ရွက်ရန်၊ ကုန်သွယ်မှူ့များကို တိုးတက်ရန်သာမက လမ်းပန်းဆက်သွယ်ရေး၊ အခြားဆက်သွယ်ရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း၊ သိပံနှင့် ပညာရေးဖွံ့ဖြိုးမှူ့လုပ်ငန်းမျာအတွက်ပါ ပူးပေါင်းဆောင်ရွက်နိုင်စေခဲ့ပါသည်.။ သို့ဖြစ်သောကြောင့် မြန်မာနိုင်ငံအပါအ၀င် ကျန်ရှိသော အရှေ့တောင်အာရှနိုင်ငံများလည်း အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံများဖြစ်လာခဲပါတော့သည်။ ၁၉၉၅ တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၇တွင် လာအိုနှင့် မြန်မာနိုင်ငံ၊ ၁၉၉၉တွင် ကမ္ဘောဒီးယားနိုင်ငံတို့ အဖွဲ့ဝင်များဖြစ်လာခဲ့ ပါသည်။ 

မကြာသေးမီကမှ အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်၍ သီးခြားနိုင်ငံဖြစ်လာသော အရှေ့တီမောခေါ် တီမောလက်စ်တ် (Timor-Leste) နိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်ဖြစ်လာနိုင်ခြေ အလားအလာရှိပါသည်။ အာဆီယံသည် အရှေ့တောင်အာရှနိုင်ငံများရဲ့ စည်းလုံးမှူ့ ချစ်ခင်မှူ့ တိုးတက်မှူ့ တို့ကို ဖော်ဆောင်လျှက်ရှိသော အကျိုးပြုအဖွဲ့အစည်းတစ်ခုပင် ဖြစ်ပါတော့သည်။

စာရေးသူ.....ကိုကိုးအိမ်(၄.၁.၂၀၀၉)

အရှေ့တောင်အာရှဆိုတာ အပိုင်း(၂)

|

ခုတလော ကိုကိုးအိမ်ပျောက်ချက်သားကောင်းလျှက် ပို့စ်တင်တွေလည်း ကျဲနေပါသည်။ အဟဲ ပို့စ်လေးတွေကို မျှော်နေသူများလည်းရှိနေမည်ဟု မျှော်လင့်မိပါသည် ။ ကျဲရခြင်းအကြောင်းကတော့ ခုတလော ကိုကိုးအိမ်ခမျာ အသက်တောင်မနည်းရှူနေရလောက်အောင် အလုပ်များနေလို့ပါ။ အင်း တက်လိုက်ပြန်တော့လည်းဘာရေးရမှန်းမသိ။ ဒါနဲ့ပဲ အကြွေးကျန်နေတဲ့ အရှေ့တောင်အာရှပိုင်းလေးကိုပဲ ဆက်လက်ရေးသားဖြစ်ခဲပါတယ်။ ဘော်ဒါတို့လည်း စိတ်ဝင်စားလိမ့်မယ်လို့မျှော်လင့်ပါတယ်(ဆိတ်ဝင်စား တယ် ပြောတာဟုတ်ဘူးနော်..ဆိတ်ဝင်စားရင်တစ်ခင်းလုံးပြောင်ကုန်မှာပေါ့နော) အဟဲ ။ ကဲ..စပြီနော်
 
အရှေ့တောင်အာရှ ဆိုသောဝေါဟာရမှာ အရှေ့တောင်အာရှကို ယခင်က အိန္ဒိယနှင့် ဆက်စပ်၍ အိန္ဒိယအလွန်ဒေသ၊ အရှေ့ဖျားဒေသနှင့် ဆက်စပ်၍ အရှေ့ဖျားအပူပိုင်းဒေသ ဟူသော အခေါ်အဝေါ်များမှာ သင်တင့်လျှောက်ပတ်မှူ့မရှိခဲ့ပါ။ အကြောင်းကတော့ ယခုလက်ရှိ ဒေသသည် အထက်တွင်ဖော်ပြခဲ့သော ဒေသများနှင့် အခြေခံပထ၀ီဝင်တွင်လည်းကောင်း၊ လူမျိုး၊ ယဉ်ကျေးမှူ့ အစရှိတာတွေမှာလည်း မတူညီဘဲ ကွဲပြားခြားနားမှူ့ရှိနေသည်ကို အောက်ပါအချက်အလက်များအရ သိရှိနိုင်ပါတယ်။

(၁) ကုန်းပိုင်းအရှေ့တောင်အာရှနှင့် အိန္ဒိယတိုက်ငယ်၊ တရုတ်နိုင်ငံတို့အကြားတွင် မြင့်မားသော တောင်ကုန်းတောင်တန်းတွေရှိပါတယ်။ ထိုအချက်ကြောင့်ပဲ ယနေ့ ဒီဒေသမှာ သီးခြားလွတ်လပ်သောနိုင်ငံငယ်လေးများ ရှိနေခြင်းဖြစ်ပါသည်။ ထိုသို့သာမဟုတ်ပါက လက်ရှိဤဒေသသည် အိန္ဒိယတိုက်ငယ်များ၏ တစ်စိတ်တစ်ဒေသသော်လည်းကောင်း၊ တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ဒေသသော်လည်းကောင်း၊ တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ဒေသသော်လည်းကောင်း ဖြစ်လာနိုင်ခြေရှိပါတယ်။
(၂) အိန္ဒိယတိုက်ငယ်နှင့် တရုတ်နိုင်ငံတို့မှာ ရှိတဲ့ မြစ်တွေရဲ့ မြစ်ဝှမ်းလွင်ပြင်များသည် တစ်ဆက်တည်းရှိပါတယ်။ ထို့ကြောင့်ပဲ ဧရိယာကြီးမားသော နိုင်ငံများဖြစ်နေခြင်းဖြစ်ပါသည်။ အရှေ့တောင်အာရှမှာ မြစ်ဝှမ်းများက တစ်ဆက်တည်းမရှိကြပါ။ ကြားမှာ တောင်တန်းများရှိနေသော ကြောင့် ကုန်းပိုင်းတွင် မြစ်ဝှမ်းတစ်ခု နိုင်ငံတစ်ခုလိုဖြစ်နေပါသည်။ ကျွန်းပိုင်းတွင်လည်း ကျွန်းပေါင်းများစွာပါဝင်သော ကျွန်းစုနိုင်ငံဖြစ်သည်။

(၃) ဤဒေသသည် များသောအားဖြင့် အိန္ဒိယနိုင်ငံများထက် မိုးပိုများပြီး အရှေ့ဖျားဒေသထက် ရာသီဥတုမှာ ပိုပူပါသည်။

(၄) မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် တောင်တန်းများ ၀န်းရံထားသောကြောင့် ဤဒေသသည် တရုတ်ပြည်၊ အိန္ဒိယတိုက်ငယ်ရှိ နိုင်ငံများနှင့် စာသော် လူနေနည်းပါးပါသည်။ (ခြွင်းချက်- အင်ဒိုနီးရှားမှဂျာဗားကျွန်း)

(5) ရှေးအခါက လူများဝင်ေ၇ာက်လာရာတွင် တစ်ချိန်တည်းအများကြီးဝင်လာခြင်းမဟုတ်ဘဲ သီးခြားအုပ်စုလိုက် အချိန်ခြားပြီး ရောက်လာကြဟန်တူပါသည်။ ထိုအချက်နှင့် ကုန်းပိုင်းတွင်ကုန်းမြင့်တောင် တန်းများ ကျွန်ပိုင်းတွင် ကျွန်းအမြောက်အမြားရှိခြင်းတို့ကြောင့် လူမျိုးစုငယ်များ အများအပြားရှိသော်လည်း အများစုမှာမူ မူလလူမျိုးအုပ်စုကြီးတစ်ခုတည်းမှ ဆင်းသက်လာသူများဖြစ်၍ ရုပ်ရည်သွင်ပြင်၊ အခြေခံယဉ်ကျေးမှူ့၊ စိတ်နေသဘောထား၊ လောကအမြင်တို့တွင် အချင်းချင်း တူညီမှူ့ရှိပြီး အယူဝါဒများ ကွဲပြားခြားနားကြသည့်တိုင် တရုတ် အိန္ဒိယတိုက်ငယ်များနျင့် ကွဲပြားခြားနားသည်။ ယဉ်ကျေးမှူ့တွင် အိန္ဒိယ ယဉ်ကျေးမှူ့၊ တရုတ်ယဉ်ကျေးမှူ့တို့ လွှမ်းမိုးမှူ့ရှိသော်လည်း ပုံတူကူးချထားခြင်းတော့မဟုတ်ချေ၊ ကိုယ်ပိုင်ဟန်ဖြင့် ယဉ်ကျေးမှူ့သာဖြစ်ပါသည်။ ဥပမာအားဖြင့်အမျိုးသမီးများသည်။အိန္ဒိယတိုက်ငယ်၊ တရုတ်နိုင်ငံရှိ အမျိုးသမီးများဖြင့်မတူဘဲ အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိပါသည်။
 
ဟာအပြင်မှာ မိုးတွေရွာတော့မယ်.. လေကြမ်းတွေတိုက်လာပြီ..နောက်နေ့မှဆက်ရေးတော့မယ်. တာ့တာဗျို့.. မုန်တိုင်းမိလိမ့်မယ်.. မန်းတလေးရာသီဥတုကယုံရတာမဟုတ်..အင်း ဖုန်တလုံး လုံးနဲ့ ပြန်ရဦးတော့မယ်.. တာ့တာပြီဗျို့
 
စာရေးသူ...ကိုကိုးအိမ် (၄.၁.၂၀၀၉)

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB