ဗျောသံကဗျောသံကဗြုန်း..ဗြုန်း
|
ဗျောသံဆိုလို့ စာလုံးပေါင်းတဲ့နေရာမှာတွေ့မိတာကတော့ ဗျောသံလို့လည်းပေါင်းကြပါတယ်။ ဗြောသံလို့လည်းပေါင်းတာတွေ့ရပါတယ်။ ဘယ်ဟာအမှန်ဆိုတာတော့ မြန်မာအဘိဓာန်ထဲလှန်မကြည့်ဖြစ် လို့မသိရသေးပါဘူး။ ရေးချင်တဲ့စိတ်ရှိနေတဲ့အချိန်မို့ဝင်ရေးဖြစ်လိက်တာပါ။ ကိုးအထင်တော့ စာလုံးပေါင်းအမှန်က ဗျောသံလို့ပဲထင်ပါတယ်။ နောက်မှ အဘိဓာန်ပြလှန်တော့မယ် ဟီးဟီး.. အခုတလော ကိုးတစ်ယောက် ဗြောသံတွေနဲ့တော်တော်အကျိုးပေးပါတယ်။ အကျိုးပေးများဘယ်လောက်ထိ အောင်လည်းဆိုရင် ရေဒီယိုနားထောင်လိုက်လည်း ဗြောသံကြားရတာပဲ။ ဟိုတစ်နေ့ကလည်း ကလေးတွေကို စာသင်တော့ ဗျောသံနဲ့ပတ်သက်တဲ့ကဗျာလေးတစ်ပုဒ်သင်ရပါတယ်။ ကဗျာလေးရဲ့စိတ်ကူးကအရမ်းကောင်း ပါတယ်။ ရှေးမြန်မာလူမျိုးတွေရဲ့ အလှူမင်္ဂလာပြုကြပုံလေးတွေကို ကြည်နူးစရာကောင်းအောင် စပ်ဆိုထား တာပါ။ ကိုးက မြန်မာစာသင်တာဆိုတော့ ကဗျာရဲ့စကားပြေကို ပြန်ပေးရပါတယ်။ အဲဒီမှာ ကဗျာကိုဘယ်လို စကားပြေပြန်မလည်းစဉ်းစားရင်းနဲ့ ကဗျာလေးကအရမ်းကောင်းတော့ ကိုယ့်အတွက်ကိုယ်သပ်သပ်ပြန်ထားဦး မှပဲလို့စဉ်းစားမိတာနဲ့ ပြန်ဖြစ်ရင်း ပို့စ်တင်ဖို့ပါ စိတ်ကူးရလာပါတယ်။ နောက်ပြီး ဗြောဆိုတာကလည်း ကိုယ်နဲ့တော်တော်ရင်းနှီးတဲ့အမျိုးကိုး။ ကိုးရဲ့ အဘိုးတို့ညီကိုတစ်တွေလုံးဟာ ဗျောဆရာတွေပါ။ သူ့ခေတ် သူ့အခါကတော့ မြန်မာ့အသံလွှင့်ဌာနမှာ လွှင့်တဲ့အတွက် ပန်းတောင်းစိန်လင်းဗျောအဖွဲ့  ဆိုရင် တော်တော်များများသိကြပါတယ်။ ဒါပေမယ့် ကိုးရဲ့အဘိုးတစ်ယောက်ပဲချွန်လာလေသလားမသိ၊ စီးပွားရေး သမားတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမယ့် ကိုးရဲ့ခေတ်မှာတော့ ပြန်ပြီးနီးစပ်လာတယ်လို့ဆိုရမလေ။ နောက်ပြီး မနက်မိုးလင်းပြီဆို အဆောင်ခေါင်းရင်းက အိမ်ကလည်း ဗျောခေါက်သေးသဗျ။ မိုးလင်းပြီဆိုတာ နဲ့ အဲဒီအိမ်ကအန်တီကြီးက ကောင်းလေး နင်..... ဆိုပြီး သူ့သားကို ဗျောခေါက်တော့တာပဲဗျို့။ နောက်ပြီး ကိုးတို့မြန်မာလူမျိုးတွေကလည်း ဗျောနဲ့အင်မတန်မှ နီးစပ်တာကလား။ ငယ်ငယ်လေးကတည်းက မိဘတွေ က ကောင်လေးဗျောတီးခံချင်သလား။ ကျောပြင်ဗျောတင်လိုက်ရမလားဆိုတာမျိုးတွေက ကြားနေကျပါ။ တစ်ကယ်တမ်းမှာလည်း အလှူပွဲတွေ၊ ရှင်ပြုနားသပွဲတွေစတဲ့ ပွဲတွေမှာ ဗျောဆိုတာမပါမဖြစ်အနေနဲ့ ထည့်ကြပါတယ်။ တစ်ချို့ရွာတွေမှာဆိုရင် ဘာပွဲပဲလုပ်လုပ် သူမပါရင်မဖြစ်တဲ့ထိတောင် ဗျောမောင်မောင် လုပ်ကြတုန်းပါ။ နောက်ပြီး ကိုးဆိုကရေးတီးမှာ အရေးစပြိုင်တဲ့နှစ်ကလည်း ဗျောသံကို သီချင်းထဲထည့်စပ် ဖြစ်ခဲ့ပါသေးတယ်။ ဂီတသံစဉ်စဖြစ်ပေါ်လာတာနဲ့စပ်ပြီးတော့ပေါ့။ ဇမ္ဘူ့သပြေသီးကြွေသည်၊ အာနန္ဒာငါးကြီး ဟပ်လိမ့်မည်.. ပလုတ်ပလုတ်ဗြုန်း ဆိုပြီးစပ်ဖြစ်ခဲ့တာပါ။ ဟိးဟီး ဘော်ဒါတို့ကတော့ထင်ကြမလားမသိဘူး ကိုကိုးအိမ်ဆိုတဲ့ကောင်ဘာကောင်မှန်းမသိဘူး။ နေရာတကာသူမပါတာကိုမရှိဘူး။ သီချင်းလည်းဆိုလိုက် တာပဲ၊ သီချင်းလည်းရေးလိုက်တာပဲ၊ စာလည်းသင်လိုက်တာပဲ၊ စာလည်းရေးလိုက်တာပဲ၊ ရှေ့နေလည်းလုပ် လိုက်တာပဲ ဆိုပြီးတော့ပေါ့။ ဟီးတစ်ကယ်က အားလုံးကို ၀ါသနာပါလွန်းလို့လုပ်ဖြစ်တာပါ။ ကျောင်းတက်စဉ်က သီချင်းဆိုတယ်၊ သီချင်းရေးတယ်။ ခုတော့ ရှေ့နေလုပ်တယ်၊ စာသင်တယ်၊ ရှေ့နေလုပ်တယ်ခင်ဗျ။ ဒါပေမယ့် တစ်ခါတစ်ရံသီချင်းလည်းရေးဖြစ်ဆိုဖြစ်ပါတယ်။ အဲဒီထဲမှာ ပထမဆုံး ရေးခဲ့တဲ့ ဗျောသံပါတဲ့သီချင်းလေးကတော့ အမှတ်တရပေါ့လေ။ ဗျောသံကဗျာစကားပြေပြန်ထားတာလေး တင်လိုက်မယ်နော်.... အားလုံးလည်း ငယ်ဘ၀ကို ပြန်လည်အမှတ်ရဖြစ်တာပေါ့ဗျာ...။
မြို့လယ်ကမဏ္ဍပ်၊ အရပ်မှာတဲ့ကုသိုလ်၊ ကျောင်းကြီးအိုအို။
လက်ရန်းငယ်ပြို၊ ရှင်လူပျိုတည်းတဲ့၊ ကျောင်းစိုလို့ရွှဲ။
အရှေ့ကိုလျှောက်ပါလို့၊ အနောက်ကိုတဲ့မျှော်လိုက်ရင်
တံခွန်တိုင်ရွှေကုက္ကားနဲ့၊ ဘုရားကိုမြင်။
မမလေးတို့ပျိုဦးရင်၊ အ၀င်သာပေတောင်း၊ ဗောဓိရွှေကျောင်း။
ရွှေသျှောင်ကိုမောင်ထုံးလို့၊ ရွှေကုံးကိုဆင်။
ညနေမောင်ရင်ဖြစ်တယ်၊ လွမ်းရစ်တော့လေး။
ရွှေစာအမေပိုက်လို့၊ လိုက်ပါရစေမောင်လှရယ်။
ကျောင်းတော်ဝိဟာဘယ်မလဲကွဲ့၊ လမ်းပြလှည့်ဦး။
စာပလွေမောင်ထမ်းလို့၊ ကျောင်းလမ်းကိုဝင်
ဘယ်စာကိုသင်မတုန်းကွဲ့၊ အမေလေးသံချိုနှောလို့ ပြောခဲ့ပါဦး။...။
စကားပြေပြန်ထားပုံလေးကတော့ဒီလိုပါ....
         ဤကဗျာရှိစာဆို၏ဖွဲ့ဆိုထားပုံမှာ ရှေးခေတ်မြန်မာလူမျိုးတို့၏ ရိုးရာအစဉ်အလာ ဓလေ့စရိုက်များ ကိုထင်ဟပ်စေပါသည်။ ထိုခေတ်အခါက မြန်မာနိုင်ငံအနှံ့အပြားတွင် အလှူပွဲ၊ ရှင်ပြုနားသပွဲများ ခြိမ့်ခြိမ့်သည်းမျှ စည်ကားခဲ့ပါသည်။ ထိုသို့ပွဲလမ်းသဘင်များဆင်နွှဲရာတွင် မြို့လယ်ခေါင်​ဍ္ဍ် မဏ္ဍပ်များ ဟီးထအောင်ထိုး၍ကျင်းပကြပါသည်။ ထိုသို့ကျင်းပရာတွင်လည်း အရပ်လေးမျက်နှာမှလာသည့် မည်သို့သော ဧည့်ပရိတ်သတ်မျိုးကိုမဆို အယုတ်၊အလတ်၊အမြတ်မရွေး ကုသိုလ်ဖြစ်စတုဒီသာများကို ခုနှစ်ရက်ခုနှစ်လီ ကျွေးမွေးလေ့ရှိကြပါသည်။ ထို့ပြင် ကုသိုလ်ပြုလုပ်သော ကျောင်း၏ပုံသဏ္ဍာန်ကိုလည်း ထည့်သွင်းဖွဲ့ဆိုခဲ့ပါသည်။ ကျောင်းကြီးမှာအိုမင်းလှပေပြီ။ ကျောင်းကြီးပေါ်မှ လှေကားလက်ရန်းများမှာ လည်းပြိုကျပဲ့ထွက်လျှက်ရှိပြီ။ ကျွန်ုပ်၏သား မောင်ရင်လောင်းလူပျိုကလေးတည်းသည့် ကျောင်းကြီးမှာ ထမင်းရည်ချောင်းစီးလှူဒါန်းကြသဖြင့် ကျောင်းကြီးမှာ စေတနာတို့ဖြင့်ရွှဲရွှဲစိုနေပါသည် ဟု ယခုပင်ကျောင်း ကြီးကို မျက်စိထဲတွင် မြင်ယောင်လာအောင် ဖွဲ့ဆိုနိုင်စွမ်းရှိခဲ့ပါသည်။
         အရှေ့ကိုလျှောက်ပါလို့၊ အနောက်ကိုတဲ့မျှော်လိုက်ရင်
         တံခွန်တိုင်ရွှေကုက္ကားနဲ့၊ ဘုရားကိုမြင်။
      ထိုအပိုဒ်သည် မောင်ရင်လောင်းလှည့်သည့်မြင်ကွင်းကို စပ်ဆိုထားခြင်းဖြစ်ပါသည်။ မောင်ရင်လောင်းတန်းထဲတွင် အရှေ့တူရှူသို့လျှောက်နေရာမှ အနောက်ကို လှမ်းမျှော်ကြည့်လိုက်ရင်ဖြင့် တံခွန်တိုင်၊ ရွှေကုက္ကားတို့နှင့်တကွ အလွန်သပ္ပါယ်ကြည်ညိုလှစွာသောဘုရားကိုလှမ်းမြင်ရပါသည်။
           အရပ်ထဲရှိ ကွမ်းတောင်ကိုင်၊ပန်းတောင်ကိုင် မမလေးတို့၏ကိုရင်မောင်သည် မြတ်ဗုဒ္ဓ၏ တရားတော်ကွန်းခိုရာဖြစ်တော်မူသော ဤကျောင်းတော်မဟာသို့ ၀င်ရာတွင်လည်း စိတ်အေးချမ်းသာစွာ ဖြင့် ၀င်ရောက်နိုင်ပါစေဟု ဆုတောင်းသံကိုလည်း ထည့်သွင်းဖွဲ့ဆိုထားပါသည်။
             စာဆိုက ထိုခေတ်မောင်ရင်လောင်းများ၏ ဆင်ယင်ထုံးဖွဲ့ပုံကိုလည်း ဗဟုသုတရဖွယ် ထည့်သွင်းရေးသားထားပါသည်။ ထိုခေတ်ထိုအခါက မောင်ရင်လောင်းများသည် ကိုရင်မ၀တ်မီအချိန်ထိ ဆံပင်ကိုလုံးဝမဖြတ်ဘဲ အရှည်ထားကြသောဓလေ့ရှိခဲ့ပါသည်။ ထိုဆံပင်အရှည်များကို မောင်ရင်လောင်း ၀တ်ရာတွင် ဦးခေါင်းထိပ်ပေါ်ဍ် ရစ်ဝိုက်၍ သျှောင်ဆံထုံးထုံးကြပါသည်။ ထိုသို့သျှောင်ဆံထုံးထုံးသည်ကို လည်း ရွှေသျှောင်ဟုတင်စားဖွဲ့ဆိုထားသည်ကို တွေ့နိုင်ပါသည်။ ထိုသျှောင်ဆံထုံးလေးပေါ်တွင်လည်း မောင်ရင်လောင်းအဆင်တန်ဆာများဖြစ်ကြလေသော ရွေပန်းကုံးများကို တန်ဆာဆင်ထားပါသည်။
             ညနေမောင်ရင်ဖြစ်တယ်၊လွမ်းရစ်တော့လေး။
       ဤစာပိုဒ်တွင် စာဆိုက မောင်ရင်လောင်းဘ၀နှင့် ကိုရင်ဘ၀နှစ်ခုတို့ မတူကွဲပြားပုံကို နှိုင်းယှဉ်ဖွဲ့ပြ ထားပါသည်။ နံက်ပိုင်းတွင် မောင်ရင်လောင်းအဖြစ်ဖြင့်ရှိနေခဲ့သော လုလင်ငယ်သည် ယခုအချိန်တွင်ကား ကိုရင်အဖြစ်ဖြင့်ရှိနေခဲ့ပေပြီ ဟု သံဝေဂအမြင်ဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။ ထိုသို့ကိုရင်ဘ၀သို့ကူး ပြောင်းသွားသောအခါ လူ့ဘောင်တွင်ကျန်ရစ်ခဲ့သော နှမနှင့်မောင် အမိနှင့်အဖတို့မှာ လွမ်း၍ ကျန်ရစ်ပေ ဦးတော့ဟု လွမ်းမောဖွယ်ဖြစ်အောင်လည်း ရေးသားထားပါသေးသည်။
       မောင်တို့ရှင်ပြုပွဲတွင် ရွှေပိန်းချပေစာထုပ်ကို ပိုက်၍ နောက်တော်ပါးမှ လိုက်ပါလိုသဖြင့် ခွင့်တောင်းပါ သော မိခင်တစ်ယောက်၏ခံစားချက်ကိုလည်း ရသမြောက်အောင် ခံစားရေးဖွဲ့ထားပါသည်။ ထိုသို့ခွင့် တောင်းပုံကို...  ရွှေစာအမေပိုက်လို့၊ လိုက်ပါရစေမောင်လှရယ်.. ဟုဖွဲ့ဆိုထားခြင်းဖြစ်ပါသည်။
     ထိုသို့လိုက်ပါရာတွင် ရဟန်းသံဃာတို့ပျော်စံသတင်းသုံးရာ ကျောင်းတော်ဝိဟာရီသည် မည်သည့် အရပ်တွင်ရှိသည်ကို အမေမသိပါ။ ထို့ကြောင့် ကျောင်းတော်သို့သွားသောလမ်း ဘယ်အရပ်တွင်ရှိသည်ကို လမ်းပြလှည့်ပါဦးဟု အမေတစ်ယောက်၏သားတစ်ယောက်အပေါ် အားကိုအားထားရှိလှပုံကို လှစ်ဟပြထား သည်ကိုတွေ့နိုင်ပါသည်။
      စာပလွေမောင်ထမ်းလို့၊ ကျောင်းလမ်းကိုဝင်။
      ဘယ်စာကိုသင်မတုံးကွဲ့၊ အမေလေးသံချိုနှောလို့၊ ပြောခဲ့ပါဦး။
         ဤကဗျာတွင် စာဆို၏စေတနာကို ထင်ရှားစွာမြင်နိုင်ပါသည်။ ရှေးခေတ်မြန်မာတို့၏ အလှူအတန်း ရက်ရောပုံ၊စိတ်ထားကောင်းမြတ်ပုံတို့ကို လှစ်ဟပြထားခြင်းဖြစ်ပါသည်။ ထို့ပြင် မိခင်တစ်ယောက်၏ သားတစ်ယောက်အပေါ်ထားသော ချစ်ခြင်းမေတ္တာ၊ စေတနာ၊ မျှော်လင့်ခြင်း၊ အားကိုးခြင်း စသည်တို့ကို ဂရုဏာရသမြောက်အောင် စကားလုံးနည်းနည်းဖြင့် ထိရောက်စွာ ဖွဲ့ဆိုနိုင်စွမ်းရှိခဲ့ပါသည်။
စာရေးသူ...ကိုကိုးအိမ်(၅.၉.၂၀၁)
8 ယောက်ကစာမူခပေးသွားပါတယ်:
ချော(အစိမ်းရောင်လွင်ပြင်) said...
မြန်မာ့ယဉ်ကျေးမှုကို ကွက်ကွက်ကွင်းကွင်း ထင်ရှားစေတဲ့ ဗြောသံတွေက သိပ်ကို ချစ်စရာကောင်းပါတယ်..
ကိုကိုးအိမ်ရေးထားတာလေးကိုတွေ့တော့ ကျောင်းမှာ မြန်မာကဗျာတွေကို စကားပြေပြန်ရတာကိုတောင် သတိရလာပြီ။
စကားပြေတွေကို အလွတ်ကျက်ရတာထက် ကိုယ့်အရေးအသားနဲ့ကိုယ် ရေးရတာ အရမ်းသဘောကျမိတယ်..
ကဗျာသာ အလွတ်ကျက်ထားရင် စကားပြေကို ကျက်ဖို့မလိုတော့ဘူး.. လူလည်း သက်သာတယ်..
နွေဆူးလင်္ကာ said...
ကျနော်တို့ အလှူတုန်းက ဘိသိတ်ဆရာ အဲဒါကို ဆိုတော့ ကျနော့် အမေ မျက်ရည်ကျတာ မှိတ်မိနေသေးတယ် .
မိုးယံ said...
ညီလေး ကိုး ။ အစ်ကို တို့လည်းဗျော ကြီးနဲ့ ငယ်ငယ်က တော်တော်ရင်းနှီးခဲ့တာ။ အခုတော့ အသက်နည်းနည်းရလာတော့ အဆက်အသွယ် ပြတ်သွားပါပြီ။ နိုင်ငံခြားရောက်လာတော့ အမေ့ဗြော သံမကြားရ တော့ ပြန်။
ငြိမ်းချမ်းပါစေ
မိုးယံ
Anonymous said...
အခု ကိုကိုးအိမ် လက်ထက်မှာ ဗျောသံ သာသာလေး နဲ့ အနုပညာ အမျိုးကို ပြန်လည် ဖော်ထုတ်နိုင်ပါစေ အဆောင်ဘေးအိမ်က ဗျောသံလိုတော့ ဟုတ်ဘူးနော်
ခင်မင်စွာုဖြင့်
ရွှေစင်ဦး
Anonymous said...
word verification ဖြုတ်ပေးလို့ ကျေးဇူး
အဖြူရောင်နတ်သမီး said...
ဗျောသံလေး ခံစားသွားတယ်..ကိုးရေ...
သုခုမလေဒီ said...
ဗျောသံလေးလာနားထောင်တယ်း))
တစ်ခါတစ်လေ မန့်မရဘူး၊ ခုတော့ စီဗုံးမရပြန်ဘူး..
အဆင်ပြေပျော်ရွှင်ပါစေ ကိုးရေ..
Unknown said...
ဗြောသီချင်းစတင်ဖြစ်ပေါ်လာပုံလေးသိပါရစေ။
©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB