ခုတလော ကိုကိုးအိမ်ကံမကောင်းပါ... ခဏတိုင်းအဆဲခံရပါသည်။ အဲဒါကတော့ သူ့ အကျိုးနဲ့သူ သွားပါလိမ့်မယ်။
အဲဒီမှာ တစ်ခုရှိတာက ကျွန်တော်ငယ်စဉ်ကတည်းက ဘယ်သူ့ကိုမှ မိုက်မိုက်ရိုင်းရိုင်း မဆဲခဲ့ဖူးပါ။ အဲဒါနဲ့ပတ်သက်လို့တော့ တစ်ခုဖြေသိမ့်စရာ ရှိတာကတော့ဗုဒ္ဓရဲ့တရားတော်တွေပါပဲ။ ငယ်စဉ်ကတည်းက ကိုကိုးရဲ့ စွဲမြဲခဲ့တဲ့အကျင့်ကစာဖတ်ခြင်းပါပဲ။ စာမဖတ်ရရင်မနေနိုင်၊ တွေ့တဲ့ စာအုပ်ကောက်ဖတ်ခဲ့တာငယ်စဉ်ကတည်းကပါ။ ဗုဒ္ဓစာပေတွေကို စွဲစွဲမြဲမြဲစဖတ်ဖြစ်ခဲ့တာ လေးတန်းနှစ်ကပါ။ မြတ်မင်္ဂလာစာစောင်လို မျိုးတွေကို အိမ်ကလည်းလစဉ်ဝယ်တာဆိုတော့ အဲစာအုပ်ဝယ်လာတဲ့နေ့ဆို မျက်နှာနဲ့စာအုပ်ခွာကိုမခွာတော့ပါဘူး။အဲလိုစွဲမြဲခဲ့တဲ့ အကျင့်တွေကြောင့် ခြောက်တန်းနှစ်မှာ အဖေ့ရွာဆင်ကျွန်းကိုကထိန်ခင်း သွားတော့ ဘဘတစ်ယောက်ရဲ့ ဗုဒ္ဓ၀င်စာအုပ်ကြီးကို ကြိုက်လွန်းလို့ ငှားတာ ငှားမပေးတော့ အိတ်ထဲကို ထည့်ဖွက်လာခဲ့ပါတယ်။တစ်နည်းစာအုပ်ခိုးဖတ်တာ ပေါ့ဗျာ။ အဲလိုနဲ့ နေ့လည်းဒီစာအုပ်ကြီးနဲ့ညလည်းဒီစာအုပ်ကြီးနဲ့ဆိုတော့ အိမ်ကမကြိုက်ဘူးပေါ့ဗျာ။ ဒါလည်း ညတိုင်ဆိုခြင်ထောင်ထဲကိုစာအုပ်ကြီးသွင်းပြီး ခိုးဖတ်တာပါပဲ။ မိသွားရင်တော့အဆိုခံရတာပေါ့။ အဲလောက်ထိ စာအုပ်ဖတ်ဝါသနာပါခဲ့တာပါ။ အဲဒီလိုစာအုပ်တွေဖတ်ရတဲ့အကျိုးကတော့ ပါဠိဆို အဓိပ္ပါယ်သာမသိချင်နေမယ်အား လုံးနီးပါးဖတ်နိုင်သွားပါတယ်။ နောက်စာအုပ်ဖတ်တာများတဲ့အတွက်ဘယ်သူနဲ့ပဲ စကားနိုင်လုလု ကိုယ်ပဲနိုင်ပါတယ်။ နောက် တစ်ခုခုစိတ်ညစ်စရာတွေ ပြဿနာတွေကြုံလာပြီဟေ့ ဆိုရင် စိတ်ထားတတ်သွားပါတယ်။နောက် လူတွေကို ဒုက္ခပေးရမှာ ကလဲ့စားချေရမှာ တွေလည်း တော်တော်ကိုတွန့်ဆုတ်သွားပါတယ်။ လူတစ်ယောက်ရဲ့ပြုလိုက်တဲ့ကံဟာကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အဲဒီလူသွားလေရာကို လိုက်ပါတယ်။အဲဒါကို ရှင်တော်ဘုရားက ဘာနဲ့ဥပမာပေးထားလည်းဆိုတော့လှည်းကိုထမ်းထားတဲ့ ၀န်ဆောင်နွားနဲ့ဥပမာ ပေးထားပါတယ်။ ၀န်တင်လှည်းကိုထမ်းထားတဲ့ဝန်ဆောင်နွားရဲ့ ခြေထောက်ကို လှည်းဘီးက အဆက်မပြတ်လိုက်လံနှိပ်စက်နေသလိုပါပဲလို့ မိန့်ဆိုခဲ့ပါတယ်။ ကိုယ်ပြုလိုက်တဲ့ ကောင်းမှူ့မကောင်းမှူ့တွေဟာ အဲဒီလူသွားလေရာနောက်ကို လိုက်စမြဲပါ။ဘယ်လိုမှပြေးလို့မလွတ်ပါဘူး။ နောက်တစ်ခုရှိတာက ကိုယ်ပြုတဲ့ကံကိုကိုယ်တိုင်ခံရမှာပါ။ ကျွန်တော်တို့လူ့ဘ၀ဆိုတာ တကယ်တမ်းတိုတိုလေးပါ။ကိုကိုးဆိုဘယ်လိုမှန်း မသိလိုက်ပဲနဲ့ ခုဆို နှစ်ဆယ်ကျော်လာခဲ့ပါပြီ။တကယ်တမ်းစဉ်းစားကြည့်လိုက်ရင်ဘာမှမကြာလိုက်သလိုပါပဲ။
မူလတန်းကျောင်းသားဘ၀ဟာလည်း မနေ့တစ်နေ့ကလိုတက္ကသိုလ် ကျောင်းသားဘ၀ဆိုတာလည်း ဘယ်လိုပြီးသွားလိုက်မှန်းကိုမသိပါဘူး။ ကဲ အသက်ရှစ်ဆယ်ကျော်တွေကို မေးကြည့်လိုက်ပါ။ သူတို့လည်းသူတို့ဘ၀ကို ဘာမှမကြာလိုက်သလိုထင်ကြတာပါပဲ။ဒီလိုမကောင်းတာတွေလုပ်ပြီး ခံရမှာက တစ်သံသရာလုံးဆို တန်ပါ့မလားစာဖတ်သူတို့ပဲစဉ်းစားကြည့်ကြပါ။ ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ့စကားလည်းရှိပါတယ်။့  ကိုကိုးကတော့ အဲလိုပဲ
ခံယူထားလိုက်ပါတယ်။ ခုကိုယ်မကောင်းတာကိုခံနေရတာ အရင်ကကိုယ်မကောင်း တာလုပ်ခဲ့လို့။ စိတ်ဆင်းရဲရတာ အရင်ကသူများစိတ်ဆင်းရဲအောင်လုပ်ခဲ့လို့။ အော် သူလည်းတစ်ချိန်ကိုယ့်လိုပြန်ခံစားရဦးမှာပါလားဆိုတာကို တွေးမိရင် သူ့ကို ဒေါသမထွက်တဲ့အပြင်သနားစိတ်တောင်ဝင်လာနိုင်ပါသေးတယ်။ နောက် ကိုကိုးအရမ်းကြိုက်တဲ့ဆုတောင်းလေးတစ်ခုလည်းရှိပါတယ်။ အရှင်ဆန္ဒာဓိက စာအုပ်ထဲကပါ။မချစ်တတ်မမုန်းတတ်တဲ့သူ ဆိုတဲ့စာအုပ်လေးပါ။ တပည့်တော်သည်
တဏှာဖြင့် မချစ်တတ်မမုန်းတတ်သောသူဖြစ်ရပါလို၏ ဆိုတဲ့စကားလေးကိုအရမ်း သဘောကျပါတယ်။. ဒီချိန်မှာ တစ်ယောက်ယောက်ကကြိုက်တဲ့ဆုတောင်း တောင်းတဲ့ဆုပြည့်မယ်ဆိုရင်အဲလိုလေးဆုတောင်းဖြစ်မှာပါ။ ဓမ္မပဒထဲမှာ ချစ်သောသူတို့နှင့်လည်းမပေါင်းဖော်သင့်၊မချစ်သောသူတို့နှင့်လည်းမပေါင်းဖော်သင့်တဲ့။
ချစ်သောသူတို့နှင့် မမြင်ရခြင်းသည်လည်းဒုက္ခ ၊ မချစ်သောသူတို့ကြို့မင်နေရခြင်း သည်လည်း ဒုက္ခတဲ့ ။ အဲဒီတော့ မချစ်တတ်မမုန်းတတ်သူသာအကောင်းဆုံးပေါ့နော့။ ဒီစာသားလေးကတော့ အရှင်ဆန္ဒာဓိကရဲ့စာသားလေးကို ပြန်သုံးလိုက်တာပါ။ အရမ်းကြိုက်လို့ ။ အင်းဒီပို့စ်လေးရေးရင်း ဇေနဲ့လည်း စကားပြောဖြစ်ပါတယ်။ သူကတော့ ပြောတယ် ချစ်တတ်မုန်းတတ်သူပါတဲ့။ ချစ်တတ်တာမှ စင်ကာပူထိသွားပြီးကို ချစ်သူနဲ့ ယာပထရွှင်ပြုံး သီတင်းသုံးနေပါသတဲ့ဗျာ။ ကိုကိုးကတော့ချစ်ရမှာလည်းကြောက်တယ် (ခဲမှန်ဖူးတဲ့စာသူငယ်လို ပေါဘာလည်းတော့ မမေးကြေးနော်) မုန်းရမှာလည်းကြောက်တယ်လက်ရှိ ကောင်မလေး ကို မစွန့်နိုင်ဘူးကိုး) ဒါပေမယ့် ဆုတောင်းရင်တော့မချစ်တတ်မမုန်း တတ်တဲ့သူဖြစ်ရပါလို၏လို့ပဲ ဆုတောင်းပါတယ်။ ခုထိတော့အရမ်းမမုန်းတတ်ပေမယ့် အရမ်းတော့ ချစ်တတ်တဲ့ချာတိတ်လေးတစ်ယောက်သာဖြစ်ပါကြောင်း..................
မချစ်တတ်မမုန်းတတ်သောသူဖြစ်ရပါလို၏။
စာရေးသူ...ကိုကိုးအိမ်
12 ယောက်ကစာမူခပေးသွားပါတယ်:
မမုန်းတတ်တဲ့ လူတော့ ဖြစ်ချင်ပါရဲ့
မချစ်ပဲတော့ မနေနိုင်ပေါင်ဗျာ
ဟိုတစ်လောက တွေ့တယ်
cbox ကြီးလျှံထွက်မသွားတာ ကံကောင်း
ဒီကောင်တွေ အရေမရ အဖတ်မရ အလုပ်တွေ တော်တော် လုပ်တာပဲ.. ဘာမှ လဲ ကိုယ့်အတွက်ရော သူ့အတွက်ရော အကျိုးရှိတာမဟုတ်ပဲနဲ့....
ကိုကိုးရဲ့ အမြင်လေးကို နားလည်ပါတယ်...
တရားအဟောကောင်းတော့ ဈန်တောင် ၀င်ချင်ချင်ရယ်
ပြောစရာတွေ တော့ အများကြီး ပြန်ရဦးမယ်
ခင်တဲ့
နတ်နတ်
ချစ်တာ ကောင်းပါတယ်။
ဘာလို့လဲ ဆိုတော့ တရားစာအုပ်ထဲမှာလည်းပါပါတယ်။
“ ရန်သူကို မေတ္တာထားရမယ် ” တဲ့လေ။
မေတ္တာထဲမှာ ချစ်ခြင်းကလည်း ပါဝင်ပါတယ်။
မချစ်တတ်။မမုန်းတတ်သော
လိုချင်သောဆုနှင့်ပြည့်စုံပါစေ။
စာဖတ်သူဆိုတာကလည်းအမျိုးမျိုးရှိတယ်လေ
ကိုယ့်စာသဘောကျတာရှိသလို၊မနှစ်မြို့တာလည်း
ရှိပေမပေါ့။
မုဒိတာပဲပွားလိုက်ပါ..ကိုကိုးအိမ်ရေ
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ကိုးကိုးအိမ် ရေ
စာတွေဖတ်တာ လာဖတ်သွားတယ်နော် နောက်လည်း အမြဲဖတ်နိုင်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အမယ်လေး မောင်ကိုးအိမ်
အဟုတ်မှတ်လို့... ဖတ်နေတာ.. နောက်ဆုံးတော့ ကြော်ငြာပဲ.... ဟဲ... ဒါလည်း စာဖတ်ခြင်းအကျိုးပါပဲ... ဖတ်ပြီးတော့ ရေးချင်တာရေးပေါ့..။
ဟို မောင်ဇေလည်း ချစ် တာတွေနဲ့ ဇယားရူပ်နေတယ်ထင့်ပါ့တော်..။
ဘာပဲပြောပြော ဒီ လူငယ်နှစ်ယောက်လုံး ချစ်တက်... သူတွေပဲ.. ကောင်းစ် ..။ နောက်... ချစ်တဲ့သူနဲ့ ပေါင်းသင်း ... ဆက်ချစ်နိုင်ကြပါစေလို့ ဗေဗေ ဆုတောင်းပါတယ်...။
ဗေ
မကြိုက်ဘူးနော် ဘာစကားတွေတုန်း မချစ်မုန်းဖြစ်နေမှ
တော့ ဘာလုပ်ရမှာတုန်းလူ့ဘ၀ကြီးမှာ ဘုန်းတော်
ကြီးလုပ်ရမှာလား ၊မဟုတ်သေးပါဘူး ဒီဘုန်းကြီးလူ
ထွက်နဲ့တော့.....။
ဒါဆိုလူ့မလုပ်တော့ဘူး ၊ ဘုန်းကြီးဝတ်တော့မယ်
ကျွတ်သွားပြီ..........။
ကဲ..ဆုတောင်းအတိုင်းပြည့်ပါစေနော်..
အမြဲတမ်းလည်းချစ်တတ်နိုင်ပါစေနော်..
အမုန်းဆိုတာနဲ့လည်းဝေးပါစေရှင်..
ခင်တဲ့.....blackroze
ဟုတ်ပဗေဗေ အချစ်သင်တန်းလေး သုံးလပြတ်လောက်
ဖွင့်ပေးမှတော်တော့မယ် ၊ လောကမှာလူသားမျိုးနွယ်
ဆိတ်သုဉ်းသွားရင်ဖြင့် ။။။။။။။။။။။။။။။
အကြံတူတယ်ကွယ် .မချစ်တာမမုန်းတတ်တာ
အ၇မ်းကောင်းပါတယ်။ ချစ်ရတာ အလွန်အလွန်ပင်ပန်းသလို မုန်းရတာက ပိုပူလောင်ပါတယ်။အဲ့သလိုပဲ အချစ်ခံရတာလဲ ဆင်းရဲ
သလို၊အမုန်းခံရတာလဲ ဆင်းရဲလှပါတယ်
အင်.. ဟုတ်တယ်.. တစ်ခုခု အလုပ်ထဲမှာ ခံစားလိုက်ရတဲ့ ဖိစီးမှုတွေကို အံတုနိုင်ဖို့တော့ လိုတယ်.... ပြောရင်းပြောရင်းနဲ့ အောက်ဆုံးအကြောင်းမှာ ကြော်ငြာဝင်သွားသေး...:P
ခင်မင်တဲ့
နေ၀သန်
တကယ်ကြီး ကို လုပ်မယ့်ပုံပဲ ။ ကောင်းတာတွေ ဆို အကုန်သာလုပ် အစ်ကို။ အားပေးထောက်ခံနေမယ်။ ဟဲဟဲ
ကျွန်တော်လဲ အဲလိုမျိုးတော့ ဖြစ်ချင်သား။ ဒါပေမယ့် ဟိုသီချင်းထဲကလို ကောင်မလေး လှလှ မြင်ရင် ချစ်ချင်နေတော့ အခက်သားပဲလေ
Post a Comment