အတိတ်တွေဟာ သွေးပျက်ဖွယ်ကောင်းလောက်အောင်
တစ်စက္ကန့်ရဲ့သုံးပုံတစ်ပုံတိုင်းမှာ တိုက်စားဖျက်ဆီးနေကြရတယ်…
ပစ္စုပ္ပါန်ကတော့ ရုပ်ကြွင်းတစ်ခုရဲ့ ရှိစုမဲ့လက်ကျန်တွေကို တရိရိလှိုက်စားနေရသလို
အလင်းတန်းတစ်ချို့ကိုတောင် ခံစားသိမြင်နိုင်စွမ်းတွေ ချုံးချုံးကျလျက်….…
အနာဂတ်တွေကတော့ စေတန်ရဲ့နိမိတ်ပုံတွေ ဒင်းကြမ်းထပ်လျက်ရှိတဲ့ မြောင်းတစ်ခုမှာရောက်နေခဲ့တယ်….
ခန္ဓာကိုယ်အတွင်း ပျံ့နှံ့ရောက်ရှိခဲ့ခြင်းမရှိသော ဆေးတစ်ခွက်လို
အရာရာဟာ ကိုက်ခဲလေးလံခြင်းတွေနဲ့ ငါ့ဦးနှောက်တစ်ခုလုံး နေ့စဉ်သေနေခဲ့ရ…..
လကမ္ဘာရဲ့အကြွင်းအကျန်တစ်စ ငါ့ကိုလာမှန်တယ်….
ငါ့မျက်နှာပေါ်က ရေခဲတွေမြစ်တွေတောင် တစ်စစီပြိုကွဲထွက်ခဲ့ရပေါ့….
လှောင်ပြောင်ရယ်မောသံတွေကြားမှာ ဗုဒ္ဓဟူးဂြိုလ်က ငါ့ကိုလှမ်းပြောတယ်…
သူငယ်ချင်း… မင်းရဲ့အမှောင်တွေကို ငါတို့ထွန်းလင်းပေးပါရစေ..
အံ့သြမှူ့တွေတစ်ပွေ့တစ်ပိုက်နဲ့ သောကြာဂြိုလ်ကတောင် ငါ့ကိုလှောင်ချင်ချင်…
အလင်းတန်းဆိုသောအရာတစ်ခုအရေခြုံထားတဲ့ ကတိကဝတ်တွေဟာ
မျက်စိရှေ့မှောက်တင် ဂယောင်ဂယင်နိုင်စွာ တဖပ်ဖပ်ကွာကျနေခဲ့…..
နှစ်ပိုင်းတစ်ပိုင်းဆန်တဲ့ သစ္စာတရားတွေ
ညီမျှခြင်းဆန်ဆန် ကိန်းဂဏန်းတွေအောက် ပြားပြားမှောက်ခဲ့ရ…
ယုံကြည်မှူ့ဆိုတဲ့ မည်ကာမတ္တသစ္စာတစ်ခုဟာ ငါတို့ကမ္ဘာနဲ့ မျဉ်းပြိုင်ကျစွာ
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး လည်ပတ်နေရရှာတယ်…
ကြီးမားတဲ့ဆွဲငင်အားတစ်ခုရဲ့ စေစားမှူ့အောက်မှာ ယုံကြည်မှူ့ရဲ့ယုံကြည်မှူ့တွေ
အနိစ္စတရားရဲ့ ပွင့်လင်းမြင်သာတဲ့ ဇာတ်ခုံပေါ်မှာ အခါပေါင်းများစွာ သေပြနေရတယ်….
ငါ့စိတ်တွေဆွဲငင်အားမဲ့သွားတဲ့အချိန်မှာတော့ ငါပိုင်ဆိုင်သမျှစိတ်နဲ့ခန္ဓာဟာ
စကြာဝဠာထဲမှာ ကလိုရိုဖီးလ်မရှိတော့တဲ့ သစ်ရွက်တစ်ခုလို လျော့တိလျော့လျဲ လွင့်မျောနေရတော့တယ်…
ကိုကိုးအိမ်(မန္တလေး)

4 ယောက်ကစာမူခပေးသွားပါတယ်:
လကမ္ဘာရဲ့အကြွင်းအကျန်တစ်စ ငါ့ကိုလာမှန်တယ်….
ငါ့မျက်နှာပေါ်က ရေခဲတွေမြစ်တွေတောင် တစ်စစီပြိုကွဲထွက်ခဲ့ရပေါ့….
တကယ်ကြီးလား ကိုကိုးရေ....:)))
စတာပါ...ကဗျာလေး မိုက်စ်
ချစ်ရေ ကိုယ်လာလည်တယ် စာတွေလည်း လှည့်ပတ်ဖက်သွားတယ် ကျေးဇူးတင်ပါတယ် ဈေးဦးဖောက်သွားလို့လေ ကွန်မင့်ပေးတာကိုပြောတာနော်
သံဝေဂလေးနဲ့ယှဉ်ပြီး ဖတ်သွားပြီ ကိုကိုးရေ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
“ကြီးမားတဲ့ဆွဲငင်အားတစ်ခုရဲ့ စေစားမှူ့အောက်မှာ ယုံကြည်မှူ့ရဲ့ယုံကြည်မှူ့တွေ
အနိစ္စတရားရဲ့ ပွင့်လင်းမြင်သာတဲ့ ဇာတ်ခုံပေါ်မှာ အခါပေါင်းများစွာ သေပြနေရတယ်….” ... ပြယုဂ်တစ်ခုကို မျက်ဝါးထင်ထင်လက်တွေ့ မြင်တွေ့လိုက်ရသလိုပါပဲ ကိုကိုးရေ ... :)
Post a Comment