ဒေါသသင့်သောစာတစ်ပုဒ်

|




သူများကို ဝေဖန်မယ်ဆို ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ပါ။

တန်ရာတန်ကြေးပဲယူ-- တန်ရာတန်ကြေးပေး..
ကိုယ့်အလုပ်ကိုတန်ဖိုးထားပါ.. တစ်ပါးသူအလုပ်ကို လေးစားပါ
သူများကို အပြစ်ပြောမယ်ဆို ကိုယ်အရင်တတ်အောင်ကြိုးစားပါ
စောတာ၊နောက်ကျတာကို ဂုဏ်ယူတာထက် ပိုတတ်တာကို ဂုဏ်ယူနိုင်အောင်ကြိုးစားပါ..
ကိုယ်စားနေတဲ့ထမင်း ဘယ်လောက်သန့်ရှင်းလဲ ပြန်စဉ်းစားပါ..
နေ့စဉ်မှန်ထဲမှာ ကိုယ့်စိတ်ပုံရိပ်ကိုပြန်ကြည့်ပါ..
တွေ့သမျှပညာယူပါ..
ကိုယ်ထက်သာသူကို မနာလိုစိတ်မမွေးပါနဲ့...


ကိုးစိတ်ထဲမှာ ခံစားရတာတွေအရမ်းတင်းကျပ်လာလို့ ဒီစာကို ရေးဖြစ်လိုက်တာပါ။ ကိုးတို့မြန်မာတွေထဲက တစ်ချို့သောလူတွေ တော်တော်များများဟာ ကိုယ့်အကြောင်းကိုယ် မစဉ်းစားဘဲ မနက်ဖြန်စာသာ မရှိရင်နေမယ် သူများမကောင်းကြောင်း ပြောရမယ်ဆိုရင်တော့ အားပါးတရကိုရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့တစ်တွေ ကြီးပွားသင့်သလောက်မကြီးပွားကြတာပါ။ စိတ်ထားလေးတွေလိုနေပါတယ်။ ကိုးဒီရှေ့နေအလုပ်ကို လုပ်ဖြစ်ခဲ့တာ အရမ်းကြီးဝါသနာပါခဲ့ လို့မဟုတ်ပါဘူး။ ကျောင်းပြီးတော့မှ အလုပ်သင်ဆင်းရင်း တခြားရှေ့နေတွေကို ကြည့်ပြီးအားကျတာရယ်၊ ရထားတဲ့ဘွဲ့၊ တက်ထားခဲ့ရတဲ့ လေးနှစ်တာကာလနဲ့ ပေးဆပ်ခဲ့တဲ့အချိန်တွေကို နှမြောတာရယ်၊ တခြားရှေ့နေတွေ ၀င်ငွေကောင်းနေတာကို မြင်ရတာအားကျတာရယ် တွေကြောင့် ဒီအလုပ်ကိုလုပ်ဖြစ်ခဲ့တာ ၀န်ခံပါတယ်။ ဒါပေမယ့် ကိုးအမှန် တကယ်လိုချင်ခဲ့တာ သူများမျက်ရည်ပေါက်ကြီးငယ် ကျမှရမယ့် မဟားဒယားငွေမျိုး မဟုတ်ပါဘူး။ တကယ်သမ္မာအာဇီဝကျကျ ရမယ့်ငွေကိုသာ မက်မောခဲ့ရိုးအမှန်ပါ။


ဒါပေမယ့် ပြီးခဲ့တဲ့ညက သူငယ်ချင်းတွေတစ်အုပ်လုံး ထိုင်နေရင်း တစ်ယောက်က စဖောက်လိုက်တာပါ။ “ခင်ဗျားတို့ ရှေ့နေတွေက ဘယ်လိုဖြစ်တယ်၊ ဘယ်ဝါဖြစ်တယ်” ပေါ့။ ၀ါးလုံးရှည်နဲ့သိမ်းကျုံးရမ်းတာပေါ့ဗျာ။ ကိုးကလည်း ကိုယ်က မကောင်းတာတစ်ခုခု လုပ်ထားမိလို့ “ခင်ဗျား ဘယ်တုန်းက ဘယ်သူ့ကို ဘယ်လိုမတရားလုပ်လိုက်တာ” ဆိုတာမျိုး တိတိကျကျစွပ်စွဲတာကို လက်ခံနိုင်ပါတယ်။ အခုလိုမျိုး သေချာသိတာမျိုး မဟုတ်ဘဲ “ ခင်ဗျားတို့ရှေ့နေတွေက ”ဆိုပြီးတော့ ၀ါးလုံးရှည်နဲ့သိမ်းရိုက်တာကိုတော့ စိတ်တိုမိပါတယ်။ တကယ်တမ်းက အဲလိုမျိုးပြောတဲ့သူတွေလည်း တိတိကျကျမသိကြပါဘူး။ ကိုးကို ပြောတာ ကျောင်းသား အရွယ်တွေပါ။ ကျောင်းသားတစ်ယောက်ဟာ တရားရုံးဆိုင်ရာတွေ ရှေ့နေဆိုင်ရာတွေနဲ့ ဘယ်လောက်တွေ့ဖူးမှာလည်းဗျာ။ တကယ်တမ်း ကိုယ့်မှာမပြည့်ဝဘဲ သူများအပြော၊ စာအုပ်ထဲမှာပါတဲ့ ရှေ့နေဝေဖန်ရေးတွေ ကိုလောက်ဖတ်ပြီး စာတွေ့နဲ့ လာပြောနေတာ ဘယ်လောက်ထိများ မှန်နိုင်မှာမို့လည်း။ ကိုးကလည်း ရှေ့နေတွေအားလုံးကောင်းတယ်၊ ဆိုးတယ် လုံးဝမဝေဖန်ပါဘူး။ ဘာလို့လည်း ဆိုတော့ နေရာတိုင်းမှာ ကောင်းတဲ့ လူနဲ့ဆိုးတဲ့လူဆိုတာ ဘယ်နေရာမှာမဆို ဒွန်တွဲနေတာပါ။ အဲတော့ ဘယ်အလုပ်မျိုးကိုမှ၊ ဘယ်အရာကိုမှ တစ်ယောက်ဖြစ်တာနဲ့ အားလုံးဖြစ်ရမယ် ဆိုတာ ယုတ္တိဗေဒအရ စဉ်းစားမယ်ဆိုရင် တောင်လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ နောက်ပြီး အဲဒီလူတွေကကော ဘယ်လောက်တတ်မှာလည်းဗျာ။ တစ်ခါကလည်း ဥပဒေနဲ့ 2005 လောက်က ကျောင်းပြီးထားတယ်ဆိုတဲ့ လူတစ်ယောက်နဲ့တွေ့ဖူးပါတယ်။ အဲဒီလူက အခု ဈေးရောင်းနေပါတယ်။ ကိုးက 2009 မှာကျောင်းပြီးတာပါ။ အဲတော့ သူက မင်းတို့က 2006 မှ ဥပဒေစသင်တာ။ ငါတို့က 2005 ကတည်းက ကျောင်းပြီးထားတာ။ မင်းတို့ငယ်ပါသေးတယ်ကွာဆိုတဲ့ အချိုးမျိုးလာပြောတာပါ။

အဲတုန်းက ကိုးလည်း တော်တော်ပေါက် (ဒေါသထွက်)သွားတာနဲ့ “ဒီမှာအကို တကယ်တမ်းက အရင်ကျောင်းပြီးတာတွေ နောက်မှကျောင်းပြီးတာတွေ ထားလိုက်။ အရေးကြီးတာက ကိုယ်သင်ခဲ့တဲ့ပညာရပ် ကိုအမှန်တကယ် တတ်ဖို့ပဲလိုတယ်။ ခင်ဗျားသင်ခဲ့တာနဲ့ ကျွန်တော်သင်ခဲ့တဲ့ဘာသာရပ် ချင်းအတူတူပဲ။ ကြိုက်တဲ့ဘာသာမှာ ယှဉ်လိုက် ယှဉ်ရဲတယ်၊ တကယ်တမ်း ခင်ဗျား ကျွန်တော့်ထက်သာတယ် ပြောချင်ရင် ကျွန်တော့်ထက် ဘယ်လောက်စောတယ် ဆိုတာလာမပြောနဲ့။ တကယ်တမ်းသတ္တိရှိရင် ကျွန်တော့်ထက် ဘယ်လောက်ပိုတတ်တယ်ဆိုတာပဲ လာပြိုင်နိုင်တယ်။” လို့ပြောလိုက်မှ ပါးစပ်ပိတ်သွားပါတယ်။

အခုကိစ္စမှာလည်း ပြောလွန်းမကပြောလာတော့ စိတ်တိုလာတာနဲ့ “ မင်းတို့ အဲလောက်ပြောစရာမလိုဘူး၊ ငါတစ်ခုခုမကောင်းတာ လုပ်ထားလို့ ခင်ဗျားဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုမတရား လုပ်ပစ်လိုက်တယ်။ ဘယ်လိုတော့ ဖြင့် ဖြစ်တယ်ဆိုပြိး တိတိကျကျလာစွပ်စွဲနိုင်တယ်၊ မဟုတ်၇င် မင်းတို့ငါ့ကို ဘာမှလာပြောစရာမလိုဘူး၊ ခင်ဗျားတို့ရှေ့နေတွေဆိုတဲ့စကား ဘယ်တော့မှ ငါ့ရှေ့မှာလာမပြောနဲ့၊ ရှေ့နေတွေအကြောင်း ပြောချင်ရင် ရှေ့နေတွေဆီသွားကြ၊ ငါ့ကိုလာမပြောနဲ့၊ ငါက ကိုယ့်အကြောင်းပဲကိုယ် စိတ်ဝင်စားတယ်။ သူများအကြောင်း စိတ်မ၀င်စားဘူး။ မင်းတို့ကိုယ်ဟာကိုယ် ကောင်းအောင်တော့ ဘယ်လိုနေမယ် မစဉ်းစားဘူး၊ သူများမကောင်းကြောင်းပဲ လိုက်ပြောနေကြတာ၊ အဲဒါကြောင့် မင်းတို့ဒီလိုဘ၀တွေကမတက်တာ။ ကိုယ်ဘာကောင်ဆိုတာ မစီစစ်ပဲ သူများဘာကောင်ဆိုတာပဲ လိုက်စိစစ်နေမယ်ဆိုရင် အဲဒါမင်းတို့ ငွေဝယ်ကျွန်တွေပဲ။ မင်းတို့ အခုပြောနေတဲ့စကားတွေက ဘယ်လောက်တန်ဖိုးရှိလည်း၊ ကိုယ့်ဟာကိုယ်ကော စဉ်းစားမိကြရဲ့လား။ သူများအတွက်လည်း တန်ဖိုးမရှိ၊ ကိုယ့်အတွက်လည်း တန်ဖိုးမရှိတဲ့ စကားကို ဘာလို့ပြောချင်နေကြတာ လည်း။ ခင်ဗျားတို့ရှေ့နေတွေကဘယ်လိုဆိုပြီး ကောနေကြတဲ့ကောင်တွေကကော ဘယ်လောက်များ ဂဃနဏ သိထားလို့လည်း။ သူများအပြောတွေ၊ ဝေဖန်ရေးသမားစာတွေ ဖတ်ပြီး ပါးစပ်ရာဇ၀င်တွေပဲ ကြားဖူးပြီး ငါ့စကားနွားရ လာပြောနေကြတဲ့ ကောင်တွေချည်းပဲ။ ဒီမယ် ငါ့ကောင်တွေ ရှင်းရှင်းလင်းလင်းနေတတ်တဲ့ လူကောင်းတစ်ယောက်ဟာ ဘယ်ရှေ့နေနဲ့မှလည်း ပတ်သက်စရာမလိုဘူး။ ဘယ်တရားရုံးမှလည်း ရောက်စရာ အကြောင်းမရှိဘူး။ အဲတော့ ရှေ့နေတွေ တရားရုံးတွေနဲ့ မပတ်သက်ချင်ဘူးဆိုရင် “ ကင်းချင်ရင် ကောင်းအောင်နေ၊ ကောင်းချင်ရင် ကင်းအောင်နေ” ။ လူကောင်းတစ်ယောက်ဟာ ဘယ်တော့မှ တရားရုံးတို့ ထောင်တို့ မရောက်ဘူးကွ။ ရှေ့နေတွေ၊တရားသူကြီး တွေနဲ့လည်း ပတ်သက်စရာမလိုဘူး။ အဲဒါကိုပဲ ကိုယ်မကောင်းလို့ ရောက်တာကို မစဉ်းစားမိဘူး ရှေ့နေတွေကဘယ်လို ဆိုပြီးပြောနေတဲ့ကောင်တွေချည်းပဲ။ မင်းတို့ အမှူ့ဖြစ်အောင်လုပ်တဲ့ ကောင်တွေတရားရုံးမှာ မျက်စိသူငယ် နားသူငယ်နဲ့ ဘာလုပ်တတ်လို့လည်း။ ဒါကိုပဲ အစအဆုံးလိုက်လုပ်ပေးတဲ့သူကို တန်ရာတန်ကြေးတော့ မပေးချင်ကြဘူး။

လောကမှာ အစားပေးနိယာမဆိုတာရှိတယ်ကွ။ တန်ရာတန်ကြေးအမြဲပေးပါ။ တန်ရာတန်ကြေးပဲယူပါ။ တန်ရာတန်ကြေးမပေးသူ တန်ရာတန်ကြေးထက်ပိုယူသူတို့သည် အစားပေးနိယာမ၏ တရားစီရင်မှူ့ကို ခံရမည်။ ဆိုတာရှိတယ်။ မင်းတို့က တန်ရာတန်ကြေးတောင် ပေးချင်ကြတဲ့ကောင်တွေမဟုတ်ဘူး။ အဲဒါ သူများပိုက်ဆံကို ခိုးတာပဲ။ မင်းတို့က ပြောချင်တာပဲ သိတယ်။ ဒီဥပဒေပညာရှင်တွေ ဘယ်လိုလေ့လာခဲ့ရတယ်။ ဘယ်လောက်ပေးဆပ်ခဲ့ရတယ် ဆိုတာ မင်းတို့မသိဘူး။ ပါးစပ်နဲ့လွယ်လွယ်လေး အပုပ်ချဖို့လောက်ပဲ စဉ်းစားတတ်ကြတဲ့ကောင်တွေ။

နောက်ထပ်ပြောပါဦးမယ်။ မင်းတို့ကပြောတော့ ရှေ့နေတွေရှာထားတဲ့ ငွေကမသန့်စင်ဘူးဆို မင်းတို့စားနေတဲ့ ထမင်းတွေကော သန့်ရှင်းပါရဲ့လား။ ပြန်စဉ်းစားကြည့်ပါဦးကွာ။ အဂတိလိုက်စားမှူ့ဆိုတာ လမ်းဘေး ဈေးသည်တွေမှာတောင် မကင်းဘူးကွ။
သူတို့ချစ်တဲ့သူဆိုပိုထည့်ပေးမယ် (ဆန္ဒာဂတိ)
သူတို့မုန်းတဲ့သူဆိုလျှော့ထည့်မယ် (ဒေါသဂတိ)
အိမ်ကအမေနေမကောင်းလို့၊ အဝေးမှာကျောင်းသွားတတ်နေတဲ့ ငါးသားလေး ကျောင်းစရိတ်ဆိုပြီး အလေးခိုးမယ်၊ ဈေးပိုယူမယ် (ဘယာဂတိ-ကြောက်၍အဂတိလိုက်စားခြင်း)
မသိလို့ အဂတိလိုက်စားခြင်း (ဥပမာ အိမ်မှာအမေက အသားငါးရောင်းပြီး မင်းတို့ကို ငွေရှာကျွေးမယ်ဆိုရင် အဲဒါရောင်းလို့ ငရဲကြီးမယ်မကြီးမယ် မစဉ်းစားဘဲ ငါ့သား၊ငါ့သမီးအတွက်ဆိုပြီး ရှာပြီးမင်းတို့ကို ကျွေးနေမယ်ဆိုပါစို့ အဲဒါ (မောဟဂတိ) ပဲ

အဲဒီလောက်ဆိုမင်းတို့လည်း သဘောပေါက်လောက်ရောပေါ့။ မင်းတို့စားနေတဲ့ ထမင်းတွေ အဂတိတရား နှစ်ပါးနဲ့တောင် ငြိစွန်းနေတယ်နော်။ ကဲဘယ်သူစားတဲ့ထမင်းကော သန့်စင်သေးလို့လည်း။ မင်းတို့အားလုံးထဲက ငါပြောခဲ့တဲ့ အချက်တွေနဲ့ကင်းလွတ် တဲ့လူဘယ်သူပါလဲ။ လက်မထောင်ရဲတဲ့လူ ငါ့ကိုပြော။ မင်းတို့ ဒီအလုပ်တစ်ခုရဲ့ အကြောင်းကို သိချင်ရင် အမြင်နဲ့လည်း မပြောရဘူး၊ အကြားနဲ့လည်း မပြောရဘူး၊ ကိုယ်တိုင် ဒီအလုပ်ကို လုပ်ကြည့်မှ ကောင်းကောင်းသိနိုင်တယ်။ အဲတော့ ဘယ်အရာကိုမှ အကြားနဲ့တင် မပြောပါနဲ့။ သူများကိုလက်ညှိုးတစ်ချောင်းထိုးရင် မင်းကိုယ်မင်းပြန်ထိုးထားတာ ကိုက လေးချောင်းရှိတယ်ဆိုတာ မင်းသတိထားမိလား။ ငါဘယ်ဘာသာရပ်ကိုမှ မကောင်းဘူးမပြောခဲ့ဖူးဘူး။ ငါတို့တက်ခဲ့တဲ့ ကျောင်းမှာဆို ငါတို့ ဥပဒေဘာသာက လက်မထောင်လို့ရတာပဲ။ ကျောင်းပြီးရင် အလုပ်အလွယ်တကူရှိတယ်။ တန်းပြီးလုပ်ရုံပဲ။ တခြားဘာသာရပ်တွေမှာ အနည်းဆုံး မဟာတန်းတက်နိုင်မှ အလုပ်က ရေးတေးတေးရှိတာ။ ကိုယ့်ဘာသာရပ်ကိုယ် လက်မထောင်လို့ရတာပေါ့။ ဒါပေမယ့် ငါမင်းတို့ တက်နေတဲ့ ဘာသာရပ်တွေကို ဘယ်တုန်းကမှ ရှုတ်ချတာမျိုးမရှိခဲ့ဘူး။ ဘာသာရပ်အားလုံးကို ငါလေးစားတယ်။ ငါလုပ်နေတဲ့ အလုပ်၊ ငါသင်ခဲ့တဲ့ ဘာသာရပ်ကို ငါတန်ဖိုးထားတယ်။ အဲတော့ တစ်ယောက်ချင်းမကောင်းရင် တစ်ယောက်ချင်းပြော၊ ဘယ်သူကတော့ ဘယ်လိုဆိုပြီးတော့ပေါ့။ ဒီဘာသာရပ်နဲ့ ဒီလူတွေအားလုံးကို ၀ါးလုံးသိမ်းပြောတာ အရမ်းအောက်တန်းစား ဆန်လွန်းတယ်။ ငါလူတစ်ယောက်ကို အထင်မသေးချင်ဘူး။ အထူးသဖြင့် မင်းတို့တစ်တွေကို အထင်မသေးချင်ဘူး။ အဲဒီတော့ ဘယ်တော့မှ ဘယ်အချိန်မှာမှ သူများတစ်စုံတစ်ယောက်ကို စိတ်ဓာတ်ရေးရာမှာ ထိခိုက်နစ်နာအောင် မလုပ်ပါနဲ့။ အထူးသဖြင့် ကိုယ်တိုင် မလုပ်နိုင်တဲ့ ကိစ္စတစ်ခု သူများတစ်ယောက်လုပ်နေတဲ့ အခါမှာ ကြည့်ပြီး ဝေဖန်၊လေကန်နေမယ့်အစား သူဘယ်လိုလုပ်သွားတယ်ဆိုတာ အတုမယူသင့်ဘူးလား။ မင်းတို့အရွယ်တွေဟာ ပညာယူရမယ့် အရွယ်တွေပါ။ ယူမယ်ဆိုရင် အရာရာတိုင်းဟာ ပညာရပ်တွေချည်းပဲ။ ဒီအရွယ်မှာတောင် အကောင်းမြင်စိတ်မထားနိုင်ဘူး ဆိုရင် မင်းတို့ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ဘူး။ အဲတော့ အကောင်းမြင်စိတ် မွေးနိုင်အောင်ကြိုးစားပါ။ ကိုယ့်ထက်သာရင် မနာလိုတာတွေကို လျှော့ပါ။

အဲတော့ ချုပ်မယ်ဆိုရင်ကွာ
သူများကို ဝေဖန်မယ်ဆို ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ပါ။
တန်ရာတန်ကြေးပဲယူ-- တန်ရာတန်ကြေးပေး..
ကိုယ့်အလုပ်ကိုတန်ဖိုးထားပါ.. တစ်ပါးသူအလုပ်ကို လေးစားပါ
သူများကို အပြစ်ပြောမယ်ဆို ကိုယ်အရင်တတ်အောင်ကြိုးစားပါ
စောတာ၊နောက်ကျတာကို ဂုဏ်ယူတာထက် ပိုတတ်တာကို ဂုဏ်ယူနိုင်အောင်ကြိုးစားပါ..
ကိုယ်စားနေတဲ့ထမင်း ဘယ်လောက်သန့်ရှင်းလဲ ပြန်စဉ်းစားပါ..
နေ့စဉ်မှန်ထဲမှာ ကိုယ့်စိတ်ပုံရိပ်ကိုပြန်ကြည့်ပါ..
တွေ့သမျှပညာယူပါ..
ကိုယ်ထက်သာသူကို မနာလိုစိတ်မမွေးပါနဲ့..

ဒီစာကိုဖတ်မိတဲ့သူတွေတော့ ဒီလူ တော်တော်ဒေါသကြိးတာပဲထင်ကြလိမ့်မယ်ထင်တယ်... တကယ်တမ်းက ကိုယ့်ကိုပြောတာလည်း မခံချင်ဘူး.. အဲလိုမျိုးတွေလုပ်နေတဲ့လူတွေအတွက်လည်း နောက်မပြောမိစေရအောင် စေတနာနဲ့ရေးဖြစ်တာပါ။

စာရေးသူ....ကိုကိုးအိမ်(မန္တလေး) (13.10.2010)

6 ယောက်ကစာမူခပေးသွားပါတယ်:

မိုးယံ said...

ဟွန် ဒီလူ တော်တော် လေ့လာထားတယ်။ စေတနာတွေကို ဒေါသလို့ အပြစ်မမြင်ပါဘူး (၀ိုင်းစုခိုင်သိန်းမဟုတ်ပါ) ကိုယ်ကမှ မမုန်းခံမပြောရင် နားလည်နိုင်စွမ်း မရှိတဲ့ဦးနှောက်ပိုင်ရှင်တွေ အတွက် အမုန်းခံလိုက်တာ သင့်တော်တယ် ထင်တာပဲ။

သူသူနေချို said...

ကိုကိုးအိမ်ပြောတာကနည်းတောင်နည်းနေသေးတယ်
ဟုတ်တယ် လူတွေကသူများ ကိုပဲဝေဖန်လေကန်ချင်နေကြတာ ကိုယ့်ဘက်ပဲကိုယ်သိကြတယ်...နေရာတကာတယောက်အတွက်နဲ့အကုန်လုံးသိမ်းကျုံးပြောတာတော့ဘယ်ကောင်းပါ့မလဲ..ရှေ့နေဆိုတာက မကောင်းဆိုးဝါးမှမဟုတ်တာ တကယ်တမ်းရှေ့နေဆိုတာဘာလဲဆိုတာ....မင်းမသိသေးပါဘူးကွာ....

SHWE ZIN U said...

စိတ်လျှော့ ကိုယ့်လူ စိတ်လျှော့ မောမယ်

ခင်တဲ့
ရွှေစင်ဦး

ကိုဇော် said...

စိတ်လျှော့ ညီရ။
သူများ စကားကြောင့် ကိုယ်က ဒေါသထွက်တယ် ဆိုတာ ကိုယ်က ရှုံးတယ် လို့ ဦးဇောတိက စာအုပ်ထဲမှာ ဟိုတလောကပဲ ဖတ်လိုက်ရတယ်။

အခု အစ်ကို့ဆီကို ရောက်နေတဲ့ မေးလ် တစ်စောင်ကို ပြများ ပြလိုက်ရင် ဘယ်လို နေမလဲ မသိဘူး။

စိတ်လျှော့ ... အားလုံးက တစ်ချိန်မှာ ကျန်နေခဲ့မှာပါပဲ။

နတ်ဆိုးလေး said...

စိတ်လျှော့ပါဆြာသမားရယ်
ဂါရဝေါစ နိဝါတောစ
သည်းခံခြင်း မင်္ဂလာမြီအိဒဲ့
ဆိုင်သည်ဖြစ်စေ မဆိုင်သည် ဖြစ်စေ
မြန်မာလိုသာ ဖတ်ပါ
:P

မဗေဒါ (၈၈) said...

ဟ ပေါက်ကွဲသံစဉ် အသေးစား အဟဲ.. ရှေ့နေကြီး ဦးကိုးအိမ်...။

စဉ်စား စဉ်းစား...

မဗေဒါ တော့ ရှေ့နေတွေ ရဲတွေ နဲ့ ထိတွေ့ဘူးတယ်.. တရားသူကြီးလည်းပါတယ်.. ဒါပေမယ့် ဘာမှမဟုတ်တာ လုပ်ခဲ့ဖူးဘူး.. ဒို့အရေး တရား သွားဟောလို့.. အဟဲ..။

ပျက်နေတဲ့ စနစ်ထဲမှာ လူတွေအားလုံး နည်းပါး တရားပျက်အောင် သင်ပေးနေတာတွေ ရှိတယ်.. အကုန် မဟုတ်တောင် အများစုလို့ ဆိုရမယ်ထင်ပါ့ မတက်နိုင်ဘူး... အစကနေ ပြန်စရင် စ မစရင်.. တော့ အများကြီး ကြားနေရအုံးမှာ... ။ ဒါကြောင့် ဘာကိုမှလည်း အပြစ်မမြင်ချင် (ရက်) ဘူး.. လက်နက်ကိုင်ထားပြီး အာဏာနဲ့ ခြိမ်းခြောက်တက်သူများကိုတော့ တတန်းစား ထားပါတယ်..။

ဘွားဗေ

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB