ကိုးရဲ့ ၂၁နှစ်ပြည့်မွေးနေ့မင်္ဂလာ

|



ဟီး အပေါ်ဆုံးမှာတော့ ကြက်ပေါင်း၊ ကြက်ပေါင်းအောက်ကတော့ အားလုံးအကြိုက် ၀က်ပေါင်းကင်ဆလတ်ပါ။ အဲဒီအောက်ကတော့ ဆိတ်သားဆလတ်ကလေးပါနော်။  အားရပါးရစားသောက် အားပေးနိုင်ပါတယ်။မနမ်းမ၀ဆီမှာလည်း ကိုးအတွက်ကြည်နူးစရာကောင်းတဲ့ မွေးနေ့ပွဲကျင်းပ ပေးထားပါ တယ်။ကိုးတော့အ၀သွားတီးပြီးပြီ။စေတနာအပြည့်နဲ့မုန့်တွေအများကြီးစီစဉ်ပေးတဲ့ မမနမ်းကိုအရမ်းကျေးဇူး တင်ပါတယ်ခင်ဗျာ။  ကိုးရဲ့ ဟင်းပွဲတွေကိုစားလို့ဝသွားရင်တော့ ရှေ့နေမောင်လေးအတွက် ဆိုတဲ့မနမ်းရဲ့ပို့စ်လေးမှာ အချိုပွဲသွားရောက်သုံးဆောင်နိုင်ပါတယ်ဗျာ။ နောက်ပြီး ကိုးအတွက် အားတက်စရာကောင်းအောင်ရေးသားမေးမြန်ထားတဲ့ နော်ဝေးရှိဘွားဗေရဲ့ မြန်မာစာကိုအထူးပြုသင်ပေးတဲ့ ရှေ့နေဆရာကောင်လေးတစ်ယောက် ဆိုတဲ့ပို့စ်လေးအတွက်လည်း အရမ်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ နောက်ထပ်လည်းရှိပါသေးတယ်ခင်ဗျာ။ ကိုးရဲ့အကိုရင်းလိုခင်ရတဲ့ မလေးရှားက ကိုနေဇော်လင်းကလည်း ကိုးအတွက် ကဗျာလေးတစ်ပုဒ်ကိုကြည်နူးစရာရေးသားပေးထားပါသေးတယ်။ နက်ဖြန်များစွာနဲ့ညီငယ် ဆိုတဲ့ ပို့စ်လေးမှာသွားရောက်ဖတ်ရှူ့နိုင်ပါတယ်ခင်ဗျာ။ အခုလိုကိုးရဲ့မွေးနေ့မှာ အမှတ်တရများစွာကို ဖန်တီးပေးခဲ့ကြတဲ့ မနမ်းမ၀၊ ဘွားဗေ နဲ့ ကိုနေဇော်လင်းကိုအရမ်းပဲကျေးဇူးတင်ပါတယ်ဗျာ။ အခုလို မွေးနေ့လက်ဆောင်လာပေးကြသူများနဲ့တကွ ကိုးဘလော့ကိုလာလည်ကြသူအပေါင်း ဘ၀မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းကင်းလို့ ပျော်ရွှင်စွာဖြတ်သန်းကြရပါစေခင်ဗျာ။

သူငယ်ချင်းတို့ရေ....ဒီနေ့လေးကတော့ ကိုးမေမေအတွက်ဂုဏ်ပြုပွဲလေးဆိုလည်းမမှားဘူးပေါ့။ ကိုးကိုမွေးဖို့အတွက်မေမေဟာအလွန်တရာတက်ကြွခဲ့မှာပါ။ ဒီဘ၀မှာလည်း ဒီအမေဒီအဖေတို့နဲ့တွေ့ရတာ ကိုးအတွက် ကံကောင်းခြင်းတစ်မျိုးလို့ ကိုးတစ်သက်သတ်မှတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၁နှစ် ဆီတုန်းကတော့ မြန်မာနိုင်ငံရဲ့နယ်မြို့လေးတစ်မြို့မှာ ကိုးရဲ့မေမေဟာ ကိုးကို ခက်ခဲစွာ အသက်စွန့်မွေးဖွားခဲ့ပါတယ်။ ဒီလိုနဲ့ ကိုကိုးအိမ်ဆိုတဲ့ လူမမယ်ကလေးတစ်ယောက် လူ့လောကကို နားမလည်ပါးမလည်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့သုံးနှစ်သားအရွယ်မှာ မူကြိုဆရာမဒေါ်မဲတူဆီမှာ မူကြိုစတက်တာပေါ့။ တက်ဖြစ်တာကလည်းဒီလိုပါ။ ပထမဆရာမကြီးဒေါ်တင်မြင့်ဆီမှာမူကြိုအပ်တယ်တဲ့။ ဒါပေမယ့် ဆရာမကြီးက ၀လုံးကို လက်ထပ်သင်ပေးတာဆိုတော့ လက်ပူလို့မသင်ချင်ဘူးလို့ကိုးဆိုတဲ့ ကောင်လေးကပြောပါသတဲ့။ ဒီလိုနဲ့ငါးနှစ်အရွယ်ရောက်လာတဲ့အခါမှာတော့ ကိုးတို့မြို့က အလယ်တန်းကျောင်းမှာ ကျောင်းစတက်ပါတယ်။ ကိုးသူငယ်တန်းတုန်းက အသက်မပြည့်သေးလို့ အသက်လိမ်အပ်တာ ကျောင်းဖွင့်ရက်နဲ့တစ်ရက်တည်းဖြစ်နေလို့ ကျောင်းကဆရာမတွေက ကိုးရဲ့ ဒေါ်ဒေါ် ကို ဒေါ်ဒေါ်တို့ကတော့ သူ့တူကို အသက်ပြည့်အောင် ကျောင်းဖွင့်ရက်နဲ့တစ်ရက်တည်းလုပ်လာတာပေါ့ ဟေ့လို့ဆိုပါသတဲ့။ ကိုးတို့များလိမ်လည်ခြင်းနဲ့အကျွမ်းဝင်လာတာ မူလတန်းကတည်းက ခုရှေ့နေလုပ်တဲ့ ထိဆိုပါတော့..(တရားသူကြီးကိုသွားပြောနဲ့နော်.. တိလား)။ 

အဲလိုတက်လာရင်းကနေ သူငယ်တန်းရောက်တော့ မြန်မာစာဆရာမဒေါ်တင်တင်ခိုင်၊ အင်္ဂလိပ်ဒေါ်စုစုလှိုင်၊ သင်္ချာ ဒေါ်ဥမ္မာ တို့နဲ့စတင်သင်ကြားခဲ့ပါတယ်။ တစ်တန်းနဲ့နှစ်တန်းမှာတော့ ဒေါ်ညွန့်ညွန့်ဝေ၊သုံးတန်းမှာ ဒေါ်သက်ထားခင်၊ လေးတန်းမှာ ဒေါ်ခင်မာဝင်း၊ဒေါ်ခင်မာမြင့်ဆရာမညီမနှစ်ယောက်၊ငါးတန်းမှာ ဆရာဦးသက်နိုင်၊ဒေါ်တင်တင်ခိုင်၊ဦးအောင်ဆွေ၊ ဒေါ်ခင်မာမြင့်၊ဒေါ်တင်မာမြင့်၊ဦးဖဲမောင်၊ ခြောက်တန်းမှာ ဆရာမပါတီအေး၊ဒေါ်နွယ်နွယ်ဝင်း၊ဒေါ်ခင်သန်းဝင်း၊ဦးတင်လင်း၊ခုနှစ်တန်းမှာ ဒေါ်မဲတူ၊ဒေါ်ခင်မာမြင့်၊ ဒေါ်တင်မြင့်(မူကြိုဆရာမနဲ့ပြန်တွေ့ခြင်းပါ)၊ရှစ်တန်းမှာ ဦးတင်ထွန်း၊ဦးသောင်းဗိုလ်၊ဦးဝမ်းတူးဝမ်း၊ဦးမျိုး၊ ကိုးတန်းမှာတော့ မတ္တရာအောင်ရတနာ ဘော်ဒါမှာ ဘော်ဒါကျောင်းသားအဖြစ်သွားနေခဲ့ပါတယ်။ မြန်မာစာဦးအောင်မောင်း၊ အင်္ဂလိပ်ဦးခင်မောင်ဦး၊ သင်္ချာဦးခင်မောင်ဝင်း၊ဓာတုဦးမောင်မောင်အေး၊ ရူပဦးညွန့်ဝေ၊ ဇီဝဦးတင်ဝမ်း(အဆိုတော်ခင်ကျော့ကျော့ဝမ်း၏ဖခင်) တို့ရဲ့ရိုက်ချက်တွေ၊ ပြုစုပျိုးထောင်ပေးမှူ့တွေကြောင့် ဆယ်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တာအသေအချာပါ။ ဆယ်တန်းတုန်း ကဆရာတွေက အရမ်းအရိုက်ကြမ်းပါတယ်။ ကိုးကအရိုက်ခံရပြီဆို အိပ်ငိုက်လို့ချည်းပါပဲ။ အဲတုန်းကအရမ်း အအိပ်မက်ပါတယ်။ အိမ်သာထဲလည်းခိုးအိပ်တာပဲ။ စာကျက်လည်း ရှေ့စာအုပ်ချပြီး ပါးစပ်ကထွက်ချင်ရာတွေထွက်နေတာပါ။ အဲလောက်ထိကို ဆိုးခဲ့တာပါ။ ဒါပေမယ့် စိတ်ပါကျက်ပြီးဆိုရင်လည်း စာအုပ်ကိုလက်ကမချတော့ပါဘူး။ ဒီလိုနဲ့ကိုးရဲ့ကြိုးစားမှူ့မဆိုစလောက် ကလေးနဲ့ ဆရာတွေရဲ့ တုတ်အား၊ပါးစပ်အားကြောင့် ဒီအခြေအနေကိုရောက်ခဲ့ရတဲ့အတွက် ဆရာတွေကိုအရမ်းကျေးဇူးတင်ပါတယ်။

ဆယ်တန်းအောင်ပြီးတဲ့အခါမှာတော့ အဖေတို့က တစ်ချက်လွှတ်အမိန့်ထုတ်ပါတယ်။ စစ်အင်ဂျင်နီယာ တက်ရမယ်တဲ့။ ကိုးက စစ်သားဆိုတာနဲ့လုံးဝရေစက်မနီးတာပါ။ အိပ်မက်ထဲမှာတောင်စစ်သားမလုပ်ဖူးပါ ဘူး။ကိုးက စည်းကမ်းတွေဘောင်တွေနဲ့နေရတဲ့နေရာမှာ လုံးဝဖြစ်မှာမဟုတ်ပါဘူး။ မကောင်းတာလည်း မလုပ်ဘူး။ လွတ်လွတ်လပ်လပ်ပဲနေချင်တယ်ဆိုတဲ့လူစားမျိုးထဲမှာပါပါတယ်။ အဲဒီလိုရာဇသံလည်းကြားရော ကိုးတစ်ယောက် တစ်ရက်နှစ်ရက်လောက်ထမင်းမစားဘဲဆန္ဒပြပါတယ်။ အိမ်မှာလည်းဟိုလိုဂျီလိုက် ဒီလိုဂျီလိုက်ပေါ့။ ဒါလည်း ပျော့ပျောင်းမလာပါဘူး။ အဲတော့ ကိုးလည်း တစ်ချက်လွှတ်ဆန္ဒပြပါတယ်။ ကိုးကို စစ်သားဆက်လုပ်ခိုင်းနေမယ်ဆိုရင် ဘုန်းကြီးပဲဝတ်တော့မယ်လို့ပြောပါတော့တယ်။ ဒီတော့မှ အဖေက မလျှော့ချင်လျှော့ချင်နဲ့ အေးပါ... စစ်အင်ဂျင်နီယာမဖြေချင်လည်း ဥပဒေပညာတော့တက်မှဖြစ်မယ်လို့ ပြောပါတယ်။ ဒါနဲ့ကိုးလည်း ဥပဒေပညာတက်မယ်ဆိုရင်တော့ နည်းနည်းတော့လွတ်လပ်ပါတယ်လေ ဆိုပြီး တက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ 

ကိုးက၂၀၀၅မှာဆယ်တန်းအောင်တာဆိုတော့ ၂၀၀၅ဒီဇင်ဘာမှာ ကျောင်းစတက်ရပါတယ်။ အဲဒီအချိန်မှာ တော့ အမိရတနာပုံတက္ကသိုလ်မြေကြီးကို မျက်စိသူငယ်နားသူငယ်နဲ့ ရောက်လာရပါတော့တယ်။ ရောက်လာတဲ့အချိန်မှာတော့ တောသားမြို့တက်ဆိုသလို မြင်မြင်သမျှဟာ အထူးအဆန်းတွေချည်းပေါ့ဗျာ။ စော်လန်းလန်းလေးတွေကလည်းထူးဆန်း၊ ကျက်လိုက်ရတဲ့စာတွေကလည်း ဖတ်ဖတ်မော၊ မေမေမွေးတုန်း က အသားဖွေးဖွေးကလည်း မန္တလေးရွှေမြို့တော်ကြီးကိုလည်းရောက်ရော နတ်ရေကန်ထဲစိမ်လိုက်သလို တမုဟုတ်ချင်း မဲသွားတော့တာပဲဗျာ။ အဲလိုနဲ့ ပထမနှစ်မှာ အဆောင်ကျောင်းသားဘ၀ကိုစပါတယ်။ အဆောင်နေဖြစ်တာကတော့ ဘလော့ဂါဦးဦးမိုးကောင်းကင် နေတဲ့အဆောင်မှာပဲပေါ့။ ဦးဦးမိုးကောင်းကင် ကင်က ကိုးရဲ့ဦးလေးလေ။ သူနဲ့တူတူနေပြီး ကျောင်းကို ဖယ်ရီနဲ့သွားပါတယ်။ ဒီလိုနဲ့ သြဂုတ်လထဲရောက်လာတဲ့အခါမှာတော့ ဆို၊က၊ရေး၊တီးပြိုင်ပွဲကြီးကျင်းပပါတယ်။ ကိုးကအရင်ကအခြေခံ လေးလည်းရှိတော့ အဆိုဘာသာကို အဆင့်မြင့်ပညာအဆင့်ကနေ၀င်ပြိုင်ဖြစ်ပါတယ်။ ကိုးရဲ့ မဟာဂီတ လက်ဦးဆရာက မန္တလေးအနုပညာတက္ကသိုလ်က ပတ္တလားဦးစိုးဝေနဲ့ ဒေါ်သပြေပါ။ ကာလပေါ်လက်ဦး ဆရာကတော့ ဂန္တ၀င်မေမေတေးသံရှင်ဦးအောင်ကျော်ဆန်းပါ။ ဆရာတို့နဲ့သင်ပြီးဝင်ပြိုင်ဖြစ်ခဲ့ရာက ကိုးရဲ့ အနုပညာခြေလှမ်းစခဲ့ပါတယ်။ ဒုတိယနှစ်၊တတိယနှစ်၊စတုတ္တနှစ်တွေမှာလည်း နှစ်စဉ်ပြိုင်ပွဲဝင်ဖြစ်ခဲ့ရာက ဆရာတွေရဲ့ကျေးဇူးကြောင့် ဆုတွေလည်းရရှိခဲ့ပါတယ်။ ကိုးတို့ဥပဒေမေဂျာက တခြားမေဂျာတွေထက်တစ် နှစ်ပိုတက်ရပါတယ်။ သူများကသုံးနှစ်ဆို ကိုးတို့က လေးနှစ်၊ သူများကလေးနှစ်ဆို ကိုးတို့က ငါးနှစ်တက်ရပါတယ်။ ကျောင်းကို ပျော်ပျော်ကြီးနဲ့ကြာကြာကြီးတက်ရတာပေါ့။ ဒါပေမယ့် စာမေးပွဲနီးပြီများ ဆို ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိအောင်ကို စာတွေကခက်တာပါ။ ဘာတွေမှန်းလည်းမသိ၊ စာတွေက တစ်နေရာမှ ကျန်လို့မရတော့ သေလောက်အောင်ကျက်ရတာ။ တစ်ညလုံးစာမုန့်တွေအများကြီးဝယ်ထား ပြီး ကျက်ရတာ အိပ်မက်ဆိုးကြီးမက်ရသလိုပါပဲဗျာ။ စာမေးပွဲပြီးပြီဆိုရင် မျက်လုံးလေးကလယ်ကလယ်နဲ့ ငိုချင်ချင်တာလိုလို  ရယ်ချင်တာလိုလို ခံရက်ခက်ခက်ကြီးကြီးဖြစ်ဖြစ်နေတတ်ပါတယ်။ ခုချိန်မှာတော့လွတ် မြောက်သွားပါပြီ။ ဒါပေမယ့် ဘွဲ့လွန်စာတွေက အရမ်းသာမခက်တာ စာတမ်းတစ်ခုခုလုပ်ရပြီဆို ပိုက်ဆံအရမ်းကုန်ပါတယ်..ဟီး.။ ဒုက္ခတွေညည်းပြနေတာနဲ့စိတ်ညစ်နေပြီလားမသိဘူုးနော်..

အလုပ်သင်ရှေ့နေဘ၀ရောက်လာတဲ့အခါမှာတော့ ကျက်စာတွေနဲ့နပန်းလုံးတာမဟုတ်တော့ပါဘူး။ စာအုပ် တွေ၊ အမှူ့တွဲတွေ၊ အမှူ့သည်တွေနဲ့နပန်းလုံးရပါပြီ။ တစ်ခါတစ်ခါဆို တရားသူကြီးနဲ့တောင်နပန်းလုံးရ တတ်ပါတယ်။ အဟဲ... စကားပဲများတာပါ။ တကယ်နပန်းလုံးတာဟုတ်ဘူးနော်.. တော်ကြာ ကိုးကို ဂျပန်နပန်းသမားကြီးမှတ်နေကြပါဦးမယ်ဗျာ...။ တစ်ချက်တစ်ချက် အလုပ်သင်ရှေ့နေလေးဆိုပြီး ပညာစမ်းချင်တဲ့လူကလည်းပါသေးသဗျ..။ အဲလိုမျိုးတွေလည်းရှိတတ်တော့ နေ့လည်ဆို တရားရုံးတွေမှာသွား ညညဆိုလည်း စာအုပ်တွေဖတ်ရတာ နှစ်နာရီသုံးနာရီထိတောင်ရောက်သွားတတ် ပါတယ်။ နောက်နေ့မနက်စောစောရုံးသွားပြီဆို အိပ်ရေးကကောင်းကောင်းမ၀ ရှင်းရှင်းလေးကိုရှုပ်အောင် လုပ်ထားတဲ့ တစ်ဖက်ရှေ့နေရဲ့ စာတွေကိုဖတ်ပြီး သူတို့ရဲ့လုပ်ဇာတ်ကြီးတွေကိုသိပြီဆို ဒေါသထွက်ရ၊ တစ်ခါတစ်လေ ကိုယ်ကအကောင်းဆုံးလုပ်ပေးနေရက်နဲ့ ရှေ့နေဆိုရင်ပဲ ဓားပြတွေလိုလိုဘာလိုလို ဆက်ဆံတတ်တဲ့အမှူ့သည်တွေနဲ့ တွေ့ပြီဆိုရင်တော့ ကိုးနဲ့ နောင်ဂျိန်ပလေးပြီပဲ။ ဒီကြားထဲ ဟိုမရောက်၊ ဒီမရောက် ရုံးစာရေးတွေက ကိုယ့်ကိုသဟောက်သဟလုပ်လာပြီဆိုရင်လည်း သည်းညည်းခံနေရသေးတယ်။ သူတို့နဲ့နောင်ဂျိန်ပလေးလို့ကတော့ ကိုကိုတို့မမတို့ တစ်ပတ်လောက်ကြာမဲ့ဟာ တစ်လလောက်ကြာ အောင်လုပ်ပြီးညစ်ပတ်ကြတော့တာပဲဗျို့။ အဲဒီတော့ လူတော်တော်များများက ရှေ့နေဆိုတာ သူများဆီကငွေတွေကို မတရားယူနေကြတာပဲလို့ပြောမယ်ဆိုရင် မရှိဘူးလို့တော့ပြောလို့မရပါဘူး။ ဒါပေမယ့် တကယ်မဟုတ်ဘဲအပြောခံလာရတဲ့အခါမှာ ဒေါသထွက်ရပါတယ်။ ရှေ့နေတိုင်းကိုတော့ ၀ါးလုံးသိမ်းရိုက်ပြောလို့မရပါဘုး။ တကယ်တမ်းမှာ ကိုးတို့ရှေ့နေတွေက လူတွေရဲ့ ဒုက္ခတွေ၊ သောကတွေ၊ မတရားမှူ့တွေကို သူများကိစ္စကိုယ့်ကိစ္စလုပ်ပြီး စိတ်ညစ်ခံ၊ခေါင်းရှုပ်ခံပြီးလုပ်ပေးကြရတာပါ။ ဒါကိုပဲအ ကောင်းမမြင်နိုင်ပဲ ကိုယ်ကပေးရတာတစ်ခုပဲမြင်ပါတယ်။ တကယ်တမ်းရှေ့နေအလုပ်လုပ်ပြီဆိုရင် စေတနာဆိုတာဘယ်လိုမှမပါလို့ကို မရတာပါ။ စေတနာမပါဘူးဆိုရင် ဘယ်လိုနည်းနဲ့မှရှေ့နေလိုက်လို့မရ ပါဘူး။ ကိုးတို့ရှေ့နေတွေရဲ့တာဝန်က ခံစားလိုက်ရတဲ့လူကခံစားလိုက်ရပြီးဖြစ်တဲ့အတွက် တရားခံတွေကို အသက်သာဆုံးဖြစ်အောင် ကိုယ့်အပူမဟုတ်ဘဲလိုက်ကူညီပေးကြရတာပါ။ တကယ်တမ်းကိုယ့်ကိုပါ အပြော ခံလာရတဲ့အခါ တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ လူတွေဟာ ကိုယ့်ခံယူချက်နဲ့ကိုယ် ရပ်တည် နေကြတာပါ။ လူတစ်ယောက်အကြောင်းကောင်းကောင်းမသိဘဲနဲ့ သူလည်းဟိုလူလိုအလုပ်ပဲ။ သူလည်း ဟိုလူလိုလုပ်မှာပဲဆိုတာမျိုးထားရင် တရားပါရဲ့လားဆိုတာ သူငယ်ချင်းတို့စဉ်းစားစေချင်ပါတယ်။ တကယ်တမ်းကောင်းအောင်လုပ်တဲ့သူမှာလည်း အရမ်းနစ်နာပါတယ်။

အဲဒါနဲ့ တစ်ရက်မှာတော့ ကိုးဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ ကိုးအမှူ့လိုက်ရှေ့နေတစ်ခုတည်းကို မလုပ်တော့ဘူး။ စာချုပ်စာတမ်းနဲ့တွဲပြီးလုပ်မယ်ဆိုပြီးတော့ပေါ့။ စာချုပ်စာတမ်းလုပ်ရတာအရမ်းစိတ်ချမ်း သာရပါတယ်။ ဒီမှာက ငွေကိုငွေနဲ့ခိုင်းသွားတာပါပဲ။ ရန်လည်းမဖြစ်ရဘူးပေါ့။ နောက်ပြီး လူတွေရဲ့အလုပ် ကိုလိုက်ကူညီရတာအရမ်းပျော်စရာကောင်းပါတယ်။ ကုသိုလ်လည်းရ၀မ်းလည်းဝလို့ ကိုးကတော့ ဆိုချင်ပါတယ်။ အဲဒီထဲကမှ ကိုးအရမ်းစိတ်ညစ်လာပြီဆိုရင်တော့ ကိုးရဲ့စိတ်ဖြေရာဟာ သီချင်းတွေပါ။ ကိုးရဲ့အကောင်းဆုံးသူငယ်ချင်း၊ ကိုးဘ၀ရဲ့လက်တွဲဖော်ဟာ ကိုးချစ်တဲ့ သီချင်းတွေပါပဲ။ စိတ်ညစ်လာပြီဆို သီချင်းနားထောင်မယ်၊ သီချင်းဆိုမယ်၊ ဒါပါပဲ။ ပြီးရင်အိပ်ပစ်လိုက်တယ်။

နောက်ထပ်လည်းကိုးချစ်တဲ့ ကိုးရဲ့အဖော်လေးလည်းရှိပါတယ်။ အဲဒါကတော့ ဒီဘလော့လေးပါပဲ။ ဒီဘလော့ လေးဟာ ကိုးရဲ့အိပ်မက်၊ ကိုးရဲ့ စိတ်ဖြေရာ၊ ကိုးချစ်တဲ့သူငယ်ချင်းတွေနဲ့ မျှဝေခံစားရာ သုခဘုံလေးတစ်ခု ပါပဲ။ ဒီဘလော့လေးထဲမှာ ကိုးစိတ်ညစ်ရင် သူငယ်ချင်းတွေရဲ့ကွန်မန့်တွေဖတ်မယ်၊ ခံစားရတာလေးတွေကို ရေးမယ်၊ ကိုးစိတ်ပျော်ရင် ကြည်နူးစရာပို့စ်လေးတွေတင်မယ်၊အစရှိသဖြင့်ပေါ့ဗျာ။ ဒီဘလော့လေးကတော့ ကိုးရဲ့ အရိပ်ကလေးပေါ့ဗျာ။ ကိုးရဲ့ နယ်ပယ်နဲ့ ကိုးကိုဗဟုသုတတွေပေးတဲ့နေရာလေးတစ်ခုလည်းဖြစ်သေး တယ်ဗျ..။ အဲဒီတော့ ဒီလိုဘလော့လောကနဲ့မိတ်ဆက်ပေးခဲ့တဲ့ စီနီယာဘလော့ဂါကိုကိုမမတို့ကိုကျေးဇူး တင်ပါတယ်။ တခြားဟိုစတင်တစ်ခုမှာတင်နေရာကနေ ခုလို ဘလော့စပေါ့မှာ အခြေခြဖြစ်အောင် တိုက်တွန်းအားပေးပြီး မန်းတလေးကိုရောက်ခိုက် ကိုယ်တိုင်ပဲ ဘလော့လေးကို တည်ထောင်ပေးသွားတဲ့ ဘလောဂါ ကိုသက်တန့်ချို အားလည်းကောင်း၊ ကိုးကို မဟာဂီတသီချင်းတွေဆိုဆိုပြတတ်တဲ့ ဘလော့ဂါ ဇေတာရာအားလည်းကောင်း၊ တစ်ချက်တစ်ချက်ရန်တွေ့တတ်တဲ့ ဘလော့ဂါဒေါ်နှင်းမိုးမိုးအားလည်း ကောင်း၊ တောသူမကြီးဒီဇိုင်းနဲ့ဟုတ်ပတော်ဆိုပြီး ပိုစ်တိုင်းကိုလာအားပေးတတ်တဲ့ နော်ဝေးမှဘွားဗေ အားလည်းကောင်း၊ ဘလော့ဂါဦးဦးမိုးကောင်းကင်အားလည်းကောင်း၊ မွေးနေ့လက်ဆောင်ပေးမည်ဟုပြော ထားသော ရုပ်ချောချောနဲ့မမ နမ်းမ၀အားလည်းကောင်း၊ ကောင်း၏ဆိုပြီး ပို့စ်တွေကို ဆက်ဆက်လာလာ အားပေးတဲ့ မလေးမှ ကိုဇော် အားလည်းကောင်း၊ အနယ်နယ်အရပ်ရပ်မှ ကိုးအားချစ်လို့လာဖတ်ကြကုန် သော၊ မုန်းလို့လာဖတ်ကြကုန်သော ကိုးရဲ့ပရိတ်သတ်ကြီးအားလည်းကောင်း၊ ကွန်မန့်လေးများရက်ရောစွာ ပေးခဲ့ကြကုန်သော ကိုကိုမမတို့အားလည်းကောင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

သူ့ဆီကနေလုစားမယ်လေ ကိုးကတော့ တစ်ကိုက်ကိုက်ပြီးပြီ... ဟီး

ကိုးကတော့ ဘော်ဒါကြီးတို့ကို ဒီလိုပြုံးပြုံးလေးပဲနှုတ်ဆက်မယ်နော်...

ကိုးတို့လို  ကိုယ့်ထမင်းကိုယ်စားပြီး ဘလော့ရေးကြသာသူတို့မှာ ဘယ်လိုစိတ်ညစ်စရာလေးပဲကြုံကြုံ ဘလော့ကိုရောက်ပြီဆိုရင်ဘယ်သူက ဘယ်လိုမန့်ခဲ့ပါလိမ့်ဆိုတာကိုအရင်ဆုံးကြည့်ကြတာပါ။ အဲဒီကွန်မန့် လေးတွေနဲ့ပဲ ဘလော့လေးဒီလောက်အသက်ရှည်လာခဲ့တဲ့အတွက် ကွန်မန့်ကိုကိုမမတို့ကိုတော့ အထူးပဲကျေးဇူးတင်ပါတယ်။

နောက်လည်းလာလည်ပါဦးလို့လက်နှစ်ဘက်ဖြန့်ပြီးဖိတ်ခေါ်ပါတယ်ခင်ဗျာ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။။ တစ်ခါတည်းဖိတ်လိုက်ပါရစေ။ စက်တင်ဘာလကိုးရက် နေ့မှာ ကိုးရဲ့ဘလော့လေးတစ်နှစ်ပြည့်ရှိတယ်နော်။ လာစားလှည့်ကြပါဦးလို့။
စာရေးသူ...ကိုကိုးအိမ်(၃၁.၈.၂၀၀၉) ၂၁နှစ်ပြည့်မွေးနေ့

22 ယောက်ကစာမူခပေးသွားပါတယ်:

ခိုင်နုငယ် said...

ဟက်ပီးဘက်ဒေးပါ။ မောင်လေး
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျပါစေ။
ပြီးပြည့်စုံသော ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေ။



ခင်မင်စွာဖြင့်
ခိုင်နုငယ်

Anonymous said...

့ဟက်ပီးဘတ်ဒေးပါ.. အ၀စားသွားပါသည်...

နယူးမင်း

သဒ္ဓါလှိုင်း said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေမောင်လေးကိုးရေ..
၂၁နှစ်ပြည့်မွေးနေ့မှစပြီးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး
လုပ်ချင်တဲ့အရာမှန်သမျှကိုအဆင်ပြေစွာနဲ့လုပ်ကိုင်နိုင်
ပါစေ.။ မိဘပြည်သူတွေကိုလုပ်ကျွေးနိုင်တဲ့
ရှေ့နေကောင်းတယောက်လည်းဖြစ်ပါစေ..။
စာပေအကျိုး၊သာသနာအကျိုးကိုလည်းသယ်ပိုး
ထမ်းရွက်နိုင်ပါစေ.။မိဘကိုလည်းအသက်ထက်ဆုံးလုပ်ကျွေးပြုစုနိုင်ပါစေ..။
(ဆုတောင်းတာများသွားပြီလားမောင်လေးကိုးရေ..)
မုန့်များများစားသွားပြီ.

ခင်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာမွေးနေ့ဖြစ်ပါစေ ကိုကိုးအိမ်
ဘ၀မှာ အောင်မြင်ခြင်း၊ ပျော်ရွှင်စိတ်ချမ်းမြေ့ခြင်းတို့ဖြင့် ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေ။
မိဘကျေးဇူးကို အထူးသိတတ်သော သားကောင်းရတနာလေး ဖြစ်ပါစေ။
ဆက်လက်၍လည်း ဘလော့ဂါကောင်းတစ်ယောက် အဖြစ်ရပ်တည်နိုင်ပါစေ။
လိုရာဆန္ဒအားလုံး တစ်လုံးတစ်ဝ ပြည့်စုံပါစေ။
ယနေ့ ၂၁နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော်တိုင် လောကကောင်းကျိုးသယ်ပိုးရွက်ဆောင်နိုင်ရင်း
ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်..........

မေဓာဝီ said...

မွေးနေ့မင်္ဂလာရက်မြတ်မှသည် မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေ ... ။

သိင်္ဂါကျော် said...

Happy Birthday..
May your dreams come true...

သုခုမလေဒီ said...

မွေးနေ့ကို မရောက်ရောက်အောင်လာရတာနော်..
နက်ကမကောင်း ကွန်ကလည်းကပ်နေလို့း)))
တော်သေးတယ် လူသိပ်မများခင်ရောက်လာတာ။ အစားတွေစားတယ်နော်....
အချိုပွဲလည်းသွားစားလိုက်ပါမယ်။
မွေးနေ့မှာပျော်ရွှင်ချမ်းမြေ့ပါစေ၊ ဆန္ဒနဲ့ဘတထပ်တည်း ကျပါစေလို့....

mabaydar88 said...

အဟမ်း အဟမ်း ရှေ့နေ မောင်ကိုးအိမ်ကြီး

လူကြီးဖြစ်လာပြီဆိုတော့ ကြီးပေါ့နော်... တော်ကြာ တောသူမကြီးကို စိတ်ဆိုးနေမှာစိုးလို့ပါတော်..။

ရေးထားတာလေးတွေက စိတ်ဝင်စားတယ် မောင်ကိုးအိမ်ရဲ့... အင်း ဆရာသမား မိဘများကို လည်း ကျေးဇူးသိတက်တာ အင်မတန်ကောင်းတာပဲ.. ဒါနဲ့ ဆန္ဒပြတာလည်း ဝါသနာပါတာပဲ..ဒါတော့တော့ဖြစ် သိပ်မကောင်းဘူး..။

ဘွားဗေ တခုကြားဖူးတယ်.. သားရှေ့နေက အဖေရှေ့နေကြီးတို့ ပြောတဲ့စကားပါ.. သားက အဖေ.. အဖေ မပြတ်ခဲ့တဲ့အမှု သား ပြတ်အောင် လုပ်ပေးနိုင်ခဲ့ပြီလို့ ဝင့်ဝင့်ကြွားကြွားဆိုသတဲ့... အဖေက အေး မင်းကို အဲဒီအမှုနဲ့ တသက်လုံးကျွေးမွေးလာတာလို့ ပြန်ဖြေပါသတဲ့.. နောက်တာလား လှောင်တာလားတော့လည်း မသိပါဘူး.. ဘာပဲဖြစ်ဖြစ် အလုပ်တိုင်းမှာ ဒီလို အပြောခံရတာတွေအများကြီးမို့ စိတ်ဓာတ်မကျပါနဲ့... နောက်တခုက မြန်မာပြည်လို နေရာမျိုးမှာ တော်ရုံတန်ရုံ ရိုးသားတဲ့ အခြေခံစိတ်ဓာတ်နဲ့ အသက်မွေးဖို့ဆိုတာ နဲနဲခက်တယ်... အဲဒီအတွက် လူတွေမှာ အများကြီး ပြဿနာရှိတယ် လို့ ထင်ပါတယ်..။ ဘွားဗေ ဆိုလိုတာက အိမ်ဈေးဆိုင်လို နေရာမျိုးမှသည် ကုမဏီလို ကြီးကျယ်တဲ့ အလုပ်ခွင်တွေထိ ဖြစ်နေကျ ကိစ္စတွေကို ပြောချင်တာပါ..။ ဒီနိုင်ငံမျိုးတောင် အခု ဒါမျိုးတွေ ပိုများလာတယ် ဆိုတော့ ဆင်းရဲတဲ့ နိုင်ငံတွေ မှာ ဖြစ်လေ့ဖြစ်ထ ရှိတာတွေကတော့ အတော်ကြီး လုပ်ယူရအုံးမယ်လို့ ယူဆပါကြောင်း...

အဆင်ပြေပါစေနော်...။

ဘွားဗေ

SHWE ZIN U said...

စစ်သား မလုပ်ဘဲနဲ့ ဥပဒေ တက်ခဲ့တဲ့ ကိုကိုးအိမ် အတွက် ပျော်စရာ မွေးနေ့ပွဲလေး ဖြစ်ပါစေဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

မွေးနေ့ကို စောစောအွန်လိုင်းထိုင်ပြီး ကွန်နယ် ရှင်ကြောင့် နောက်ကျမှရောက်ဖြစ်တယ် ကိုးရေ
မွေးနေ့တဲ့ ၂၁ နှစ်သားလေး နောက်လာမယ့် အနာဂတ်ကို ပျော်ရွင်ချမ်းမြေ့စွာနဲ့ ကျော်ဖြတ် နိုင်ပါစေဗျာာာား)
မန်းလေးလာမှ စတော်ဘယ်ရီဖျော်ရည်အတူတူ သောက်ကြမယ်း)
ပျော်ရွှင်သောမွေးနေ့လေး လာနွှဲသွားတယ်နော်
း)

မောင်ဘကြိုင်

Anonymous said...

ညီလေးရေ

မွေးနေ့ လေးမှာ

ချစ်သောမိဘ

ချစ်သူငယ်ချင်းတွေနဲ့ 

အွန်လိုင်းမောင်နှမ

အတူတကွ

ပျော်ရွှင် ဖြတ်သန်း

လျှောက်လှမ်းနိုင်ပါစေ ......

31.8.2010 နေ့လေးမှာ အမှတ်တရ များစွာ ပိုင်ဆိုင် နိုင်ပါစေ။

အစ်ကို
နေဇော်လင်း
malaysia

အဖြူရောင်နတ်သမီး said...

ကိုးရေ...
မွေးနေ့ပွဲလေးမှာ ကိုးရဲ့ဘဝအကြောင်းလေးကို ဖတ်သွားတယ်နော်..။
မနမ်းက ရှေ့နေအလုပ်ကို အရမ်းဝါသနာပါတာ...
ပညာပါရမီက မကောင်းတော့ ဆန္ဒတွေမပြည့်ဝခဲ့ရဘူး။
မနမ်းမဖြစ်ခဲ့ရတဲ့ ရှေ့နေ ဘဝလေးကို မောင်လေးက ပိုင်ဆိုင်ခွင့်ရထားတဲ့အတွက် မောင်လေးကို ချီးကျူး ဂုဏ်ယူမိပါတယ်..။
ကဲ.........
ယနေ့မှာ ကျရောက်တဲ့ မောင်လေးကိုကိုးအိမ် ရဲ့(၂၁)နှစ်မြောက်မွေးနေမှသည် ကိုးချစ်သော ဘလော့ဂ်ဂါမောင်နှမများနဲ့အတူ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေကွယ်....

“ရှေ့နေမောင်လေး ကိုကိုးအိမ် ..သက်ကျော်ရာကျော်ရှည်စေသော်....”

khin oo may said...

happy birthday !

မိုးစက်အိမ် said...

Happy Birthday ကိုကိုးအိမ် မွေးနေ့ မှာစိတ်
ချမ်းသာ ကိုယ်ကျန်းမာနဲ့  နောက်နှစ်ပေါင်းများ
စွာတိုင်အောင် ပျော်ရွှင်မှုအပေါင်းခညောင်းပါစေ

မြသွေးနီ said...

Happy Birthday!
Wish you many happy returns of the day.
ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေ မိုးကုတ်သားရေ...။

နွေဆူးလင်္ကာ said...

happy birthday ပါဗျာ .. 21 လေး တစ်ပွဲလောက် ဆွဲလိုက်ရအောင် ....

ကိုဇော် said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ညီရေ...

အကို စီဘောက်မှာ မဘမ်းထားပါဘူး။ အကိုက အချိန်ပြည့် မရှိနိုင်တော့ မဟုတ်တာ လာရေးသူတွေ ၊ လာဆဲသူတွေကို ဆိုက်ကို ဝိုင်းပြီး ကြည့်ပေးနေသူတွေက လုပ်လိုက်တာ ဖြစ်မှာပါ။
ဒီရက်ထဲမှာ အကို မအားလို့ ဘာမှကို မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ ပို့စ်တွေတောင်မှ အဟောင်းတွေပဲ တင်ဖြစ်တာ။

ပျော်ရွှင်ပါစေ
ကိုဖော်

sosegado said...

HAPPY BIRTHDAY
ပျော်ရွှင်သောမွေးနေ့လေး ဖြစ်ပါစေ

ီDream said...

ဟယ်...တိုတို၉ က မွေးနေ့ပွဲ ကျဉ်းပနေဒါဂိုးးးးး
ကျက်ပေါင်ကျီး အ၀ချားတွားဒယ်......တောက်ချရာ မပါဒေါ့..ကိုယ့်ဟာကိုယ် ပုလင်းလိုက်ဆွဲ လာလိုက်ဒယ်..အေးရော...ဟိဟိ .. အော...တိုတို၉ တီတီဒွင်းနဲ့ တွားတိုင်နဲ့နော်..အေ့...(လေချဉ်ဒေါင်တက်ဒယ်...ဟိဟိ))

မွေးနေ့မှစ နှစ်တရာတိုင်ကွယ်...အေ့....
(မူး မူးးနဲ့ တီချင်းဒွေအော်ချိုတွားတယ်...) :P


HAPPY BIRTHDAY

ီDream said...

ဟယ်...တိုတို၉ က မွေးနေ့ပွဲ ကျဉ်းပနေဒါဂိုးးးးး
ကျက်ပေါင်ကျီး အ၀ချားတွားဒယ်......တောက်ချရာ မပါဒေါ့..ကိုယ့်ဟာကိုယ် ပုလင်းလိုက်ဆွဲ လာလိုက်ဒယ်..အေးရော...ဟိဟိ .. အော...တိုတို၉ တီတီဒွင်းနဲ့ တွားတိုင်နဲ့နော်..အေ့...(လေချဉ်ဒေါင်တက်ဒယ်...ဟိဟိ))

မွေးနေ့မှစ နှစ်တရာတိုင်ကွယ်...အေ့....
(မူး မူးးနဲ့ တီချင်းဒွေအော်ချိုတွားတယ်...) :P


HAPPY BIRTHDAY

Dream said...

မွေးနေ့မှာ လိုတိုင်းတ တတိုင်းရ နိုင်သော
သူဖြစ်ပါစေ။

စိတ်ဆန္ဒရှိတိုင်း လက်တွေ့ဖြစ်လာပါစေလို့ ။
အောင်မြင်မှုတွေကို အမြဲထွေးပွေ့နိုင်သောသူ ဖြစ်ပါစေ။
နိုင်ငံ့အကျိုးပြုသော တည်ကြည်မြင့်မြတ်သော ၀န်ထမ်းကောင်းတစ်ဦးဖြစ်ပါစေလို့
မက်မက်အဒေါ် တီတီဒွင်းက လာရောက် ဆုတောင်းပေးပါတယ်ရှင်...

:)

ချစ်ကြည်အေး said...

တစ်ဆယ်...အဲ...ကိုး...ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ ငါ့တူ...တို့လည်း ၂၁ပါပဲ...လွန်ခဲ့တဲ့ နှစ် ၂၀က ပြောပါတယ်...ခွိခွိ...

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB