မိုးနဲ့ပြောသောစကားများ

|




အားလပ်သော တစ်ရက်မှာ အပြာရောင်မှိုင်းမှိုင်း ကောင်းကင်ကြီးကို မော့ကြည့် နေခဲ့ပါသည်။ ထိုကောင်းကင်ကြီး ဆီကများ တစ်စုံတစ်ရာ ကျလာမလား ဆိုတဲ့မျှော်လင့်ချက် နဲ့ပေါ့။ ကျွန်တော် ကြည့်နေစဉ်မှာပင် ကောင်းကင် ဆီမှ မိုးရေ စက်တွေကျဆင်းလာခဲ့ပါသည်။ ကျွန်တော် တစ်ယောက်တည်း မိုးရေစက်များ ကျဆင်းလာတာကို တရှိုက်မက်မက် ငေးကြည့်ရင်း စိတ်အစဉ်တို့ကလည်း မိုးရေစက်များနဲ့ တစ်သားတည်းကျသွားခဲ့ ပါတော့သည်။ မိုးရေစက်ကလေးများ ကျနေစဉ်မှာပင် တစ်ချက်တစ်ချက် လေအဝှေ့မှာ မိုးရေစက်လေးများ လွင့်ပါးသွားရတာနှင့် အတူ စိတ်အစဉ်ကလည်း လွင့်ပါးသွားတတ်ပါသည်။ မိုးရေတွေ၊ မိုးစက်တွေနဲ့ တစ်သားတည်းကျသွားသလို မိုးကိုပြောချင်သော စကားတို့ကိုလည်း ပြောဖြစ်ခဲပါတော့သည်။


ဘယ်လောက်ပဲအသက်တွေ ကြီးလာခဲ့ ကြီးလာခဲ့
ကျန်တဲ့အရာတွေအပေါ်မှာသာ အကြိုက်တွေပြောင်းသွားချင်
ပြောင်းသွားမိလိမ့်မယ်..
မိုးကိုချစ်တဲ့ ကိုယ့်ရဲ့ နှလုံးသားကတော့ ဘယ်တော့မှ မဟောင်းဘဲ
မိုးနဲ့အတူ တစ်သားတည်း ပျော်ဝင်နေဆဲပါ...
မိုးတွေရွာရင်ပျော်ဆဲပါ..
မိုးတွေညိုရင် ရင်ခုန်ဆဲပါ..
မိုးတွေငိုမှာကို မျှော်လင့် ဆဲပါ...
မိုးမရှိရင် မနေတတ်ပါ...
မိုးမရွာရင် မျှော်နေတတ်ဆဲပါ...
ဘယ်သူတွေဘာပဲပြောပြော
မိုးနဲ့ကိုယ်နဲ့က မောင်နှမဆိုလည်းဟုတ်၊
ညီကိုဆိုလည်းဟုတ်၊
ဖွားဖက်တော်ဆိုလည်း ဟုတ်ခဲ့ပါတယ်။
ချစ်သူကိုသာ မေ့ချင်မေ့သွားနိုင်လိမ့်မည်
မိုးစက်တွေ မျက်နှာပေါ်ကျလာချိန်မှာ
ခံစားရသည့်ခံစားမှူ့ကို တော့ မမေ့နိုင်စွာ
တစ်သက်တာ သိမ်းဆည်းထားခဲ့ပါသည်။
မိုးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးအကန့်
တစ်နေရာမှာ သိမ်းဆည်းထားဆဲပါ...
မှတ်ဥာဏ်တွေဆုံးရှုံးကုန်ဦးတော့.
ဘယ်တော့မှ မဆုံးရှုံးမဲ့ ခံစားမှူ့ကတော့
ကိုယ့်ရဲ့ နှလုံးသားအနက်ရှိုင်းဆုံးအကန့် တစ်နေရာက မိုးပါ..

မိုးရေ မင်းကိုငါချစ်တယ်.. မမေ့နိုင်ဘူး ..
မေ့ဖို့လည်း မကြိုးစားမိဘူး..
မေ့သွားမှာကိုလည်း လက်မခံနိုင်ဘူး...
မေ့သွားမယ်လို့လည်း မထင်ခဲ့ပါဘူး..
မိုးရယ် မင်းလောက်ငါ့အပေါ်မှာ ရင်းနှီးသူဘယ်သူရှိခဲ့မလဲ..
မိုးရေတွေဘယ်လောက် အေးစက်နေခဲ့ပါစေ
ငါ့အတွက် နွေးထွေးမှူ့တွေ ပေးစွမ်းခဲ့တဲ့ မိုးရယ်..
တစ်သက်တာအတွက် မင်းဟာ ငါ့ရဲ့
အရင်းနှီးဆုံး သက်မဲ့ မိတ်ဆွေတစ်ယောက်ပါ...
မင်းရဲ့မိုးရေစက်တွေအောက်မှာပဲ ငါ့နှလုံးသားတွေ နူးညံ့ခဲ့ဖူးတယ်..
မင်းရဲ့ မိုးရေစက်တွေအောက်မှာပဲ ငါ့ရဲ့ နှလုံးသားတွေ ကြေမွခဲ့ဖူးတယ်..
မင်းရဲ့မိုးရေစက်တွေအောက်မှာပဲ ငါပျော်ရွင်ခဲ့ဖူးတယ်..
မင်းရဲ့မိုးရေစက်တွေ အောက်မှာပဲ ငါပေါက်ကွဲခဲ့.. ငိုကြွေးခဲ့ဖူးတယ်လေ..
ဒီလောက်ရင်းနှီးခဲ့တဲ့ မိုးဟာ ကိုယ့်ရဲ့ မူပိုင်ရာသီဥတုဆိုတာ
ဘယ်မှာ သွားငြင်းနိုင်တော့မှာလည်းကွယ်...
ဒါဆိုမင်းဟာ ကိုယ့်ရဲ့ ပျော်ဝင်ဆုံး မိုးပေါ့...
မိုးဟာ လူတိုင်းအတွက် မဟုတ်ဘဲ ကိုယ့်အတွက်
သီးသန့် မိုးသာဆို ဘယ်လောက်ကောင်းလိုက်မလဲကွယ်..
ဘာတွေဘယ်လိုပဲ ဖြစ်ပါစေ..
မိုးဟာ ကိုယ့်အတွက်တော့ အခုချိန်ထိ
ပျော်ဝင်ဆဲမူပိုင်မိုး ပါကွယ်.....


စာရေးသူ....ကိုကိုးအိမ်(မန္တလေး)



3 ယောက်ကစာမူခပေးသွားပါတယ်:

Anonymous said...

ကိုကို ကိုးရေ
ခံစားချက်တွေ ဘယ်လောက်များပြင်းထန်နေလဲမသိဘူး
ရင်ဖွင့်သံက ကြောက်ခမန်းလိလိပဲ
မိုးဟာ ကိုကိုကိုးအတွက်တော့ အခုချိန်ထိ ပျော်ဝင်ဆဲ မူပိုင်မိုးပါကွယ်..

ဒါပေမဲ့
ကျနော်တို့ဘက်မှာရှိတဲ့ အများပိုင်မိုးကတော့
ဘယ်အညှိုးနဲ့များ သည်းကြီးမည်းကြီး ရွာသွန်းနေပါလိမ့်နော်

ညအလင်္ကာ

SHWE ZIN U said...

ကိုကိုးအိမ် ကြိုက်တဲ့ မိုး အကြောင်းလေး ကို ဖတ်သွားတယ်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

မဗေဒါ (၈၈) said...

မောင်ကိုးအိမ်..

ပေါက်ကွဲတဲ့ မိုးအကြောင်းကို ဖတ်သွားတယ်.. ဖိလစ်ပီးမှာလည်း မိုးတွေရွာလွန်းလို့ ဒုက္ခပေါ့.. မူပိုင် မလုပ်ချင်ပါနဲ့ ကန်းကလေး..။

ဘွားဗေ

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB