ဂျိုးကဗျာနဲ့ ရသစာပေ

|

ဂျိုးဆိုတဲ့ တကူကူးကူးလို့ အော်မြည်တမ်းတတ်တဲ့ သတ္တ၀ါငယ်လေးတွေကို စာဖတ်သူတို့ ကောင်းကောင်းသိကြလိမ့်မယ်လို့ ကိုကိုးထင်ပါတယ်.. ဂျိုးငှက်လေးတွေဟာ မောင်နှံနှစ်ဖော် အတူတကွ တစ်သက်တာပေါင်းသင်း နေထိုင်လေ့ရှိကြပါတယ်.. ဂျိုးငှက်တွေဟာ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြပြီး တစ်သက်တာသစ္စာရှိစွာ နေထိုင်တတ်ကြပါတယ်. ဇီဝဇိုးငှက်တွေ၊ ဟင်္သာမောင်နှံတို့လို တစ်ကောင်သေရင် ကျန်တဲ့တစ်ကောင်လိုက် သေတာမျိုးမရှိကြပေမယ့် အရမ်းသစ္စာရှိတဲ့ သတ္တ၀ါလေးတွေပါ... ဂျိုးငှက်ကလေးတွေဆိုတာ လူတွေနဲ့ အရမ်းရင်းနှီးကြတဲ့ သတ္တ၀ါလေးတွေပါ... အိမ်တွေနားမှာ သစ်ပင်တွေပေါ်မှာ ချောင်းတွေ၊ လမ်းတွေပေါ်မှာ တွေ့ရတတ်တဲ့ အတွက် လူတွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့နေကျ တိရိစ္ဆာန်တွေပါ..

တစ်ခါတုန်းက ဂျိုးထီးလေးတစ်ကောင်နဲ့ ဂျိုးမလေးတစ်ကောင်တို့ရှိကြပါတယ်.. ဂျိုးထီးလေးက လူသားတွေရဲ့လက်ချက်နဲ့ ဘ၀တစ်ပါး ပြောင်းသွား ကွယ်လွန်လေတော့ ဂျိုးမလေးခင်မျာမှာ ၀မ်းနည်းစွာနဲ့ ငိုကြွေးအော်မြည်တမ်းနေရှာတာပေါ့လေ.. အဲဒါကတော့ စာလို၊ စကားပြေလို၊ စာစီစာကုံးလို ပြောလိုက်ခြင်းပါ.. ငှက်ဖိုကလေး သေဆုံးသွားလို့ ငှက်မကလေး လွမ်းဆွေးနေရှာတယ်ပေါ့လေ... အဲဒါလေးကိုပဲ ကဗျာဆရာက ဘယ်လို ဖွဲ့နွဲ့သီကုံး လိုက်လေသလဲဆိုတော့ ကိုကိုးတို့ ငယ်ငယ်က သင်ဖူးတဲ့ကဗျာလေး တစ်ပုဒ်လေ ရေးပြလိုက်ရင်တော့အားလုံး မှတ်မိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.. နေ၀င်စ ဂျိုးမရယ်ကူ တောသူမလေးအဝေး... စာကိုသာစာကိုလိုလို့ ကူရှာသလော ကူသလော.. ရေကိုသာရေကိုလိုလို့ ကူရှာသလော ကူသလော.. နွားကျောင်းသားငယ် ညွှတ်ကွင်းရယ်တည့် ဘယ်.. ဘယ်ကိုမှီး လယ်.. လယ်ကိုမှီး ဘယ်.. ဘယ်ကိုနှက် လည်ပင်းအထက် ခေါင်းကိုနှက် ဘယ်.. ဘယ်ကိုခွဲ ရင်.. ရင်ကိုခွဲလို့ ရှားမီးခဲတွင် ရဲရဲငယ်ကင်သည် အကျွန်မမြင်ဝံ့ပါတကား.. ကဲဒိလောက်ဆိုရင်တော့ မှတ်မိလောက်ပြီလို့ထင်ပါတယ်...

ခုနကတော့ စာလို၊စကားပြေလို ပြောတုန်းက ဂျိုးလည်ပြောက်လေးတွေ အိမ်နား၊ ချောင်းနား၊ သစ်ပင်နားတွေမှာ နေတယ်.. လူတွေနဲ့ရင်းနှီးတယ်.. သူတို့ရဲ့သဘာဝလေးတွေဘယ်လိုရှိတယ်.. လူတွေမကြောက်တတ်ဘူး.. လမ်းတွေပေါ်မှာ အစာရှာစားတတ်တယ်.. လူတွေကသတ်လိုက်လို့ ဂျိုးဖိုလေး သေတာကို ဂျိုးမလေးငိုကြွေးမြည်တမ်းနေရှာ တယ်လို့ပြောလိုက်တဲ့ စကားနဲ့ အခု ဘာမှ စကားပြေ(Translate) မပြန်ရသေးတဲ့၊ ကဗျာလေးကို ရွတ်ပြလိုက်တဲ့အခါ ခံစားရတဲ့ခံစားမှူ့ ဘယ်ဒင်းက ရင်ကိုထိမိခံစားမိစေပါသလဲ... အဲဒီမှာပြောကြပါလိမ့်မယ် .. ကဗျာပါဆိုမှ စကားပြေပြန်ဖို့ Translate လုပ်ဖို့ လိုသေးလို့လားလို့ မေးတဲ့သူတွေရှိပါလိမ့်မယ်.. လိုတယ်.. လိုကိုလိုပါတယ်.. ဘာလို့လည်းဆိုတော့ ကဗျာမှာပါတဲ့စကားလုံးတွေဟာ ကွန်ဆာ့ထ်(ကျစ်လစ်) ဖြစ်တဲ့အတွက် စကားပြေပြန်ဖို့ လိုကိုလိုပါတယ်.. တစ်ချို့နေရာတွေမှာ ကဗျာစာသားတွေဟာ ကျစ်လစ်တဲ့အတွက် ပြောရမယ်ဆိုရင် လူပြိန်းနားမလည်နိုင်တဲ့ စကားတွေပါနိုင်ပါတယ်.. အဲတော့ ဘာလုပ်ပေးရမလဲ.. ကွန်ဆာ့ထ်ဖြစ်နေတာတွေကို ဖြည်ပေးရပါတယ်.. ကဗျာမှာပဲဖြစ်ဖြစ် စာမှုာပဲဖြစ်ဖြစ် အင်ဖလစ်(ပွယောင်း)လွန်းရင်လည်းမကောင်းသလို ကွန်ဆာ့ထ်(ကျစ်လစ်)လွန်း ရင်လည်း မကောင်းပါဘူး.. သာမန်လူနားမလည်နိုင် တော့ပါဘူး.. စာဖတ်သူတွေသဘောပေါက် မယ်ထင်ပါတယ်.. ဒါပေမယ့် ဒီကဗျာမှာတော့ ကွန်ဆာ့ထ်ဖြစ်လွန်းတာလည်းမဟုတ်သလို အင်ဖလစ် ဖြစ်လွန်းတာ လည်းမရှိပါဘူး.. ဒါပေမယ့် တိရိစ္ဆာန်လေးတွေရဲ့ သဘောသဘာဝလေးတွေ ပါလာတော့ အဲဒါကို ကိုကိုးတို့နည်းနည်း ပြန်ရှင်းရမယ့် အပိုင်း လေးတွေရှိပါတယ်..
ဒီနေရာမှာ မေးစရာတစ်ခုရှိလာပါပြီ.. အခုနက အပေါ်ဆုံးမှာ ရေးပြခဲ့သလို စာလိုဖတ်ပြတာနဲ့ ကဗျာလေးလို ရွတ်ပြတာနဲ့ ဘယ်ဒင်းကပိုပြီး ရင်ကိုထိစေ မယ်လို့ စာဖတ်သူတို့ထင်ပါသလဲ.. ကဗျာလေးလိုရွတ်ပြတာက ပိုပြီး ရင်ကိုထိစေတာပေါ့.. ကိုကိုး အပေါ်ဆုံးမှာ စာလို၊ စကားပြေလိုပြောနေတုန်းက နေရာတွေ၊ အချိန်တွေ၊ သစ်ပင်တွေပေါ်မှာ၊ လမ်းတွေပေါ်မှာ ၊ မနက်ခင်းတွေမှာ ၊ ချောင်းနား၊ မြောင်းနားမှာတွေ အစရှိသဖြင့်ပေါ့ အဲလိုမျိုးတွေပါပါတယ်.. သူကတောင်ပိုပြီးတော့ ပြည့်စုံရှင်းလင်းနေသေးတယ်နော်.. အဲဒါက တင်ပြတဲ့အပိုင်းကို ပြောတာပါ.. ရှင်းလင်းတဲ့အပိုင်းမှာလည်း စကားပြေဆိုတော့ နားလည်လွယ်တယ် ပိုပြီးပြည့်စုံတဲ့ ရှင်းလင်းချက်တွေပါတဲ့ အတွက် လူတိုင်းနားလည်နိုင် ပါသေးတယ်.. ဘာသာပြန်ပေးစရာကိုမလို လောက်အောင် နားလည်သဘောပေါက်နိုင်ပါတယ်..

ဒါပေမယ့် အဲဒီစကားပြေပုံစံစာကိုဖတ်ပြတာနဲ့ ကဗျာရွတ်ပြတာလေးနဲ့ကို ယှဉ်ပြလိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ရင်ထဲက ခံစားမှူ့မှာ ဘယ်ဒင်းက အရသာ ကိုပိုပေးမယ်လို့ စာဖတ်သူတို့ထင်ပါသလဲ.. ကိုကိုးကတော့ ကဗျာရွတ်တာလေးက ပိုပြီး အရာသာပိုပေးတယ်လို့ထင်ပါတယ်.. ဥပမာ၊ ဥပမေယျနဲ့ ဆောင်ပြီးပြောရမယ် ဆိုရင်တော့ ကလေးငယ်လေးကို အိပ်ရာဝင်ခါနီးမှာပဲဖြစ်ဖြစ်၊ စာသင်တဲ့အခါမှာပဲဖြစ်ဖြစ် စာတွေကို အတုံးလိုက် အတစ်လိုက် ဖတ်ပြတာနဲ့ ကဗျာလေးတွေ သင်ပေးတာ ဘယ်ဒင်းကပို အတတ်မြန်မယ်ထင်ပါသလဲ.. ကဗျာရွတ်ပြတာကပို အတက်မြန်တာပေါ့.. ဘာလို့လဲဆိုတော့ ကဗျာဆိုတာမျိုးက ရွတ်လို့ကောင်းတော့ ရင်ထဲလဲ တိုက်ရိုက်ဝင်တယ်.. နားထဲလည်း တိုက်ရိုက်ဝင်တာပေါ့..
ခုနကကဗျာလေးကို ပြန်ကောက်လိုက်ကြဦးစို့.. နေ၀င်စ ဂျိုးမရယ်ကူ တောသူမလေးအဝေး... တဲ့..။ အဲဒီတောသူမလေးဆိုတာဘယ်သူ့ကို ပြောတာလဲ.. ဘာကိုဆိုလိုတာလဲ..ဘာကိုရည်ညွှန်းတာလဲ.. တောမှာ ရေခပ်ဆင်းတဲ့ တောသူမလေးနဲ့ မနီးမဝေးကို ပြောတာလား.. ဂျိုးငှက်မလေး ကိုပြောတာဆိုရင်လည်း ဘာလို့ ဂျိုးငှက်မလေးအဝေးလို့ မသုံးတာလဲ.. အကြောင်းတော့ရှိရမယ်နော့... အဲဒါကိုတော့ ပြောမပြေတော့ဘူး စာဖတ်သူတို့ကိုယ်တိုင်ပဲ စဉ်းစားကြည့်တော့နော်... စဉ်းစားလို့ အဖြေရတယ်ဆိုလည်း ပြောသွားပါဦးနော်.. နောက်တစ်ခုက အဝေးဆိုတာကကော ဘာကိုပြောချင်တာလဲ .. အဝေးကြီးကို ပြောတာမဟုတ်ဘူးနော်.. သေသွားတာကို အလင်္ကာနဲ့ခံပြီးရေးလိုက်တာပါ. မဆုံနိုင်အောင်ဝေးသွားတာကို အခုကဗျာလေးမှာ သံပေါက်ပုံစံမျိုးရေးထားတဲ့အတွက် မဆုံနိုင်အောင်ဝေးတယ်တို့ စည်းတစ်ဖက်ခြားတို့ ၊ ပြန်မဆုံနိုင်တော့ပါ တို့ကို ကဗျာမှာသုံးလို့အဆင် မပြေနိုင်တဲ့အတွက် အဝေးဆိုပြီး အလှဆုံးသုံးသွားတာပါ.. အဲဒါကို ရသလို့ခေါ်ပါတယ်..
စာကိုသာစာကိုလိုလို့ ကူရှာသလော ကူသလော..ဆိုတာမှာလည်း စာဆိုတာ ဘာစာလဲ.. ဘာကိုပြောချင်တာလဲ.. စာပုလွေရင်မှာပိုက်ပါလို့ဆိုတဲ့ စာမျိုးလား၊ ရည်းစားစာလား.. တကယ်တမ်းက သူရေးချင်တာ အစာဆိုတာကိုရေးချင်တာပါ.. အဲဒါကို ဘာလို့ အ ဆိုတဲ့အက္ခရာကို မထည့်ဘဲဖြုတ်ထားခဲ့ရတာလဲ.. စဉ်းစားစရာနော်.. စာကိုသာစာကိုလိုလို့ လို့ဘာလို့ရေးတာလဲ.. ဒါကတော့ ကဗျာရဲ့ပညာရပ်ပိုင်းဆိုင်ရာ နဲ့ဆိုင်သွားပါပြီ.. ဒီ့ထက်ဆက်ပြောမယ်ဆိုရင်တော့ တစ်ညလုံး၊ တစ်နေကုန်ထိုင်ရေးတောင် ပြီးနိုင်အံ့မထင်ပါတယ်.. နောက်များမှပဲ အဲဒီအကြောင်းတွေ အလျဉ်းသင့်သလို ရေးပါဦးမယ်.. တကယ်မှာက ကျွန်တော်တို့ မြန်မာ့ပင်ရင်းကဗျာတွေဟာ အရမ်းကို ပညာသားပါလွန်း အရမ်းကို ကောင်းလွန်းလှပါတယ်.. ဘာတဲ့အခု ခေတ်စားနေတဲ့ မော်ဒန်ကဗျာတို့ မော်ဒတ်တို့ အော်တာ တို့ အာတော်တို့ တွေ ဆိုတာ ဘာကိုရေးလို့ရေးမှန်းမသိ.. ရေးထားတဲ့ အကြောင်းအရာနဲ့ ခေါင်းစဉ်နဲ့ကတလွဲ.. ဆီမပါ ပြားမပါ ထမင်းကို စားရသလို ဘာမှန်းမသိ ပေါ့ရွှတ်ရွှတ်ကြီးကိုဖြစ်နေတာပါ... သူတို့လည်း အဲဒီဘာမှန်းမသိတာတွေကိုပဲ ဘာမှန်းမသိလေ ကောင်းလေဆိုပြီး ထင်တိုင်းကျဲ နေကြတာတော့မကောင်းဘူး ပေါ့ခင်ဗျာ.. ကျွန်တော်တို့ မြန်မာပင်ရင်းကဗျာတွေရဲ့ အဆီအနှစ် ဘယ်လောက်သက်ဝင်တယ်ဆိုတာ ကို မြန်မာပြည်မှာကြီး မြန်မာထမင်းစားပြီး မြန်မာကဗျာ၊ မြန်မာ့ဂီတသံကြားရင် အိပ်ချင်တယ်ဆိုတဲ့ အော်တာ အော်တက်တွေ မော်ဒန် မော်ဒတ်တွေ သိစေချင်စမ်းပါဘိ ကိုရွှေမြန်မာကြီးတို့ရေ..
တစ်ခုတော့လည်း မော်ဒန်မော်ဒတ်တွေကို မေးချင်စမ်းပါဘိ.. ဘာမှန်းမသိတဲ့ စုန်းတွေ၊ ကဝေတွေ၊ ဖုတ်တွေ သရဲတွေအကြောင်းတွေ ရေးထားတဲ့ ခင်ဗျားတို့ မော်ဒန်ကဗျာတွေကို ခင်ဗျားတို့ကိုယ်တိုင် ခံစားသက်ဝင်လို့ရေးတာလား.. သူများတွေတော့ရေးနေကြတာ ကောင်းတယ်ပြောကြတယ်.. ငါလည်းရေးကြည့်ဦးမှဆိုပြီး သူများရေးလို့ လိုက်ရေးရင် မော်ဒတ်ကဗျာဆရာအမည်ခံလိုက်တာလား.. ဖြေကြည့်ကြပါ.. တကယ်လို့သာ သူများလုပ်တိုင်း လိုက်လုပ်တာဆိုရင်တော့ သူများယောင်လို့ယောင် မောင်တောင်မှန်းမြောက်မှန်းမသိတဲ့ ကဗျာချာတွေဖြစ်ကုန်ကြမှာပေါ့ဗျာ.. တကယ်မှာက ကဗျာဆိုတာ အနုဿယကို ဖွဲ့တာပါ. ကျွန်တော်တို့ မြန်မာကဗျာတွေကိုကြည့်လိုက် စမ်းပါ.. ဘယ်ချိန်ရွတ်လိုက်ရွတ်လိုက် ရသပေါင်းစုံကို တကယ့်အနုဿယနဲ့ ရေးဖွဲကထားတာကိုတွေ့ရမှာပါ.. အခုတော့ဖြင့် မဟုတ်ပေါင်ဗျာ.. ကဗျာထဲမှာ ဆဲထားလိုက်တာကလည်း ဗလကြမ်း .. တစ်ခါတစ်လေများ မအေနှမစုံလို့ပါ တကယ့် ပရိယုတ္ထာနတွေကို တွေ့နေရတာပါ. ရသဆိုတာ ဘယ်မှာပါလိမ့်လို့ ဆိုရမလောက်ပါပဲ.. ဘယ်နေရာမှာမှကို ရသရဲ့သဘောတရားကို မတွေ့ရတာပါ... အဲတော့ ကိုမော်ဒတ်တို့ကို စေတနာအရင်းခံဖြင့်ပြောချင်တာက မြန်မာတို့ရဲ့ မြန်မာကဗျာကို တစ်ချက်ကလေး လောက်တော့ စောင်းငဲ့ကြည့်ကြည့်ပါ.. တစ်စုံတစ်ရာကိုမြင်တွေ့လာရမှာပါ..
ရေကိုသာရေကိုလိုလို့ ကူရှာသလော ကူသလော.. ဒါကတော့ရှင်းပါတယ်.. ရေကိုလိုလို့ ကူတာပါလားတဲ့ခင်ဗျာ.. ရသဆိုတာကတော့ လူတစ်ယောက်ချင်းစီရဲ့ ခံစားမှူ့ အတိမ်အနက်ပေါ်မှာ လိုက်ပြီးကွဲလွဲမှူ့လေးတွေရှိပါတယ်.. စီးပွားရေးသမားတစ်ယောက်ဟာ စီးပွားရေးအမြင်မြင်မယ်.. အဲသလိုပဲ အနုပညာသမား တစ်ယောက်ရဲ့အမြင်၊ ဂီတသမားတစ်ယောက်ရဲ့ အမြင်၊ စာပေသမားတစ်ယောက်ရဲ့အမြင်၊ သိပံသမားတစ်ယောက်ရဲ့အမြင် အစရှိသဖြင့် လူတစ်ဦးချင်းစီ ရဲ့ အမြင်နဲ့ ခံစားမှူ့အပေါ်မှာ ရသကို အမျိုးမျိုးစားသုံးလို့ရပါတယ်.. တစ်ချို့ရသတွေမှာ အရမ်းကို ကွန်ဆာ့ထ်ဖြစ်လွန်းသွားတဲ့အတွက် ဖော်လို့မရနိုင်တဲ့ လျှို့ဝှက်ချက်တွေ၊ ပဟေဠိတွေ မြှုပ်ကွက်တွေ အများကြီးကို တွေ့ရနိုင်ပါတယ်. အဲလိုမျိုး ရသအမျိုးအစားကိုကျတော့ သူ့ရဲ့ခံစားမှူ့နယ်ပယ်ကနေ သူ့ရဲ့ရပ်တည်မှူ့ရှူ့ထောင့်ကနေ အဖြေထုတ်သွားရတာမျိုးတွေရှိပါတယ်..
ဥပမာတစ်ခု ထင်သာအောင်ပြပါဦးမယ်.. ရိုင်းတယ်လို့တော့မထင်ကြပါနဲ့ခင်ဗျာ..နားနဲ့မနာ ဖ၀ါးနဲ့နာပေါ့ အခု လူတွေပြောနေကြတယ် မြန်မာလိုဆို နင့်ကိုငါချစ်တယ်.. တရုတ်လိုဆို ဝေါ်အိုက်နိ.. အင်္ဂလိပ်လိုဆို အိုင်လပ်ဖ်ယူ ဟုတ်တယ်နော် အဲဒီလောက်ပြောလိုက်တာနဲ့ လူတွေဘယ်လောက်ထိသဘောပေါက် သွားမလဲ.. အဲဒီစကားလေးရဲ့ နောက်ကွယ်မှာ နောက်ဆက်တွဲအဓိပါယ် တွေအများကြီးရှိပါသေးတယ်.. အဲဒါတွေပြောစရာလို သေးရဲ့လား.. နင့်ကိုငါချစ်တယ်.. ဆိုရင် ချစ်ပြိးတာနဲ့ လက်ထပ်မယ်.. လက်ထပ်ပြီးတာနဲ့ တူတူအိပ်တဲ့ကိစ္စတွေ.. တူတူနေတဲ့ထိုင်တဲ့ကိစ္စတွေ အားလုံးပါသွားပါပြီ.. အဲဒါတွေကို ထုတ်ပြောနေစရာကိုမလို တော့ပါဘူး.. ကောင်လေးက တောင်းဆိုလို့ ကောင်မလေးက ချစ်တယ်ပြောလိုက်ပြီ ဆိုရင်ဖြင့် အဲဒီနောက်ဆက်တွဲတွေက အလိုလိုပါလာမယ်ဆိုတာသိပြီးသားပါ.. ရှင်းပြစရာကို မလိုတော့တာပါ.. အဲလိုပဲပေါ့ခင်ဗျာ.. ရသဆိုတာလည်း အရှေ့ကနေ လမ်းကြောင်းလေးတစ်ခုကို ဦးတည်ပြီး အနုပညာဖော်ထုတ်သူတစ်ယောက်က ဒီလိုခံစားပြီး ရေးလိုက်ပေမယ့် အနုပညာခံစားသူတစ်ယောက်က ဟိုလိုခံစားပြီး နောက်ဆက်တွဲအတွေးတွေကို ခံစားတတ်ရင် တတ်သလောက် ခံစားနိုင်တာကို ရသလို့ခေါ်ပါတယ်..
ကဲ... ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်.. မေးခွန်းလေးလဲဖြေသွားဦးနော်... ဒုတိယပိုင်းကိုတော့ နောက်နေ့မှ ဆက်ရေးပါတော့မယ်.. စောင့်စာဖတ်ရှူ့ပေးကြပါဦးခင်ဗျာ
ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး) --

3 ယောက်ကစာမူခပေးသွားပါတယ်:

အုပ်ကြီး said...

ဒီလို စာမျိုးဖတ်ရတာအရမ်းတန်ဖိုးရှိပါတယ် ...
တစ်ချို့ ကလည်း ဆန်းရင်ပြီးရော ဒူးခေါင်းပန်းပန်မည် ..ဆိုတာမျိုးလည်းရှိကြမှာပါ ..
မော်ဒန် ၊ပို့ စ်၊ LP (Language Poetry ) ဘာပဲဖြစ်ပါစေ ...အဓိက ကတော့ စာရေးသူရဲ့ စေတနာ ပါလို့ ပဲရိုးသားစွာ ဆိုပါရစေ ..
(ကြိုက်ခြင်း ၊မကြိုက်ခြင်း လက်ခံခြင်း ၊မခံခြင်းကတော့ နေရာတိုင်းမှာ ရှိနေမှာပါ) ..
ဒါပေမယ့် ဒီလို ဆဲဆို ရစရာမရှိအောင် လျှောက်ရေးတဲ့သူတွေ အပြင်မှာ ငါအဲဒီ့ကဗျာဆရာကွ ဆိုပြီး လက်မထောင်ရဲပါ့မလားခင်ဗျာ လို့ ပဲမေးလိုက်ချင်ပါတယ် ....
(နောက်ထပ်လည်း ဒီလိုဆောင်းပါးမျိုးကို အားပေးပါရစေ အစ်ကို)

အလင်းသစ် said...

ဖတ်ရှုသွားပါတယ်ဗျ။။။။။။။။။

Unknown said...

နေဝင်စဂျိုမရယ်ကူ ဘယ်သူရေးတာလဲဗျာ
မသိလို့ပါ

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB