အဖြူရောင်နတ်သမီး

|




ကိုကိုးတစ်ယောက်ကဗျာရေးခဲပါသည်။ တော်ရုံတန်ရုံလည်း သိပ်မရေးဖြစ်ပါ။ အားလုံးပေါင်းမှ သုံးပုဒ်လောက်ပဲ ရေးဖူးခဲ့သည်။ ဒီတစ်ခါတော့ ဘလော့ဂါမောင်နှမတွေဖြစ်သည့် မနမ်းမဝ(အဖြူရောင်နတ်သမီး) အတွက် ဘလော့တစ်နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် မရေးတတ်ရေးတတ် ရေးလိုက်ဖြစ်တာပါ။ မုန့်ကိုတော့ မနက်ဖြန်မှ မနမ်းဆီသွားစားရမှာပေါ့ဗျာ။ ဆိုက်ပရပ်စ် ဟိုတယ်ကြီးက နာမည်ကြီးဟင်းလျာတွေနဲ့ ဧည့်ခံမှာကိုးနော့။ အဟဲ…. ။ အဲဒီတော့ ကိုကိုးကလည်း ဆုတောင်းပေးပါတယ် အဖြူရောင်နတ်သမီးဘလော့လေး ဒီ့ထက်မက အောင်မြင်ပါစေ။ နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ပါစေလို့ တစ်နှစ်ပြည့်မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ ကဗျာလေးဖတ်ပြီးရင် မနမ်းဆီမုန့်သွားစားကြနော်။


အဖြူရောင်နတ်သမီး

သန့်ရှင်းမှူ့တွေအတိ
ဖြူစင်မှူ့တွေအတိနဲ့ အဖြူရောင်
စင်ကြယ်လွန်းလှတဲ့ သူ့ဘ၀မှာ လျှို့ဝှက်မှူ့တွေအပြည့်နဲ့ အဖြူရောင်
ပန်းချီဆရာရဲ့ ရောင်စုံစုတ်ချက်တွေကို အပြုံးမပျက်ခံယူတတ်တဲ့ အဖြူရောင်
လာလည်သမျှလူတိုင်းကို မမောနိုင် မပန်းနိုင် အားဆေးတွေပေးခဲ့တဲ့ အဖြူရောင်
သြော်… ရသပေါင်းစုံပေးစွမ်းနိုင်ခဲ့တဲ့ သူမကို ခေါ်ကြတာကတော့ “ White ” တဲ့လေ။

အားငယ်သူကို အားပေး
ပျော်နေသူကို မျှဝေခံစားပေးတတ်ခဲ့တဲ့ နတ်သမီး
ကြုံလာသမျှ အခက်အခဲ မငြီးငြူဘဲ ဖြေရှင်းပေးတတ်ခဲ့တဲ့ နတ်သမီး
တစ်သက်တာ အတွေ့အကြုံတွေကို အားဆေးအဖြစ် ပြန်လည်ဝေမျှ
စေတနာ ပရပွနဲ့ နတ်သမီး……
လောကကိုရောက် မောသမျှအကုန်ပျောက်အောင် စွမ်းလည်းစွမ်းပါပေ့ နတ်သမီးရယ်..
အင်း….. လူသားတို့ရဲ့ မျှော်လင့်ခြင်း။ ပျော်ရွှင်ခြင်း၊ ပူဆွေးခြင်း ရသပေါင်းစုံကို
ပေးနိုင်စွမ်းတဲ့သူမကို ခေါ်ကြတာကတော့ “ Angel “တဲ့လေ။

ခုတော့လည်း ဖြူရှင်းသန့်စင်တဲ့ စေတနာနဲ့
လူသားတွေကို အမောတွေပြေပျောက်စေဖို့
နတ်သမီးတစ်ယောက် နတ်ရေစင်တွေဝေမျှခဲ့တာ
တစ်နှစ်ပြည့်မြောက် နှစ်လည်ရောက်ခဲ့ပေါ့။

သူမကိုလည်း ခေါ်ကြပြန်သေးသတဲ့ “ White Angel “ တဲ့လေ။

အဖြူရောင်နတ်သမီးအတွက် ဘလော့တစ်နှစ်ပြည့် ကဗျာလက်ဆောင်

စာရေးသူ…ကိုကိုးအိမ်(29.7.2010)

 

ကျွန်တော်မျိုးကိုကိုး မချစ်တတ်မမုန်းတတ်သောသူဖြစ်ရပါလို၏

|

ခုတလော ကိုကိုးအိမ်ကံမကောင်းပါ... ခဏတိုင်းအဆဲခံရပါသည်။ အဲဒါကတော့ သူ့ အကျိုးနဲ့သူ သွားပါလိမ့်မယ်။
အဲဒီမှာ တစ်ခုရှိတာက ကျွန်တော်ငယ်စဉ်ကတည်းက ဘယ်သူ့ကိုမှ မိုက်မိုက်ရိုင်းရိုင်း မဆဲခဲ့ဖူးပါ။ အဲဒါနဲ့ပတ်သက်လို့တော့ တစ်ခုဖြေသိမ့်စရာ ရှိတာကတော့ဗုဒ္ဓရဲ့တရားတော်တွေပါပဲ။ ငယ်စဉ်ကတည်းက ကိုကိုးရဲ့ စွဲမြဲခဲ့တဲ့အကျင့်ကစာဖတ်ခြင်းပါပဲ။ စာမဖတ်ရရင်မနေနိုင်၊ တွေ့တဲ့ စာအုပ်ကောက်ဖတ်ခဲ့တာငယ်စဉ်ကတည်းကပါ။ ဗုဒ္ဓစာပေတွေကို စွဲစွဲမြဲမြဲစဖတ်ဖြစ်ခဲ့တာ လေးတန်းနှစ်ကပါ။ မြတ်မင်္ဂလာစာစောင်လို မျိုးတွေကို အိမ်ကလည်းလစဉ်ဝယ်တာဆိုတော့ အဲစာအုပ်ဝယ်လာတဲ့နေ့ဆို မျက်နှာနဲ့စာအုပ်ခွာကိုမခွာတော့ပါဘူး။အဲလိုစွဲမြဲခဲ့တဲ့ အကျင့်တွေကြောင့် ခြောက်တန်းနှစ်မှာ အဖေ့ရွာဆင်ကျွန်းကိုကထိန်ခင်း သွားတော့ ဘဘတစ်ယောက်ရဲ့ ဗုဒ္ဓ၀င်စာအုပ်ကြီးကို ကြိုက်လွန်းလို့ ငှားတာ ငှားမပေးတော့ အိတ်ထဲကို ထည့်ဖွက်လာခဲ့ပါတယ်။တစ်နည်းစာအုပ်ခိုးဖတ်တာ ပေါ့ဗျာ။ အဲလိုနဲ့ နေ့လည်းဒီစာအုပ်ကြီးနဲ့ညလည်းဒီစာအုပ်ကြီးနဲ့ဆိုတော့ အိမ်ကမကြိုက်ဘူးပေါ့ဗျာ။ ဒါလည်း ညတိုင်ဆိုခြင်ထောင်ထဲကိုစာအုပ်ကြီးသွင်းပြီး ခိုးဖတ်တာပါပဲ။ မိသွားရင်တော့အဆိုခံရတာပေါ့။ အဲလောက်ထိ စာအုပ်ဖတ်ဝါသနာပါခဲ့တာပါ။ အဲဒီလိုစာအုပ်တွေဖတ်ရတဲ့အကျိုးကတော့ ပါဠိဆို အဓိပ္ပါယ်သာမသိချင်နေမယ်အား လုံးနီးပါးဖတ်နိုင်သွားပါတယ်။ နောက်စာအုပ်ဖတ်တာများတဲ့အတွက်ဘယ်သူနဲ့ပဲ စကားနိုင်လုလု ကိုယ်ပဲနိုင်ပါတယ်။ နောက် တစ်ခုခုစိတ်ညစ်စရာတွေ ပြဿနာတွေကြုံလာပြီဟေ့ ဆိုရင် စိတ်ထားတတ်သွားပါတယ်။နောက် လူတွေကို ဒုက္ခပေးရမှာ ကလဲ့စားချေရမှာ တွေလည်း တော်တော်ကိုတွန့်ဆုတ်သွားပါတယ်။ လူတစ်ယောက်ရဲ့ပြုလိုက်တဲ့ကံဟာကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အဲဒီလူသွားလေရာကို လိုက်ပါတယ်။အဲဒါကို ရှင်တော်ဘုရားက ဘာနဲ့ဥပမာပေးထားလည်းဆိုတော့လှည်းကိုထမ်းထားတဲ့ ၀န်ဆောင်နွားနဲ့ဥပမာ ပေးထားပါတယ်။ ၀န်တင်လှည်းကိုထမ်းထားတဲ့ဝန်ဆောင်နွားရဲ့ ခြေထောက်ကို လှည်းဘီးက အဆက်မပြတ်လိုက်လံနှိပ်စက်နေသလိုပါပဲလို့ မိန့်ဆိုခဲ့ပါတယ်။ ကိုယ်ပြုလိုက်တဲ့ ကောင်းမှူ့မကောင်းမှူ့တွေဟာ အဲဒီလူသွားလေရာနောက်ကို လိုက်စမြဲပါ။ဘယ်လိုမှပြေးလို့မလွတ်ပါဘူး။ နောက်တစ်ခုရှိတာက ကိုယ်ပြုတဲ့ကံကိုကိုယ်တိုင်ခံရမှာပါ။ ကျွန်တော်တို့လူ့ဘ၀ဆိုတာ တကယ်တမ်းတိုတိုလေးပါ။ကိုကိုးဆိုဘယ်လိုမှန်း မသိလိုက်ပဲနဲ့ ခုဆို နှစ်ဆယ်ကျော်လာခဲ့ပါပြီ။တကယ်တမ်းစဉ်းစားကြည့်လိုက်ရင်ဘာမှမကြာလိုက်သလိုပါပဲ။
မူလတန်းကျောင်းသားဘ၀ဟာလည်း မနေ့တစ်နေ့ကလိုတက္ကသိုလ် ကျောင်းသားဘ၀ဆိုတာလည်း ဘယ်လိုပြီးသွားလိုက်မှန်းကိုမသိပါဘူး။ ကဲ အသက်ရှစ်ဆယ်ကျော်တွေကို မေးကြည့်လိုက်ပါ။ သူတို့လည်းသူတို့ဘ၀ကို ဘာမှမကြာလိုက်သလိုထင်ကြတာပါပဲ။ဒီလိုမကောင်းတာတွေလုပ်ပြီး ခံရမှာက တစ်သံသရာလုံးဆို တန်ပါ့မလားစာဖတ်သူတို့ပဲစဉ်းစားကြည့်ကြပါ။  ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ့စကားလည်းရှိပါတယ်။့  ကိုကိုးကတော့ အဲလိုပဲ
ခံယူထားလိုက်ပါတယ်။ ခုကိုယ်မကောင်းတာကိုခံနေရတာ အရင်ကကိုယ်မကောင်း တာလုပ်ခဲ့လို့။ စိတ်ဆင်းရဲရတာ အရင်ကသူများစိတ်ဆင်းရဲအောင်လုပ်ခဲ့လို့။ အော် သူလည်းတစ်ချိန်ကိုယ့်လိုပြန်ခံစားရဦးမှာပါလားဆိုတာကို တွေးမိရင် သူ့ကို ဒေါသမထွက်တဲ့အပြင်သနားစိတ်တောင်ဝင်လာနိုင်ပါသေးတယ်။ နောက် ကိုကိုးအရမ်းကြိုက်တဲ့ဆုတောင်းလေးတစ်ခုလည်းရှိပါတယ်။ အရှင်ဆန္ဒာဓိက စာအုပ်ထဲကပါ။မချစ်တတ်မမုန်းတတ်တဲ့သူ ဆိုတဲ့စာအုပ်လေးပါ။ တပည့်တော်သည်
တဏှာဖြင့် မချစ်တတ်မမုန်းတတ်သောသူဖြစ်ရပါလို၏ ဆိုတဲ့စကားလေးကိုအရမ်း သဘောကျပါတယ်။. ဒီချိန်မှာ တစ်ယောက်ယောက်ကကြိုက်တဲ့ဆုတောင်း တောင်းတဲ့ဆုပြည့်မယ်ဆိုရင်အဲလိုလေးဆုတောင်းဖြစ်မှာပါ။ ဓမ္မပဒထဲမှာ ချစ်သောသူတို့နှင့်လည်းမပေါင်းဖော်သင့်မချစ်သောသူတို့နှင့်လည်းမပေါင်းဖော်သင့်တဲ့။
ချစ်သောသူတို့နှင့် မမြင်ရခြင်းသည်လည်းဒုက္ခ မချစ်သောသူတို့ကြို့မင်နေရခြင်း သည်လည်း ဒုက္ခတဲ့ အဲဒီတော့ မချစ်တတ်မမုန်းတတ်သူသာအကောင်းဆုံးပေါ့နော့။ ဒီစာသားလေးကတော့ အရှင်ဆန္ဒာဓိကရဲ့စာသားလေးကို ပြန်သုံးလိုက်တာပါ။ အရမ်းကြိုက်လို့ အင်းဒီပို့စ်လေးရေးရင်း ဇေနဲ့လည်း စကားပြောဖြစ်ပါတယ်။ သူကတော့ ပြောတယ်  ချစ်တတ်မုန်းတတ်သူပါတဲ့။ ချစ်တတ်တာမှ စင်ကာပူထိသွားပြီးကို ချစ်သူနဲ့ယာပထရွှင်ပြုံး သီတင်းသုံးနေပါသတဲ့ဗျာ။ ကိုကိုးကတော့ချစ်ရမှာလည်းကြောက်တယ် (ခဲမှန်ဖူးတဲ့စာသူငယ်လို ပေါဘာလည်းတော့ မမေးကြေးနော်) မုန်းရမှာလည်းကြောက်တယ်လက်ရှိ ကောင်မလေး ကို မစွန့်နိုင်ဘူးကိုး) ဒါပေမယ့် ဆုတောင်းရင်တော့မချစ်တတ်မမုန်း တတ်တဲ့သူဖြစ်ရပါလို၏လို့ပဲ ဆုတောင်းပါတယ်။ ခုထိတော့အရမ်းမမုန်းတတ်ပေမယ့် အရမ်းတော့ ချစ်တတ်တဲ့ချာတိတ်လေးတစ်ယောက်သာဖြစ်ပါကြောင်း..................

မချစ်တတ်မမုန်းတတ်သောသူဖြစ်ရပါလို၏။
စာရေးသူ...ကိုကိုးအိမ်

 

တစ်ပတ်အတွင်း အတင်းစုံသတင်းစုံ

|

အဟဲ ဒီတစ်ရက်တော့ အက်ဖ်အန်တွေမှာသတင်းကြေငြာသလို ပုံစံလေးလုပ်သွားမှာပါ။ အဓိကကတော့ တခြားဘလော့ဂါတွေ  လည်းရေးနေကြတာကို အားကျတာလည်းပါတာပေါ့ဗျာ။

ဘလော့ပရိတ်သတ်များအားလုံးမင်္ဂလာပါခင်ဗျာ။
ပရိတ်သတ်ကြီးအားလုံး အေးချမ်းသောဘ၀တွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ။
ကျွန်တော်ကတော့ အစီအစဉ်ကြေငြာသူ မောင်ကိုးဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ၁၆ရက်နေ့နေ့လည်တွင် ဘယ်လောက်ရစ်ခ်ျတာစကေးရှိမှန်းမသိ၊ ဘယ်ကလာတဲ့မှန်းမသိ တဲ့ ငလျှင်တစ်ခုလှုပ်ခတ်ခဲ့ရာ မန်းတလေးမြို့ကြီးနေ ဘလော့ကာ နတ်ဆိုးလေး ခမျာ ငလျှင်ဂျက်မိပြီး ဘလော့ ပို့စ်များမရေးနိုင်မကိုင်နိုင်ဖြစ်နေခြင်း

ဒုတိယအတင်းတစ်ခုအနေနဲ့ လိမ်းနေကျပရုပ်ဆီလေးများ ကြွက်ချီသွားခြင်းနှင့်ပတ်သက်၍ ရွှေဒေါတော်ပွ နေသော ဘလော့ကာ ကိုမိုးကောင်းကင် က ပရုပ်ဆီဘူးအသစ်များကို သေပြေးရှင်ပြေးရှာဖွေနေခြင်း၊

တတိယအတင်းအနေနဲ့ ငလျင်ဂျက်မိထားသော  နတ်ဆိုးလေး အဆောင်သို့ ယခုအတင်းပြောသူ ကိုကိုးအိမ်တစ်ယောက် အုန်းရည်သွားတိုက် အုန်းဆီသွားလူးပေးရာ အုန်းဆီ နဲ့မရဘဲ ပရုပ်ဆီဘူးအသစ်ပေးမှဟု ငိုယိုပြောသဖြင့် ပရုပ်ဆီလူးပေးခဲ့ခြင်း၊

ဘလော့ကာ ကိုဇော် တစ်ယောက် ရေးစရာမရှိသောနေ့ ဟုဆိုကာ ပို့စ်အရှည်ကြီးတက်လာခြင်း၊

နော်ေ​ဝးမှ ဘွားဗေ တစ်ယောက် အမတ်ရွေးပွဲဝင်ရန်ကြိုးစားရင်း ပို့စ်များ ပိုးစိုးပက်စက်ကျဲနေခြင်း

ကိုကိုးတစ်ယောက် တစ်ညလုံးရွာသောမန်းတလေးမိုးကြောင့် အဆောင်ရေ၀င်နေသဖြင့် အင်တာနက်ဆိုင် တွင် တစ်နေကုန်ထိုင်သုံးဖြစ်နေခြင်း(ကိုယ့်ဟာကိုယ် ကျူချင်တာမပြောဘဲ မိုးကိုလွဲချလိုက်တာ.အဟီး)

ဘလော့ဂါဇေတာရာ တစ်ယောက် တမလွန်မှ ဦးအောင်ဆန်းကို စာပို့၍ စာပို့သမားမှာ လိပ်စာရှာမတွေ့ခြင်း၊

အာဇာနည်နေ့တွင် ကျရောက်သော မလင်းပြာခေါ် မနုငယ် တစ်ယောက် (၂၇)နှစ်ပြည့်မွေးနေ့ပွဲတွင် မုန့်မပါ ဘာမပါ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခြင်း၊

အင်း ပြောချင်တဲ့အတင်းလည်းစုံအောင်ပြောပြီးပြီဆိုတော့ ကိုကိုးတို့ကို လွတ်လပ်ခြင်းတွေပေးခဲ့တဲ့ လွတ်လပ်ခြင်းဖခင်ကြီးအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုလိုက်ကြရအောင်ဗျာ။

ဒီပုံလေးကို ပူးတေရဲ့ဘလော့လေးမှ ကူးယူဖော်ပြပါသည်။
အင်းဒီပုံလေးကို အလေးပြုရင်းပဲ အဆိုတော်ခင်ညွန့်ရီရဲ့သီချင်းကလေးကိုပြေးပြီးသတိရမိသေးဗျာ။
ငါတို့မြန်မာပြည်မိဘတိုင်းကရယ် ကိုအောင်ဆန်းလိုသူရဲကောင်းတွေမွေးရမယ်၊
ငါတို့မြန်မာပြည်မိဘတိုင်းကရယ် သခင်အောင်ဆန်းလိုသူရဲကောင်းတွေမွေးရမယ် ဆိုတဲ့သီချင်းလေးပါ။ 
သတိရလို့ပြောလိုက်တာပါခင်ဗျာ။။ 
အားလုံး ကိုနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ အစီအစဉ်တင်ဆက်သူ မောင်ကိုးပါ။ 
အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။ 
စိတ်ထဲရှိတဲ့အတိုင်း ရေးချင်ရာရေးတာကို စိတ်ရှည်ဖတ်ပေးကြသူတွေကိုလည်းကျေးဇူး။ 
အတင်းပြောခံရတဲ့ ဘလော့ကာ ဘော်ဒါကြီးတွေလည်း ချစ်လို့စတာပါ။ စိတ်မဆိုးကြပါနဲ့လို့ တောင်းပန်ရင် ကဲ.........ဒီကနေ့တော့ တော်ကြဦးစို့...........................။.
စာရေးသူ...ကိုကိုးအိမ်

ီဂီတအခြေခံအကြောင်း သိကောင်းစရာအပိုင်း(၂)

|

ကိုကိုးတစ်ယောက် ဘလော့စာမျက်နှာပေါ် ကနေပျောက်နေတာ နှစ်ပတ်နီးပါးရှိသွားပါပြီ။ အကြောင်းရင်းကတော့ အားလုံးသိကြတဲ့အတိုင်း ပရုပ်ဆီလူးလို့မရတာပဲပေါ့ဗျာ။ ခုမှ တေဇောဘမ်းလေး တစ်ခုရလို့ အပြေးအလွှားတင်လိုက်ရတာပါ။ ဇေပြောသလို ရွှေပြည်ကြီးကဘလော့ရေးသူတွေမှာ ပရုပ်ဆီလေးမရလိုက်နဲ့ နှစ်ရက်သုံးရက်လောက်နေရင် ကြွက်ကချီသွားပြန်ရော။ ကိုကိုးတို့မှာ မြင်သာမြင် မကြင်ရဆိုတဲ့ ဘဝကိုရောက်နေတာပေါ့ဗျာ။ အဲဒီတော့ တစ်ခါတစ်လေ ပရုပ်ဆီကြောင့် ဘလော့ပို့စ်တွေ မမှန်တာ အတင်ကျဲနေတာများရှိခဲ့ရင် စိမ်းကားမသွားကြပါနဲ့၊ နားလည်ဖတ်ရှူ့ပေးကြပါလို့ ........ ဒီနေ့တော့ အရင်အဆက်ကလေးတင်မယ်နော်။.................................။

မြန်မာမှူ့သီချင်းကြီးတွေဟာ ဆိုလိုက်ပြီများဆိုရင်ဖြင့် လူတစ်ယောက်ကို ကြက်သီးဖြန်းဖြန်းထတဲ့အထိ ကြည်နူးမှူ့၊ စိတ်အေးချမ်းမှူ့တွေကိုပေးနိုင်စွမ်းရှိပါတယ်။ အဲဒီတော့ အရင်ပြောခဲ့တဲ့ ဂီတဥပဒေအကြောင်းကို ပြန်ကောက်ပါ့မယ်ဗျာ။ သီချင်းဆိုပြီဆိုရင် ပထမဆုံး ပင်ကိုယ်အသံရှိရပါတယ်။ အနုပညာမှာ တခြားပညာတွေနဲ့မတူတဲ့အချက်က ပါရမီရှိမှ အောင်မြင်နိုင်ပါတယ်။ ဂီတပညာမှာ ပင်ကိုယ်အသံမရှိရင် ဆိုရအတော်ခက်ပါတယ်။ မဟာဂီတသီချင်းကြီးတွေဆိုတဲ့အခါမှာ ပိုသိသာပါတယ်။ တချို့တွေတော့ရှိပါတယ်။ ပင်ကိုယ်အသံကောင်းပေမယ့် မဆိုတတ်တဲ့အခါကျတော့ အသံတွေဟာ တစ်မျိုးကြီးတွေဖြစ်ကုန်ပါတယ်။ သီချင်းဆိုတဲ့အခါမှာ စည်းချက်ကျကျ ၀ါးချက်ကျကျ ဆိုတတ်မှ နားထောင်ရတာအဆင်ပြေပါတယ်။ စည်းမညီ၊၀ါးမညီဆိုလို့ကတော့ အဲဒီသီချင်း တစ်ဝက်တစ် ပျက်နဲ့ထိုးရပ်သွားတတ်ပါတယ်။ ကိုကိုးပထမဆုံး အဆိုပညာ သင်တုန်းကလည်း စည်းမသိတတ် ၀ါးမသိတတ်နဲ့ တော်တော်ကို ဒုက္ခရောက်ခဲ့တာပါ။ ဆရာတွေကောင်းခဲ့တာကြောင့် ဒီအခြေအနေရောက်တဲ့အထိ အဆင်ချောခဲ့တာပါ။ 
ကျွန်တော်တို့မြန်မာတွေရဲ့ မဟာဂီတကိုဆိုတဲ့အခါမှာ အခြေခံစည်းနဲ့ဝါးက မပါမဖြစ်ပါရပါတယ်။ အဲဒီမှာ စည်းဝါးနိုင်အောင် မထိန်းနိုင်ရင် ဒုက္ခရောက်တော့တာပါပဲ။ သီချင်းကြီးတစ်ပုဒ် ဆိုတဲ့အခါမှာ ဂီတစည်းမျဉ်းတွေကို နားလည်ပြီး စည်းဝါးပိုင်နိင်မှ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ နောက်ပြီး သီချင်းဆိုပြီဆိုရင်လည်းစိတ်ငြိမ်ရပါတယ်။ စိတ်မငြိမ်လို့ စိတ်ကဟိုရောက်ဒီရောက်ဆိုရင်လည်း သီချင်းတွေမေ့ပြီး ဆက်ဆိုမရဖြစ်တတ်ပါတယ်။ နောက်ပြီး ဆိုတဲ့အခါမှာလည်း အသံနေအသံထား၊ အသံအဖြတ်အတောက် အဆွဲအငင် အရစ်အသိမ်း အပင့်အရှိုက် တွေကို လိုသလို အသုံးပြုနိုင်ရပါတယ်။ အခုလက်ရှိ အဆွဲအငင် အပင့်အရှိုက်နေရာမှာ သူမတူအောင်ထူးချွန်တဲ့ အဆိုတော်ကြိးကတော့ အထင်ကရ အမေဒေါ်ရီရီသန့်ပဲဖြစ်ပါတယ်။ အမေပြန်ဆို ထားတဲ့ ဇေယျာကမ်းအလှပန်းချီဆိုတဲ့ သီချင်းဟာ အမေ့ရဲ့ အရည်အချင်းကို ပေါ်လွင်စေခဲ့ပါတယ်။ အဲဒီတော့ အဆိုသမားတစ်ယောက်ဟာ ပင်ကိုယ်အသံလည်းရှိရမယ်၊ ဂီတဥပဒေနားလည်ရမယ်၊ ကိုယ်ပိုင်ဟန်နဲ့လည်း ထိုးဖောက်နိုင်ရမယ်၊ ပါရမီလည်းပါမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့ဗျာ။

နောက်ပြီး မဟာဂီတသီချင်းကြီးတွေဆိုတဲ့အခါမှာလည်း ဆိုဟန်တွေက သီချင်းအမျိုးအစားအလိုက် ကွာခြားမှူ့တွေအများကြီးရှိပါတယ်။ အဲဒီတော့ သီချင်းအမျိုးအစားအလိုက် ကိုယ့်ရဲ့ ဆိုဟန်ကိုလည်း အလိုက်သင့်ပြောင်းတတ်ရပါတယ်။ ဥပမာ သီချင်းခံကိုဆိုတဲ့ အခါ အသံနွဲ့နွဲ့လေးနဲ့ဆိုလို့မရသလို ပတ်ပျိုးသီချင်းဆိုတဲ့အခါမှာလည်း အသံကို ထောင့်တောင့်တောင့်ကြီး ဆိုမယ်ဆိုရင် ဘယ်လိုမှနားထောင် လို့ဖြစ်မှာမဟုတ်ပါဘူး။ ပတ်ပျိုးသီချင်းတွေမှာဆိုရင် များသောအားဖြင့် အပိုဒ်သုံးပိုဒ်ပါလေ့ရှိပါတယ်။ အဲဒါတွေကတော့ ပထမဆုံးတစ်ပိုဒ်မှာ ပတ်ပျိုးပိုဒ်၊ ဒုတိယပိုဒ်မှာ ရတုပိုဒ်၊ နောက်ဆုံးအပိုဒ်ကတော့ သဖြန်ပိုဒ်ဆိုပြီး ပါလေ့ရှိပါတယ်။ ပတ်ပျိုးပိုဒ်ကို ဆိုတဲ့အခါမှာ အဆွဲအငင်၊ အရစ်အသိမ်းနဲ့တကွ ပတ်ပျိုးရဲ့ရသပေါ်အောင် ဆိုနိုင်မှ နားထောင်လို့ကောင်းပါတယ်။ အဲဒီအပိုဒ်ပြီးရင်တော့ ရတုအပိုဒ်လာပါပြီ ၊ရတုအပိုဒ်ကတော့ ကြိုက်တတ်တဲ့သူအတွက် ဆိုလို့အကောင်းဆုံးအပိုဒ်ပါ။ သူကတော့ ပြတ်တောင်းပြတ်တောင်းလေးနဲ့ အရမ်းဆိုလို့လည်းကောင်း နားထောင်လို့လည်းကောင်းပါတယ်။ အနီးစပ်ဆုံးဥပမာပြရမယ်ဆိုရင် စိုးစန္ဒာထွန်းဆိုထားတဲ့ ဗုဒ္ဓမေတ္တာပန်း သီချင်းဆိုရင် ဒီဘက်ခေတ်လူငယ်တွေက အစသိကြပါတယ်။ အဲဒါ ရတုအမျိုးအစား သီချင်းတစ်ပုဒ်ပါ။ ဒါနဲ့ သတိရလို့ပြောလိုက်ဦးမယ်။ ဘန်ကောက်ရောက် အဆိုတော် အတီးတော်ကြီး ဇေ့လိုတော့ ဘန်ကောက်သူလေးတွေအနမ်းမခံရဘူးပေါ့နော်။ ဇေကတော့ ပြောဖူးပါတယ်။ ကျွန်းကျွန်းပိုင်သ သီချင်းကို စန္ဒယားနဲ့တီးပြတာ ဘန်ကောက်သူလေးတွေ နမ်းတာ ခဏခဏခံရတယ်တဲ့ ။ အားကျလိုက်တာနော်။ ကိုယ့်မှာတော့ ဆိုပြလို့တောင်ဘယ်သူမှနမ်းမဲ့သူမရှိ။ အဟဲ ....။

အဲ ရတုပိုဒ်ပြီးပြီးဆိုရင်တော့ သဖြန်ပိုဒ်ပေါ့ဗျာ။ သဖြန်ပိုဒ်ရောက်မှ ဒုက္ခရောက်တော့တာဗျို့.။ ကိုကိုးတို့ပြိုင်ပွဲတုန်းက မြိုင်ခြေစုံသာပတ်ပျိုးမှာဆိုရင် ပတ်ပျိုးပိုဒ်နဲ့ ရတုပိုဒ်ကို အမေတင်တင်မြ ဆိုထားတာပါ။ အောက်ဆုံးပိုဒ်ဖြစ်တဲ့ သဖြန်ပိုဒ်ကိုတော့ ဦးဝင်းဦးနဲ့ မေတင်တင်မြနှစ်ယောက်ပေါင်း ဆိုထားတာပါ။ ပတ်ပျိုးသီချင်းတစ်ပုဒ်မှာဆို ပတ်ပျိုးပိုဒ်ထက်ကို သဖြန်ပိုဒ်က ပိုပြီးပညာသားပါပါတယ်။ ဆိုဟန်ကလည်း ထူးခြားပါတယ်။  အဲတော့ သဖြန်ပိုဒ်ကိုပိုင်အောင်ဆိုနိုင်ပြီရင်တော့ တစ်ပုဒ်လုံးကိုရသ လောက်နီးပါးဖြစ်သွားပါပြီ။

အပိုင်း(၃)ဆက်ရေးပါဦးမည်။

စာရေးသူ...ကိုကိုးအိမ်

ဂီတအခြေခံအကြောင်း သိကောင်းစရာအပိုင်း(၁)

|


ဒီတစ်ခါတော့ အားလုံးလည်း ဗဟုသုတအနေနဲ့သိထားရအောင် ဂီတနဲ့ပတ်သတ်လို့ အခြေခံလေးတွေကို တင်ပြပေးသွားပါ့မယ်။ ကိုကိုးလည်း သိသလောက်တတ်သလောက်မျှဝေတာပေါ့ဗျာ။ ဂီတအခြေခံဆိုတော့ကိုကိုးတို့မြန်မာလူမျိုးတွေအတွက် မြန်မာ့ယဉ်ကျေးမှူ့အမွေအနှစ်ဖြစ်တဲ့ မဟာဂီတအခြေခံကို လေ့လာပုံလေးတွေကို ပြောပြပေးပါ့မယ်။ ဂီတမှာ ဆိုရင် သံစဉ်ခုနှစ်ပါးရယ်လို့ရှိပါတယ်။ ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ ဆိုပြီးတော့ပါ။ အဲဒီသံစဉ်ခုနှစ်ပါးကို ဂီတပညာရှင်က ကျွမ်းကျင်စွာနဲ့ ဆော့ကစားလိုက်ပြီဆိုတဲ့အခါမှာဖြင့် နားထဲမှာ စိမ့်ဝင်သွားလောက်အောင်ထိ စွမ်းပကားကြီးမားသွားပါတော့တယ်။ ကိုကိုးတို့ကို မဟာဂီတစသင်တဲ့အခါမှာ သီချင်းကို အရင်မသင်သေးပါဘူး။ ပထမဆုံးအနေနဲ့ သီချင်းတွေဖွင့်ပြပြီး ဘယ်ဟာစည်း ဘယ်ဟာဝါးဆိုပြိးတော့ စည်းဝါးကို လက်ချည်းသက်သက် လိုက်ခိုင်းပါတယ်။ နည်းနည်းလေးအထာကျလာပြီဆိုမှ စည်းနဲ့ဝါးကိုင်နည်းကို သင်ပေးတာပါ။ ၀ါးကိုင်ရတာမခက်ပေမယ့် စည်းကတော့ စကိုင်ကာစ အထာမကျသေးခင်ဆို တော်တော်ဒုက္ခရောက်တာပါ။ စည်းကိုင်နည်းအမှန်လေးကို ပြောပြပေးပါ့မယ် ။ စည်းဆိုတာမျိုးက ကြိုးတစ်ခုရဲ့ အစနှစ်ဖက်မှာ ကြေးနဲ့လုပ်ထားတဲ့ စည်းလေးနှစ်ခုကို အပေါက်ထဲထိုးပြီး ချည်ထားတာပါ။ စည်းကိုသုံးရင် ခတ်တယ်လို့သုံးပါတယ်။ စည်းတီးတယ်လို့ပြောလေ့မရှိပါဘူး။ အဲစည်းစကိုင်ပြိဆိုရင် စည်းပိတ်လေးရှိတဲ့ကြိုးအရင်းကို လက်ညှိုးနဲ့လက်မ ညှပ်ကိုင်ရပါတယ်။ ပြိးရင် လက်သန်းဖြင့်လက်သန်း လက်သူကြွယ်ဖြင့် လက်သူကြွယ် ပတ်ပြိး ကျန်တဲ့ အစတစ်ဖက်ကို လက်ခလယ်နဲ့လက်ညှိုးကြားကနေ ပြန်ဆွဲထုတ်ရပါတယ်။ အဲဒီတော့ စည်းထိုးထဲကြိုးကို ကိုယ့်လက်နဲ့ အံကိုက်ဖြစ်အောင် ကြိုတိုင်းပြိးလုပ်ထားရမှာပါ။ စည်းကြိုးရှည်နေရင်လည်းအဆင်မပြေပါဘူး။ စည်းကြိုးတိုနေရင်လည်း ခတ်လို့မရဖြစ်တတ်ပါတယ်။ စည်းမှာလည်း တစ်ဝက်စည်းနဲ့ စည်းပြည့်ဆိုပြိးရှိပါတယ်။ တစ်ဝက်စည်းက အသံနည်းနည်းစူးတော့ နားထောင်ရခက်ပါတယ်။ စည်းပြည့်ဆိုရင်တော့ တော်တော်နားထောင်လို့ကောင်းပါ တယ်။ ဒါပေမယ့် စည်းကို ၀ယ်ကတည်းက ဂရုစိုက်ရမှာက စည်းအ ဖြစ်မနေဖို့ပါပဲ။ စည်းအဖြစ်နေရင် စည်းခတ်တဲ့သူဘယ်လောက်ကောင်းကောင်း အသံကြီးက အစ်အစ်ြီကီးထွက်လာမှာပါ။ အဲတော့ ၀ယ်ကတည်းကခတ်ကြည့်ပြီး စည်းသံလွင်လွင်လေးဖြစ်မှ ၀ယ်သင့်ပါတယ်။ စည်းအကြီးဖြစ်လို့ကတော့ တီးတိုင်းစိတ်ညစ်ရတာပါ။  

အဲတော့ ခုနက စည်းခတ်တာလေးပြန်ပြောပါမယ်။ စည်းကို သေချာကိုင်မိပြိဆိုရင် လက်ညှိုးနဲ့လက်မကြားမှာ ရှိတဲ့ စည်းတစ်ဖက်ကို အသေထားပြီး ကျန်တဲ့လက်သုံးချောင်းကနေပတ်ထားတဲ့ စည်းတစ်ဖက်ကို ပဲ လှုပ်ရှား ပြီးခတ်ပေးရမှာပါ။ ၀ါးကိုင်တာကတော့ လွယ်လွယ်လေးပါ။ ၀ါးရဲ့အပေါ်ဘက် တစ်ဖက်မှာနဲ့ အောက်ဖက်မှာ ကွင်းလေးတွေပါပါတယ်။ ကွင်းလေးနှစ်ကွင်းထဲကို လက်ညှိုးနဲ့လက်မ တစ်ခုစီထည့်ပြီး ရိုက်ရုံပါပဲ။ ကိုင်တဲ့အခါမှာလည်း ၀ါးကိုဘယ်ကဘက်ကကိုင်ပြိး စည်းကို ညာဘက်ကကိုင်ပါတယ်။ 

စည်းဝါးကိုင်နည်းကိုပြောပြီးတဲ့အခါ စည်းဝါးဘယ်နှစ်မျိုးရှိတယ်ဆိုတာကိုပြောပြပါ့မယ်။ စည်းဝါး တီးတဲ့အခါမှာ စုံစည်း၊ ၀ါးလက်၊ ၀ါးပြေး၊ နရီ၊ နရီကြီး အစရှိသဖြင့် အမျိုးမျိုးရှိပါတယ်။ သီချင်းပေါ်မူတည်ပြိး စည်းဝါးခတ်နည်းတွေပြောင်းသွားတာပါ။ စည်းဝါးခတ်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ပဲခတ်ခတ်အရေးကြိးဆုံးက တော့ timing ပါ။ တိုင်မင် မမှန်ရင် သီချင်းအရသာပျက်ပါတယ်။ တစ်ချို့ဆို သီချင်းဆိုရင် စည်းဝါးအကွာအဝေးကို မှတ်ပြီး စည်းဘယ်နှစ်ချက်ပြိးရင် စ၀င်မယ် ၊ ဘယ်ရောက်ပြီဆိုပြီး မှတ်တတ်ကြပါတယ်။ အဲလိုလူမျိုးတွေ စည်းဝါးအကွာအဝေးမမှန်တော့ဘူးဆိုရင်တော့ သီချင်းတစ်ပုဒ်လုံး ဆက်ဆိုလို့မရတော့ ပါဘူး။ သီချင်းတစ်ပုဒ်လုံးမှာ စည်းဝါးဟာအသက်ပါ။ ရေသောက်မြစ်ပါ။ အဲဒိတော့ သီချင်းတစ်ပုဒ်ဆိုတော့ မယ်ဆိုရင် ဂီတဥပဒေတွေကို ပိုင်ပိုင်နိုင်နိုင်နားလည်ထားဖို့လိုပါတယ်။

သီချင်းအမျိုးအစားတွေလည်း အများကြီးရှိပါတယ်။ သီချင်းခံ၊ ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ သံရိုး၊ ယိုးဒယား၊ မွန် အစရှိသဖြင့်ပေါ့ဗျာ။ မဟာဂီတဟာ နားထောင်တတ်ရင်တတ်သလောက် အရမ်းကို ကောင်းမွန်လှတဲ့ ဂန္တ၀င် သီချင်းကြီးတွေပါ။ မဟာဂီတဟာ ဆိုတဲ့လူအတွက် ဆိုရတာအရသာအရမ်းရှိပါတယ်။ ဒါပေမယ့် သီချင်းအရမ်းကြာတာတွေဆိုရင် နားထောင်ရတဲ့သူအတွက်အိပ်ငိုက်တတ်ပါတယ်။ အဟဲ..။ ဥပမာ စိုးအဗ္ဗုန်မှူး(ပတ်ပျိုး) သီချင်းဆိုရင် တစ်ပုဒ်တည်းတင်ကို ၃၂ မိနစ်ကြာပါတယ်။ သီချင်းကလည်း အရမ်းကောင်းပါတယ်။ အဲဒီသီချင်းကို မြ၀တီမင်းကြီးဦးစက အလွမ်းဓာတ်ခံလေးနဲ့ရေးခဲံတာ ဆိုတော့ အဓိပ္ပါယ်ကို သေချာနားထောင်ကြည့်ရင် အရမ်းဆွေးစရာကောင်းပါတယ်။ အဲလိုမျိုး သီချင်းကြီးတွေဟာ အမျိုးအစားလိုက်ရသပေါင်းစုံကို ပေးနိုင်စွမ်းရှိပါတယ်။ ကိုကိုးလည်းပိုက်ပိုက်ကုန်သွားလို့ နောက်နေ့မှဆက်ရေးမယ်နော်။ အဟီး...................

အပိုင်း ၂ ဆက်ရေးပါမည်။

စာရေးသူ...ကိုကိုးအိမ်
 

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB