ဆောင်းသက်လေမှီ

|

နေခြည်နွေးနု၊ ဆောင်းရတုမှာ
လွမ်းလှကြာခြည်၊ ဘယ်ဆီမျှော်မှန်း
စိတ်ဝယ်တမ်းခဲ့။

မှိုင်းပျဝေမှုန်၊ ချစ်ခြင်းသုန်သည်
ကုန်မငြီးဖွယ်၊ လွမ်းသက်လှယ်မှာ
တမ်းခွင့်သာခဲ့။

ရောက်ပြန်သည်ဆောင်း၊ ချိန်ကြာညောင်းလဲ
ကြည်ဘဝင်ငွေ့၊ ဘယ်မမေ့သည်
လွမ်းသူ့သက်လျာ၊ မောင့်သည်းညှာ။

ကိုကိုးအိမ်(မန္တလေး)

တန်ဆောင်မုန်းည

|

တင့်ရွှန်းဝေစည်၊ လွမ်းငွေ့ရည်သည်
မြူခြေဆိုင်းဆိုင်း၊ တိမ်မှိုင်းမှိုင်းဝယ်
ထွက်ပေါ်တင့်ထူး၊ ကွန့်မြူးဟန်တည်
လရိပ်ချီသည်၊ တင့်ဆန်းသာလှ
တန်ဆောင်မုန်းည...။

ဆုံပေ့နက္ခတ်၊ လောကဓာတ်ဝယ်
ပျံ့နှံစုံစီ၊ မွှေးပျံ့ကြည်သည်
တင့်ရွှန်းပေစွ၊ လပြည့်ည။

ကိုကိုးအိမ် (မန္တလေး)

မဒမ်အားကွေ့နဲ့ကဗျာမဆန်သောနေ့

|

ကိုယ့်ဘဝတစ်သက်စာလုံးမှာ
မင်းဟာအလှဆုံးနဲ့အရဲရင့်ဆုံးကောင်မလေးပါ.
မင်းမှာ ရက်စက်တတ်တဲ့နှလုံးသားနဲ့
ဂျစ်ပစီဆန်တဲ့ ခပ်ကြမ်းကြမ်း အပြုအမူတွေရှိတာကို
ကိုယ်မသိနိုင်ခဲ့ခင်ကပေါ့...
မင်းဟာအတ္တဆန်တဲ့ လှုပ်ရှားမှူ့တွေနဲ့အတူ
လောကသားတွေအားလုံးရဲ့ မျက်ရည်တွေကိုသိမ်းပိုက်ခဲ့တယ်..

အပျော်သက်သက်ဖန်ဆင်းခဲ့ခြင်းမဟုတ်တဲ့
ငါနဲ့အစိမ်းဆန်တဲ့ မင်းသမီးလေးရယ်...
Classic တီးလုံးလေးနဲ့ ငြိမ့်ငြိမ့်လေးကလိုက်
Rock တီလုံးတွေနဲ့ ခပ်ကြမ်းကြမ်းကလိုက်.....
Punk သံစဉ်တွေနဲ့ အပြေးအလွှားကလိုက်....
Jazz တီးလုံးတွေနဲ့ ဖော်မယ်ဆန်ဆန်ကလိုက်နဲ့ မင်းသိပ်ကိုပျော်နေမှာပေါ့လေ.......
မင်းရဲ့ညောင်းညာမှူတွေဖြေလျော့ဖို့
လူတန်းစားပေါင်းစုံရဲ့ ရွတ်ဖတ်သံတွေကြားမှာ
ကခုန်နေခဲ့ရတာအတွက်ရော မင်းတကယ်ပျော်နိုင်ခဲ့ရဲ့လား..

အချစ်ရယ်..
မင်းရဲ့ဆန်းပြားတဲ့ကကွက်တွေနဲ့
 နှလုံးသားပေါင်းမြောက်မြားစွာကို ဖမ်းဆုပ်ခြေမွဖို့တော့ ကိုယ်ခွင့်မပြုချင်ဘူးကွယ်.....
မင်းရဲ့မှော်ဆန်တဲ့ယိမ်းနွဲ့ကပြမှူ့တွေကြားမှာ
အနီရောင်လွှမ်းတဲ့အနိဌာရုံတွေကို သယ်ဆောင်မလာပါနဲ့တော့...
မင်းလာလည်ခဲ့တဲ့ ဒီနေ့လေးကိုတော့
တို့တစ်တွေရဲ့နှလုံးသားမှာ အမြဲအမှတ်ရနေတော့မှာပါ...
(11.11.2012) (7:30 AM) ဟုတ်တယ်..... အဲဒီနေ့ အဲဒီအချိန်တုန်းကပါပဲ....

ကိုကိုးအိမ်(မန္တလေး)

တောမောင်နှံ

|

တိမ်မင်းငယ်ဆန်
လွမ်းဟန်ဟန် ပေါ်လေ့သမို့
မျက်ရှူတော် မူလင့်ပါနဲ့
တိမ်မာန်ဖွဲ့ နွဲ့ကာသိမ်းတော့
ယိမ်းပါပေ့ ကိုရွှေမောင်ရယ်
မျောချေတော့မယ်..

လွမ်းရေးငယ်ဖန်
တေးမာန်တွေသွယ်သွယ်ကြွလို့ရယ်
ဟစ်အော်ကာလာခဲ့စမ်းပါနဲ့
ကျုပ်ရှင်ရယ် သမီးကိုချစ်ရင်ဖြင့်
အဖေကိုပီအောင်ပေါင်း
ကြောင်းလေလှည့်ကွယ်.....

ချစ်ခြင်းငယ်ထန်
တောသူမေ ပျိုဖြူချောကိုလ
ယောအလှ ယောဟန်
တောမာန်ဟုန်ဝင့်ကြွား
အလှတွင်အယဉ်ဆင့်ပေမို့
မောင့်ပျိုဖြူ ခင်ခင်နှမရယ်...
ရွှေနားတော်လွှတ်ကာသွင်းလို့
ယွန်းချေစို့ကွယ်....

ကိုကိုးအိမ်(မန္တလေး)

ငါ့သိက္ခာတွေအမှောက်မှောက်အမှားမှားဖြစ်ခဲ့ရတဲ့ည

|


နေ့စွဲတစ်ခုရဲ့ နောက်ဆုံ့းမိနစ်များ
နာရီလက်တံတစ်ခုရဲ့ တချောက်ချောက်မြည်သံအောက်
ရင်ခုန်သံတွေ ပျောက်ရှခဲ့...

အေးစက်စက်လက်တစ်စုံရဲ့
နွေးထွေးတဲ့အကြင်နာတွေ... အပြာရောင်ရေခဲတိုက်တွေအောက်
လွင့်ပျောက်ခဲ့ရသော ဆောင်းမနက်ခင်း...

ရှပ်တိုက်ပြေးလွှားနေကြတဲ့ ရောင်စုံသစ်ရွက်များ
နိုးထကာစ လူတစ်စုရဲ့ လက်ခုပ်သံလောက်တောင်
တောက်တောက်ပြောင်ပြောင်မရှိခဲ့...

တောင်ပြန်လေတရှိုက် ရှူသွင်းလိုက်မိချိန်
အရှေ့အရပ်ဆီမှ ထွက်ပြူလာခဲ့သော ရောင်ခြည်တစ်ချို့
ခပ်ဆတ်ဆတ် ဖြတ်အရိုက်ခံခဲ့ရ...

လေပြေတစ်အုပ်နှင့်အတူ သိမ်းသွင်းခံခဲ့ရသော အလှတရား
သိုးမည်းတွေရဲ့ အော်သံကြား ခပ်ပါးပါးတောင်မကျန်ရစ်တော့

မဖတ်တတ်ခဲ့တဲ့ သူတို့တွေရဲ့မျက်နှာ...
ငါ့နှလုံးသားတစ်စုံ အရောင်ပြောင်းလာချိန်မှာ...
အားလုံးဟာ ပွင့်လင်းစွာ မြင်သာလာခဲ့....

ခါးသက်စွာ ပြုံးနေခဲ့ရတဲ့ အမုန်းတီးဆုံးမျက်နှာတစ်ခုရဲ့ရှေ့မှောက်...
ငါ့သိက္ခာတွေ အမှောက်မှောက်အမှားမှားဖြစ်ခဲ့ရတဲ့ည.....

ဝေးလွင့်စွာ အထီးကျန်ခြင်းရဲ့ ခပ်ဝါးဝါးပုံရိပ်တစ်ခု
မျှော်လင့်ချက်တွေပြည့်ဝခဲ့ချိန်အရောက် ငါ့ကိုမေ့လောက်တဲ့အချိန်
အထီးကျန်စွာ စွန့်ခွာသွားခဲ့ရတဲ့ နေရာတစ်ခုမှာ
ငါတစ်ယောက်တည်း မျက်ရည်တွေကို အဖော်ပြုရင်းရှင်သန်ရတော့မယ်...


ကိုကိုးအိမ်(မန္တလေး) 
(9.11.2012) (Friday)

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB