ရွက်ကြွေတို့ရဲ့ဒိုင်ယာရီ

|

မလှမ်းမကမ်းက တိုင်ကပ်နာရီမှ နာရီလက်တံ ရွှေ့လျားသံက တစ်ချောက်ချောက် ထွက်ပေါ်နေသည်။ 

အခန်းသည်တိတ်ဆိတ်လွန်းလှပေစွ။ ဘ၀ရဲ့နောက်ဆုံးအချိန်ကို ပင်ပန်းကြီးစွာဖြတ်ကျော်နေသော မိန်းမ တစ်ယောက်ရဲ့ အသက်ရှူသံပြင်းပြင်း တို့သာကြီးစိုးနေသည်။ တစ်ချက် တစ်ချက် လေနုအေးအချို့ ပြတင်းကိုဖြတ်ဝင် လာသော်လည်း အခန်းတွင်းက ကလိုရင်းနံ့ကိုတော့ ဖုံးလွှမ်းခြင်းငှာမစွမ်းသာခဲ့။ ကုတင်ပေါ်တွင် မိန်းမတစ်ယောက် လှဲလျောင်း နေသည် ကိုသာ မြင်နေရသည်။ ထိုမိန်းမ၏နှုတ်ခမ်းတို့ တစ်ဆတ်ဆတ် တုန် နေသည်ကိုမြင်နိုင်သဖြင့်သာ သူမရဲ့ မနောဘာဝ ရှိနေသည်ကို မြင်နေရခြင်းဖြစ်သည်။ တစ်ချက်တစ်ချက် ထိုမိန်းမ၏ ခန္ဓာကိုယ် တစ်ခုလုံး တွန့်ခနဲဖြစ်သွား သည်ကို ကြည့်ခြင်း အားဖြင့်  ထိုမိန်းမ၏ စိတ်အစဉ်ကို တစ်စုံတစ်ရာဖြတ်စီး နေသည့်အလား။ ထိုမိန်းမ၏ အသက်အရွယ်ကိုတော့ ခန့်မှန်းဖို့ ခက်သည်။ ချိုင့်ဝင်နေသည် ထင်ရသော နားထင်တို့မှာ ဇရာ၏ အထုအထောင်းကိုတော့ ခံထား ရဟန်မရှိ။ ဖြူသည်ဟု ထင်ရသော သူမအသားအရည် များမှာတော့ ပဋိဆေးဝါးတို့ နှိပ်စက်လေသဖြင့် ခြောက်သယောင်းယောင်ယောင် ထင်ရစေသည်။ သူမရင်ခေါင်း အထိ ခြုံလွှမ်းထားသော အဖြူရောင် ပိတ်စမှာ တကယ်တမ်းတော့ သူမနှင့်သိပ်ကိုရင်းနှီးကြသူများလို....။

.
.
.
.
.
.
.
 
စတင်သစ္စာဖောက်ခဲ့တာက … မောင်။ တစ်ရက်မှာ ကျွန်မကို လမ်းခွဲစာလေးတစ်စောင်နဲ့အတူ ထားသွားခဲ့သည်။ ကျောင်းလည်း ထွက်လိုက်သည်ဟုကြားသည်။ ကျွန်မစိတ်ထဲ တစ်စုံတစ်ရာကို ဇဝေဇ၀ါဖြစ်စွာ သူနဲ့နီးစပ်ရာမှန်သမျှ အားလုံးကိုလိုက်စုံစမ်းခဲ့သည်။ အဖြေကိုသိရမှဖြစ်မည်။ ကျွန်မချစ်ခဲ့တာ တစ်ဘ၀လုံးကိုပုံပြီး ချစ်ခဲ့တာလေ။ မိန်းမတစ်ယောက်ရဲ့ ပေးဆပ်လိုက်ရတဲ့ တစ်ဘ၀စာနဲ့ ရင်းနှီးခဲ့ရတဲ့ ချစ်ခြင်းဂုဏ်သိက္ခာတွေအတွက် မောင့်ကို ကျွန်မရှာမတွေ့လို့မဖြစ်။ 
.
.
.
.
.
.
.
ဒေါင်…. ဒေါင်….
            ကျယ်လောင်သော နာရီသံနှစ်ချက်ကို ကြားလိုက်ရသည်နှင့် သူမဖျတ်ခနဲနိုးလာသည်ဟု ထင်လိုက်မိသည်။ ရင်ဘတ်ပေါ်တင်ထားသော သူမလက်တစ်ဖက်ကိုအားယူပြီး လှုပ်ရှားကြည့်လိုက်သည်။ ရင်ဘတ်ပေါ်တွင် တစ်စုံတစ်ရာ လှုပ်ရှားသွားသယောင် ခံစားရမှူ့ကြောင့် သူမအသက်ရှင်နေသေးသည်ဟု သတိရလိုက်မိသည်။ ပင်ပန်းလေစွ။ ဒီလောက်ကလေး တောင် မလှုပ်ရှားနိုင်တော့လောက်အောင် သူမအားအင်တွေ ယုတ်လျော့ခဲ့ပြီလား...။
 .
.
.
.
.
.
 .
တစ်ခန်းလုံးက အေးချမ်းစွာငြိမ်ဆိတ်နေသလိုပင်။ ပြတင်းပေါက်ကလေကလေးတစ်ချက် မမျှော်လင့်ဘဲ တိုက်လိုက်စဉ်မှာ စားပွဲပေါ်က စာရွက်ကလေး တစ်ရွက် အဖျားခတ်သွားသည်။ ထိုလူ့လက်နှင့် တ၀က်တပျက် ဖိထားသောကြောင့် လွင့်တော့ ကျမသွား။ အကယ်၍ ထိုလူနောက်ဆုံးရေးခဲ့သော စာကလေးကိုသာ မြင်နိုင်ခဲ့ပါမူ အနားတွန့်နေသော လက်ရေးစောင်းစောင်း ကလေးဖြင့် တစ်လုံးတည်းသော စာကလေးကို တွေ့ရမည်သာ။


 မကြာတော့မယ့် အချိန်တစ်ခုမှာ ကောင်းကင်ပေါ်က ကြယ်လေးဆယ့်တစ်စင်း မွေးဖွားလာတော့မှာပါ...... အခုဖတ်ခဲ့ရတဲ့ အပိုင်းလေးတွေက ကြယ်စင်ဆယ့်တစ်စင်း ထဲကမှ အသေးငယ်ဆုံးကြယ်လေးတစ်စင်းရဲ့မျက်ရည်တွေထဲက တစ်စက်ပဲ ဆိုပါတော့ဗျာ...... ဒီကြယ်စင်လေးတွေ လန်းဆန်းဖို့ အချိန်တစ်ခုကို ဖြတ်သန်းခဲ့ကြရပါတယ်...... ကြယ်တစ်စင်းရဲ့ အလှကိုမြင်နိုင်ဖို့ ရှည်လျား ပူပြင်းလှတဲ့ နေ့လည်ခင်းတွေကို ဖြတ်ကျော်ပြီးမှ တိမ်တိုက်ပေါင်းများစွာကို ရှင်းလင်းဖယ်ရှားပြီးမှ မှုန်ပြပြမြင် ရပါတယ်.... မည်မျှပင် မှုန်ပျနေပါစေ လမ်းပျောက်နေသော တစ်ယောက်သော သူကိုသာ လမ်းမှန်ရောက်အောင် လမ်းပြနိုင်ခဲ့ ပါလျှင် ထိုကြယ်စင်လေး တာဝန်ကျေပြီဟု မှတ်ယူမိပါသည်..... ကြယ်စင်တို့ကို အားပေးမည့် ကြယ်စင်ချစ်သူများ ကိုလည်း များစွာမျှော်လင့်မိပါသည်.....။ 


ချစ်ခြင်းအားဖြင့်

ကိုကိုးအိမ်(မန္တလေး)

တောင်သမန်တမ်းချင်းများ

|

Facebook မှာ ကျနော်လေးစားရတဲ့ကဗျာဆရာတွေ အများကြီးဗျ... တစ်ခါတစ်လေ စိတ်ထဲမှာ လွမ်းမိတာလေး ဆွေးမိတာလေးတွေရှိရင် Status လေးတွေတင်ပြီး ကဗျာတိုလေးတွေရေးတတ်တယ်.... အကြောင်းအပေါင်းသင့်လို့ တခြားကဗျာဆရာတွေက ကွန်မန့်တွေကို ရိုးရိုးစာသားနဲ့မပေးဘဲ ကဗျာလေးတွေချည်း အပြန်အလှန်ရေးဖြစ်ကြတယ်... သိပ်ချစ်ဖို့ကောင်းတဲ့ အလေ့အကျင့် လို့ပဲ တွေးကျက်မိတယ်..... အခုလည်း ဆရာ မင်းကြည်ညို (မင်းကြီးညို)... ဘလော့ဂါအလင်းသစ် နဲ့ ကိုသိန်းဇော် ဆိုတဲ့ အကိုတစ်ယောက်တို့နဲ့အတူ ကိုယ်စီဈာန်ဝင်ထားကြတဲ့ ကဗျာတိုလေးတွေကို အမှတ်တရအဖြစ် စုစုစည်းစည်းရှိအောင် ပြန်တင်လိုက်ပါတယ်..... ဆရာကမ္ဘာ့ဖျာ(အိပ်မက်ရှင်) လည်း ခါတိုင်း ပြောဖြစ်လေ့ရှိပေမယ့် ဆရာဖျာ အပြင်ရောက်နေချိန်မှာ ဈာန်တွေဝင်စားမိကြတော့ ဒီတစ်ခေါက် မပါတော့ပါ...... ကဗျာချစ်သူများအားလုံးနှင့်တကွ လာရောက်ဖတ်ရှူ အားပေးကြသူများ အားလုံးကိုလေးစား ပါသည်....။ ကျနော်တို့တစ်ယောက်ချင်းစီရဲ့ ရေးတဲ့ Color တွေ Sense တွေကတော့မတူပါ.... သို့သော် အားလုံးကဗျာချစ်သူများမို့ အားပေးကြပါဦးဗျာ.....
 
ဖူးပွင့်လျှံစီ
ဆောင်းရောက်သည်နှင့်
ချစ်ပင်ကြည်နူး
ပျော်ဖူးခဲ့သည့်
လွမ်းဓလေ့ဆန်
တောင်သမန်ကို လွမ်းလေသည်..။ 
ကိုကိုးအိမ် (မန္တလေး)
နှင်းမြူလဲဝေ
လေပြေလဲသွင်း
ဆော်ညင်းရိုက်ခတ်
အေးဓါတ်လဲပို
မန်းတခိုဝယ်

ဆောင်းကိုအန်တု
တောင်သမန်ရပ်
မြူနှင်းထပ်ဝယ်
အရပ်ရှစ်ခွင်
မိုးလုံးပြည့်မောက်
မယ်ဇယ်အောက်ဝယ်
ပျောက်သောချစ်သူ ရှာဖူးသည်
မင်းကြည်ညို
  နှင်းမြူရစ်သီ
လွမ်းလှချည်လည်း
နှင်းသခင်မ
မောင့်သည်းလှသည်
ဘယ်ဆီဘယ်ရောက်

နောက်ကျလှချေ
လွမ်းလှပေသည် မောင့်ချစ်ရည်
ကိုကိုးအိမ်(မန္တလေး)
ဆောင်းချမ်းနှင်းမှုန်
ဆောင်းဝတ်ရုံဖြင့်
ဆောင်းလှုံမြူငွေ့
ဆောင်းလေဝှေ့သော်
ဆောင်းနှင်းမွေ့ရမ်း

ဆောင်းမှာလွမ်းပြီ
ဆောင်းကမ်းပါးအို
ဆောင်းမှာပြိုလဲ
ဆောင်းကိုပဲလျှင်
ဆောင်းမွဲဆောင်းဟု မဆိုချင်။ ။
မင်းကြည်ညို
ဆောင်းည ရင်ခွင်
လွမ်းရေးထင်ခဲ့
သဇင်လည်းရောက်
နှင်းလည်းပေါက်ပေါ့
ချစ်သူ ဘယ်တော့ ပြန်လာမည်။
Thein Zaw
အလွမ်းရယ်စေ
လွမ်းပွင့်ဝေလည်း
မြူနှင်းရယ်သုန်
ချစ်မကုန်သည်
နေခြည်လည်းထောက်

နှင်းပျောက်သော်လည်း
တစ်ယောက်တည်းကိုသာ လွမ်းပါသည်....။
ကိုကိုးအိမ်(မန္တလေး)
သူပေါ်လာနိုး
ဆောင်းမှာတိုး၍
မျှော်ကိုးငယ်လျှင်
ဒိုင်းခင်ခင်ကို
မြင်မှမြင်ရပါလေစ။

ကြင်မှကြင်ရပါလေစ။
မင်းကြည်ညိုငယ်
မင်းကြည်ညို
မောင်ဖေငယ်နဲ့ ဒိုင်းခင်ခင် ...
ရင်နာစေ ဒီဇာတ်လမ်းကိုလ
မှန်းဆလို့ တမ်းတကာ
မြူပုဝါ နှင်းရည်ဆမ်းလို့
တောင်သမန် ဒီစခန်းမှာပ
လွမ်းလို့ ငိုတဲ့ဆောင်း။
အလင်းသစ်
နှင်းပွင့်စက်ရာ
ဆောင်းအိပ်ယာလည်း
လွမ်းအိပ်မက်သာ
ဖူးပွင့်ဝေသည်
ချစ်သူစေထား ကျိန်စာလား။
Thein Zaw
ဆောင်းရိပ်ကယ်ခို
နှင်းစက်စိုသော်
မြောက်ပြန်လေဆောင်း
သွေးသစ်လောင်းမို့
ကြာညောင်းလှချေ

တွေးမနေပဲ
ကြာချည်ပြတင်း
လှပ်ကာဟင်းလို့
ညခင်းမပျော် ရှိချေတော့
ကိုကိုးအိမ်(မန္တလေး)
တောင်သမန်
လည်ပြန်ကာမောင်ငေးရှာပေါ့
မြူပုဝါ နှင်းကာထားလေတော့
ဝါးဝေပေါ့ အမြင်မှာ။

မကြင်နာ
ပစ်ခွာ ပြေးတာမဟုတ်ပါဘု
ရေးကာခု သဝဏ်လွှာကို
ခင့်ဆီသာ မောင်ပါးချင့်လေး...။
မင်းကြည်ညို
 
 ငွေနှင်းမှုန် ကဆုန်ဆင်းလို့
ထုံသင်းပါတဲ့ ပန်းသဇင်
လွမ်းဖွယ့်ပြင်ပြင်
ချမ်းတဲ့ရင် တစ်ခုန်နွေးအောင်လ
တောင်သမန် ဒီဆောင်းညမှာ

နှမရယ်....
ရေနွေးဆက်ဦး။။။
အလင်းသစ်
ချစ်ခြင်းရယ်ပြိုင်
အနိုင်လုချိန်မို့
ရွှေသမင်အလိုက်မမှားရအောင်
ရွှေကိုယ်တော် အနောက်နန်း
အခန်းတ်ာဆက်ချင်ရဲ့

ရွှေပလ္လင်ဖယ်ခွာရှား
မြန်းကြစို့မောင်တော်ဘုရား
ကိုကိုးအိမ်(မန္တလေး)
နေညိုညို တောင်သမန်အင်းမှာပ
ဆောင်းသယ်သူ မြောက်လေညှင်းရယ်နှင့်
လွမ်းစရာတကယ်ပင် ကောင်းသည်မို့
လွမ်းမိသူ သည်းညှာဦးကိုဖြင့်
ပါးမိသည့် ချစ်သ၀ဏ်လေးရယ်က

မင်းကြီးညို ကိုကိုး အိမ်ရယ်နဲ့
ချစ်သူတွက်ရည် လွမ်းပန်းသီသည်
ချစ်သူသက်ထား ပျော်စေသတည်း။
  
Thein Zaw
ဆောင်းသဇင်
နန်းခင်ကိုကမ်းချင်လို့
လှမ်းမျှော်ပင် သခင့်လမ်းကိုလ
ကြွမြန်းလှည့်စိတ်စော။

ရင်မောပါပေါ့
ခင်ချောရယ် ဘယ်နန်းကိုဖြင့်
ကြွမြန်းလေပါသလဲရယ်လို့
မောင်လေ....တွေးစိတ်နဲ့မော
...
မင်းကြည်ညို
လွမ်းလျအောက်မေ့
မျှော်သလေ့ငယ်
တောင်အင်းလယ်မှာ
ရော်ရွယ်ရည်စူး
မောင့်သည်းဦးကို

ချစ်ခြင်းရာသီ
လွမ်းဖွဲ့သီမည်
တိမ်ယံမိုးဖျား ကြားစေသား..။
ကိုကိုးအိမ်(မန္တလေး)
မောင်ဖေငယ်သူ့အချစ်
တောင်နေကွယ် ခုအဖြစ်ကို
လှစ်မဟ ဖွင့်မဆိုပါ။
သူ့အချစ်သူ့သဲညှာ
လွဲရှာကာ သေဘေးတွေ့တော့
ဆွေးမြေ့သံသရာ။
စာဆို့ရင်မှာ
မဖြေသာစိတ်အရူး
ကလောင်သာ တစ်ချက်စူးလို့
သေဖူးချင့်လေး။
မင်းကြည်ညို 
 
ချစ်ခြင်းအားဖြင့်
တင်ပြသူ - ကိုကိုးအိမ်(မန္တလေး)

ဆောင်းသက်လေမှီ

|

နေခြည်နွေးနု၊ ဆောင်းရတုမှာ
လွမ်းလှကြာခြည်၊ ဘယ်ဆီမျှော်မှန်း
စိတ်ဝယ်တမ်းခဲ့။

မှိုင်းပျဝေမှုန်၊ ချစ်ခြင်းသုန်သည်
ကုန်မငြီးဖွယ်၊ လွမ်းသက်လှယ်မှာ
တမ်းခွင့်သာခဲ့။

ရောက်ပြန်သည်ဆောင်း၊ ချိန်ကြာညောင်းလဲ
ကြည်ဘဝင်ငွေ့၊ ဘယ်မမေ့သည်
လွမ်းသူ့သက်လျာ၊ မောင့်သည်းညှာ။

ကိုကိုးအိမ်(မန္တလေး)

တန်ဆောင်မုန်းည

|

တင့်ရွှန်းဝေစည်၊ လွမ်းငွေ့ရည်သည်
မြူခြေဆိုင်းဆိုင်း၊ တိမ်မှိုင်းမှိုင်းဝယ်
ထွက်ပေါ်တင့်ထူး၊ ကွန့်မြူးဟန်တည်
လရိပ်ချီသည်၊ တင့်ဆန်းသာလှ
တန်ဆောင်မုန်းည...။

ဆုံပေ့နက္ခတ်၊ လောကဓာတ်ဝယ်
ပျံ့နှံစုံစီ၊ မွှေးပျံ့ကြည်သည်
တင့်ရွှန်းပေစွ၊ လပြည့်ည။

ကိုကိုးအိမ် (မန္တလေး)

မဒမ်အားကွေ့နဲ့ကဗျာမဆန်သောနေ့

|

ကိုယ့်ဘဝတစ်သက်စာလုံးမှာ
မင်းဟာအလှဆုံးနဲ့အရဲရင့်ဆုံးကောင်မလေးပါ.
မင်းမှာ ရက်စက်တတ်တဲ့နှလုံးသားနဲ့
ဂျစ်ပစီဆန်တဲ့ ခပ်ကြမ်းကြမ်း အပြုအမူတွေရှိတာကို
ကိုယ်မသိနိုင်ခဲ့ခင်ကပေါ့...
မင်းဟာအတ္တဆန်တဲ့ လှုပ်ရှားမှူ့တွေနဲ့အတူ
လောကသားတွေအားလုံးရဲ့ မျက်ရည်တွေကိုသိမ်းပိုက်ခဲ့တယ်..

အပျော်သက်သက်ဖန်ဆင်းခဲ့ခြင်းမဟုတ်တဲ့
ငါနဲ့အစိမ်းဆန်တဲ့ မင်းသမီးလေးရယ်...
Classic တီးလုံးလေးနဲ့ ငြိမ့်ငြိမ့်လေးကလိုက်
Rock တီလုံးတွေနဲ့ ခပ်ကြမ်းကြမ်းကလိုက်.....
Punk သံစဉ်တွေနဲ့ အပြေးအလွှားကလိုက်....
Jazz တီးလုံးတွေနဲ့ ဖော်မယ်ဆန်ဆန်ကလိုက်နဲ့ မင်းသိပ်ကိုပျော်နေမှာပေါ့လေ.......
မင်းရဲ့ညောင်းညာမှူတွေဖြေလျော့ဖို့
လူတန်းစားပေါင်းစုံရဲ့ ရွတ်ဖတ်သံတွေကြားမှာ
ကခုန်နေခဲ့ရတာအတွက်ရော မင်းတကယ်ပျော်နိုင်ခဲ့ရဲ့လား..

အချစ်ရယ်..
မင်းရဲ့ဆန်းပြားတဲ့ကကွက်တွေနဲ့
 နှလုံးသားပေါင်းမြောက်မြားစွာကို ဖမ်းဆုပ်ခြေမွဖို့တော့ ကိုယ်ခွင့်မပြုချင်ဘူးကွယ်.....
မင်းရဲ့မှော်ဆန်တဲ့ယိမ်းနွဲ့ကပြမှူ့တွေကြားမှာ
အနီရောင်လွှမ်းတဲ့အနိဌာရုံတွေကို သယ်ဆောင်မလာပါနဲ့တော့...
မင်းလာလည်ခဲ့တဲ့ ဒီနေ့လေးကိုတော့
တို့တစ်တွေရဲ့နှလုံးသားမှာ အမြဲအမှတ်ရနေတော့မှာပါ...
(11.11.2012) (7:30 AM) ဟုတ်တယ်..... အဲဒီနေ့ အဲဒီအချိန်တုန်းကပါပဲ....

ကိုကိုးအိမ်(မန္တလေး)

တောမောင်နှံ

|

တိမ်မင်းငယ်ဆန်
လွမ်းဟန်ဟန် ပေါ်လေ့သမို့
မျက်ရှူတော် မူလင့်ပါနဲ့
တိမ်မာန်ဖွဲ့ နွဲ့ကာသိမ်းတော့
ယိမ်းပါပေ့ ကိုရွှေမောင်ရယ်
မျောချေတော့မယ်..

လွမ်းရေးငယ်ဖန်
တေးမာန်တွေသွယ်သွယ်ကြွလို့ရယ်
ဟစ်အော်ကာလာခဲ့စမ်းပါနဲ့
ကျုပ်ရှင်ရယ် သမီးကိုချစ်ရင်ဖြင့်
အဖေကိုပီအောင်ပေါင်း
ကြောင်းလေလှည့်ကွယ်.....

ချစ်ခြင်းငယ်ထန်
တောသူမေ ပျိုဖြူချောကိုလ
ယောအလှ ယောဟန်
တောမာန်ဟုန်ဝင့်ကြွား
အလှတွင်အယဉ်ဆင့်ပေမို့
မောင့်ပျိုဖြူ ခင်ခင်နှမရယ်...
ရွှေနားတော်လွှတ်ကာသွင်းလို့
ယွန်းချေစို့ကွယ်....

ကိုကိုးအိမ်(မန္တလေး)

ငါ့သိက္ခာတွေအမှောက်မှောက်အမှားမှားဖြစ်ခဲ့ရတဲ့ည

|


နေ့စွဲတစ်ခုရဲ့ နောက်ဆုံ့းမိနစ်များ
နာရီလက်တံတစ်ခုရဲ့ တချောက်ချောက်မြည်သံအောက်
ရင်ခုန်သံတွေ ပျောက်ရှခဲ့...

အေးစက်စက်လက်တစ်စုံရဲ့
နွေးထွေးတဲ့အကြင်နာတွေ... အပြာရောင်ရေခဲတိုက်တွေအောက်
လွင့်ပျောက်ခဲ့ရသော ဆောင်းမနက်ခင်း...

ရှပ်တိုက်ပြေးလွှားနေကြတဲ့ ရောင်စုံသစ်ရွက်များ
နိုးထကာစ လူတစ်စုရဲ့ လက်ခုပ်သံလောက်တောင်
တောက်တောက်ပြောင်ပြောင်မရှိခဲ့...

တောင်ပြန်လေတရှိုက် ရှူသွင်းလိုက်မိချိန်
အရှေ့အရပ်ဆီမှ ထွက်ပြူလာခဲ့သော ရောင်ခြည်တစ်ချို့
ခပ်ဆတ်ဆတ် ဖြတ်အရိုက်ခံခဲ့ရ...

လေပြေတစ်အုပ်နှင့်အတူ သိမ်းသွင်းခံခဲ့ရသော အလှတရား
သိုးမည်းတွေရဲ့ အော်သံကြား ခပ်ပါးပါးတောင်မကျန်ရစ်တော့

မဖတ်တတ်ခဲ့တဲ့ သူတို့တွေရဲ့မျက်နှာ...
ငါ့နှလုံးသားတစ်စုံ အရောင်ပြောင်းလာချိန်မှာ...
အားလုံးဟာ ပွင့်လင်းစွာ မြင်သာလာခဲ့....

ခါးသက်စွာ ပြုံးနေခဲ့ရတဲ့ အမုန်းတီးဆုံးမျက်နှာတစ်ခုရဲ့ရှေ့မှောက်...
ငါ့သိက္ခာတွေ အမှောက်မှောက်အမှားမှားဖြစ်ခဲ့ရတဲ့ည.....

ဝေးလွင့်စွာ အထီးကျန်ခြင်းရဲ့ ခပ်ဝါးဝါးပုံရိပ်တစ်ခု
မျှော်လင့်ချက်တွေပြည့်ဝခဲ့ချိန်အရောက် ငါ့ကိုမေ့လောက်တဲ့အချိန်
အထီးကျန်စွာ စွန့်ခွာသွားခဲ့ရတဲ့ နေရာတစ်ခုမှာ
ငါတစ်ယောက်တည်း မျက်ရည်တွေကို အဖော်ပြုရင်းရှင်သန်ရတော့မယ်...


ကိုကိုးအိမ်(မန္တလေး) 
(9.11.2012) (Friday)

အချစ်ဟုခေါ်ဆိုခြင်းငှာမထိုက်တန်သော

|

အစဉ်မတည်မြဲလေသော တိမ်တွေအောက်
လမ်းအတူလျှောက်ခဲ့သူ...

မှောက်ကျခဲ့တဲ့ တို့နှစ်ယောက်ရဲ့သစ္စာတွေ
လမ်းမတစ်လျှောက် သန့်သက်ခြင်းကင်းမဲ့လျှက်...

ဆွတ်ပျံ့ခြင်းကင်းတဲ့ရင်ခွင်တစ်ခု
မှားယွင်းစွာရူးသွပ်ကိုးကွယ်ခဲ့မိခြင်းလား....

အဆုံးအစမဲ့လွင့်ပါးခဲ့တဲ့တို့နှစ်ယောက်ချစ်ခြင်း
မည်ကာမတ္တဆိုသာယုံပေါ့....

ဆောင်းညတစ်ခုရဲ့အေးမြတဲ့ရင်ခုန်သံတွေ
ပြန်တမ်းတမိသလောက်တောင် ဖမ်းဆုပ်မရနိုင်ခဲ့...

လွဲမှာစွာအဖြေထုတ်ခဲ့မိတဲ့ သီအိုရမ်များ
ငါ့ရဲ့တခဏတာတွေဝေမှူ့အောက်မှာ စာလုံးတွေပျောက်ရှခဲ့...

 ထာဝရဟုဆိုအပ်သောကတိတွေ
အတ္တဖုံးတဲ့ခြုံလွှာတွေသာ ညို့မှိုင်းစွာဝတ်ဆင်ခဲ့...

 ထိန်းညှိမရနိုင်တဲ့နှလုံးသားသံစဉ်များ
အယောင်ဆောင်ချစ်ခြင်းတစ်ခုအောက်မှာညှို့ချက်မိခဲ့ရခြင်း...

ဖျော့တော့တော့နှလုံးသားတစ်စုံ
အစွန်းချွတ်ဆေးနံ့တွေသာ စွဲကျန်နေခဲ့လေရဲ့....

မချစ်တတ်သောမိန်းမတစ်ယောက်နဲ့ အချစ်ကိုကိုးကွယ်သောယောက်ျားတစ်ယောက်
ကစဥ့်ကလျားရင်ခုန်သံတွေ ထိန်းချုပ်လိုက်တဲ့တခဏမှာတော့
အချစ်ဟုခေါ်ဆိုခြင်းငှာမထိုက်တန်သောအချစ်တစ်ခုမွေးဖွားလာခဲ့တော့တယ်...



ခံစားရေးသားသူ ××× ကိုကိုးအိမ်(မန္တလေး) 
(၂၇.၇.၂၀၁၂) ည ၁၀း၃၅မိနစ်

ထားရစ်ခဲ့တဲ့ငါ့ခြေရာများ

|

ကိုယ့်အလွမ်းတွေဆက်သထားတဲ့ မင်းရဲ့မြို့တော်

နေခြည်နုနုနဲ့အတူ ကိုယ့်မျှော်လင့်ချက်တွေရှင်သန်ခဲ့ရတယ်...


ကိုယ့်မျှော်လင့်ချက်တွေ စုတ်ထိုးထားတဲ့

ဝါကျင်ကျင်အပိုင်းအစများ မင်းလက်ထဲမှာ…



အနမ်းတွေခြွေချခဲ့တဲ့ အပြုံးတစ်ခုရဲ့ပိုင်ရှင်

မင်းအနမ်းတွေမှာ မိန်းမူးစွာငါတစ်ယောက်တည်းလား…


မာယာတွေနားမလည်ခဲ့တဲ့ အရိုးသားဆုံးနှလုံးသားတစ်စုံ

တင်းကျပ်စွာခြေမွမှူ့အောက်မှာ ဒဏ်ရာတွေပရပွ...


လှိုက်မောစွာ ရှင်သန်ခဲ့တဲ့ သစ်ပင်တစ်ပင်

ပြင်းပြစွာဆာလောင်မှူ့တစ်ခုရဲ့ သားကောင်ပေပဲ...


ငါဖြတ်လျှောက်ခဲ့တဲ့ နေကြာရိုင်းတစ်ချို့ရဲ့ ငိုညည်းသံ

နွေးထွေးတဲ့နေခြည်နုနုအောက်မှာ မျက်ရည်တစ်ချို့ပျယ်လွင့်ခဲ့


အရည်ပျော်ကျသွားတဲ့ ကာလာတစ်ခုရဲ့ ကစဥ့်ကလျားသီအိုရီ

တမ်းမက်ခံပန်းတစ်ပွင့်ရဲ့ ရက်စက်တဲ့ကျင့်စဉ်တစ်ခုပေါ့...


နှုတ်ဆက်ခွဲခွါခြင်းရဲ့ နိမိတ်ပုံဟာ

ခါးသီးတဲ့ ရင့်ကျက်မှူ့တစ်ခုရဲ့ တမန်တော်လေလား॥


အပါယ်ခံသတ္တုတစ်ခုရဲ့ သိပ်သည်းမှူ့ဟာ

ကမ္ဘာလောကကြီးတစ်လုံးကို တုန်လှုပ်စေခဲ့တယ်…।


သို့သော်… သို့သော်…

ညှိုးလျော်ခြောက်သွေ့တဲ့ ရော်ဝါတွေအောက်မှာ

ငါလမ်းပျောက်ခဲ့ရ...


လေနီရိုင်းတစ်စု ငါ့ဆံစတွေကိုအဟွေ့မှာတော့

မြင်မြင်ကရာ သွေးတွေလွှမ်းလို့

အားလုံးကိုကျောခိုင်း

ထားရစ်ခဲ့တဲ့ ငါ့ခြေရာများ……………॥


ကိုကိုးအိမ်(မန္တလေး)

(၂၄।၇।၂၀၁၂) (အင်္ဂါနေ့)

မှတ်ချက်... တစ်ချို့မိန်းမတွေဟာအချစ်နဲ့တန်ဖိုးညီမျှမှူ့မရှိကြဘူး..

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB