ရေနည်းငါး

|

 မနေ့က ကိုးရဲ့ဘလော့လေးတစ်နှစ်ပြည့်သွားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ကိုးရက်လောက်ကမှ မွေးနေ့ပွဲ လုပ်ထားတဲ့အတွက် ကိုးရဲ့ဘော်ဒါတွေကို ထပ်မနှိပ်စက်တော့ပါဘူး.. ဟဲဟဲ။ ဘလော့မွေးနေ့လေးအတွက် သတိတရနဲ့ရေးသားပြီး လက်ကောက်လက်ဆောင်ပေးသွားတဲ့ဇေတာရာကိုလည်း အရမ်းပဲကျေးဂျူးတင်ပါ တယ်။ အဲဒါမနေ့က ပို့စ်အသစ်ရေးမယ်လုပ်တော့ ကော်နက်ရှင်က စိတ်ဓာတ်နဲ့အတူကျနေတာမို့ ရေးလို့မရခဲ့ပါဘူး။ နောက်ပြီး ကိုးအခု အွန်လိုင်းမြို့ကလေးတစ်မြို့တည်ဆောက်နေတာနဲ့လည်း အရမ်းအလုပ်တွေရှုပ် နေတဲ့အတွက်ပို့စ်တင်တာတွေကျဲသွားရပါတယ်။ အဲဒီအတွက်လည်း ဘော်ဒါတွေနဲ့အဆက်ပြတ်သလိုဖြစ် သွားခဲ့ရပါတယ်။ ကဲအခုတော့ တင်လိုက်ပြီနော်... ရေနည်းငါး တဲ့။

ချစ်ဆွေတို့လည်း ရေနည်းငါးဆိုတဲ့အဓိပ္ပါယ်ကိုကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ ရေနည်းငါးတစ်ကောင်ရဲ့ အဖြစ်ဟာအရမ်းသနားစရာကောင်းပါတယ်။ သူ့ခမျာ လက်ရှိနေထိုင်နေတဲ့ ချောင်း၊ မြစ်အစရှိသဖြင့်တို့ ဟာလည်း ခမ်းခြောက်ခါနီးလို့ ချောင်းထဲမြစ်ထဲမှာရှိတဲ့ရေတွေဟာလည်း နည်းပါးနေပါပြီ။ ဒီထက်ရေများတဲ့ နေရာကိုမသွားရင်လည်း ရေခန်းခြောက်ပြီးသေရတော့မှာပါ။ အဲလိုမျိုးသွားဖို့ကလည်း ရေကအရမ်းနည်းနေပြီဖြစ်တဲ့အတွက် သွားနိုင်မယ့် အစွမ်းမရှိတော့ပါဘူး။ အဲဒီအချိန်မှာ အင်အားကြီးတဲ့ အခြားသတ္တ၀ါတွေနဲ့ ၊ ရွာချလာတဲ့မိုးရေတွေကလွဲလို့ သူတို့မှာ ကူရာကယ်ရာမရှိကြတော့ပါဘူး။ အဲဒီအချိန်မှာ သူတို့အရမ်းတုန်လှုပ်ခြောက်ခြားပြီး သွေးပျက်ခမန်းဖြစ်နေပါပြီ။ အဲဒါဟာ ရေနည်းငါးတို့ရဲ့ ဘ၀အခြေအနေပါ။ အဲဒီလိုရေနည်းငါးအဖြစ်မျိုး စာဖတ်သူချစ်ဆွေတို့ ထဲကလည်း ဘယ်နှစ်ယောက်များခံ စားခဲ့ရဖူးပါလဲ။ တကယ်လို့များကိုယ်တိုင်ခံစားရမယ်ဆိုရင်ကော ဘယ်လိုမျိုးများနေမှာလည်း ဆိုတာ စဉ်းစားဖူးကြပါသလား။ ကိုးကတော့ စဉ်းစားကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စဉ်းစားလိုက်တိုင်းမှာ စဉ်းစားယုံ နဲ့တင်ကို စိတ်ထဲမှာ လှိုက်လှိုက်ပြီးဝမ်းနည်းလာတတ်ပါတယ်။ ရေနည်းငါးတစ်ကောင်လိုအဖြစ်ဟာ သာမာန်လူတစ်ယောက်အဖို့ တွေးတောင်မတွေးဝံ့တဲ့အနေအထားမျိုးမှာပါ။

ကဲ.. အဲဒီ ရေနည်းငါးလိုဘ၀မျိုးတွေ ကိုးတို့မြေ၊ ကိုးတို့နိုင်ငံကြီးမှာမရှိကြဘူးလား။ ရှိပါသော်ကောဗျာ.. အများကြီးပါ။ များလိုက်တာမှ ရေတွက်လို့တောင်ရပါ့မလားမသိ။ အင်း. ရေနည်းငါးဆိုတာမှာလည်း အများ ကြီးရှိတာကိုးဗျ။ အမိမဲ့သားရေနည်းငါးဆိုတဲ့ မိဘမဲ့ကလေးတွေ၊ ဆွံ့အနားမကြားလို့ မိဘတွေကစွန့်ပစ်ခံ ထားရတဲ့ ကလေးတွေ၊ မျက်စိမမြင်လို့ မိကွဲဖကွဲနဲ့ ရောက်ရာပေါက်ရာလျှောက်သွားနေကြရတဲ့ ရေနည်းငါး လေးတွေ၊ အသက်လေး ငါးနှစ်ခြောက်နှစ်လောက်နဲ့ ခွက်စွဲပြီး တောင်းစားနေရတဲ့ ရေနည်းငါးတွေအများ ကြီးပါ၊ အိုများတာမှ အများကြီးပါ။ ကိုးတို့နေတဲ့ မန္တလေးရွှေမြို့တော်ကြီးမှာလည်း အဲလိုကလေးတွေအများ ကြီးကိုနေ့စဉ်တွေ့နေရပါတယ်။ တွေ့ရတိုင်းလည်း ရင်ထဲမှာနင့်နေအောင်ခံစားရတာပါ။ အော် ကိုယ်တို့ တွေကတော့ နေ့စဉ်နဲ့အမျှ တခြားအသုံးအဆောင်တွေရှားပါးပါစေဦး။ ထမင်းနပ်မှန်ဖို့အတွက်ကတော့ ပူစရမလိုပါ။ သူတို့လေးတွေခမျာမှာ မနက်မိုးလင်းပြီဆိုတာနဲ့ အရင်က ဒုက္ခိတဖြစ်ရတဲ့အထဲ မနက်မိုးလင်း ပြီဆိုတာနဲ့ ၀မ်းရေးအတွက်ပူရပါပြီ။ ရှာရဖွေရ တောင်းရပါပြီ။ တကယ်တော့ ဒါတွေဟာ သူတို့လုပ်ခဲ့တဲ့ ကောင်းမှူ့ကုသိုလ်ကံ၊ မကောင်းမှူ့အကုသိုလ်ကံလို့ပြောလို့ရနိုင် ပေမယ့် တကယ်တမ်းမှာ တွေ့ရင်တော့ သနားမိတာ ကိုးတို့မြန်မာတွေရဲ့ရင်တွင်းကနှလုံးသားတစ်စုံပါ။ အဲဒီလိုပဲ သူတို့မှာ ရှာလို့ဖွေလို့ရပစေဦး။ ဟိုလူက ငါးကျပ် ဒီလူကတစ်ဆယ်နဲ့ သူတို့ရဲ့ဝမ်းရေးအတွက် ဘယ်လိုဖြေရှင်းကြမတုန်း။ တကယ်တော့ သူတို့လေးတွေဘ၀ဟာ ကိုးအပေါ်မှာပြောခဲ့တဲ့ ရေနည်းငါးကလေးတွေလိုပါပဲ။ 

တစ်ချို့ကလေးလေးတွေများဘယ်လောက်သနားစရာကောင်းသလဲဆိုရင် ငါးနှစ်ခြောက်နှစ်အရွယ်ကလေ လေးတွေကို ထွက်တောင်းခိုင်းပါတယ်။ အဲလိုတောင်းခိုင်းလို့ ပိုက်ဆံမရဘူးဆို သူတို့ကို ထိန်းသိမ်းထားတဲ့ လူက တုတ်တစ်ချောင်းကိုင်ပြီးလိုက်တော့တာပါပဲ။ အဲဒီမှာ ကလေးလေးတွေခမျာ အဖေကယ်ပါ၊အမေကယ် ပါဆိုပီး ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးရတော့တာပါပဲ။ သူတို့ခမျာ အဖေကယ်ပါ၊ အမေကယ်ပါလို့တနေပေမယ့် ဘယ်အဖေ ဘယ်အမေကမှ သူတို့ကို မကယ်နိုင်တာ သူတို့လေးတွေရဲ့ နှလုံးသားနုနုလေးတွေမှာ လက်မခံချင်ဘဲလက်ခံကြရပြီးသားပါ။ ကိုးဆို အဲဒီလိုမြင်ကွင်းမျိုးတွေမြင်တိုင်း သူတို့ကို ထိန်းထားတဲ့လူကြီးတွေကို မုန်းလွန်းလို့ တစ်ခါကဆို ရဲစခန်းထိသွားတိုင်ဖူးပါတယ်။ ရဲစခန်းက အဲဒီလူကို ကလေးငယ်တွေကို မတရားနှိပ်စက်မှူ့နဲ့ အချုပ်တစ်လချထားပေးပါတယ်။ ဒါပေမယ့် အရမ်းနည်းလွန်းတယ်လို့လည်း ယူဆမိပါတယ်။ နောက်ပြီး သူတို့က ကလေးတွေကို ပိုက်ဆံပဲရအောင် တောင်းခိုင်းပါတယ်။ တခြားဟာဆိုလုံးဝလက်သင့်မခံရဘူးလို့လည်း တစ်ချက်လွှတ်အမိန့်ထုတ်ပြီးသားပါ။ ပိုက်ဆံတွေရလာပြီဆို သူတို့အကုန်ယူပြီး ကလေးတွေကို မသေထမင်း၊မသေဟင်းပဲကျွေးပါတယ်။

တစ်ခါတုန်းက ကိုးကထမင်းစားနေတဲ့အချိန် ကလေးလေးတစ်ယောက်လာတောင်းတာနဲ့ ကိုးကသနားလို့ ပိုက်ဆံလည်းမပေးချင်တာနဲ့ ထမင်းတစ်ထုပ်ဝယ်ပေးလိုက်ဖို့စိတ်ကူးပါတယ်။ ကလေးကမယူဘူးဗျာ။ ကျွန်တော်တို့က ပိုက်ဆံပဲရအောင်တောင်းရပါတယ်။ တခြားဟာတောင်းလာတာတွေ့ရင် အရိုက်ခံရပါလိမ့် မယ်ဆိုတော့ ကိုးလည်းသနားတာနဲ့ ပိုက်ဆံပဲအနည်းငယ်ထုတ်ပေးလိုက်ရပါတယ်။ အဲလိုမျိုးရေနည်းငါး လေးတွေကို သနားပေမယ့် ရေနည်းချင်ယောင်ဆောင်ထားတဲ့ ငါးကြီးတွေကိုတော့ အရမ်းမုန်းပါတယ်။ ဘာလည်းဆို လူကဗလကောင်းကောင်း၊ အသက်အရွယ်ကောင်းကောင်းနဲ့ အရှက်မရှိ မျက်နှာပြောင်တိုက် ပြီး လိုက်တောင်းနေတဲ့လူဆို ဘယ်လိုမှကိုစေတနာထားလို့မရတာပါ။ 

နောက်ဆုံးအနေနဲ့ကတော့ အဲဒီလိုရေနည်းငါးကလေးတွေ ကိုးတို့မြေမှာအများကြီးပါ။ အဲတော့ ရေနည်းငါး လေးတွေရဲ့ ဘ၀ကို အကောင်းဆုံးမြှင့်တင်ပေးမယ်ဆိုရင်တော့ မိဘမဲ့ကျောင်းတွေ၊ မျက်မမြင်ကျောင်းတွေ ဆွံ့အနားမကြားကျောင်းတွေမှာတင်ကူညီရုံ မဟုတ်ဘဲ တကယ်ဒုက္ခရောက်နေတဲ့ အပြင်ရေနည်းငါးလေး တွေကို ကျောင်းကောင်း၊ ဌာနကောင်းမှာ အသက်မွေးပညာသင်နိုင်အောင် အရောက်ပို့ပေးကြရမှာပါ။ ဒီလိုတွေပြောနေလို့လည်း ကိုးကို ဆရာကြီးလုပ်တယ်မထင်စေချင်ပါ။ ဘာလို့လည်းဆိုတော့ ကိုယ်ကအား လုံးကိုလိုက်မကူညီနိုင်တဲ့အချိန်မှာ စာဖတ်သူတွေထဲကတစ်ယောက်ယောက်များ စိတ်ကူးပေါ်ပေါက်လာပြီး ကူညီနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ အများသိအောင်ရေးသားရခြင်းပါ။ မြန်မာမှာသာမက ကမ္ဘာမှာပါရှိတဲ့ ရေနည်းငါးလေးတွေ ရေနည်းငါးအဖြစ်မှကင်းဝေးလို့ လူအားလုံးရဲ့ စေတနာ၊မေတ္တာ၊အကြင်နာ မိုးတွေနဲ့ အတူ ရေနည်းငါးအဖြစ်မှကင်းဝေးကြပါစေ။ ရေများရာမိုးရွာခြင်းမှလည်းကင်းဝေကြပါစေကြောင်း ဆုချွေလိုက်ရပါတယ်။


စာရေးသူ...ကိုကိုးအိမ်(မန္တလေး)

8 ယောက်ကစာမူခပေးသွားပါတယ်:

ကိုဇော် said...

ဒါပေမဲ့...သူတို့ စိတ်ထဲမှာ ငွေဆိုတာ တောင်းလိုက်ယုံနဲ့ အသာလေးရပါတယ် ဆိုတဲ့ မှိုင်းဝင်သွားမှာတော့ သတိထားရမယ်။ ကိုယ်ပိုင် လုပ်အားက ရလာတဲ့ ငွေကို တန်းဖိုးထား တတ်စေချင်တယ်။

Zay Tar Yar said...

ကိုကိုးရေ မင်္ဂလာပါဗျာ ၊ အမိမဲ့ သား ရေနဲငါးရယ်လို့ စာဆို ရှိပါရဲ့ လူမှာ အမိမဲ့ပြီဆို လူတွေ နှိပ်စက်ကလူပြုတတ် ကြပေသမို့ ရေနဲငါးဆိုတာ မကောင်းပါဘူး ၊ ရေနဲငါး ဖြစ်မှန်းသိရင် ၊ ရှိတဲ့ အစွမ်းလေးနဲ့ ခုန်ထွက်သင့်ပါ တယ် မြစ်ချောင်း အင်းအိုင် တွေဘက်ကိုပေါ့ ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်မှာ ခြေလက်အစုံပါရက်နဲ့ အရွယ်လဲ အရွယ်ကောင်း ဖြစ်နေရက်နဲ့ တောင်းရမ်းစားနေတဲ့လူတွေကိုတော့ အစ်မလဲ တူတူဘဲ စေတနာထားလို့ကို မရဘူး..
ရေသာခို အချောင်လိုက်နေတဲ့သူတွေလို့ဘဲ မြင်ပါတယ်..

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်..ကိုးရေ...
အမ လွန်ခဲ့တဲ့ (၃)နှစ်ခွဲတုန်းက မြန်မာပြည်ကို အလည်ပြန်တော့ အမအလုပ်လုပ်တဲ့ဆိုင်က အမရဲ့သူဌေးက မြန်မာပြည်ကို လေ့လာချင်လို့ဆိုပြီး လိုက်လာတယ်။ Traders Hotel မှာ တပတ်နေသွားတယ်လေ။ အဲဒီမှာတင် အရှက်က စကွဲတော့တာပဲ။ Traders Hotel ကနေ ဗိုလ်ချုပ်ဈေးကို လမ်းလျှောက်အသွားမှာ ကလေးတယောက်က ပိုက်ဆံလိုက်တောင်းတာ၊ အမက သူဌေးကို မပေးနဲ့ သူတို့မှာ အဖွဲ့ရှိတယ် လို့ပြောထားတဲ့အတွက် သူဌေးကလည်း “no money”လို့ပြောပြီး လက်ခါပြတာကို အတင်းလိုက်တောင်းသေးတယ်။ နောက်မှ မရတဲ့အဆုံး သူဌေးရဲ့ပေါင်ကို ရိုက်ပြီး “fuck you ”လို့ဆဲပြီး လှည့်ထွက်သွားတာ အမ လေ...
ရှက်လိုက်တာအရမ်းပဲ...။ ရေနည်းငါးလေးတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်..၊ သူတို့လည်း ဝမ်းရေးအတွက် ကြိုးစားပြီး ထိန်းချုပ်မှုအောက်မှာ ကူးနေကြရရှာတာ....။

ညိမ်းနိုင် said...

အင်း...ကျွန်တော်နိုင်ငံမှာ လုပ်စရာတွေအများကြီးပဲ...။
လုပ်ပေးနိုင်တဲ့သူတွေ၊တတ်နိုင်တဲ့သူတွေက လက်ပိုက်
ကြည့်နေကြတော့လည်း..။

မိုးယံ said...

ခြင်ကိုက်ရင် နာလို့သာ သူတို့ကို ကြည့်နေရတာ။

ဖြစ်နိုင်ရင် အဲလိုကောင်တွေကို သတ်ပစ်ချင်တယ်။ ဒါပဲ

ကိုကိုး ငြိမ်းချမ်းပါစေ
မိုးယံ

မေပယ်လ် said...

ရေနည်းငါးလေးဖတ်ပြီး
ပြုံးမိ ဆင်ခြင်မိ တွေးတောမိ..။

sosegado said...

အွန်လိုင်းမြို့ကလေးတစ်မြို့တည်ဆောက်နေတာ ကို အရမ်းစိတ်ဝင်စားမိပါတယ်၊ ပြောဦး

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB