သီချင်းလက်ကျန်မရှိတော့ပါ

|

ပြီးခဲ့တဲ့ ညက ဘလော့ဂါဘော်ဒါကြီးတို့ရဲ့ညစာစားပွဲတစ်ခုကို မန်းတလေးမြို့ရဲ့ အောင်တော်မူ ဘုရားနားက Cafe Blue မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ညစာစားပွဲမှာ ပါဝင်ခဲ့တာကတော့ ဘလော့ဂါနတ်ဆိုးလေး၊ ကိုကိုးအိမ် နဲ့ ဘလော့ဂါနန်းလေပြေနု တို့ပါပဲ။ ၀ိုင်းကိုဦးဆောင်သူကတော့ အဟဲ.... ဒေါ်နန်းနုဗျို့.... အဲဒီမှာ ကိုးတို့ကို ဒေါ်နန်းနု က ဒင်းဆမ်လိုက်ကျွေးပါတယ်။ ပထမဆုံး ဒင်ဆမ် ၁၃ဆင့်ရောက် လာပါတယ်။ အဲရောက် လာတော့ မောင်ကိုးတို့ နတ်နတ်တို့က နှစ်ဆင့်လောက်ကို မနည်းငုံ့စားနေတဲ့အချိန် ခေါင်းလည်း မော့လိုက် ရောဗျို့ .. ခုနက ဒင်းဆမ်၁၃ ဆင့်စလုံးဟာ တက်တက်ကိုပြောင်တာပဲကော... အဲဒီပွဲလေးမှာ ပါဝင်အားပေး ကြတာက ငါးယောက်ပါ။ ပါရဂူဘလော့ဂါမမရဲ့ ညီမလေးတစ်ယောက်ရယ် ပါရဂူ ကိုကိုကြီး တစ်ယောက်ရယ် ကိုးရယ် နတ်ဆိုးလေးရယ်ပါ။ အဲဒါနဲ့ အားကျမခံ ထပ်မှာလိုက်တာ နောက်ထပ်ခြောက်ပေါင်းထပ်ရောက်လာပါ ရော။ အဲ.. ဒီတစ်ခါတော့ နတ်ဆိုးလေးရယ် ကိုးရယ်လဲအားကျမခံ ထပ်တွယ်လိုက်ကြတာ နောက်ထပ်ခြောက် ပေါင်းကုန်ပါ လေရောဗျို့။ ဒါနဲ့ ဒေါ်နန်းလဲ အားကျမခံ နောက်ထပ်မှာ လိုက်တာ ဆယ့်သုံးဆင့် ထပ်ရောက်လာပြန်ရောဗျို့...။ အဲ နောက်ထပ်ဆယ့်သုံးဆင့်လဲ ဖြုတ်ခနဲ ပါပဲ။ ဒါပေမယ့်ဗျာ ကိုးတို့ နတ်နတ်တို့ ဒေါ်နန်း တို့ပဲ ဘယ်လက်နက်ချကြလိမ့်မလဲ။ အဟဲ. နောက်ထပ် ခြောက်ဆင့် ထပ်မှာလိုက်ပြန်ရော။ အားလုံးပေါင်း သုံးဆယ့်ရှစ်ဆင့်ကို အ၀တုတ်ပြီးတဲ့ နောက်တော့ စကားထိုင် ပြောကြပါတယ်။ ပြောကြတာကတော့ စုံလို့ ပေါ့ဗျာ။ ဘလော့လေးတွေအကြောင်း.. ဘလော့ဂါများအကြောင်း.. သူများမကောင်းကြောင်း ကိုယ့်ကောင်း ကြောင်း တွေစုံလို့ပေါ့... ဘယ်ဘလော့ဂါကိုကိုကဖြင့် ဘယ်လိုဖြစ်တယ် ဘယ်ဘလော့ဂါမမကဖြင့် ဘယ်လို လေး.. အဟီး မစားရ၀ခမန်းအတင်းတုတ်ကြတာပေါ့... (လူစည်ကြောင်း ပြောပါတယ်။)

ဘလောဂါ မနန်းက အရမ်းသဘောကောင်းပါတယ်။ အရမ်းလည်းခင်ဖို့ကောင်းပါတယ်။ နတ်ဆိုးလေးနဲ့က တော့ဘော်ဒါတွေ ဆိုတော့ မပြောတော့ပါဘူး။ သူလည်း ကောင်းပါတယ်(သဘော.. သဘော)။ အဲဒီမှာ မနန်းက အရမ်းပျော်တတ်ပါတယ်။ မနန်းကိုပဲကြည့်ပြီး ကျွန်တော်တို့ တချိန်လုံး သဘောကျနေရတာပါပဲ (ရယ်စရာတွေ ပြောတတ် လို့)။ အဲလိုနဲ့ စားလို့သောက်လို့ ၀တဲ့အခါမှာ ကိုးတို့ငါးယောက် သီချင်းဆိုဖို့ ကာရာအိုကေ ဆိုင်ကို သွားကြပါတယ်။ အဲဒီမှာ အပေါက်မှာ ရေးထားတာက အမျိုးသမီးအဆိုရှင်မထားပါ တဲ့။ အဲဒါနဲ့ ကိုးကလည်း ရုပ်ကခပ်ပြောင်ပြောင်ရယ် (သနပ်ခါးမှလိမ်း မသွားတာနော့) အမျိုးသားအဆိုရှင် တော့ထားတယ် ပေါ့။ အလုပ်လျှောက်ချင်လို့ပါပေါ့။ အဲတော့မှ ဆိုင်ပိုင်ရှင် ကိုကိုနဲ့ မမခမျာ အီလည်လည်ကြီးနဲ့ ရယ်ပြနေရပါတယ်။ ဒါနဲ့ သီချင်းဆိုဖို့ စကြတော့ ည၈နာရီထိုးနေပါပြီ။ ပထမဆုံး မနန်းက စဖွင့်ပါတယ်။ ချမ်းချမ်းရဲ့ ဘ၀ချင်းခြားတောင်ချစ်မှာ ။ အိုး... မုဒ်အပြည့်နဲ့ဆိုနေလိုက်တာ ချမ်းချမ်းကိုတောင် အားနာမိပါရဲ့။ အဲဒီနောက် နတ်နတ်ကဆက်ဆိုပါတယ်။ အိုး.. သူဆိုတဲ့သီချင်းကလည်း အလန်းစားနော်... မျိုးကြီးရဲ့ အဆိပ်ခွက်.. (ဒဏ်ရာတွေအပြည့်နဲ့ စိမ့်ဝင်ကာစီးခဲ့... ) နားထဲကို ဒဏ်ရာတွေအပြည့်နဲ့ စိမ့်ဝင်သွားသလိုပါပဲ.. အင်းနတ်နတ်တွေ့ရင်တော့ ဆဲမလားမသိ။ အဟဲ အဲဒီနောက်တော့ ကိုးပဲဟဲတာပေါ့.. ချစ်လူမိုက်ထဲက စမင်းသိုက်ဆိုထားတဲ့ မောင့်မျက်ရည်ဝိုင်း.. သီချင်းလေးပါ။ နောက်တော့ တစ်ယောက်ဆီဆက်ဆိုကြ ပါတယ်။ မနန်းကလည်း ဖြူဖြူကျော်သိန်းရဲ့ ဇာတ်ဆရာအလိုကျ သီချင်းလေးပါ။ အရမ်းမိုက်ပါတယ်။ ဒါနဲ့ ကြုံတုန်းရင် ဖွင့်လိုက်ပါဦးမယ်။ ကိုးဘယ် ကာရာအိုကေဆိုင်ပဲရောက်ရောက် ပါးစပ်ရှောင်တဲ့သီချင်းလေး ရှိပါတယ်။ အဲဒီသီ ချင်းလေးကတော့ ရှမ်းရိုးရာ လက်တီးသီချင်းလေးပါ။ အဲဒီသီချင်းလေးနဲ့ပတ်သက်လို့ ကိုးမှာ ခံစားချက်တွေ အများကြီးရှိခဲ့ ပါတယ်။ အဲဒီခံစားချက်လေးကလည်း အခုဆိုရင် အဆုံးသတ်သွားပါပြီ။ ဒါပေမယ့် အဲဒီသီချင်းလေး ကို ဆိုမိရင် ကြားမိရင် အရင်ကခံစားချက်တွေက အသစ်ပြန်ဖြစ်လာသလိုပဲ ခံစားရပါတယ်။ ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် အဲဒီသီချင်းလေးကိုတော့ လက်ရှောင်ပါတယ်။ အဲလိုနဲ့ ခပ်ပေါပေါဘလော့ဂါ သုံးယောက်ရဲ့ ပျော်စရာညလေးကို သူတို့ချစ်သော သီချင်းတွေနဲ့ အလှဆင်ခဲ့ကြပါတယ်။ ကိုးဆိုရင် တစ်နေကုန် အသံဝင်နေတာပါ။ ဒါပေမယ့် သီချင်းဆိုမယ်လည်းလုပ်ရော ဘယ်ကဘယ်လို အသံက ထွက်လာ တယ်မသိပါဘူး။ ငါးပုဒ်လောက်ကိုပစ်ဟဲလိုက်တာဗျို့ ။ မနန်းကလည်း ခေသူမဟုတ်..။

တကယ့် စပါယ်ရှယ် သီချင်း နေနေရဲ့
မညီမျှခြင်း သီချင်းကိုတောင် အဆက်မပြတ်ဆွဲဆိုသွားတာဗျာ။ တကယ့် ပါရဂူပါပဲ။ နောက်ပြီး နတ်နတ်ကလည်း စပါယ်ရှယ်နော်။ ပျော်တော်ဆက် အသဲကွဲမြို့တော် တွေပါပဲ။ နောက် မနန်းကလည်း အိမ်သာကို ကျော်ပြီး စင်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ မိုင်ပေါင်းထောင့်ငါးရာကိုလည်း ဟဲသွားသေးသဗျ။ အဲလိုဆိုလာရင်းကနေ ရွေးထားတဲ့ သီချင်းတွေအားလုံးကုန်သွားတဲ့အခါ သီချင်းလက်ကျန် မရှိတော့ပါ ဆိုတဲ့ စာသားလေးပေါ်လာသဗျ။ အဲမှာတော့ ဆက်ဆိုစရာမရှိတော့ဘူး ဆက်ရွေးပေါ့။ ဒါပေမယ့် ကိုးတို့ အဆောင်က ညဆယ်နာရီဆိုပိတ်တာ ဖြစ်တဲ့အတွက် ဆိုစရာသီချင်းလက်ကျန်လည်းမရှိတော့ပါဘူး။ အဲဒါနဲ့ မနန်းတို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ပါကြောင်း။...... သီချင်းလက်ကျန်မရှိတော့ သလို ကိုးလည်း ဘာဆက်ရေရမှန်းမသိ တော့ပါဘူး။။ ဒါပေမယ့် ဆိုင်မှာ ဒင်းဆမ်လက်ကျန်မရှိတော့တဲ့ည၊ ဆိုစရာ သီချင်း လက်ကျန်မရှိတော့တဲ့ ညလေးကတော့ ရေးစရာ လက်ကျန်မရှိတော့တဲ့ ကိုးကို ပျော်ရွှင်စေခဲ့တာတော့ အမှန်ပါ။ နောက်ဆုံး မှတ်ချက် ချလိုက်မိတာကတော့ အင်း စာရေးကောင်းတဲ့ မနန်းနဲ့ နတ်နတ်တို့ နှစ်ယောက်လုံး သီချင်းဆိုရော တယ်ကောင်းကြပါလားပေါ့။ နောက်တစ်ခါမှ နတ်နတ်ကိုလိုက်ကျွေးခိုင်းမလို့ ခုကလည်းက မြှောက် ထား ရတာ အဟိ..။ အခုလိုမျိုးပျော်စရာ ညလေးကိုဖန်တီးပေးတဲ့ မနန်းလည်း ဒီ့ထက်ပိုဝ.. အဲ.. ဒီ့ထက်ပို လှပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

စာရေးသူ...ကိုကိုးအိမ်(မန္တလေး)(29.9.2010)


အတိတ်၏နိမိတ်ပုံများကို စိတ်ကူးယဉ်ခြင်း

|

အင်း.. မန်းတလေးမှာနေပြီး ကျုံးဘေးကိုလည်းမရောက်ဖြစ်တာကြာခဲ့ပေါ့။ အဲဒါနဲ့ တစ်ရက်မှာတော့ ကျုံးရဲ့အရှေ့ မြောက်ထောင့်မှာ ဆိုင်ကယ်လေး ရပ်ပြီး မန်းတလေးနန်းတော်ကြီးနဲ့ မန်းတလေးတောင်ကြီးကို သိမှတ်မဲ့စွာ ငေးကြည့်နေမိပါတယ်။ စိတ်အစဉ်တို့ကလည်း လွန်ခဲ့တဲ့ ငါးနှစ်လောက်ကို ရောက်သွားခဲ့တာပေါ့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က နယ်မြို့လေးတစ်မြို့က ကောင်လေးတစ်ယောက် မန်းတလေး မြို့တော်ကြီး ကိုရောက်ခါစ အချိန်ပေါ့။ အဲဒီအချိန်မှာ သူ့အတွက်သွားစရာက သိပ်များများစားစား မရှိသေးဘူးလေ။ အားတိုင်း ဒီကျုံးရေပြင်ကြီး ရဲ့ဘေးကိုပဲ လာလာငေးငေးနေတတ်တာပေါ့။ အဲဒီကောင်လေးရဲ့ စိတ်တွေ ကလည်း တစ်ခါတစ်လေ အတိတ်ကို ပြန်ရောက် သွားလိုက် အနာဂတ်ကို အပြေးသွားလိုက်နဲ့ ရှိနေခဲ့တာပေါ့။ နောက်ပြီး သူရောက်တဲ့ အချိန်ကလည်း ဒီဇင်ဘာမှာလေ။ တိတိကျကျပြောရရင်တော့ 2005 ခုနှစ် ဒီဇင်ဘာ မှာပေါ့။ တောင်ပြန်လေက တသုန်သုန်တိုက် ခတ်ချိန်။ သစ်ရွက်တို့ ရင့်လျောချိန်နဲ့ တိုက်ဆိုင်နေတော့ စိတ်တွေက ပြေးလွှားကူးခတ်နေခဲ့တာပေါ့။ အခုတော့ အဲဒီကောင်လေးဟာ သူချစ်တဲ့ ကျုံးရေပြင်ကြီးရယ် ရွှေနန်းတော် ကြီးနဲ့ မန်းတလေးတောင်တော်ကြီးတို့ရဲ့ရှေ့မှာ ခြေစုံရပ်လျှက် ရှိနေခဲ့ပါပြီ ကော။ အဲဒီကောင် လေးကတော့ ကိုကိုးအိမ် ပေါ့။

သူ့ရဲ့ဖမ်းဆုပ်မရနိုင်တဲ့ စိတ်အစဉ်တွေထဲမှာတော့ ဇာတိမြေကိုလွမ်းသောစိတ်၊ အနာဂတ်အတွက် မျှော်လင့်ခြင်းတွေဖြင့် ပြည့်နှက်နေခဲ့လေသည်။ သူရပ်နေခဲ့တဲ့ မြေကြီးပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာက ခမ်းနားကြီး ကျယ်တဲ့ ဖြစ်ရပ်တွေကိုလည်း ပြန်လည်သတိရ နေမိတယ်လေ။ လေ့လာခဲ့ရတဲ့ သမိုင်းစာ မျက်နှာများ၊ ဆရာတို့ ရဲ့သမိုင်းပို့ချချက်တွေပြန်လည်ကြားယောင်လာရင်း စိတ်အစဉ်တို့က သမိုင်းဆရာကြီး ဦးအောင်မြတ်သာ ပို့ချခဲ့တဲ့ သမိုင်းထဲက ကိုလိုနီခေတ်ကိုရောက်သွားခဲ့ပြန်တယ်။

ိုကိုလိုနီသမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ ဗြိတိသျှသခင်ကြီးတို့ရဲ့ နေမ၀င်အင်ပါယာကြီးဟာ စီးပွားရေးအတွက် မြန်မာနိုင်ငံကို အမျိုးမျိုးအကွက်ဆင်သိမ်းပိုက်ခဲ့ကြပါတယ်။ ရန်ကုန်ကိုလည်း မြန်မာနိုင်ငံရဲ့ မြို့တော်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံးလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းကတော့ မိုးကုတ်မှာစတင်ခဲ့ကြပါတယ်။ ဘာကြောင့်ပါလိမ့်.........

အဲဒီနောက်မှာတော့ ရန်ကုန်မှာ ပုဂ္ဂလိကပိုင်မီးစက်တွေ ပေါက်ပေါက်လာပြီး.. လျှပ်စစ်ဓါတ်အားရောင်းစား ကြသူတွေပေါ်လာပါတယ်။ နောက်ဆုံးမှာတော့ အလုံဓာတ်အားပေးစက်ရုံပေါ်ပေါက်လာပါတယ်။ အဲဒီဓါတ်အား ပေးစက်ရုံကိုတော့ အာရ်အီးတီဆိုတဲ့ ကုမဏီက တည်ထောင်ခဲ့ပါတယ်။ အဲဒီစက်ရုံရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လျှပ်စစ်ဓါတ် ရထားတွေအတွက် ဓါတ်အားရရှိဖို့ဖြစ်ပါတယ်။ အဲဒီကုမဏီဟာ ဘုရင်ခံရဲ့အိမ်၊ အတွင်း ၀န်ရုံးတွေ အခုအချိန် အလုံနှင့် ဒဂုံမြို့နယ်မှာရှိတဲ့ အစိုးရပိုင်အိမ်တွေနဲ့ ရန်ကုန်ဆေးရုံကြီးကို ဓါတ်အား ဖြန့်ဖြူး တာတွေ လုပ်လာခဲ့ပါတယ်။ 2009 ခုနှစ်က တက္ကသိုလ်တစ်ခုမှာတင်သွင်းတဲ့ မဟာဝိဇ္ဖာဘွဲ့အတွက် တင်သွင်း တဲ့ကျမ်းတစ် စောင်မှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခဲ့ ပုံတွေကို တင်ပြထား ပါတယ်။

ကိုလိုနီခေတ်က မြန်မာတို့ရဲ့ သမိုင်းကို လေ့လာမယ်ဆိုရင် ထူးခြားစွာတွေ့မြင်နိုင်တာကတော့ ဗြိတိသျှတို့ရဲ့ အပ်ချုပ်ပုံနည်းစနစ်ပဲဖြစ်ပါတယ်။ အဲဒါကိုဘယ်လိုခေါ်သလဲဆိုရင် Divide and Rule Policy ဆိုပြီး ခေါ်ပါတယ်။ မြန်မာလူမျိုးတွေထဲကပဲ ဖဲ့ထုတ်ယူပြီး သိမ်းသွင်း၊ မြှောက်စားပြီး လက်ကိုင်တုတ်အဖြစ် ပြန်လည် သုံးစွဲခြင်းပဲဖြစ်ပါတယ်။ ဗြိတိသျှတို့ရဲ့ အဲသလိုလုပ်ရပ်ကြောင့် မြန်မာတွေအများစု ဆင်းဆင်းရဲရဲ အောက်ကျ နောက်ကျဖြစ်ကာ ဘ၀တွေနာခဲ့ရပါတယ်။ ချမ်းသာသွားကြတဲ့သူ ကြီးပွားသွားကြတဲ့သူတွေ ဟာလည်း နယ်ချဲ့ ရဲ့လက်ပါးစေ တွေချည်းပဲဖြစ်သွား ပါတော့တယ်။ ဒါကြောင့် မြန်မာဇာတ်ကားတွေမှာလည်း နယ်ချဲ့အားကိုးမှ ချမ်းသာပြီး နယ်ချဲ့ကို ပုန်ကန်သူ တွေဆိုရင် ဆင်းဆင်းရဲရဲ ရိုက်ပြတတ်ကြတာပါ။

မြန်မာနိုင်ငံသား မြန်မာလူမျိုးတွေဟာ ဗုဒ္ဒရဲ့အဆုံးအမအတိုင်း ကံစီမံရာကိုသာ အသာတကြည် လက်ခံလိုသော စိတ်ဓာတ်ရှိသူတွေ ဖြစ်ကြပါတယ်။ အဲဒါကိုအခွင့်ကောင်းယူပြီး ဗြိတိသျှတွေဟာ မြန်မာနိုင်ငံသား လက်ပါးစေ တွေမွေးမြူပြီး မြန်မာနိုင်ငံရဲ့ အဆီအနှစ် သံယံဇာတတွေကို ထုတ်ယူခဲ့ကြပြီး မြန်မာ့ရေမြေကို လိုသလိုအသုံးချ ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကြီးဟာ ရေမြေသယံဇာတတွေ ပွန်းပါးလျော့ပျောက်သွား တယ်လို့မရှိခဲ့ စဖူးပါ။ ဗြိတိသျှလက်ထက်မှာ နယ်ချဲ့လက်ပါးစေတွေဟာ အသားထဲက လောက်ထွက်ခဲ့ကြလို့ အဲဒီလောက် ကျွန်သက်ရှည်ခဲ့တာပါ။ ဒါပေမယ့် လူနည်းစုကလွဲပြီး မြန်မာတို့ရဲ့သွေးဟာ ရဲရဲနီခဲ့ကြပါတယ်။

အဲဒီလိုမျိုး ဘယ်လိုပဲ ကြံစည်နေကြစေကာမူ ဗြိတိသျှတို့ မှားယွင်းစွာပြုမူခဲ့ကြတဲ့ အမှားအကြီးကြီး တစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်ရာ ဘာသာသာသနာကို စော်ကားခဲ့ ကြတာပါပဲ။ မြန်မာတွေဟာ ကိုယ့်ကိုစော်ကားလာရင်သာ ခံရင်ခံမယ်။ ဘာသာ၊သာသနာကို တော့လုံးဝ အထိခံ ခဲ့ကြသူတွေမဟုတ်ပါဘူး။ အင်္ဂလိပ်အရာရှိကြီး တစ်ဦးဟာ ဘုရားပေါ်မှာ ဖိနပ်စီးတာကစပြီး အမျိုးသားရေး လှုပ်ရှားမှူ့ကြီးပေါ်ပေါက် လာခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဗြိတိသျှဆန့်ကျင်ရေးလှုပ်ရှားမှူု့ ကြီးဟာလည်း မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး လမ်းကြောင်းကို အများကြီး လမ်းပြဖော်ဆောင် ပေးနိုင်ခဲ့ ပါတယ်။ အဲဒီနှစ်ချက်ကို ကြည့်ပြီးသုံးသပ် မယ်ဆိုရင် “ရှူးဖိနပ်အရေးအခင်း” နဲ့ “၁၉၂၀ပြည့်နှစ် ယူနီဗာစီတီအက်ဥပဒေ အရေးအခင်း” တို့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲရဲ့ လမ်းပြကြယ် ဆိုလည်း မှားမယ်မထင်ပါဘူး။
ပုဂံခေတ်၊အင်းဝခေတ်၊ ပင်းယခေတ်၊ ဆိုတာဝေးပါသေးပါတယ်။ ကိုလိုနီခေတ်သမိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကျော်လောက်က မှတ်တမ်းဖြစ်ပါတယ်။ အဲဒီမှတ်တမ်း တွေဟာ မြန်မာတို့ရဲ့သွေး မြန်မာတို့ရဲ့ ရင်တွင်းနှလုံးသားတွေပဲဖြစ်ကြပါတယ်။ အဲဒီတော့ မြန်မာတွေ သမိုင်းကို ပြန်လှန်ပြီး အဲဒီသမိုင်းကို မပျောက်ပျက်အောင် ထိန်းသိမ်းကြစမ်းပါ။

ကျွန်တော့်အတွေးမဆုံးခင်မှာပဲ ဆီဒိုးနားဟိုတယ်ထဲမှ လေဘာတီမမြရင်ရဲ့ စိမ်းရောင်စိုသီချင်းလေးက နားထဲ ကိုဝင်ရောက်လာပြန်ပါတယ်။

စိမ်းရောင်စို.... ညို့ညို့မှိုင်းရီ... တိုင်း.... ရတနာပုံမန်းပြည်..
စန်းရောင်ပွင့်ကျော်ပေသည်... အောင်စရာတည်.. တဘောင်စာညီ... ခေါင်ဘမရာအတည်...
အသက်ကလေးရယ်ရှည်စေလို.... မြနန္ဒာနေညိုသန်း.. ပြည်တော်ရွှေမန်းတောင်ရိပ်ခိုလို့..
ခေါင်းလောင်းသံချိုချို.. ရွှေပဟိုရ် စည်သံဟိန်းတယ်.. ဘေးရန်က.. ဘေးရန်က ငြိမ်း.... စိမ်းရောင်စို..

(မန္တလေးကို လိုက်ခဲ့မလားအကို.. တဘောင်စကားနဲ့ အောင်ရမယ်ထိုထို.. စံရာမန်းဗဟို..
ရန်ဘယာမသန်းသကို.. ဟိုးရှေ့ကစာဆို)၂ ရွှေမန်းတောင်တော်ရိပ်ခို.. တောင်ရိပ်ခို မြစမ်းရေညို..
စိမ်းရောင်စို..........

ဘုန်းတော်ကြီးတဲ့ ထီးဘုရားပြည်ဗဟို.. ရွှေနန္ဒာငယ် ရေညိုသမ်းတယ်.. အထူးပင်လွမ်းစပို.. (မန်းတောင်ရိပ်ခို)၂
ပမာပြကာဆို ဌာနရာဇဂြိုလ်.. ကျုံးဦးသုံးတောင် ရစ်သန်းတယ်.. လွမ်းစတွေပို.. ရှေးအခါက
သာဓကတင်ကာဆို.. ကိုကို.. ကိုကို.. ရွှေမန်းတောင်တော်ရိပ်ခို တောင်ရိပ်ခို.. မြစမ်းရေညို စိမ်းရောင်စို...
(ရတနာပုံမြို့တော်ကို မောင်တို့ခို.... ရာဇဂြိုလ်ငယ် လှမ်းလင့် စခန်းချင့် ငါးမည်နှယ်.. ပမာချီ...
ကောသမ္ဘီနဲ့ အလားတူပြုခဲ့သလို)၂ တေးဖော်ညွှန်း.. မော်ကွန်းတင်ကာ မဟာတော်ကျမ်း ကမ္ဘာတော်လျှမ်း ရွှေမန်းတောင်တော် ရိပ်ခို တောင်ရိပ်ခို.. မြစမ်းရေညို စိမ်းရောင်စို....

(မှိုင်းမှုန်ပြာညို... ဟိုတိမ်ဗွေ ငွေမင်းလွင်.. မြူခိုးရောင်ခြယ်လှယ် သွယ်သွယ် ရော်ရမ်းမှန်းမှန်းကာ
အို.. ဘယ်ဝယ်..(ညင်းပြေပြေလေသွေးတယ်)၂ ရှေးကဆိုရိုးငယ် မှန်တယ်.. သောတရှင်ရယ်...)၂
(အသက်ကလေးရယ်ရှည်စေလို.. မြနန္ဒာရေညိုသန်းတယ်.. လမ်းလျှောက်ကာဆိုဆို.. ရင်ရင်မြကိုကို..)၂
ရွှေမန်းတောင်တော်ရိပ်ခို တောင်ရိပ်ခို .. မြစမ်းရေညို စိမ်းရောင်စို....

တကယ်လို့များ.. သြော်.. ကိုယ်ပိုင်ကားနဲ့ ဘုရားကိုလည် ဘုရားကိုလည်မလို့ .. လိုက်ကြမှာလားကွယ်..
(လိုက်မယ်..... လိုက်မယ်) မောင်လိုက်ကြမှာလားကွယ်... (လိုက်မယ်..... လိုက်မယ်).. အထက်
ပြည်ရောက်အောင် မောင်နဲ့ရင်နဲ့ အတူတူသွားမယ် ဆို မြရင်ကိုကို ရွှေမန်းတောင်တော်ရိပ်ခိုတောင်ရိပ်ခို
မြစန်းရေညို..... စိမ်းရောင်စို......။

သီချင်းလေးဆုံးပြန်တော့ မန်းတလေးရွှေမြို့တော်ကြီးရဲ့ သာယာစည်ကားလှပုံကို သတိပြုလိုက်မိပြန်ပါတယ်။ အသက်ရှည်ချင်ရင် မန်းတောင်ရိပ်ခိုရတယ်တဲ့.... အင်းသီချင်းထဲကလိုဆို အသက်ရှည်အောင် မန်းတလေးတောင်ဘက် ဆက်သွားလိုက်ပါဦးမယ်.. စာတော့နောက်မှဆက်ရေးတော့မယ်နော်။ အသက်လေး လည်း ရှည်ချင်တယ်။

အပေါ်ရှိရေးသားထားခဲ့သော သမိုင်းအထောက်အထားများ တစ်စုံတစ်၇ာမှားယွင်းခဲ့သော မည်သူတစ်ဦး တစ်ယောက်၏တာဝန်မျှမဟုတ်ဘဲ ကိုကိုးအိမ်၏တာဝန်သာဖြစ်ပါသည်။

စာရေးသူ...ကိုကိုးအိမ်(မန္တလေး)

ကိုကိုးအိမ်(မန္တလေး)နဲ့ မိုးကုတ်သား

|

ကိုးတစ်ယောက် ဒီဘလော့လေးကို စတည်ထောင်ဖြစ်တုန်းက ကိုးတစ်ယောက် တည်းမဟုတ်ပါဘူး။ မိုးကုတ်သားဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းပါပါတယ်။ သူ့နာမည်က ဆီဇာညီညီပါ။ သူနဲ့နှစ်ယောက်ပေါင်းပြီး လုပ်ဖြစ်ကြတယ်ဆိုပါတော့ဗျာ။ ပြီးခဲ့တဲ့နှစ်က ကိုသက်တန့်ချို မန်းတလေးကိုလာတော့ ကိုးကို ဘလော့စပေါ့လေး စလုပ်ပေးသွားတာပါ။ အဲဒီအချိန်မတိုင်ခင် က ကိုသက်တန့်နဲ့ ကိုးနဲ့က Ning ဆိုရှယ်ဆိုက်မှာ အလည်သွားကြရင်း ခင်ခဲ့ပါတယ်။ အဲဒီမှာ သူမန်းတလေးလာတော့ ကိုးနဲ့ နှစ်ယောက်တွေဖြစ်တော့ သူလည်း အိမ်ပြောင်းထားတယ်။ ညီလေးလည်းပြောင်း ပါ့လားဆိုတာနဲ့ ပြောင်းကြည့်ရင်း ကြိုက်တာနဲ့ အခြေ ချခဲ့တာပါ။ ပြောင်းဖြစ်တော့ လည်း အီးမေးလ်လိပ်စာ က မိုးကုတ်သားဆိုတာ ပါနေတဲ့အတွက် စိတ်ထဲမှာ သိပ်မစဉ်းစား ဖြစ်ဘဲ  www.moegokethar.blogspot.com ဆိုပြီးတော့ပဲ လုပ်ဖြစ်လိုက်တာပါ။ အဲဒီအချိန်ကတော့ နာမည်ကို သိပ်ကြီး အလေးအနက်မထားဖြစ်ခဲ့ပါဘူး။ အခုနောက်ပိုင်းမှာမှ ကိုးကို မိုးကုတ်သား မိုးကုတ်သား နဲ့လာလာခေါ် မှ ရှင်းပြရခက် ဖွင့်ပြောရခက်ဖြစ်နေတော့ တာပါ။ အခုတော့ မနေနိုင်လို့ ဖွင့်ပြောဖြစ်လိုက်ပါပြီ။  အဲဒီနာမည်မှာ ပြဿနာကစတာ ပါပဲ။ ကိုးကလည်း စာစရေးစဆိုတော့ ခေါင်းကလည်းမထွက် လက်ကလည်းမသွက်ပါဘူး။ မိုးကုတ်သားဆိုတာလည်း သူကအွန်လိုင်းစသုံး နေတဲ့သူဖြစ်တဲ့အတွက် စာသိပ်မရေးတတ်ပါဘူးတဲ့။ ၀ါသနာပါတာနဲ့ လုပ်ကြည့်တာပါလို့ပြောပါတယ်။ ဒါပေမယ့် လုပ်ဖြစ်တဲ့ ဘလော့နိမ်းက မိုးကုတ်သားဆိုတဲ့ နာမည်နဲ့ဖြစ်နေတဲ့ အတွက် ခေါင်းစဉ်တပ်တဲ့အခါမှာ မိုးကုတ်သားလည်းပါအောင် ကိုကိုးအိမ်လည်းပါအောင် မိုးကုတ်သား  ကိုကိုးအိမ်ဆိုပြီးတပ် ခဲ့တာပါ။ မိုးကုတ်သားလေးကိုကိုးအိမ် ဆိုပြီး တစ်ပေါင်းတည်း တပ်ခဲ့တာ မဟုတ်ပါဘူး။ မိုးကုတ်သား ကိုကိုးအိမ်ဆိုပြီးတပ်ခဲ့တာပါ။ သူရေးထားတာတွေက မနည်းဘူးဆိုတော့ တင်ဖြစ်တာလည်း တော်တော်များပါတယ်။ အဲဒီပို့စ်တွေမှာ လည်း ဆီဇာညီညီဆိုတဲ့နာမည် ပဲတပ်ခဲ့ပါတယ်။ သူက မိုးကုတ်သားလို့နာမည်တပ်တာနည်းပါတယ်။ ဘာလို့လည်း ဆိုတော့ မိုးကုတ်သား ဆိုတဲ့ နာမည်က ရှိပြီးသားမို့လို့ပါတဲ့။ နောက်ပြီး ကိုးကလည်း အဲဒီချိန်က ဘလော့ဖတ်တာအရမ်း အားနည်းခဲ့ပါတယ်။ နောက်ပြီး အလုပ်တွေရှိလို့ အိမ်ပြန်သွားတဲ့အချိန်မျာ အိမ်မှာကိုပဲ သုံးလလောက်ကြာသွားပါတယ်။ အဲဒီတော့ အဲဒီအချိန်လောက်က ဆီဇာ(မိုးကုတ်သား) တစ်ယောက်တည်းပဲ ရေးသလိုဖြစ်နေပါတယ်။ ကိုးကတော့ နောက်ထွက်မင်းသား ပေါ့။ ကိုးဘလော့ကိုပြန်ရေး ဖြစ်တာ ဒီနှစ် ဇန်န၀ါရီ မှပါ။ ဒါပေမယ့် ခုချိန်ထိ မိုးကုတ်သားနဲ့ ကိုကိုးအိမ်ကို တစ်ယောက်တည်းပဲထင်နေကြပါသေးတယ်။ ဘလော့ စလုပ်ခါစ အချိန်ပိုင်း လောက်က လာလည်ဖူး ကြသူတွေလောက်ပဲ သတိထားမိကြမှာပါ။

နောက်တစ်ချက်က ကိုးရဲ့ အီးမေးလ်အကောင့်မှာလည်း မိုးကုတ်သားဆိုပြီး ပါနေတဲ့အတွက် တော်တော်များများက မိုးကုတ်သားနဲ့ ကိုကိုးအိမ်ဆိုတာ တစ်ယောက်တည်းပဲလို့ထင်ခဲ့ကြပါတယ်။  ကိုကိုးအိမ်ရဲ့ ကလောင်အပြည့်အစုံဟာ ကိုကိုးအိမ်(မန္တလေး) ဖြစ်ပါတယ်။ ဒါပေမယ့် အပျင်းကြီးတဲ့ ကိုကိုးဟာ ဘယ်ဘလော့ကို လည်လည် ကိုကိုးအိမ်ဆိုတဲ့ နာမည်ကိုပဲ ထည့်ခဲ့ပါတယ်။ တကယ်တမ်းက အီးမေးလ်အကောင့် လုပ်စဉ်မှာ တူတူလုပ်ခဲ့တာ ဖြစ်တဲ့အတွက် မိုးကုတ်သားကပဲ နှစ်ယောက်လုံးရဲ့ အီးမေးလ်ကို မိုးကုတ်သားဆိုတဲ့နာမည်ပါအောင် ဖွင့်ခဲ့တာပါ။ အဲဒီမှာ အထင်မှားစရာ တွေဖြစ်လာတာပါ။ ကိုးအိမ်ကနေ ပြန်ရောက် လာပြီးနောက်ပိုင်းမှာ မိုးကုတ်သားလည်း ဘလော့ပေါ်ကို မရောက်တော့ပါဘူး။  စာလည်းမရေး ဖြစ်တော့ပါဘူး။ အခုဘလော့ လေးမှာ စာေ၇းသူဟာ ကိုကိုးအိမ် တစ်ယောက်ပဲရှိ ပါတော့တယ်။ ဒါကြောင့် အခုနောက်ပိုင်း ကိုးတစ်ယောက်တည်းပဲ ရေးတော့ မှားကြမှာစိုးလို့ မိုးကုတ်သားကို လှမ်းခွင့်တောင်းပြီး Blog Title ကို ကိုကိုးအိမ်(မန္တလေး) ဆိုတဲ့နာမည် တစ်ခုတည်းကို ပဲတင်ခဲ့ပါတော့တယ်။ အခုဆိုရင် ဆီဇာ(မိုးကုတ်သား) တစ်ယောက် မြန်မာနိုင်ငံ မှာတောင်မရှိ တော့ပါဘူး။ ကိုးတစ်ယောက်သာ သံယောဇဉ်မပြတ် စွာနဲ့ ဆက်ရေးနေဖြစ်ခဲ့တာပါ။ ကိုးနဲ့ မိုးကုတ်သားနဲ့ အရမ်းချစ်ခဲ့ကြတာကလည်း အကြောင်းရှိပါတယ်။ ကိုးနဲ့ မိုးကုတ်သားဟာ တစ်ရက်တည်း တစ်လတည်း၊ တစ်နှစ်တည်း မှာပဲ မွေးခဲ့ကြတာပါ။ မနက်ပိုင်းနဲ့ ညနေပိုင်းပဲကွာပါတယ်။ အဲဒါတွေကြောင့်လည်း ပိုပြီး ခင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ မိုးကုတ်သားတစ်ယောက် သူ့ရဲ့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက် အမိမြေကို စွန့်ခွာပြီး ရပ်ဝေးမြေခြားကို ထွက်ခွာသွားတာ ငါးလကျော်သွားပါပြီ။ ကိုကိုးအိမ်လည်း ၀ါသနာပါရာ စာရေးခြင်းအတွက် ကိုကိုးအိမ်(မန္တလေး)အမည်ဖြင့် ဟိုတစ ဒီတစ ကလောင် သွေးနေပါတယ်။ နောက်ပြီး ကိုးဟာ အရမ်းသွေးအေးပါတယ်။ ဒါပေမယ့် သွေးဆူစရာတစ်ခု ကိုတော့ စိတ်မထိန်းနိုင်ခဲ့ပဲ မကြာသေးခင်လောက်က လူတစ်ယောက်ကို အထင်အမြင်လွဲပြီး ကိစ္စတစ်ခုဖြစ်ခဲ့ ပါတယ်။ တကယ်တမ်းက ကိုးရဲ့ စိတ်အလိုလိုက်မှူ့တွေပါပဲ။ အဲဒီကိစ္စအတွက်လည်း တစ်ဖက်မှာ အရမ်းစိတ် ထိခိုက်သွားလိမ့်မယ်ထင်ပါတယ်။ အဲဒီလိုမျိုး ကိုးရဲ့မဆင်ခြင်မှူ့တွေကြောင့် ဖြစ်ခဲ့ရတာကိုလည်း စိတ်မကောင်း ပါဘူး။ ဒါပေမယ့် ကိုးရဲကတစ်သက်မှာ သူတစ်ပါးနစ်နာအောင်လည်း စတင်ကြံဆောင်ခဲ့ တာလည်းမရှိပါဘူး။ ကိုးအပေါ် လာပြီး နစ်နာအောင်လုပ်တာလည်း အဲဒီတစ်ခါပဲကြုံခဲ့ဖူးတာပါ။ အဲဒါကြောင့် လည်း စိတ်မထိန်းနိုင်ဖြစ်သွားခဲ့တာပါ။ အဲလိုမျိုးကိုးရဲ့ မသိတတ်မှူ့တွေကြောင့် စိတ်ထိခိုက်ခဲ့ရသူ အပေါင်း ကိုလည်း ကိုး အများကြီးတောင်းပန်ပါတယ်။ ချစ်သူတစ်ရာ နည်းသေး၏၊ မုန်းသူတစ်ယောက်များသေး၏ ဆိုတဲ့ စကားကို ခတ္တခဏတော့ ကိုးမေ့သွားခဲ့ပါတယ်။ အဲဒီကိစ္စတွေကို အရင်နေ့က ဆီဇာ(မိုးကုတ်သား) ကိုပြောပြတော့ သူလည်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ တော်တော်ဆိုးတဲ့ ကိုကိုးအိမ်ပဲနော်။

အဲတော့ ဘော်ဒါတို့ကို နောက်ဆုံးပြော ချင်တာကတော့ ကိုကိုးအိမ် (မန္တလေး)ဆိုတာနဲ့ ဆီဇာညီညီ (မိုးကုတ်သား)  ဆိုတာ တစ်ယောက်တည်းမဟုတ်ကြောင်းပါ။ ဘလော့လေးကို မိုးကုတ်သားက ကိုးတစ်ယောက်တည်းနဲ့ စိတ်ချလက်ချပစ်ထားပြီး အခုလက်ရှိ ရေးသားတင်သွင်းနေသူကတော့ ကိုကိုးအိမ်(မန္တလေး) သာဖြစ်ပါကြောင်း.................... အခုတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် နောက်က ၀ိသေသ ထည့်ပြီးတော့ သာ ရေးတော့ကြောင်း။...။


စာရေးသူ...ကိုကိုးအိမ်(မန္တလေး)

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB