ကိုးဒီနေ့ရေးလိုတာကတော့ကိုးတစ်ယောက်အလုပ်သင်ရှေ့နေဘ၀ကိုဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာလေး ပါ။ ကိုးဖြတ် သန်းခဲ့တဲ့ ဘ၀တစ်လျှောက်မှာလည်း ဘ၀အမောတွေအများဆုံးအပိုင်းလေးလည်းဖြစ်ပါတယ်။ လူတော်တော်များများရဲ့အမြင်က အလုပ်သင်ဆိုရင် ဘယ်မှာမဆိုနှိမ်ချင်ကြပါတယ်။ ဆရာဝန်တွေမှာလည်း အလုပ်သင်ဆရာဝန်တွေဟာ အမ်အက်စီဆရာဝန်တွေရဲ့ နှိမ်တာကိုအရမ်းခံရတယ်လို့ သူငယ်ချင်းဆရာဝန် တစ်ယောက်ကပြောဖူးပါတယ်။ ကိုတို့ ရှေ့နေလောကမှာလည်း အဲလိုပါပဲ။ စီနီယာကျတဲ့ ရှေ့နေတွေက ဂျူနီယာကျတဲ့အလုပ်သင်တွေကိုနှိမ်ပေါက်နဲ့ကြည့်တတ်ပြောတတ်ကြတာ အများစုပါပဲ။ တကယ်တမ်းက အထက်တန်းရှေ့နေလည်း ဒီဥပဒေပညာနဲ့ဘွဲ့ရခဲ့ပြီး အလုပ်လုပ်နေသလို အလုပ်သင်ရှေ့နေဆိုတာလည်း ဥပဒေပညာနဲ့ဘွဲ့ယူခဲ့ကြသူတွေပါပဲ။ အလုပ်သင်ရှေ့နေဆိုတာလည်း ရှေ့နေပညာကိုသင်ယူပြီး အများအကျိုး၊ ကိုယ့်အကျိုးပြုဖို့စောင့်ဆိုင်းနေတဲ့သူတွေဖြစ်သလို၊ အထက်တန်းရှေ့နေဆိုတာလည်း အများအကျိုး၊ကိုယ့်အကျိုးဆောင်ရွက်နေကြသူတွေပါ။ ရည်ရွယ်ချက်ချင်း၊ စိတ်ကူးဥာဏ်ချင်းတူညီကြသူတွေဖြစ်ပါလျှက် ခွဲခြားခွဲခြားလုပ်ချင်ကြတာကို ကိုးတစ်ယောက်လုံးဝစဉ်းစား လို့မရပါဘူး။ လူကိုလူလို့မြင်တတ်ရင် လောကမှာ အရာအားလုံးအေးချမ်းသွားမှာပါ။ ဒါကိုပဲ ငါကဘာကြီး သူကဘာကြီးဆိုပြီး လုပ်တတ်ကြတဲ့သူတွေအများကြီးတွေ့ဖူးပါတယ်။
တစ်ခါကကြုံခဲ့ရတဲ့ ရှေ့နေကြီးတစ်ယောက်ဆိုရင် ကိုးကြုံခဲ့ရဖူးပါတယ်။ တကယ်တမ်းမှာ သူ့အတွေ့အကြုံ၊ တစ်နည်းပြောရရင် သူ့ဝါနဲ့ဆို ကိုးကဘယ်လိုမှ ယှဉ်လို့မရနိုင်တဲ့ ကွာခြားမှူ့မျိုးမှာပါ။ ကိုးက အလုပ်သင် ရှေ့နေ၊ သူက တရားရုံးချုပ်ရှေ့နေအဆင့်ကိုတောင်ရောက်နေပါပြီ။ တရားရုံးချုပ်ရှေ့နေအဆင့်ကိုရောက် ဖို့ဆိုရင် အလုပ်သင်ရှေ့နေဘ၀မှာတစ်နှစ်၊ အထက်တန်းလိုင်စင်စောင့်ရတာက ခြောက်လ၊ အထက်တန်းရှေ့နေလိုင်စင်ရပြီး သုံးနှစ်နေရင် အမှူ့ဆယ်ခုနဲ့တရားရုံးချုပ်ကိုတင်၊ တစ်နှစ်လောက်နေရင် ဘားကောင်စီရောက် ဘားကောင်စီရောက်ပြီးရင် တစ်နှစ်ကျော်ကျော်လောက်ကြာမှ တရားရုံးချုပ်ရှေ့နေ လိုင်စင်ကိုရပါတယ်။ ဒါတောင် ကြားထဲမှာ အရှုပ်အရှင်းကင်းရှင်းပါမှ တရားရုံးချုပ်ရှေ့နေလိုင်စင်ကို ရတာပါ။ အရမ်းခက်ခဲပါတယ်။ အားလုံးပေါင်းလိုက်မယ်ဆို တရားရုံးချုပ်လိုင်စင်ရဖို့အလုပ်သင်စဆင်းတဲ့ အချိန်ကနေ ခြောက်နှစ်ခွဲအနည်းဆုံးကြာပါတယ်။ အဲဒီလို အဆင့်အတန်းမြင့်ရှေ့နေကြီးက ကိုးနဲ့ စာချုပ်ကိစ္စစကားပြောကြတဲ့အခါ ပြောတဲ့စကားတွေကို နှိမ်ချင်တာလိုလို၊ နှိမ်ပေါက်လိုလိုတွေတွေ့လာတဲ့ အခါ အရမ်းအံ့သြပြီး သူရဲ့ပညာတွေကိုနှမြောမိရပါတယ်။ ကိုးကြားဖူးတာက ပညာတွေသိပ်ပြည့်ဝသွားတဲ့ အခါမှာ အလုပ်သင်လေးတွေကို သေသေချာချာစေတနာအပြည့်အ၀နဲ့သင်ပေးတတ်ကြတယ်လို ကြားဖူး ထားတာပါ။ သို့သော် ခုနကပုဂ္ဂိုလ်ကြီးကို နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရတဲ့အခါမှာတော့ အော် ဒီလိုလူမျိုးလည်း ရှိသေးပါလားလို့ တအံ့တသြလက်ခံလိုက်ရတော့တာပါပဲ။
အဲဒီနေ့က ဂရံမြေတစ်ခုအရောင်းအ၀ယ်စာချုပ်ဖို့ စကားဆိုင်ကြတဲ့နေ့ပါ။ ရှေ့နေကြိးကတော့ ရောင်းလိုသူဘက်ကပါ။ ကိုးက ၀ယ်ယူသူဘက်ကပါ။ စာချုပ်ရိုက်တဲ့အချိန်မှာ ပြဿနာကစတာပါပဲ။ ကိုးတို့ ရှေ့နေတွေဆိုတာက ကိုယ့်ကိုအားကိုးတကြီးအလုပ်လာအပ်သူတွေဘက်ကနေ အကောင်းဆုံးအခိုင်မာဆုံး ဖြစ်အောင် ဆောင်ရွက်ပေးကြရတာပါ။ အဲဒါကိုက ရှေ့နေတွေရဲ့အလုပ်ပါပဲ။ အဲလိုလုပ်တဲ့အခါမှာလည်း တခြားသူဘက်ကိုတော့ နစ်နာစေဆိုတဲ့ စေတနာဆိုးနဲ့မဟုတ်ပါဘူး။ ကိုယ့်ဘက်ကလူကို နစ်နာမှူ့မရှိစေရ အောင်လိုက်လံ ဆောင်ရွက်ပေးရတာမျိုးပါ။ များသောအားဖြင့်တော့ အရောင်းအ၀ယ်စာချုပ်ချုပ်တဲ့အခါ ရောင်းသူဘက်က ရှေ့နေငှားတာရှားပါတယ်။ ၀ယ်သူဘက်မှာပဲ ခိုင်မာဖို့တာဝန်ရှိတာပါ။ ကိုယ်ဝယ်လိုက် တဲ့ ပစ္စည်းအရှုပ်အရှင်းရှိရင် အရမ်းနစ်နာပါတယ်။ အဲလိုအရှုပ်အရှင်းရှိမရှိဆိုတာက ရှေ့နေတွေနဲ့ တခြားမြေနဲ့ အရမ်းနီးစပ်သူတွေမှ ကောင်းကောင်းကြည့်တတ်ပါတယ်။ အဲလိုအခါမျိုးမှာ မကျွမ်းကျင်တဲ့ရှေ့နေတွေနဲ့တွေ့ရင် သွားတော့တာပါပဲ။ တစ်ချို့ရှေ့နေတွေဟာ ပိုက်ဆံနှမြောပြီး ရသမျှ ကိုယ့်အိတ်ထဲပဲထည့်ချင်တတ်ကြတာကြောင့် အားကိုးတစ်ကြီးရှိတတ်ကြတဲ့ အလုပ်အပ်သူတွေမှာ နစ်နာရတာမျိုးတွေလည်းရှိပါတယ်။ အဲလိုလူမျိုးတွေကြောင့်လည်း ရှေ့နေဆိုတာ အရင်လက်ထက်ကရော ခုလက်ထက်မှာပါ မကောင်းတဲ့လူတွေအဖြစ် အများကအမြင်ခံနေကြရတာပါ။ တကယ်တမ်းက မကောင်းတဲ့လူဆိုတာ ရှေ့နေလောကမှာမှမဟုတ်ပါဘူး။ ဆရာဝန်လောကမှာလည်း ငွေကိုပဲကြည့်ပြီးလုပ်၊ တခြားလောကမှာလည်း ငွေမျက်နှာတစ်ခုတည်းကြည့်ပြီး လူကိုလူလို့မမြင်ပဲ ငွေထုတ်စက်တွေအဖြစ်မြင် တတ်ကြတဲ့သူတွေအများကြီးပါ။ အဲဒီတော့ လူတစ်ယောက်မကောင်းတိုင်း ၀ါးလုံးရှည်နဲ့ သိမ်းပြီးမရိုက်သင့်ပါဘူး။
ခုနက စာချုပ်ဖြစ်တဲ့ကိစ္စလေးကိုဆက်ပြောပါဦးမယ်။ ဒီစာချုပ်မှာတော့ ဘာကြောင့်မှန်းမသိဘဲ ရောင်းသူဘက်ကလည်း ရှေ့နေကြီးတစ်ယောက်ငှားထားပါတယ်။ စာချုပ်ရိုက်တဲ့အခါမှာတော့ ကိုးက ၀ယ်သူ အရှုပ်အရှင်းမရှိအောင်လို့ စာချုပ်ထဲမှာ ကိုယ့်ဘက်ကိုကာကွယ်တဲ့အနေနဲ့စာတစ်ပိုဒ်ထည့်ရိုက်ဖို့ ပြောပါတယ်။ နည်းဥပဒေတစ်ခုကိုလည်း ပုဒ်မနဲ့တကွထည့်ရိုက်ပေးထားလိုက်ပါတယ်။ အဲဒီမှာတော့ ရှေ့နေကြီးက ကိုးကို စကားတစ်ခွန်းပြောလာတဲ့အခါ အရမ်းအံ့သြသွားမိပါတယ်။ ကိုးရေးလိုက်တဲ့ နည်းဥပဒေက ဥပဒေသမားတိုင်းနားလည်ထားတဲ့ နည်းဥပဒေပုဒ်မတစ်ခုပါ။ စာချုပ်တွေတော်တော် များများမှာလည်း ထည့်ရိုက်လေ့ရှိကြပါတယ်။ဒါပေမယ့်ရှေ့နေကြီးက ဘာပြောလည်းဆိုတော့ ညီလေးဒီလိုမလုပ်ရဘူးလေ။ ဒီဥပဒေကိုထည့်ရေးတော့ရောင်းသူဘက်မှာအရမ်းနစ်နာတာပေါ့ဆိုပြီး ကိုးရေးထားတဲ့ နည်းဥပဒေရဲ့ အဓိပါယ်မဟုတ်တဲ့ တခြားပုဒ်မတစ်ခုရဲ့အဓိပါယ်တွေကို ရွတ်ပြပါတယ်။ အဲဒီတော့ကိုးလည်း ရှေ့နေကြီးကိုပြောရပါတယ်။ ဆရာအဲဒါက ဘယ်နည်းဥပဒေပုဒ်မဘယ်လောက်ပါ။ ခု ကိုးရေးထားတာ ဘယ်နည်းဥပဒေပုဒ်မဘယ်လောက်ပါ။ လွဲနေပါတယ်ဆရာလို့ ပညာကိုလေးစားတဲ့အနေနဲ့ လေးလေးစားစားပြောဖြစ်ပါတယ်။ အဲဒီမှာတော့ ရှေ့နေကြီးက ဥပဒေနဲ့ပတ်သက်တဲ့စကားတွေကိုမပြော တော့ပဲ ညီလေးက လိုင်စင်ရတာဘယ်လောက်ကြာပြီလည်းလို့မေးပါတယ်။ ကိုးကလည်း အဲဒီအချိန်က အလုပ်သင်ဘ၀ပဲရှိသေးတာဆိုတော့ အလုပ်သင်ရှေ့နေပါလို့ပြောလိုက်ပါတယ်။ အဲလိုလည်းပြောလိုက် ကောတစ်ဖက်ရှေ့နေကြီးရဲ့ မျက်နှာမှာ အရိပ်တွေအများကြီးဖြတ်ပြေးသွားပါတယ်။ နောက်ဆက်ပြောလိုက်တဲ့စကားကတော့ အော် ဆရာလေးက တော်တော်နုသေးတာပါပဲလားတဲ့။ ကိုးအဲဒီ စကားကိုကြားလိုက်ရတဲ့ခဏမှာတော့ ခဏလေးအသက်ရှူရပ်သွားသလိုပဲ ခံစားလိုက်ရပါတယ်။ ကြားလိုက် ရတဲ့ကိုယ့်နားကိုယ်တောင်မယုံနိုင်အောင်ဖြစ်မိပါတယ်။ ကိုးက ကိုယ်မှားနေလို့မှားတယ်အပြောတာကို ခံနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ပြောနေတာအမှန်ကို အလုပ်သင်ရှေ့နေဖြစ်နေတာတစ်ခုတည်းနဲ့တင် အစော် ကားခံလိုက်ရတာကို မခံစားနိုင်တာတော့အမှန်ပါပဲ။
ကိုးလည်း အဲနောက်တော့ ရှေ့နေကြီးကို ဘာလို့အဲလိုပြောတာပါလဲ။ ကိုးပြောတာအမှန်ပါဆရာကြီး။ ကျွန်တော် ကျင့်ထုံးစာအုပ်လှန်ပြဆိုလည်း ပြလို့ရပါတယ်။ ကျွန်တော်ဒီနည်းဥပဒေကို ဒီစာချုပ်ထဲထည့်ချုပ် ရမှဖြစ်မယ်လို့ပြောလိုက်တော့ တစ်ဖက်ရှေ့နေကြီးမျက်နှာပျက်သွားပါတယ်။ သူကငြင်းထားပြီးပြီကိုး။ ဒါပေမယ့်ကိုးကလည်းအလျှော့မပေးပါဘူး။ ရှေ့နေကြီးတို့ခဏစောင့်ပါဆိုပြီး ကျင့်ထုံးစာအုပ်ကို ပြန်ယူပါတယ်။ ပြီးတော့ ကိုးထည့်ထားတဲ့ နည်းဥပဒေရဲ့အဓိပါယ်ကဒီလိုပါဆိုပြီး ပြောလိုက်တဲ့အခါမှာတော့ ရှေ့နေကြီးထထွက်သွားပါတော့တယ်။ ကိုးလည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကိုးချစ်တာ ဘယ်သူဘယ်ဝါရယ်လို့မဟုတ်ပါဘူး။ အမှန်တရားတစ်ခုကိုမြတ်နိုးတာပါ။ အဲဒီလို အမှန်တရားတစ်ခု အတွက်တိုက်ပွဲဝင်တတ်ကြသူတွေရတတ်တဲ့ ဘွဲ့အတိုင်း ကိုးကို အလွန်အငြင်းသန်တဲ့ရှေ့နေဆိုပြီး ပြောကြပါတယ်။ ပြောကြစမ်းပါစေ။ ရှေ့နေကြီးကလည်း နောက်လမ်းမှာတွေ့ရင် ရှေ့နေပေါက်စ ဘယ်သွားမလို့လည်း ဆိုပြီး နောက်တာလိုလိုပြောင်တာလိုလို ပြောတဲ့အခါ ကိုးက စိတ်မဆိုးမိတော့ပဲ ရယ်ချင်စိတ်တွေသာဖြစ်ဖြစ်လာရပါတယ်။ အော် ရင့်ကျက်ခြင်းနဲ့ အသက်ကြီးခြင်းဟာ တိုက်ရိုက်အချိုးမကျ ပါလားဆိုတာကို လက်ခံရပါတယ်။ လောကမှာ လူတွေဟာ ကိုယ့်ခံယူချက်နဲ့ကိုယ်နေကြတာပါ။ ကိုယ့်ခံယူချက်နဲ့မကိုက်တိုင်း သူများကိုမှားတယ်လို့ပြောလို့မရပါဘူး။ တစ်ဖက်ရှေ့နေကြီးနဲ့ ကိုးနဲ့ဟာ ခံယူချက်ခြင်းမတူညီကြပါဘူး။ ဒါပေမယ့် ကိုးနဲ့ခံယူချက်မတူတိုင်းမှားတယ်လို့တော့မပြောပါဘူး။ စာဖတ်သူ ဘော်ဒါတို့ပဲ ဆုံးဖြတ်ကြပါနော်....။ ဘယ်နေရာမှာမဆို အလုပ်သင်ကောဘာကော လူတန်းစားမခွဲခြားတဲ့ လူနေမှူ့စနစ်တစ်ခုကို ကိုးမျှော်လင့်ပါတယ်။ ဘယ်လောက်ပဲ ကြီးမြတ်ပါတယ်ဆိုတဲ့လူပဲဖြစ်ဖြစ်၊ တော်လှတတ်လှပါတယ်ဆိုတဲ့သူပဲဖြစ်ဖြစ် သူကျွမ်းကျင်တဲ့အလုပ်ကို အလုပ်သင်အဖြစ်ကနေစတင်ခဲ့ကြရ ဆာပါ။ အဲဒါကို လူတော်တော်များများဘာလို့ ကိုယ်ချင်းစာမပေးနိုင်ကြတာလည်းဆိုတာ ကိုးစဉ်းစားလို့မရပါဘူး။ ကိုးကတော့ လူကိုလူလို့မြင်တတ်ပြီး ကိုယ်ချင်းစာတရားထားနိုင်ကြတဲ့သူတွေချည်း သာလောကတစ်ခုလုံးလွှမ်းခြုံသွားခဲ့ရင် အရမ်းလှပတဲ့ ကမ္ဘာမြေကြီးဖြစ်လာလိမ့်မှာ မြေကြီးလက်ခတ်မလွဲ ပါပဲဆိုတာ တိုက်တွန်းရင် ကိုးရဲ့အလုပ်သင်ဘ၀ခံစားချက်များကို နောက်များမှဆက်ရေးတော့မယ်နော်....
တရားမျှတခြင်းတစ်ခုအတွက်
စာရေးသူ...ကိုကိုးအိမ်(၃၁.၈.၂၀၁၀)၂၁နှစ်ပြည့်မွေးနေ့
5 ယောက်ကစာမူခပေးသွားပါတယ်:
အင်း ကိုကိုးအိမ် ရေ
ခံစားချက်တွေ အများကြီး အများကြီး ဖတ်ရအုန်းမယ် လို့ တွေးလိုက်မိတယ်
ခင်တဲ့
ရွှေစင်ဦး
နတ်ပြည်က နတ်သားတွေက ငရဲပြည်ကို မကျေမနပ် ဖြစ်နေကြတယ်.. ဘာလို့လဲဆိုတော့ အင်ဂျင်နီယာတွေက ငရဲပြည်မှာချည်းပဲဆိုတော့ ငရဲပြည်က တိုးတက်နေလို့လေ .. အဲဒါ နတ်ပြည်ကို အင်ဂျင်နီယာပို့ပေးဖို့ ပြောတော့ ယမမင်းက လက်မခံဘူး .. အဲဒါနဲ့ နတ်ပြည်က တရားစွဲမယ်လို့လဲ ပြောရော .. ယမမင်းက ပြန်ပြောတယ် .. ဆွဲလိုက်လေတဲ့ ...ရှေ့နေတွေ အကုန်လုံးလည်း ငရဲပြည်ရောက်နေကြတာတဲ့ :-)
ညီလေးရေ ---- အဲ ထူးအိမ်သင် သီချင်းမဟုတ်ဘူးနော်
ကိုး ကိုခေါ်နေတာ အလုပ်သင် ခံစားချက်တွေကို နောက်မှ ဆက်ရေး ဘာပဲဖြစ်ဖြစ် လူကို လူလို မြင်တတ်တာလေးကို အရမ်းလေးစားပါတယ်။
ငြိမ်းချမ်းပါစေ
မိုးယံ
ဒီလိုပါပဲ ညီရာ..
ဖြစ်တတ်ပါတယ်။ နေရာတိုင်းမှာ ရှိပါတယ်။
ခံစားချက်တွေကို နားလည်ပေးလို့ရပါတယ်.. ဒီလိုပါပဲ... တချို့ကလဲ အသက်ကြီး ဝါကြီး(အတွေ့အကြုံများ)ပေမယ့်လဲ စိတ်ထားနုတာတွေ အများသားလားနော်... မစုတ်မနစ်သာ ကြိုးစားသွားပါ.. ကိုယ့်အလှည့်ကျ ဒါမျိုးမဖြစ်စေနဲ့ပေါ့ ဟုတ်ဘူးလား.... အောင်မြင်ကျော်ကြားတဲ့ နာမယ်ကောင်းနဲ့ ရှေ့နေကောင်း တယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
Post a Comment