ပွဲတိုင်းကျော်

|

အခုတစ်လော ကိုးမှာ ပွဲတက်တွေများနေပီပေါ့ဗျာ.. မင်္ဂလာဆောင်ဆိုတာကလည်း သီတင်းကျွတ်တည်းက ဆောင်လိုက်ကြတဲ့ပွဲတွေ မနည်းမနော.... ခုထိကိုမကုန်သေးဘူးခင်ဗျာ. ပြီးရင် မဖိတ်လိုက်ရရင်ပဲ စားမ၀င်အိပ်မ ပျော်သလို ဖြစ်နေကြသလားမသိ ဖိတ်စာတွေက တလျှောလျှော... လာလိုက်ကြတာ ဒါနဲ့ ဟိုတစ်ရက်က သွားပြီး လက်ဖွဲ့ ငါးထောင်တန်လောက်နဲ့ တစ်သောင်းဖိုးလောက်သွား ၀ါးတီးတယ်ဆိုပါတော့ဗျာ.. အဟဲ.. မင်္ဂလာဆောင် ဆိုတာ အရင်ခေတ်ကဆိုရင် အရှေ့ခုနှစ်အိမ် အနောက်ခုနှစ်အိမ် အသိအမှတ်ပြုပြီးရင် ပုဆိုးတန်းတင်အကြင်လင် မယား အရာမြောက်ပြီလို့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ပြဆိုထားသကိုးဗျ... အခုခေတ်တော့ဗျာ ဘယ်ဟိုတယ် မှာမင်္ဂလာဆောင်မှ .. ဒင်နာကျွေးမှ.. သတိုးသမီးက ဘာဝတ်မှ.. ဘယ်သူ့ကိုဖိတ်မှ... ဘယ်သူတွေတက်မှ.. ဆိုပြီး ရှိသမျှ အကုန်သုံးပြီး တော့ကို ဆောင်ကြတော့တာကိုး.. ဒီလိုမှ မဆောင်၇ရင်ပဲ လူရာမ၀င်တော့သလို လင်မယားအရာ မမြောက်တော့သလိုတွေလေ... အခုတော့ ကိုကိုးတက်ခဲ့တဲ့ ခုခေတ်မင်္ဂလာဆောင်တစ်ခုရဲ့ ပုံစံလေးကို သဘောကျလို့ တင်ပေးလိုက်ပါတယ်.. သူများကိုသာ ပြောနေတာပါလေ.. ကိုယ်လည်း အဲလိုဆောင်ချင်တာပါပဲ.. ဟိဟိ .. မနာလိုသံကြီးနဲ့နော်......


ပြီးခဲ့တဲ့အပတ်ကတော့ မန္တလေးမှာ နိုင်ငံခြားပြန်ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေနဲ့ ကျောင်းသားဘ၀ ဆွေးနွေးပွဲရှိလို့ သွားနားထောင်ဖြစ်ပါတယ် အပေါ်ကမင်္ဂလာဆောင်နဲ့ ဟိုတယ်တစ်ခုတည်းမှာပါပဲ ခန်းမကတော့ မတူဘူးပေါ့လေ... အရင် ငါးနှစ်လောက်တုန်းကဆို ဒီလိုမျိုးပွဲတွေ မန်းတလေးမှာ ဘယ်ရှိလိမ့်မလဲဗျာ အခုနောက်ပိုင်းသုံးလေးနှစ်မှာမှ အရမ်းခေတ်စားလာတာပါ တစ်နည်းပြောရရင် စွာကျယ် စွာကျယ်လုပ်လာတာပေါ့လေ အဟိ အတင်းကအုပ်ပြီ... အဲဒီမှာ ဆွေးေ
နွးကြတဲ့ တော့ပစ်တွေက ဆယ်တန်းအောင်ရင် ဘယ်ဆက်တက်မလဲ... ကျောင်းပြီးရင် ဘာလုပ်မလဲ.... နိုင်ငံခြားကျောင်းသွားတက်တဲ့ အချိန်မှာ ဘယ်လိုခံစားချက်မျိုး ဘယ်လိုအဖြစ်မျိုးတွေနဲ့ တွေ့နိုင်သလဲ... အေးဂျင့်တွေရဲ့ ပညာရေးအပေါ် သဘောထားမှူ့တွေ... ကျောင်းသားတွေရဲ့ရွေးချယ်မှူ့... ပညာရေးနဲ့ဥပဒေအမြင်တွေကို ဥပဒေသမားတွေ၊ အေးဂျင့်တွေ၊ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ၊ စိတ်ဝင်စားသူတွေ တက်ရောက်ဆွေးနွေးကြတာပါ... ဥပဒေပွဲဆိုတော့ ဓာတ်ပုံတင်ရင် မူပိုင်ခွင့်နဲ့ငြိနေမှာစိုးလို့ ဓာတ်ပုံတင်မပေးတော့ဘူးနော်... အဟဲ

အဲ... ဒီနေ့တော့ စာအုပ်ဝယ်ချင်လို့ ၀ယ်မလို့လုပ်တာ အ၇င်နေ့က သတင်းစာမှာတွေ့ထားတာ (၂၂-၁၂-၂၀၁၀)မှာ စာရေးဆရာ လင်္ကာရည်ကျော် ရာပြည့်စာအုပ်တိုက်ကို
လာမယ်ဆိုလို့ သုံးရက်လောက် အောင့်အည်းနေခဲ့တာ ဒီနေ့တော့ စာအုပ်သွားဝယ်ဖြစ်လိုက်ပါတယ်... ဆရာနဲ့ စကားအေးအေးဆေးဆေး ပြောပြီးတဲ့အခါကျမှ ဆရာဘာလို့အောင်မြင်လာသလဲဆိုတာ ကိုရိပ်မိလိုက်ရပါတယ်... နဂိုရုပ်ဖြောင့်ဖြောင့်မှာ မျက်နှာက အမြဲတမ်းပြုံးနေပြီး စကားပြောတာကအစ အထူးကုဆရာဝန်ကြီးလို့ မထင်ရလောက်အောင် မာန်မာနကင်းစင်ပါတယ်... ပြောချင်တာလေးတွေပြောပြ သိချင်တာလေးတွေမေးပြီး မြ၀တီကမမတို့လို အင်တာဗျူးပြီးတော့မှ ဆရာ့လက်မှတ်ကလေးကို အမှတ်တရတောင်းပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်... ဆရာဝန် စာရေးဆရာ လင်္ကာရည်ကျော်ဆိုတာ အောက်ကပုံပါပဲခင်ဗျာ.............

အပေါ်မှာ တင်ခဲ့သမျှပုံတွေနဲ့ အကြောင်းအရာတွေဟာ ဒီတစ်ပတ်အတွင်း ကိုးတက်ခဲ့တဲ့ပွဲတွေပေါ့ဗျာ... ဓာတ်ပုံတွေတင်လိုက်ရတာကလည်း မည်သည့်အကြောင်းကြောင့်မှ မဟုတ်ဘဲ လူအများကိုမျှဝေချင်တဲ့စိတ် သဘောရိုးနဲ့ တင်ပြပေးခြင်းဖြစ်ပါတယ်... မကြာခင်မှာလဲ ပွဲတွေက နီးလာပြီလေ... ဒီရာသီဆိုတာက ပွဲရာသီမဟုတ်လား... ကိုကိုးတို့ အကြိုက်ပေါ့ဗျာ... ကြည်နူးစရာကောင်းတဲ့ ခ၇စ်စမတ်ပွဲ... ပျော်စရာကောင်းတဲ့ နှစ်သစ်ကူးပွဲ... ပိုပြီးပျော်စရာကောင်းတဲ့ လွတ်လပ်ရေးပွဲ... တရုတ်နှစ်သစ်ကူး... ဟီးဟီး နောက်ပြီး ချစ်သူများနေ့ ဆိုတာလည်း လာဦးမယ်လေ॥ ပြောရင်းတောင် ရင်တွေခုန်လာပြီဗျာ... အဲပွဲတွေကျရင်လည်း ကဲဦးမှာဗျ... ဘော်ဒါတို့လည်း ပျော်ဖို့မမေ့နဲ့နော်...


စာရေးသူ... ကိုကိုးအိမ်(မန္တလေး)

အမေ မခေါ်ထိုက်သူ

|

အွန်လိုင်းပေါ်တက်တက်ခြင်း ဘော်ဒါတို့တွေနဲ့ စာလာဖတ်နေကျ ချစ်စွာသော စာရှူ့သူတို့ကို တောင်းပန်ရဦးမှာပဲဗျာ.. အလုပ်ရှုပ်နေတာကတစ်ကြောင်း၊ ပရောက်စီပြဿနာကတစ်ဖုံ၊ စာရေးပျင်းနေတာက တစ်ပိုင်း၊ စာမေးပွဲတွေအဆက်မပြတ် တာကတစ်သွယ်နဲ့ အမျိုးမျိုးသော အကြောင်းတွေကြောင့် ဒီနေ့မှ အွန်လိုင်းကိုေ၇ာက်တုန်း ကိုယ်စာမရေးတာဘယ်လောက် ကြာပြီလဲ ကြည့်လိုက်မိပါတယ်.. လေးပတ်ကြာပြီတဲ့ဗျာ.. ဟိဟိ ငါလေးပတ်ကြီးတောင် အပျင်းထူနေခဲ့တာပါလားပေါ့... ဒါနဲ့ဘာစာရေးရမှန်းလည်း မသိဖြစ်နေတုန်း ဟိုတစ်လောက ဘလော့ဂါ နန်းလေပြေနု တစ်ယောက်က မောင် တွေကျွန်မတွေ သီရိတွေလုပ်သွားတော့ ကိုယ်လည်း ရေးချင်စိတ်ပေါက်မိတာပေါ့ဗျာ.. ဒါပေမယ့် သိကြတဲ့အတိုင်း ကိုကိုးအိမ် ဆိုတာက ဂေါ်မစွံတဲ့ နှစ်ဆယ်ကျော်ကာစ ကာလသားပေါက်ကြီးဆိုတော့ ဘယ်စော်ကမှလည်း မကြိုက်... ဇာတ်လမ်းကလည်း ရှာစရာမရှိ.. စိတ်ပျက်စရာတောင် ကောင်း ကောင်းသေးတော့ဗျာ.. ဒါနဲ့ အကြံချိနဲ့စွာနဲ့ ဆောင့်ကြောင့် ထိုင်စဉ်းစားနေတုန်း ဘလော့ဂါ တီတီကြီး ဒေါ်ရွှေစင်ဦးက စက်ဘေးနားပေါက်ချလာပြီး ကိုကိုးအိမ် ဒီဘက်မှာ ပရောက်စီအဆင်ပြေတယ်ဆိုပြီး လာပြောတာနဲ့.. ဘာပြောကောင်းမတုန်း.. ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို နွားငတ်ရေကျ အပြေးသွားပြီး စိတ်လိုလက်ရ ရေးလိုက်မဟဲ့ ဆိုပြီး အားခဲကာ ပုဆိုးကိုမြှောင်အောင်ကျိုက် အားတင်းကာရေးလိုက်မဟဲ့လို့ စက်ရှေ့မှာထိုင် စဉ်းစားလိုက်တာ .. အင်း... ငါဘာရေးရပါ့... ရေးထားတဲ့ကဗျာတွေကလည်း အဆောင်မှာကျန်ခဲ့ပြီလေ.. ကိုယ်တော်မှာ အခက်ပေါ့..အဲနောက်ဆုံး ကြံရာမရတဲ့အဆုံးမှာတော့ ဟိုတစ်လောကပိုင်းကမှ လောလောလတ်လတ်ကြုံခဲ့တာလေး ရေးမဟဲ့ပေါ့.. စဉ်းစားလိုက်ပါတယ် .. အကြောင်းကတော့ပေါ်လာပြီ ဘယ်ကစရေးရမှန်းမသိဖြစ်နေပြန်ရော.. အဲလို အဲလို မရေးဘဲ ပစ်ပစ်ထားတတ်တဲ့ ကိုယ့်အကျင့်ပေါ့လေ.. အင်း ပေါ်လာသလောက်လေး ချရေးလိုက်ပါ့မယ်.. နို့မို့ဆို ပေါ်မလာ အတော်ကြာ ကိုယ်တော်ချောခမျာ ဘယ်များပျောက်နေသလဲလို့ အွန်လိုင်းပေါ်က စာဖတ်ပရိတ်သတ် ချစ်ချစ်များ မျှော်တော်ဇောနဲ့ မောနေမှာစိုးလို့ပါ... ခွိခွိ

ဟိုတစ်လောက ကိုးတစ်ယောက် ကျောက်ဆည်ဘက်သွားတော့ စုတ်ချာချာအိမ်လေးတစ်လုံး ပေါ်မှာ ကလေးလေးတစ်ယောက် ဗိုက်ဆာလို့ အော်ငိုနေပါတယ်... အိမ်ရှေ့မှာလည်း သူ့အမေက မျက်ရည်တွေဝေလို့ပေါ့.. သူ့သားကိုလည်းမငေါက်ရက်.. မျက်ရည်ဝိုင်းပြီး သားရွှေဥကို လှမ်းလှမ်းကြည့်နေပါတယ်.. ကလေးကလည်း အမေတစ်ယောက်ရဲ့ အခက်အခဲတွေကို မရိပ်မိဘဲ အော်ငိုမြဲ အော်ငိုနေဆဲပါ.. ကိုးလည်း အမေဘာဆက်လုပ်မလဲ ကြည့်နေလိုက်ပါတယ်.. နည်းနည်းလေးကြာလာတော့ ကလေးကိုကြည့်ပြီး သူ့အမေလည်း အော်ငိုလိုက်ပါတယ်.. ပြီးတော့ သူ့သားကိုလည်း နင်အဲလိုကြီး အော်အော်ငိုနေတော့ ငါက ဘာလုပ်ပေးရမလဲ.. နင်ငိုလေငါစိတ်ဓာတ်ကျလေပဲ သိလားငါ့သားရဲ့ ဆိုပြီး ကလေးလေးကိုရင်ဘတ်ထဲမှာ ထားပြီး ငိုနေပါတော့တယ်. ကလေးလေးလည်း ငိုနေရင်းအရှိန်တန့်သွားပြီး သူ့အမေကိုလှမ်းကြည့်တော့ သူ့အမေလည်းငိုနေတာတွေ့ရော ထပ်ငိုပြန်ပါရောဗျာ.. ကျွန်တော်လည်း သူတို့သားမိရဲ့ အပူတွေကူးစက်လာပြီး ရင်ထဲမှာ နင်တင်တင်ကြီး ဖြစ်နေတာနဲ့ သူတို့သားအမိနှစ်ယောက်ဆီ လျှောက်သွားလိုက်မိပါတယ်.. အိမ်လေးကလည်း ဓနိမိုးမလုံ့တလုံလေးပါ.. သားအမေရဲ့ မျက်နှာမှာလည်း လောကဓံရဲ့ ရိုက်ပုတ်မှူ့တွေကြောင့် နေလောင်ကွက်တွေ တလှေကြီးနဲ့ပေါ့... ဒီလိုနဲ့သူတို့နားေ၇ာက်သွားတော့ ကလေးအမေကို လှမ်းမေးမိလိုက်ပါတယ်..

အဒေါ်ရယ် ကလေးအဖေရော..လို့မေးလိုက်မိတော့
ကလေးအဖေကသေတာ တစ်ပတ်ကြာပြီ ဆိုပြီး ပြောပြီးငိုပြန်ပါတယ်..

ကိုးလည်း ဘာဆက်ပြောရမှန်းမသိ ကြောင်ကြည့်နေမိပြီးမှ
ဒါဆိုအဒေါ်ရယ် ပိုက်ဆံနည်းနည်းလေးမှ မကျန်ခဲ့ဘူးလား ဆိုတော့ မြင်တဲ့တိုင်းပဲလေတဲ့..
မဟုတ်ဘူးလေ ကလေးအဖေရှိတုန်းက ငွေက ဆန်ဖိုးလောက်တောင်မ၀ယ်နိုင်တော့ တာလားဆိုပြီးတော့ စပ်စပ်စုစုမေးလိုက်မိပါတယ်... ဒါနဲ့ အဒေါ်ကြီးက
သူချန်ခဲ့သမျှ သူ့အသုဘစရိတ်နဲ့ တင်ပြောင်ပြီဟဲ့..
ဟင် အန်တီကရောအလုပ်မလုပ်ဘူးလား..
ငါ့အမှားပါဟဲ့ ငါ့အမှားပါ သူ့အဖေက အရက်သမား တစ်ရက်တစ်ရက် ရှာသမျှအရက်ဖိုးပဲ.. ငါကလည်း ပဲရောင်းတယ်.. ရောင်းသမျှက နှစ်လုံး.. သုံးလုံးဖိုးနဲကပြောင်တာပဲ.. စုမိဆောင်းမိတယ်လဲမရှိဘူး.. နှစ်လုံးကလည်းဟယ် ပေါက်ပဲမပေါက်နိုင်ဘူး ပေါက်တော့လည်း ခုနှစ်ထောင် ရှစ်ထောင်ပဲရတယ် ဘယ်သုံးလောက်မလဲ.. ငါတို့မှာ တစ်၇က်တစ်၇က် စားလောက်သောက်လောက်ရုံပဲ.. ဘယ်တော့မှပိုတယ်လဲမရှိဘူး.. အခုတော့ ကိုယ်တော်က သေပြီလေ.. ငါတစ်ယောက် တည်းထားရစ်တယ် တကယ်အတ္တကြီးတဲ့ကောင်..

ဟာ.. အန်တီရယ် အဲလိုမပြောကောင်းပါဘူး.. သူလဲမရှိမှတော့ ကိုယ်လည်း ကောင်းကောင်းမွန်မွန်ရှာဖွေစားနိုင်ရမှာပေါ့.. သူရှိတုန်းကတော့ ရှိသလိုပေါ့.. မရှိမှတော့ ဖြစ်သလိုရပ်တည်ရတော့ မှာလေ...
ဟဲ့နင်ကဘာသိလို့လည်း ဒီခေတ်မှာ လူနှစ်ယောက်စာလွယ်တယ်များမှတ်လို့လား.. ဒီကလေးက ရှိသေးတယ်.. ငါလည်းသူ့ကိုတော့သနားတယ်.. ငါ့သားလေးဒီလိုဖြစ်နေတာ ငါမကြည့်၇က်ဘူး.. ငါဘယ်လိုမှအဆင်မပြေနိုင်၇င် တော့ အဆင်ပြေမဲ့သူတွေဆီ သားလေးကို ပေးမလားစဉ်းစားနေတယ်..
ဟာ အန်တီရယ် ကလေးတစ်ယောက်ဟာ အမေရင်းနဲ့မှမဟုတ်ရင် အဆင်ပြေခဲပါတယ်.. ပေးပစ်ဖို့ကိုတော့ စဉ်းစားပါဦး.. ဒီကြားထဲကြိုးစားကြည့်ပေါ့.. ဘယ်လိုမှအဆင်မပြေဘူးဆိုရင်တော့.. ဆိုပြီးပြောရင်း ကိုယ်ပါတောင် အသံတိမ်ဝင်သွားပါတယ်..
အင်းလေ.. ငါလည်း ကြိုးစားကြည့်ပါဦးမယ်..
အန်တီရယ် ဈေးရောင်းတတ်နေတာပဲ.. ဈေးပြန်ရောင်းပေါ့.. ဈေးေ၇ာင်းတတ်ရင် ထမင်းမငတ်ပါဘူး ဆိုပြီး ကိုယ်တတ်သလောက်လေး ပြောကြည့်မိပါတယ်..
တကယ်လို့ အန်တီကြီး ဈေးပြန်ရောင်းမယ်ဆိုရင် ဈေးရောင်းဖို့ အရင်း(၃၀၀၀ိ/-) ပေးခဲ့မယ်.. အဲဒါနဲ့ အဆင်ပြေအောင် လုပ်စားတော့ပေါ့.. ဒါကျွန်တော် အန်တီတို့ သားအမိကို စာနာလို့ကူညီတာပါ.. ဘယ်လိုမှမအောက်မေ့ပါနဲ့ ဆိုပြီး ငွေသုံးထောင်ထုတ်ပေးခဲ့လိုက်မိပါတယ်.. ခါတိုင်းကပ်စေးနည်းတတ်တဲ့ ကိုယ့်ကိုယ်ကို ပြန်အံ့သြရင်းပေါ့..
နောက်ငါးရက်လောက်နေလို့ အဲဒီဘက်ကိုပြန်ရောက်လို့ တခြားအိမ်တွေကို မေးကြည့်လိုက်မိတော့ ကလေးလေးကိုတော့ မွေးစားမယ့်လူတွေကိုပေးလိုက်တယ်တဲ့ သူကိုယ်တိုင်တော့ ဈေးရောင်းစားပြီး ကောင်းကောင်းမွန်မွန်နေတယ်လို့ ပြန်ကြားရတော့ ကလေးလေးအတွက်စိတ်မကောင်းပေမယ့် အမေအတွက်တော့ စိတ်ချမ်းသာမိရပါတယ်...

အဲဒီအဖြစ်အပျက်ကလေးဟာ သာမန်အဖြစ်အပျက်ကလေး ဆိုပေမယ့် ကိုးမှာတော့ ပြန်စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်.. ကိုးတို့က ရေ၊မီးအပြည့်အစုံနဲ့ မြို့ကြီးပြကြီးပေါ်မှာ အခန့်သား စားသောက်သွားလာ နေတဲ့ အချိန်မှာ တစ်ခြားတစ်နေရာမှာတော့ အဲဒီလိုအဖြစ်မျိုးတွေ ကမ္ဘာနဲ့ချီလိုက်မယ်ဆိုရင် အများကြီး ရှိနေမှာပါ.. အဲသလိုများစဉ်းစားမိရင်တော့ တော်တော်စိတ်မကောင်းဖြစ် မိ၇ပါတယ်.. အဲဒီတော့ တကယ်လို့များ တတ်နိုင်ခဲ့ရင် လူမှူ့ဝန်ထမ်းလိုနေရာမျိုးတွေ၊ ကယ်ဆယ်ရေး NGO တွေမှာ ကိုယ်တတ်နိုင်သလောက်လေး လှူကြစေချင်ပါတယ်.. နောက်တစ်ခုက ကလေးအမေတွေပါ.. ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ် ကိုယ့်ကလေးကို သူများတစ်ပါးကို ပေးပစ်ဖို့ဆိုတာ တော်ရုံအမေတွေ မစဉ်းစားနိုင်တာမျိုးပါ.. အဲလိုမျိုးပေးပစ်လိုက်ပြီဆို၇င်လည်း တော်တော်ကို ခံစားရပြီးမှ ပေးလိုက်ရမှာမျိုးလေ.. အဲတော့ ကိုယ်ကိုယ်တိုင်က ကလေးတစ်ယောက်အမေ ဖြစ်လာပြီဆိုကတည်းက ရောက်လာတော့မယ့် ကိုယ်ကလေးအတွက် အကောင်းဆုံး ကြိုဆိုနိုင် အောင် ကြိုးစား၇မှာပါ... အဲလိုမျိုးဖြစ်လာပြီမဟုတ်ဘဲ ကလေးကို လူ့လောကထဲခေါ်သွင်းခဲ့မယ်ဆိုရင်တော့ ကလေးအမေဟာ အတ္တကြီးခြင်းပါ.. အဲလိုမျိုးအဖြစ်တွေဖြစ်မလာရအောင် အမေတစ်ယောက်ရဲ့ ကြိုးစားမှူ့တွေအများကြီး လိုအပ်ပါတယ်.. ဒါမှမဟုတ်ရင်တော့ အမေမခေါ်ထိုက်သူတွေပါ.. သားတစ်ယောက်ဟာ သားတစ်ယောက်ရဲ့တာဝန် အဖေတစ်ယောက်ဟာ အဖေတစ်ယောက်ရဲ့တာဝန်... အမေတစ်ယောက်ဟာလည်း အမေတစ်ယောက်ရဲ့တာဝန် ကျေပွန်မှ သားရယ်လို့ အဖေရယ်လို့ အမေရယ်လို့ ခေါ်ထိုက်သူတွေဖြစ်မှာပါ... တာဝန်မကျေပွန်ခဲ့ရင်တော့ လူ့လောကရဲ့ တာဝန်တွေကို ပျက်ယွင်းတဲ့အတွက် အစားပေးနိယာမရဲ့ ဒဏ်ခတ်ခြင်းကို ခံရမှာပါ.. အခု အဖြစ်လေးမှာလည်း အမေဟာ သားတစ်ယောက်ကို ရှာကျွေးနိုင်လောက်အောင် အစွမ်းရှိရဲ့နဲ့ သူများတစ်ပါးကိုပေးပစ်တယ်ဆိုကတည်းက ကိုးကတော့ အမေမခေါ်ထိုက်သူတစ်ယောက်လို့ပဲ ယူဆပါတယ်.. ဒီစာရေးရခြင်းအကြောင်းရင်းကတော့ အမေတွေကိုလည်း အမေခေါ်ထိုက်သူ အဖေတွေလည်း အဖေခေါ်ထိုက်သူ.. သားသမီးဆိုရင်လည်း သားသမီးခေါ်ထိုက်သူတွေ ဖြစ်ကြစေချင်လို့ပါ...

ကိုး ကိုယ်တိုင်လည်း သားခေါ်ထိုက်သူဖြစ်အောင် ကြိုးစားနေသူတစ်ယောက်ပါ.. အဲဒီလိုပဲ အဖေကောင်းတစ်ယောက်ပီသခဲ့တဲ့ ကိုးရဲ့ဖေဖေ.. အမေကောင်းတစ်ယောက်ပီသခဲ့တဲ့ ကိုးရဲ့မေမေကိုလည်း အရမ်းကျေးဇူးတင်ရိုသေ လေးစားမိပါတယ်.. ဖေတို့မေတို့ ကိုးအပေါ်ကို စေတနာကောင်းခဲ့ကြလို့သာ ကိုးတစ်ယောက် အခုလိုမျိုး ဘ၀တစ်ခုမှာ နေ၇ာတစ်နေ၇ာ ရလာခဲ့တာပါ.. ကိုး အခုလက်ရှိရောက်နေတဲ့နေရာ ရရှိနေသမျှအားလုံးဟာ ကိုးကြောင့်မဟုတ်ဘဲ ဖေတို့မေတို့ကြောင့်သာပါ..

မေနဲ့ဖေ့ ကို လေးစား ချစ်မြတ်နိုးသောအားဖြင့်

စာရေးသူ...ကိုကိုးအိမ်(မန္တလေး)

ဘောင်ကျော်ခြင်း

|

အမုန်းမြို့ရိုးရဲ့ တစ်ဖက်
မင်းရဲ့စိတ်က ဂယောက်ဂယက်နဲ့
မို့မောက်တဲ့မင်းရဲ့နဖူး
ပွလွန်းတဲ့ မင်းရဲ့နှာခေါင်း
ချိုင့်လွန်းတဲ့ မင်းရဲ့ပါးပြင်
ထူလွန်းတဲ့ မင်းရဲ့နှုတ်ခမ်း
မင်းအသားက ခပ်ညိုညို
လူက ပုကွကွ
အနုအရွ အလှအပနဲ့
ငါ့ကိုလာဖမ်းစား
ခြေလှမ်းအမှားများနဲ့(ငါ)
ဝေခွဲမရဖြစ်နေမိပြီ....

ရှေ့တိုးလည်းမှား နောက်ဆုတ်လည်းလွဲ ပစ်မှတ်ကတခြား ရင်တွင်းမှစကား ပြောပြောနေတယ် ချစ်တယ်... ချစ်တယ်တဲ့..
ခုန်လိုက်တာလည်း မပြောနဲ့ Justin Bieber တောင် လက်မြှောက်တယ် Over Feel က ငါ့ရင်မှာအပြည့် ရင်ထဲကလျှံကျလို့ နတ်သမီးကတောင် ကောက်ကိုင်ကြည့်သေးတယ်. သွေးတွေကအစ ညစ်နေတာ တွေ့လေရာ စီးဆင်းနေပါပကော...

ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

မုန်းတီးခြင်းစစ်ပွဲ

|

အသည်းကြေညာစာတမ်း တစ်ပိုဒ်ကို
ငါဖတ်မိချိန်
ဝေးနေခဲ့တဲ့ နေ့ရက်တွေ
အပိုဖြစ်ခဲ့တယ်...

အမုန်းတွေပိုင်ဆိုင်ထားလို့
အချစ်ဆိုတာ ခံစားလို့ရတယ်...
ကြုံကြိုက်ဆုံမှတ်ခဲ့တဲ့ မင်းအကြည့်
မင်းအပြုံးမှာ မျောလွင့်လို့
ကြုံလေရာမှာ အားသစ်ကိုမွေးလို့
မဆုံဖြစ်အောင် ဆုတွေတောင်း
ခြွေချခဲ့တဲ့ ပန်းတစ်ခိုင်ကို
လှုပ်ရမ်းချင်မိပြီ...

အလွမ်းဆိုတဲ့ဒဏ်ရာကို
မြေခစေဖို့
အဆိပ်တွေပြည့်နေတဲ့
ခရောင်းလမ်းကိုငါ
ရေလောင်းခဲ့တယ်..

မြင့်မြတ်လှတဲ့ ပန်းသဇင်တောင်
မြေခလို့ အသေအသပ်
လှပအောင် ဝေဆလှတဲ့
အပြုံးကိုဖန်ဆင်း
အမုန်းရထားကိုစီးလျှက်
ဒဏ်ရာဆိုတဲ့ လက်နက်ကိုကိုင်စွဲ
တတိယကမ္ဘာစစ်ကို မျှော်လင့်ရင်း
အလွမ်းမီးတွေ တောက်လောင်စေခဲ့ပြန်တယ်...


ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

ရင်ထဲက အက္ခရာများ

|

သူငယ်ချင်း တစ်ယောက်က သူ့ရင်ထဲမှာရှိတဲ့ အက္ခရာတွေကိုရေးပြသွားတော့ကိုးလည်း ရေးပြချင်စိတ်တွေ တဖွားဖွားနဲ့ကို ပေါ်လာပါတယ်။ စာမရေးဖြစ်တာလည်း ကြာပြီမို့လား။ ကဗျာတွေပဲ ပိတ်ပိတ်တင်လွန်းလို့ မချောကတောင် ခံစားချက်တွေပြင်းထန်နေပါလား လာပြောသွားသေး.. ပြောရမှာလည်း ရှက်ပါတယ်လေ.. ခုတော့ ရင်ထဲကအက္ခရာလေးတွေ ကိုပဲပြောတော့မယ်နော်...

စလုံး အက္ခရာ
ိကိုးဘ၀မှာလူမှန်း သိတတ်ကတည်းက ရင်ထဲမှာရှိနေခဲ့တဲ့ အက္ခရာကတော့ စလုံးပါ.. စလုံးဆိုတာကတော့ ကိုးရဲ့ အချစ်ဆုံး မေမေပါ.. ဒီနာမည်လေးကို ချစ်စနိုးပေးဖြစ်တာ မေမေတောင်မသိသေး ပါဘူး။ ငယ်စဉ်ကတည်းက ကိုးအပေါ်မှာ အစိုးမိုးခဲ့ဆုံး အက္ခရာလေးပါ.. ဒီအက္ခရာလေးကိုပဲ အမြဲတမ်းထိတွေ့ ယဉ်ပါးခဲ့ရတာပါ... ဘယ်လောက်ပဲ အခက်အခဲကြုံခဲ့ ကြုံခဲ့ မေမေ့ကို ရင်ဖွင့်လိုက်ရရင် ပေါ့ပါးသွားတတ်တာ အရမ်းအံ့သြစွာနဲ့ လက်ခံခဲ့ရပါတယ်.. ဘ၀ရဲ့အခက်ခဲဆုံးအချိန်တွေမှာ တောင် မေမေ့ရဲ့ စိုးရိမ်စကားလေး တစ်ခွန်းနဲ့ နှစ်သိမ့်စကားလေး တစ်ခွန်းက များစွာသက်ရောက်မှူ့ရှိခဲ့တာ အသေအချာပဲလေ..

ဆလိမ် အက္ခရာ
ဒီအက္ခရာလေးကတော့ စလုံးပြီးရင် အလွှမ်းမိုးခဲ့ဆုံး အက္ခရာလေးပါ... ဒီအက္ခရာလေးရဲ့ ပိုင်ရှင်ကတော့ ဖေဖေပါ.. သားအပေါ်ဘယ်လောက်ပဲချစ်ချစ် ဘယ်တော့မှ အပြင်ကိုထုတ်မပြတတ်တဲ့ အဖေတစ်ယောက်ပေါ့.. ဒါပေမယ့် ဘယ်လောက်ပဲ ပါးစပ်ကပြောပြော နောက်ဆုံးမှာ အလိုလိုက် အကြိုက်ဆောင်ပေးခဲ့တဲ့ အဖေတစ်ယောက်ပါ.. ဘယ်လိုပဲဆက်ဆံရေးအဆင်မပြေ မပြေ ကိုးရဲ့ဘ၀တစ်လျှောက်လုံးကို အကြီးမားဆုံး ထောက်မပေးခဲ့သူတစ်ယောက်ပါ.. အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး အရိပ်ထိုးပေးခဲ့သူတစ်ယောက်ပါ.. ဘ၀ရဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေကို အကောင်းဆုံးမီးမောင်း ထိုးပေးခဲ့သူပဲလေ.. ဘ၀ရဲ့ပုံရိပ်တွေကိုလည်း လှပစွာ ရုပ်လုံးပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ ပန်းပုဆရာတစ်ယောက်ဆိုလည်း မမှားဘူးပေါ့...

ဟကလေး
ဒီအက္ခရာလေးကတော့ ကိုးရဲ့ဘ၀ကို အသက်ဝင်စေခဲ့ဆုံး ဆိုပါတော့.. တစ်ယောက်တည်းသော ညီမလေး အဖြစ် ဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့ ဘယ်တော့မှလည်း တည့်ကြတယ်လို့ မရှိဘဲ တစ်ယောက်ပျောက်ရင်လည်း တစ်ယောက်မေးတတ်ခဲ့ကြတဲ့ မတည့်အတူနေ မမြင်ချောင်းကြည့် ညီမလေးတစ်ယောက်ပါ.. ကိုးက အမေတူမို့ အမေ့ဘက်ကအမျိုးတွေနဲ့ အမေကအချစ်ပိုခဲ့သလို အဖေတူတဲ့ ညီမလေးကိုလည်း အဖေ့အမျိုးတွေနဲ့ အဖေက ပိုချစ်ခဲ့ကြတာ ငယ်ငယ်လေးကတည်းက ကျွမ်းဝင်ခဲ့တဲ့ ခံစားမှူ့တွေပါ.. ဘယ်လိုပဲပြောပြော ဘယ်လိုအခြေအနေမျိုးမှာ ပဲရောက်ရောက် ပါးစပ်ကဘယ်လိုပဲပြောပြော ဖေတို့မေတို့ပြီးရင် ကိုးဘ၀မှာ အတွယ်တာရဆုံး သံယောဇဉ်ကတော့ ဟကလေးပါပဲ... ဟကလေးဆိုတာကတော့ အိမ်နာမည်လည်းမဟုတ် ပါဘူး။ သူ့နာမည်ထဲက တစ်လုံးကို ချစ်စနိုးနဲ့ ကိုးတစ်ယောက်တည်း ပေးထားခဲ့တာပါ...

ယပက်လက်
ဒီအက္ခရာပိုင်ရှင်လေးကတော့ ကိုးဘ၀ကို အလှပဆုံး နဲ့ အဆန်းကြယ်ဆုံးဆေးရောင်တွေ ခြယ်ပေးခဲ့သူလို့ ဆိုရမှာပါ.. ဘယ်တော့မှ မမေ့နိုင်ခြင်းတွေနဲ့ အမှတ်တရပေါင်းများစွာကို ယူဆောင်လာပေးခဲ့တဲ့ သူတစ်ယောက်ပါပဲ.. ဘယ်လိုအခြေအနေမျိုးမှာပဲ ရောက်ရောက်၊ ဘယ်လိုအဖြစ်အပျက်မျိုးပဲ ကြုံကြုံ နွေးထွေး တဲ့လက်တစ်စုံနဲ့ ကြင်နာတတ်တဲ့နှုတ်ခမ်းတစ်စုံကိုတော့ ဘယ်တော့မှာမေ့လိမ့်မည်မဟုတ်ပါ... ၀မ်းနည်းမှူ့ တွေကြုံလာရတိုင်း၊ ဆုံးရှုံးမှု့တွေကြုံလာရတိုင်း မေမေပြီးရင် အနီးကပ်အားပေးတတ်ခဲ့တဲ့ သူတစ်ယောက်လေ.. အဲလိုမျိုး နှစ်သိမ့်တတ်ခဲ့တဲ့ သူတစ်ယောက်၊ သုံးနှစ်တိုင်တိုင် ရင်ချင်းအပ်ခဲ့ကြတဲ့နှစ်ယောက် ဟာ သုံးနှစ်ဆိုတဲ့ အချိန်ကို ကျော်လွန်ခဲ့တာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာခဲ့ကြတာတော့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရလေ မလား.. ဒါပေမယ့် အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ခုချိန်မှာတော့ အကောင်းဆုံးမိတ်ဆွေတွေ အဖြစ်ကို ကျေနပ်စွာလက်ခံပြီး အားငယ်ကြတဲ့အခါတိုင်း နှစ်သိမ့်ပေးတတ်ကြတဲ့ သူနှစ်ယောက်အဖြစ်ပေါ့.. ယပက်လက် လို့ နာမည်ဝှက်လေးပေးထားခဲ့တဲ့ ချစ်ခဲ့ရသူလေးကတော့ ဘယ်အချိန်ပဲရောက်ရောက် ဘယ်လိုအခြေအနေ မျိုးပဲရောက်ရောက် မပြောင်းမလဲ ချစ်ဆဲပေါ့.. ဒါပေမယ့်လည်းလေ ဘ၀တွေကတော့.....................

နငယ်
ဒီအက္ခရာလေးကတော့ ကိုးဘ၀မှာ အရေးပါဆုံးလူတစ်ယောက်အဖြစ် အချိန်တိုင်းမှာ ရပ်တည်ခဲ့သူတစ်ယောက် ပါ.. ဖေတို့မေတို့နဲ့ အမြဲမနေခဲ့ရတဲ့ ကိုးဘ၀မှာ ချစ်သူနဲ့ ခွဲခဲ့ရတဲ့အချိန် အနားမှာ ကျောက်တိုင်တစ်တိုင်လို အခိုင်မာဆုံးရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပေါ့... ဒုတိယနှစ်တုန်းက စာမေးပွဲကောင်းကောင်း မဖြေနိုင်လို့ သည်းသည်းထန်ထန်ငိုကြွေးခဲ့ဖူးတဲ့ ကိုးကို အနီးကပ်ဆုံး အင်အားတွေမွေးပေးခဲ့တာလည်း သူပဲပေါ့.. နောက်ဆုံးနှစ်မှာ ဂုဏ်ထူးတန်းဆက်တက်ဖို့ ဘယ်လောက်ပြောပြော အရမ်းခေါင်းမာခဲ့တဲ့ ကိုးက သူနဲ့တူတူ ကျောင်းဆက်မတက်လို့ စိတ်ကောက်နေခဲ့ဖူးတယ်လေ.. ဘယ်လိုပဲဖြစ်ဖြစ်ပါ... အချိန်တိုင်းမှာ အနီးကပ်ဆုံး သူငယ်ချင်းတစ်ယောက်အဖြစ် ရပ်တည်ပေးခဲ့တဲ့ နငယ်ဟာလည်း ကိုးဘ၀မှာ မရှိမဖြစ်ပါပဲ.. အင်း နငယ်လည်း နောက်နှစ်ဆိုရင် ကိုးကိုချန်ခဲ့တော့မှာပါပဲ.. ရေခြားမြေခြားကို ထွက်ခွါဖို့ကြိုးစားနေခဲ့တဲ့ နငယ်ဟာ ယောက်ျားတစ်ယောက်ဖြစ်တဲ့ ကိုးထက်တော့ အများကြီးသတ္တိရှိခဲ့တာကိုတော့ ၀န်ခံမိပါရဲ့..


ကိုးဘ၀မှာ အရေးပါဆုံးအက္ခရာတွေဟာ ကိုးက ချန်ရစ်ခဲ့ရတာလည်းရှိသလို ကိုးကိုချန်ထားရစ်ခဲ့တာတွေလည်း ရှိပါတယ်... ဘယ်တော့မှာ ချစ်ခြင်းမှာ ကံမကောင်းတတ်ခဲ့တဲ့ ကိုးဟာ ဖေနဲ့မေကိုလည်း ချန်ထားရစ်ခဲ့ရသလို ညီမလေးနဲ့လည်း တူတူမနေရပါဘူး... အချစ်ဆုံးသူနဲ့ ကွေကွင်းခဲ့ရသလို အခိုင်မာဆုံးသူငယ်ချင်းကလည်း နှုတ် ဆက်ထွက်ခွာဖို့ ကြံစည်နေပြန်သတဲ့လေ... ဒါပေမယ့် ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် ကိုးရင်ထဲက အက္ခရာတွေကတော့ ဘယ်တော့မှမပျောက်ပျက်နိုင်စွာ ရေးထွင်းထားခဲ့တဲ့ အက္ခရာတွေပဲလေ.. ဘယ်လိုသတ်ပုံမျိုးကမှ အဓိပ္ပါယ်ပြောင်းလဲမပစ်နိုင်တာကတော့ အသေချာဆုံးပေါ့.....


စာရေးသူ....ကိုကိုးအိမ်(မန္တလေး) (7.11.2010)


ရင်ခွင်ပျောက်သောကောင်လေး

|

ဘ၀မှာဆက်လက်ရပ်တည်ဖို့ အားအင်တွေယုတ်လျော့နေခဲ့ပါလား.. ဒီအချိန်မှာ ငါ့အတွက်ဘာတွေလိုအပ်နေခဲ့ပါလိမ့်..

တစ်စုံတစ်ရာကို ဘာမှန်းမသိပဲ တောင့်တနေခဲ့မိတယ်.. ငါ့အတွက် ကျယ်ပြန့်တဲ့ ပခုံးတစ်စုံလောက်တော့ လိုအပ်လိမ့်မယ်... ငါငိုဖို့ပေါ့...

ငါဟာ ရင်ခွင်ပျောက်သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်နေခဲ့ပါလား.. လေနှင်ရာလွင့်နေတဲ့ ဘ၀တစ်ခုကို ဆက်လက်ရပ်တည်ဖို့ ထောက်ကန်ထားရတာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု ငါ့ပခုံးပေါ်ပိနေသလိုပဲ...

ငါ.. ငိုနေတယ် ငါ့ဘေးမှာဘယ်သူရှိသေးလည်း.. ဟာ.. တစ်ယောက်မှမရှိပါလား ဒါဆို ငါတစ်ယောက်တည်းပေါ့.. ငါ့အတွက် ပခုံးလည်းမရှိ.. ရင်ခွင်တစ်စုံလည်းမရှိ... အား... ဘာမှကိုမရှိပါလား

ခံစားရခက်လိုက်တာနော်.. ဒါဆို ရင်ခွင်ပျောက်သူပေါ့..... ဒါပေမယ့် ဘယ်လောက်ပဲ ခံစားနေရပါစေ ငါ့မျက်ရည်တွေကိုတော့ ငါချစ်တဲ့သူကလွဲလို့ ဘယ်သူမှမမြင်စေရဘူး..

ငါဟာ အထီးကျန်သော ရင်ခွင်ပျောက်သော အားကိုးရာမဲ့သော ခံစားလွယ်တတ်သော ခပ်ညံ့ညံ့ကောင်တစ်ကောင် ဖြစ်မှန်းမသိဖြစ်နေခဲ့ပါလား...


စာရေးသူ...ကိုကိုးအိမ်(မန္တလေး)

ဘယ်လိုမှမခံစားနိုင်တော့တဲ့အချိန်မှာ တိတ်ဆိတ်တဲ့ညသန်းခေါင်ယံမှာ အိပ်ပျက်ညတွေများစွာထဲက တစ်ညမှာ မျက်ရည်များနဲ့ရေးခဲ့တဲ့ ကဗျာလေးပါ.. မိုးလင်းသွားခဲ့ပေမယ့် မျက်ရည်မိုးမလင်းနိုင်သေးတဲ့ ခံစားချက်တွေ တနင့်တပိုးနဲ့ပေါ့... ထိုအချိန်မှာတော့ တစ်စုံတစ်ယောက်ကို အပြင်းအထန် သတိရနေခဲ့ပါသည်။

မှော်ဝင်ချစ်သူ

|

ညတစ်ခုရဲကအလှ
“မ” အပြုံးနဲ့မှ ပြည့်စုံမှာလား
လွမ်းမောမှူ့အပြည့်နဲ့ ချစ်ခဲ့တဲ့ငါ...
မှားပြီ.........

ခံစားနေရတဲ့ ရင်ခွင်ဗလာ
မဆုံနိုင်တော့မှ ပြန်အောက်မေ့ချင်
အနှစ်မရှိတဲ့ အကာတစ်ဝက်
အချစ်မရှိတဲ့ ကမ္ဘာပျက်သုဉ်း
အမုန်းနံရံတွေ ခြားနားခဲ့ပြီ...

ချစ်မဆုံးတဲ့ အမုန်းဧကရီ
ပုန်ကုန်ခြားနားမယ့် အချစ်နယ်စားလေး..
ခံတပ်တွေ လုံခြုံခဲ့တော့..
ငါ....

ရင်ခွင်တစ်ခုလုံးတုန်ခါခဲ့တယ်
လေညှင်းလေးက ကူညီပေးနေတယ်
လမင်းကြီးကတော့ ပြုံးလျှက်
ကြယ်လေးတွေက ဟားလျှက်
သရော်သလို မှော်ဆန်ဆန်နဲ့
ကန်ချင်စရာ မုန်းချင်စရာ
မြင်ကာမှ ပိုလို့ဆိုး
ဝေဒနာကို ဝေဒနာလို့ကြည့်မိမှ
ငါဟာ လူတစ်ယောက်ကို လေးစားလာခဲ့မိတယ်..


ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

မျက်ရည်များနဲ့ကောင်းကင်

|

ရိုးစင်းမှူ့ရဲ့ နောက်ကွယ်မှာ အမှောင်အတိ
မမြင်နိုင်တဲ့ ကောက်ကျစ်လုပ်ကြံမှူ့တွေ
အပြည့်ဖုံးအုပ်ထား...

မသိသောသူ မရှိသောသူ လူတိုင်းတော့ခံစားတတ်ကြတယ်...
တိမ်တွေငိုနေတယ်
ကောင်းကင်ကြီးက စိတ်မကောင်းစွာပဲ
ချော့သိပ်ပေးနေတယ်...

ကြယ်လေးတွေ ခရေပွင့်ကောက်နေတယ် ကောင်းကင်ကြီးက စိတ်မကောင်းစွာနဲ့ပဲ ပိတ်ကားစ အမဲကြီးကို ချပေးလျှက် မျှော်လင့်ချက်တွေ ပျောက်ဆုံးလျှက် ခါးသီးမှူ့တွေကို ရင်ဝယ်ပိုက်လျှက် ဒဏ်ရာဒဏ်ချက်တွေရဲ့ ထိုးနှက်မှူ့ကြောင့် ပျော်ရွှင်နေတဲ့(ငါ) အလွမ်းတွေကိုသာ မျိုချနေမိတယ်..

ပျော်ရွှင်မှူ့ဆိုတဲ့ ရမ္မက်ကို ရင်မှာပိုက်
လောဘက ကျောမနောက်ရောက်နေတဲ့အချိန်
ချယ်ရီပန်းတို့ရဲ့ ရိုးစင်းစင်းနိုင်လှမှူ့က
ငါ့ကို နာကျင်တဲ့ အမှတ်တရတစ်ခု
လက်ဆောင်ပေးခဲ့တယ်...

လင်းလက်တဲ့ကြယ်ပွင့်လေးတွေက ငါ့ကို တောက်ပစေတဲ့ နာကြည်းမှူ့တွေကို တစ်ထွေးကြီး ပြန်အမ်းခဲ့တယ်...

မလိုချင်ပေမယ့် အကုန်လုံးကို
လက်လွှတ်ခဲ့ရတယ်...
စိတ်ထဲကမပါပေမယ့်..
အရာအားလုံးကို ပြုံးကြည့်နေခဲ့မိတယ်...

ဘ၀ရဲ့အရောင်ခြယ်မှူ့ကို မခံရခင်မှာပဲ ငါဟာ အဖြူထည်တစ်ထည်လို ညစ်ညမ်းနေခဲ့တယ်.. ငါတို့ ပတ်ဝန်းကျင်ကြီးလိုပေါ့...
လမ်းကွေ့တစ်ကွေ့၊လူတွေပြွတ်သိပ်
မွတ်သိပ်ဆာလောင်မှူ့တွေနဲ့
ဓာတ်တိုင်ကတောင် အားမရှိလို့
ပျော့ခွေနေလေရဲ့....

နွမ်းပါးတဲ့ ညတစ်ညမှာ အက်ဆစ်ရည်တစ်ခွက်ကို ငါ.. မော့ချလိုက်မိတယ်...
အော်.. လူ့ဘဝ
မူးဝေနေလိုက်တဲ့အကောင်
ခေါင်ရည် ပြင်းပြင်းတစ်ခွက်ကို
မော့ချလိုက်ရသလိုပဲ...
အဟက်ဟက်.. ရယ်ချင်တယ်ကွာ

ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

ဂျစ်ပစီမိုးဖွဲ

|

နေဆယ်စင်းပူပြင်းလောင်မြှိုက်သလို
ငါ့ရင်မှာ ပူပြင်းခြောက်သွေ့လို့
ကန္တာရမှာ လမ်းလျှောက်ရသလို
မောဟိုက်စွာ ခေါင်းကိုက်စွာနဲ့
နွေပူမှာ လေပူတိုက်
အပူပြင်းဆုံး ရင်ခွင်တစ်စုံနဲ့
လျှောက်လှမ်းနေသူ...

ငါ့ကိုသနားသူမရှိ
ဖေးမသူမရှိ(ငါ့ကို)
တွေ့လေသူ မျက်မှောင်ကြုတ်
အကြံတွေထုတ်ပြီး နှိပ်ကွပ်နေလိုက်တာ
ရထားဘီးပေါက်သလို
တဂျောက်ဂျောက်နဲ့ နားကြားပြင်းကပ်စရာ..(ဟဟ)
အဓိပါယ်မဲ့လိုက်တာနော်..

မက်စရာဘာမှမရှိ
ဆွဲစရာ အမြီးမပါ
ခိုစရာအရိပ်မဲ့လို့
ခါးသီးလှတဲ့ ပျားရည်စက်တို့ကို
မျိုချပြီး ပြောနေခဲ့တာ (ချဉ်တယ်လို့)

နှလုံးသားအခန်းလေးခန်းမှာ
ဆေးပန်းချီတွေအပြည့် ငါရေးချယ်ထားတာ
ငါ့အမြင် လှပနေသလို
စပ်ဆုပ်စရာလည်းကောင်းနေတယ်..
အမည်မဖော်ပြနိုင်တဲ့ ဝေဒနာတစ်ခုရဲ့
အရင်းအမြစ်က စလိုက်နေတဲ့ငါ
ရူးတာလား.. မူးတာလား
အကုန်လုံး ငါတွေးမိတယ်..

ကြမ်းပြင်ထက်မှာ အက်ကွဲနေတဲ့
ငါ့အသည်းတွေ
နင်းချေမိတဲ့ သူတွေက sorry ပါတဲ့
လွယ်လိုက်ကြတာ..
မိုးစက်တွေထဲမှာ ငါ့အသည်းတွေ
ငါ့အသွေးအသားတွေ
ရောနှောပါဝင်သွားပြီ..

မျက်ရည်နဲ့ရောခဲ့တဲ့ ငါ့ကြေကွဲမှူ့
လူမသိသူမသိနဲ့ ကမ္ဘာ့အပြင်ဘက်ကို
တိတ်တဆိတ် ထွက်ခွာခဲ့လို့
ငါဟာ ဗီလိန်ဖြစ်ခဲ့ပြီ..

ငါပြောနေတယ် မင်းတို့တွေမသိဘူး
ငါအောင်နေတယ် ခင်ဗျားတို့တွေ မကြားဘူး..
ကျွန်တော်သိချင်တဲ့အဖြေဟာ
တစ်ခုတည်းပါပဲ..
ဒါပေမယ့် ငါ့ကိုပဲ အပြစ်ဖို့ကြတယ်..
ငါလက္ခံနိုင်ပါတယ်...

ချောင်းရေလေးကလည်း တသွင်သွင်စီးဆင်းဆဲ
မိုးတို့ကလည်း တဖွဲဖွဲနဲ့ မစဲနိုင်သေး
ငါ့ရဲ့ ခံစားချက် ရင်ဖွင့်ခွင့်ကို
ကြည်ကြည်ဖြူဖြူ လက္ခွံပေးတယ်..
မှောင်မည်းလှတဲ့ မာကျူရီမီးတိုင်အောက်မှာ
ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ခုန်သံကာရံဟာ
အဆင်းမလှရှာပဲ ကခုန်နေခဲ့ရတယ်လေ...


ခံစားရေးသားသူ... ကိုကိုးအိမ်(မန္တလေး)

ခေါင်းစဉ်မရှိသောခံစားချက်တစ်ခု

|

လေပြေညှင်းက ခပ်တိုးတိုးလေးနဲ့ ငါ့ရဲ့စုပ်ဖွာနေတဲ့ ဆံပင်လေးကို လှုပ်ရွရွလေးဖြစ်အောင် ဖမ်းစားနေခဲ့တယ်။ မျှော်နေသူတော်ကြာများ ပြန်လာလေမလားလို့ ထိုင်လို့စောင့်နေရင်း နေမင်းကြီးတောင် အိပ်တန်းဝင်သွားခဲ့ ပြီ။ လမင်းလေးကတော့ သူ့တာဝန်အတိုင်း လင်းလင်းထိန်ထိန် ၀င်းလက်တောက်ပလို့ပေါ့။ လမင်းကြီး ပျင်းနေမှာ စိုးလို့တဲ့ ကြယ်လေးတွေက ၀ိုင်းလို့ အဖော်ပြုနေကြလေရဲ့။ အော်.. ကမ္ဘာလောကကြီးမှာ ငါတစ်ယောက်တည်း အထီးကျန် အဖော်မဲ့နေပါလားလို့ မတွေးဝံ့တွေးဝံ့နဲ့ ငါနည်းနည်းလေးတွေးမိတယ်။ တကယ်တော့ ငါပြုခဲ့လို့ ငါပြန်ခံရတာပဲလို့ ငါယူဆရင်း ဖြေသိမ့်ခဲ့မိတယ်.. လွဲမှားစွာတွေးခဲ့မိလို့ ငါမဟုတ်တဲ့ ငါ့ကို ငါပြန်အပြစ်တင် နေခဲ့တယ်။ အရာရာဟာ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲလေ... ငါ့ရဲ့မူမမှန်တဲ့ စိတ်ကြီးကိုလည်း ငါစိတ်ကုန်ချင် သယောင်ဖြစ်နေမိတယ်... အိပ်တန်းဝင်နေတဲ့ ငှက်ကိုယ်စီလည်း အတောင်ပံတွေခတ်လို့ တေးသံ ခပ်တိုးတိုးလေး ညည်းဆိုနေကြတယ်... သာယာလိုက်တာ.. ငါသာအဖြူထည် သက်သက်ဆိုရင် ညစ်ညမ်းမှူ့ဆိုတဲ့ မိစ္ဆာကောင်ကြီးကို မုန်းတီးမိမှာအမှန်ပဲ.. အခုတော့ ငါကိုယ်တိုင် မိစ္ဆာတစ် ကောင်ဖြစ်နေခဲ့ပြီ... အဲလိုဆိုရင် ငါ့ကိုလည်း မုန်းတီးနေသူ နည်းမှာမှမဟုတ်တာ.. အရာရာကို အသစ်ကပြန်စ လို့ရရင် သိပ်ကောင်းမှာပဲလို့ တစ်ကိုယ်တည်းတောင့်တ နေခဲ့မိတယ်.. လောဘလား.. မောဟလား.. ငါမခွဲတတ် ငါ့အပြစ်ကိုငါ စင်ကြယ်အောင် ပြုပြင်ချင်နေတယ်...


စာရေးသူ... ကိုကိုးအိမ်(မန္တလေး)

အထီးကျန်

|

လေတအေးအေးနဲ့
တောင်ပေါ်မြေကို လက်ပြနှုတ်ဆက်လို့
မန္တလာမြေကို ခြေချမိချိန်
စာသင်ခန်းထဲကိုဝင် စာသင်မယ်ဆိုတဲ့အကြံနဲ့
အထာမသိဟန်မရှိနဲ့
မှုန်မှုန်သုန်သုန်ဝင်လာမိတဲ့
တောင်ပေါ်သားလေး ကျွန်တော့်ခြေလှမ်း.....

အပြစ်မဲ့သူ ရိုးရှင်းလှတဲ့
နတ်သမီးလေးတစ်ပါး
ကျွန်တော့်မျက်ဝန်းတစ်စုံကို
ဖမ်းစားသလိုနဲ့ ကျွန်တော့်အတွေးတွေ
လမ်းမှားကုန်ပြီကော...

ကြောက်လန့်ခဲ့မိတယ်
သူလေး.. အော်တဲ့အချိန်
အတိုင်းအဆမသိ ကြေကွဲခဲ့မိတယ်
ညည အိပ်မရလို့ အတွေးနယ်ချဲ့ရင်း
စိတ်တွင်းအစုံကို သိမ်းပိုက်ခဲ့တယ်....

ပျော်ခဲ့မိတယ်..
သူလေး.. စကားစပြောချိန်
အတိုင်းအဆမသိ ၀မ်းသာခဲ့တယ်
ညည အိပ်မရလို့ အတွေးနယ်ချဲ့ရင်း
စိတ်တွင်းအစုံကို လွတ်လပ်ခွင့်ပေးခဲ့တယ်....

ချစ်ခဲ့မိတယ်
သူလေး.. နှုတ်ဆက်ချိန်
အတိုင်းအဆမသိကြည်နူးခဲ့တယ်..
ညည အိပ်မရလို့ အတွေးနယ်ချဲ့ရင်း
စိတ်တွင်းအစုံကို ချစ်စိတ်တွေနဲ့ပဲ
ပြည့်နှက်စေဖို့ ဥပဒေထုတ်ပြန်ခဲ့မိတယ်..

သို့ပေမယ့်
အလာကောင်း အခါနှောင်းလို့
ကြေကွဲဖို့အားမရှိ ဝေမျှခံစားဖို့
ဖေးမတဲ့သူမရှိ
မရှိခြင်းများစွာနဲ့ ကျွန်တော်
အရာရာကို ပေးဆပ်ဖို့ပြင်ဆင်ရင်း
ချစ်တဲ့စိတ်ကို မျိုသိပ်
လွမ်းတဲ့စိတ်ကို မဖွင့်ဟ
ကြင်နာရိပ်ကို မပြရဲ
ဝေးသွားမှပဲ ကြေကွဲနေတဲ့ ကျွန်တော်
အခုတော့လေ
အထီးကျန်ခဲ့ရပြီကော.....


ခံစားရေးသားသူ.... ကိုကိုးအိမ်(မန္တလေး)

သတင်းတစ်ပုဒ်

|

အောက်တိုဘာလ ၂၀ ရက်နေ့  ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၏ ရေလွှတ် ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်း ထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့ မည် အခြေအနေ ရှိသည် ဟု မန္တလေး မြို့ ဆည် မြောင်းဝန် ကြီးဌာန မှ အင်ဂျင်နီယာ တစ်ဦး က Freedom News Group သို့ ည ၁၀ နာရီ တွင် အတည်ပြုပြောကြားပါသည်။

အောက်တိုဘာလ ၂၁ ရက် မနက် ၁၁ နာရီ ၃၀ မိနစ် နောက်ဆုံး ရရှိသည့် သတင်းများ အရ ဆည်
၏ ရေလွှတ် ပြွန် အချို့ ကို စတင် ချိုးဖောက်ရတော့ မည် ဟု သိရသည်။ ဆည်တွင်း သို့ ရေစီးဝင်မှု
မှာ ယနေ့ ပိုမို အားကောင်းလာပါက ရေလွှတ် တံခါးများ စတင်ဖွင့်မည် ဟု သိရသည်။

ရဲရွာ ဆည်က တဖြည်ဖြည်း အိလိုက်လာပြီ ၊ ၄၈ နာရီ လောက်ထိ ခံဖို့ ဆိုတာ နောက်ဝင်လာတဲ့
ရေပေါ်မှာ မူတည် တယ်။ Spill Way တွေ ၊Fill Bucket တွေ Bottom Outlet Chamber တွေ ကို
အကုန် လုံးတိုက်ပြီး ပွင့်သွား နိုင်တယ်။ အရေးကြီး ဆုံး အခြေအနေ မို့ 
မေးနဲ့ လှမ်းပို့ လိုက်တာပါ။

ဆည်မြောင်း ဌာန မှ FNG သို့ ပေးပို့ သည့် အီးမေး သတင်းပေးပို့ ချက် အချို့

မျှဝေသူ... ကိုကိုးအိမ်(မန္တလေး)

မိုးနဲ့ပြောသောစကားများ

|




အားလပ်သော တစ်ရက်မှာ အပြာရောင်မှိုင်းမှိုင်း ကောင်းကင်ကြီးကို မော့ကြည့် နေခဲ့ပါသည်။ ထိုကောင်းကင်ကြီး ဆီကများ တစ်စုံတစ်ရာ ကျလာမလား ဆိုတဲ့မျှော်လင့်ချက် နဲ့ပေါ့။ ကျွန်တော် ကြည့်နေစဉ်မှာပင် ကောင်းကင် ဆီမှ မိုးရေ စက်တွေကျဆင်းလာခဲ့ပါသည်။ ကျွန်တော် တစ်ယောက်တည်း မိုးရေစက်များ ကျဆင်းလာတာကို တရှိုက်မက်မက် ငေးကြည့်ရင်း စိတ်အစဉ်တို့ကလည်း မိုးရေစက်များနဲ့ တစ်သားတည်းကျသွားခဲ့ ပါတော့သည်။ မိုးရေစက်ကလေးများ ကျနေစဉ်မှာပင် တစ်ချက်တစ်ချက် လေအဝှေ့မှာ မိုးရေစက်လေးများ လွင့်ပါးသွားရတာနှင့် အတူ စိတ်အစဉ်ကလည်း လွင့်ပါးသွားတတ်ပါသည်။ မိုးရေတွေ၊ မိုးစက်တွေနဲ့ တစ်သားတည်းကျသွားသလို မိုးကိုပြောချင်သော စကားတို့ကိုလည်း ပြောဖြစ်ခဲပါတော့သည်။


ဘယ်လောက်ပဲအသက်တွေ ကြီးလာခဲ့ ကြီးလာခဲ့
ကျန်တဲ့အရာတွေအပေါ်မှာသာ အကြိုက်တွေပြောင်းသွားချင်
ပြောင်းသွားမိလိမ့်မယ်..
မိုးကိုချစ်တဲ့ ကိုယ့်ရဲ့ နှလုံးသားကတော့ ဘယ်တော့မှ မဟောင်းဘဲ
မိုးနဲ့အတူ တစ်သားတည်း ပျော်ဝင်နေဆဲပါ...
မိုးတွေရွာရင်ပျော်ဆဲပါ..
မိုးတွေညိုရင် ရင်ခုန်ဆဲပါ..
မိုးတွေငိုမှာကို မျှော်လင့် ဆဲပါ...
မိုးမရှိရင် မနေတတ်ပါ...
မိုးမရွာရင် မျှော်နေတတ်ဆဲပါ...
ဘယ်သူတွေဘာပဲပြောပြော
မိုးနဲ့ကိုယ်နဲ့က မောင်နှမဆိုလည်းဟုတ်၊
ညီကိုဆိုလည်းဟုတ်၊
ဖွားဖက်တော်ဆိုလည်း ဟုတ်ခဲ့ပါတယ်။
ချစ်သူကိုသာ မေ့ချင်မေ့သွားနိုင်လိမ့်မည်
မိုးစက်တွေ မျက်နှာပေါ်ကျလာချိန်မှာ
ခံစားရသည့်ခံစားမှူ့ကို တော့ မမေ့နိုင်စွာ
တစ်သက်တာ သိမ်းဆည်းထားခဲ့ပါသည်။
မိုးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးအကန့်
တစ်နေရာမှာ သိမ်းဆည်းထားဆဲပါ...
မှတ်ဥာဏ်တွေဆုံးရှုံးကုန်ဦးတော့.
ဘယ်တော့မှ မဆုံးရှုံးမဲ့ ခံစားမှူ့ကတော့
ကိုယ့်ရဲ့ နှလုံးသားအနက်ရှိုင်းဆုံးအကန့် တစ်နေရာက မိုးပါ..

မိုးရေ မင်းကိုငါချစ်တယ်.. မမေ့နိုင်ဘူး ..
မေ့ဖို့လည်း မကြိုးစားမိဘူး..
မေ့သွားမှာကိုလည်း လက်မခံနိုင်ဘူး...
မေ့သွားမယ်လို့လည်း မထင်ခဲ့ပါဘူး..
မိုးရယ် မင်းလောက်ငါ့အပေါ်မှာ ရင်းနှီးသူဘယ်သူရှိခဲ့မလဲ..
မိုးရေတွေဘယ်လောက် အေးစက်နေခဲ့ပါစေ
ငါ့အတွက် နွေးထွေးမှူ့တွေ ပေးစွမ်းခဲ့တဲ့ မိုးရယ်..
တစ်သက်တာအတွက် မင်းဟာ ငါ့ရဲ့
အရင်းနှီးဆုံး သက်မဲ့ မိတ်ဆွေတစ်ယောက်ပါ...
မင်းရဲ့မိုးရေစက်တွေအောက်မှာပဲ ငါ့နှလုံးသားတွေ နူးညံ့ခဲ့ဖူးတယ်..
မင်းရဲ့ မိုးရေစက်တွေအောက်မှာပဲ ငါ့ရဲ့ နှလုံးသားတွေ ကြေမွခဲ့ဖူးတယ်..
မင်းရဲ့မိုးရေစက်တွေအောက်မှာပဲ ငါပျော်ရွင်ခဲ့ဖူးတယ်..
မင်းရဲ့မိုးရေစက်တွေ အောက်မှာပဲ ငါပေါက်ကွဲခဲ့.. ငိုကြွေးခဲ့ဖူးတယ်လေ..
ဒီလောက်ရင်းနှီးခဲ့တဲ့ မိုးဟာ ကိုယ့်ရဲ့ မူပိုင်ရာသီဥတုဆိုတာ
ဘယ်မှာ သွားငြင်းနိုင်တော့မှာလည်းကွယ်...
ဒါဆိုမင်းဟာ ကိုယ့်ရဲ့ ပျော်ဝင်ဆုံး မိုးပေါ့...
မိုးဟာ လူတိုင်းအတွက် မဟုတ်ဘဲ ကိုယ့်အတွက်
သီးသန့် မိုးသာဆို ဘယ်လောက်ကောင်းလိုက်မလဲကွယ်..
ဘာတွေဘယ်လိုပဲ ဖြစ်ပါစေ..
မိုးဟာ ကိုယ့်အတွက်တော့ အခုချိန်ထိ
ပျော်ဝင်ဆဲမူပိုင်မိုး ပါကွယ်.....


စာရေးသူ....ကိုကိုးအိမ်(မန္တလေး)



စား..စား.. စားကြမယ်ဟေ့ကောင်းကောင်း

|

ကိုးတစ်ယောက် ဘလော့ဂါဘော်ဒါကြီးတွေကို တစ်ခါမှ ဟင်းချက်မကျွေးဖူးသေးပါဘူး။ ဒီတစ်ခါတော့ စိတ်ကူးပေါက်တာနဲ့ ရုံးခန်းမှာချက်စားဖြစ်တဲ့ ဟင်းလေးတွေကို သတိတရ တင်ပေးလိုက်ဖြစ်ပါတယ်။ ဒီနေ့က ရုံးအားတဲ့ရက်ဆိုတော့ ပျင်းပျင်းရှိတာနဲ့ ရေခဲသေတ္တာထဲ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဟင်းတွေဖြစ်အောင်စီမံလိုက် ပါတယ်။ ဟင်းတွေက ကောင်းမကောင်းတော့ မသိဘူး။ ချက်ပြီးကာစ ဟင်းတွေကိုကြည့်ပြီး သွားရည်တွေကျလာ ပါတယ်။ အဟဲ.. ဒါပေမယ့် သိတဲ့အတိုင်း တစ်ယောက်တည်းစားရမှာပျင်းတော့ ငှားထားတဲ့ ကင်မရာလေးနဲ့ ဓာတ်ပုံလေးတွေရိုက် ထားလိုက် ပြီးအခုလို အားလုံးလည်းစားရအောင် ပြန်တင်ပေးလိုက်တာပါ။ ဟင်းတွေကတော့ စုံလို့နော်... ကိုးကိုယ်တိုင် အားပါးတရ ချက်ပြုတ်ထားတာ ဖြစ်တဲ့အတွက် အားလုံးလည်း အားပါးတရ အားပေးလိုက်ကြရအောင်နော်။
ကိုးတို့ရုံးခန်းမှာက ရုံးဖွင့်၇က်ဆို အရမ်းအလုပ်ရှုပ်ပါတယ်။ အဲတော့ စနေ၊တနင်္ဂနွေမှာတောင် တစ်ခါတစ်လေ မနားရပါဘူး။ လာမယ့်အပတ်လုပ်ရမယ့်အလုပ်တွေကို ရုံးပိတ်ရက်တွေမှာ ကြိုလုပ်ထားရပါတယ်.. အဲတော့ ဟင်းကောင်းကောင်းလည်း မစားဖြစ်.. ဖြစ်သလိုနဲ့ ပြီးပြီးသွားတာများပါတယ်။ အဲတော့ ဟင်းကောင်းကောင်း လေးတွေဆို အရမ်းတောင့်တပါတယ်။ အညာဟင်းလေးတွေကို အရမ်းမက်မောပါတယ်။ ဆရာမရွှေစင်ဦး တင်တင်ထားတဲ့ အညာစာဟင်းလေးတွေကိုဆို အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် အညာစာဟင်း ကျတော့လည်း ကိုးက မချက်တတ်တော့ ချက်တတ်တာလေးတွေကိုပဲ ချက်စားဖြစ်တော့ ဒါလေးတွေကိုပဲ မချက်တတ်ချက်တတ် နဲ့ ချက်ပြီး လှအောင်ပြင်ထားတာပါ.. နောက်ပြီး ကိုးက ဟင်းတွေထမင်းတွေဆို လှနေမှ စားချင်တာ..ဟဟ (မိန်းမယူရင်တော့ ဘယ်လိုမိန်းမရမယ်မသိ).. ဒါပေမယ့် ဒီဟင်းလေးတွေကိုတော့ စားနိုင်သလောက်စားသွား နော်... ကြုံရင်တော့ ဘော်ဒါတွေကို ထမင်းဖိတ်ကျွေးဦးမယ်....
ထမင်းကိုလည်း အရသာရှိအောင် ကြော်ထားတယ် ..
ကြက်ပေါင်းခေါက်ဆွဲဟင်းချိုလည်းပါတယ်...
ကြက်သားခေါက်ဆွဲစွပ်ပြုတ်လည်းပါတယ်...
ကြက်သားသီးစုံသုပ်လည်းပါတယ်..
အချိုတည်းစရာက နာနတ်သီးပါတယ်... သံပုရာရည်ပါတယ်နော်....
အားရပါးရစားလိုက်ပါဦး.... ရုံးပိတ်ရက်မို့ချက်ကျွေးတာနော်.............

ဆန်ဆေးစဉ်
ချက်တုန်းပြုတ်တုန်း
ထမင်းကျက်သောအခါ
ဆီမွှေးမွှေးလေးနဲ့ကြော်စားမယ်
စားလို့ရခါနီးမှာတော့ ဒီလိုလေးအိသွားပြီပေါ့
ဒါလေးကတော့ ကြက်သားခေါက်ဆွဲစွပ်ပြုတ်
ဒါလေးကတော့ ခုနက ကြက်သားပြုတ်တုန်းကပိုတာလေးတွေကို
သီးစုံနဲ့သုပ်ထားတဲ့ ကြက်သားသီးစုံသုပ်
ဒါကတော့ခုနက ကြက်သားပြုတ်တုန်းက ကြက်ပေါင်းရည်နဲ့ခေါက်ဆွဲဟင်းချို
ဒါကတော့ သံပုရာသီးညှစ်ပြီးစားဖို့ ခရမ်းချဉ်သီးနဲ့ ဆလတ်
စားပြီးဘာနဲ့ အချိုတည်းမလည်းစဉ်းစားတော့ ရာသီမပေါ်နာနတ်သီးတွေ့တာနဲ့
နာနတ်သီးနဲ့ သကြားနဲ့စိမ်ထားတဲ့ နာနတ်သီးသကြားစိမ်

ဒါက သံပုရာရည်သောက်ဖို့ အားရပါးရညှစ်နေချိန်
နောက်ဆုံးတော့ ဒါလေးပဲသောက်လိုက်တာပေါ့။ ဘယ်လိုလည်း စားလို့ကောင်းကြလား.. စားလို့ကောင်းတယ်ဆိုရင်တော့ လည်လည်ပဲလာပြီး စားသောက် မသွားနဲနော်.. ကွန်မန့်လေးလည်း ပေးသွားဦး... စားသောက်ထားတယ်.. ကွန်မန့်ငတ်နေတယ်... အဟဲ.. ကောင်းရင်လည်းကောင်းကြောင်းလေး.. မကောင်းရင်လည်း မကောင်းကြောင်းလေးပေါ့....


စာရေးသူ.... ကိုကိုးအိမ်(မန္တလေး)

စားကြခြင်း၊ ၀ါးကြခြင်း

|

ဒီပုံလေးတွေကတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရွှေမန်းမြေမှာ မိုးတွေစရွာကာစပေါ့။ နန်းနဲ့ နတ်နတ်ကို ဆိုက်ဘာမှာ သွားဆွဲခေါ်လာပြီး အပြန်မှာ ၀င်စားဖြစ်ခဲ့ကြပါတယ်။ ရှေ့က ဟော့ပေါ့အိုးကြီး ကုန်တဲ့ အထိကို စပါယ်ရှယ် ၀ါးတီးဆွဲခဲ့ကြတာပါ။ မိုးတွေက တရဟောရွာ၊ လေတွေက တရစပ်တိုက်တဲ့ ကြားထဲမှာ တဘက်ဝိုင်း ဂဲသားရင်းမမတွေရဲ့ ရယ်မောသံတွေနဲ့အတူ ကိုးတို့သုံးယောက်ရဲ့ ၀ါးတီးဖွင့်တဲ့ မြင်ကွင်းကလည်း ဘေးလူအမြင်မှာ အားရစရာပါပဲ။ အဲဒီနေ့က ညဆယ်နာရီထိုး မှ အားလုံး ပြန်ခဲ့ကြပါတယ်။ လမသာပေမယ့် မိုးတွေရွာနေတဲ့ ကြားထဲမှာ ပျော်ရွှင်စွာ အော်ဟစ်သီချင်းဆိုရင် ပြန်ခဲ့ကြတာပါ...။ ဖတ်ရင်းသွားရည်ကျရင်တော့ တာဝန်မယူဘူးနော်.. အခုပုံတွေက မနန်းလေပြေနု ဖုန်းကင်မရာနဲ့ရိုက်လာခဲ့ကြတာပါ။ ၀ါးတားတားလေးမို့ တော်သေးတာပေါ့.. တော်ကြာ ကိုးတို့ရဲ့ အလန်းပုံရိပ်တွေကိုမြင်ပြီး ငုတ်တုတ်မေ့သွားမှာစိုးရတယ်... ဒီပုံတွေကိုတော့ နန်းလေပြေနုရဲ့ ဒီလင့်ခ် ကနေယူထားတာပါ။


နန်းလေပြေနု၊ အလယ်က နတ်ဆိုးလေး၊ ကိုကိုးအိမ်
အားပါးတရအားပေးနေတဲ့ နတ်ဆိုးလေး

ဇွန်းနဲ့ကော်ပါတယ်၊ တူနဲ့ညှပ်ပါတယ်ခင်ဗျာ။
ဒီထဲမှာတော့ နတ်ဆိုးလေးပဲပေးထားတယ် ခွိခွိ
ဒါကတော့ ပင်ကိုယ်လန်း ကိုကိုးအိမ် ဟီးဟီး

သဘောတွေကျနေကြတယ်လေ... သွားကိုဖြီးလို့


အားလုံးလည်းပျော်ရွှင်ကြပါစေ...

မျှဝေသူ...ကိုကိုးအိမ်(မန္တလေး)

ဘာတွေမှန်းမသိ!!!!!

|

{နှမ်းတစ်ဆုပ်ကိုင်လို့
ပတ်တုပ်မရအောင်ရယ်...}

{နွားတွေလာဝှေ့လို့
လေနီကြမ်းမှာမျော.....}

{ဝေါကနဲ ဝေါကနဲ.. ရွာလိုက်တဲ့
မိုးရေတွေအောက်မှာ..
အိုး.... လူတွေ လူတွေ မြင်မကောင်းပါလား..}

{ပျော်ပါစေရယ် အားခဲလို့ပေးလိုက်မဟဲ့..
အင်.. ဘာကိုပေးရပါ့...
ငါတို့ လက်တွေထဲမှာ ဘာမှရှိတာမှမဟုတ်တာ..}


စာရေးသူ...ကိုကိုးအိမ်(မန္တလေး) 13-10-2010

မနော်ရမ္မံမှာ ပျော်ခဲ့တဲ့ည

|




မန္တလေးမှာ ရှည်မျောမျောလေးနဲ့ ချစ်စရာအားကစားကွင်းလေးတစ်ခု ပေါ်လာပြန်ပါပြီ။ အဲဒီအားကစား ကွင်းလေး ကိုလွန်ခဲ့တဲ့ တစ်ပတ်လောက်က စဖွင့်လှစ်ခဲ့တာပါ။ အားကစားနည်းတွေ တော်တော်စုံပါတယ်။ လေသေနတ်ပစ်တာ တွေ Dancing Game ကစားတာတွေ၊ ကိုရီးယားကားထဲကလို အရုပ်ကောက်တာတွေ၊ တိုက်ကား စီးစရာတွေ၊ အကြွေစေ့နဲ့ပစည်း လေးတွေဆွဲချ တာတွေ၊ ပူစီပေါင်းပစ် ဖောက်တာတွေ၊ ဘောလုံးကန် တာတွေ၊ ဂီယာဂိမ်းဆော့တာတွေ၊ ကလေးရေကူးကန်လေးတွေ ကလေး ဆော့တဲ့လေ ပူပေါင်းအိမ်ကြီးတွေ၊ မရဏစံအိမ်တို့၊ မှော်ရထားတို့ကအစ ရိုလာကိုစတာ အသေးစား လေးတွေအထိ ရှိပါတယ်။ ဖွင့်တာလည်း မကြာသေးတော့ လူအရမ်းစည်ပါတယ်။ ဆော့ရတာလည်း စက်အသစ် တွေဆိုတော့ ဆော့လို့လည်း အရမ်းကောင်း ပါတယ်။

အဲဒါနဲ့ ကိုးလည်း ဘော်ဒါကြီးနတ်နတ်နဲ့အတူ ပြီးခဲ့တဲ့ညက အရောက်သွားဆော့ဖြစ် ခဲ့ကြပါတယ်။ အဲဒီမှာ ကိုးတို့သဘောအကျဆုံးက Dancing Game ပါ။ ဟဲဟဲ.. မြင်တာနဲ့ မနေနိုင်ဘူးဗျို့။ ချက်ချင်းကို ကွိုင်သွားဝယ် ပြီး (ကွိုင်ဆိုတာ အကြွေစေ့ကိုပြောတာနော်) တစ်ပုဒ်ပြီးတစ်ပုဒ် ကတော့တာပေါ့ဗျာ။ မကတတ်ကတတ်ပေါ့။ ဒါပေမယ့် အရမ်းပျော်ဖို့ကောင်းပါတယ်။ သူပေးထားတဲ့ ပုံလေးတွေကိုကြည့်ပြီး စည်းချက်လေးနဲ့ ကရတာပေါ့။ ဒါနဲ့ ကွိုင်အကြောင်း ပြောရဦးမယ်။ ကွိုင်က တစ်စေ့ကို တစ်ရာပေးရပါတယ်။ သီချင်းတစ်ပုဒ်ကမယ်ဆိုရင် ကွိုင်လေးစေ့ ကုန်ပါတယ်။ နိုင်ရင်ဆက်က နောက်တစ်ပုဒ်မှာ စပါယ်ရှယ် အမှတ်မှတ်ပါပြီ။ အဲဒီမှာ သုံးလေးချက် လောက်ကကွက်မှားရင် အသံဆိုးကြီးနဲ့ Game Over ဆိုပြီး စက်ကြီးကအော်ပါတယ်။ အဲဒီအချိန် အဲဒီအသံကြီး ကြားရရင် အမုန်းဆုံးပါပဲ။ ဟဲဟဲ..။ ဒါပေမယ့် ဘယ်လောက်ပဲ ဂိမ်းအိုဗာဖြစ်ဖြစ် ဇွဲ့မလျှော့စတမ်း ဆက်ကတာက တော့ နတ်နတ်ပါပဲ။ ဘယ်လောက်ကက ခြေရည်မကျဘူးဗျာ.. နဖူးပေါ်ကချွေးတွေ ကျလာတာက လွဲလို့ပေါ့။

အဲဒီမှာ နှစ်ယောက်လုံး ကလို့မောတော့မှ တခြားဘက်တွေ လိုက်ကြည့်ပါတယ်။ အဲဒီမှာ နတ်နတ်ရဲ့ ဇကို သိလိုက်ရတာပေါ့။ ကိုယ်တော်က Las Vagas ကိုရောက်နေတယ် မှတ်သလားမသိ။ မြန်မာနိုင်ငံမှာ ကာစီနိုရုံ မရှိလို့သာပေါ့။ အကြွေစေ့ချချင် ပြန်သတဲ့ ။ ကိုးမှာ မနည်းပြောယူရတယ်။ ဟုတ်တယ်လေ သူဆော့ချင်တဲ့ ကစားနည်းက ကျကာနီး သာဖြစ်တာ တကယ်ချရင် အရမ်းချရခက်တာ။ အကြွေစေ့တွေ ပိုးစိုးပက်စက်ကုန်တာ။ ဒါနဲ့ အရုပ်ကောက်တဲ့နေရာ ရောက်ကရော..။ ကိုယ်တော်က အရုပ်ကောက်မယ်တဲ့။ ကိုးလည်း အင်း.. ကောက်စေပေါ့။ ဒါနဲ့ ကိုယ်တော်က ၀မ်းသာအားရ ကောက်တော့တာပေါ့။ သူက အကြွေသုံးစေ့ထည့် ကောက်ရပါတယ်။ ဒါပေမယ့်ဗျာ ကိုယ်တော်က ကောက်တာ တစ်ခါမှာ မကောက်နိုင်ဘူးပေါ့။ ကောက်တဲ့ သံလက်ကလည်း ချောလို့ပြောင်လို့၊ မွှေးပွရုပ်တွေကလည်း အမွှေးတွေနဲ့ ချောပြောင်နေတာကိုး။ ဘယ်ကောက်လို့ ရပါ့မလည်း။ လက်ကနေဂီယာ နဲ့ရွှေ့ရတာလေ။ အဲဒီအချိန် နတ်နတ်မျက်လုံးတွေက မြင်ဖူး သမျှထဲမှာ အတောက်ပြောင်ဆုံး ထင်တာပဲ။ အရုပ်ကြီးတွေကို စားတော့ဝါးတော့မလို စူးစိုက်ကြည့်ပြီး ကောက်လို့လည်းမရရော အသံနက်ကြီးနဲ့ ထထအော်တာဗျို့။ ဘေးကလူတွေ တောင် ကွက်ကြည့် ကွက်ကြည့် နဲ့ပေါ့။ သူက အဲသလို ဆွဲဆွဲစား နေကျဆိုတော့ အခုအရုပ်ကြီးတွေလည်း ဆွဲစားမယ် တကဲကဲကိုး။ ကဲ.. ဆွဲစားမယ့်နတ်နတ်ရေ ဘယ့်နှယ့်ရှိစ...

အဲဒါနဲ့ နောက်ဆုံးတော့ သေနတ်သွားပစ်ပါတယ်။ သေနတ်က အကြွေနှစ်စေ့ ပေးရပါတယ်။ သေနတ်ကိုးချက် ပစ်ခွင့်ပေးပါတယ်။ ကိုးချက်သာပေးတာ ကိုးပစ်တာ တစ်ချက်ပဲမှန်တယ်.. ဟိဟိ.. ဒါနဲ့ ကြုံတုန်းအတင်း ပြောလိုက်ဦးမယ်.. ဟိုကောင်နတ်နတ်လေ တစ်ချက်မှမမှန်ဘူး သိလား... တူ့ကို ပြန်မပြောနဲ့နော်.. ကွိကွိ
အဲလိုနဲ့ ဟိုမြောက်ဘက် ပတ်ကြည့်လိုက် တောင်ဘက်က ဓားကြီးနဲ့ မြင်းကြီးနဲ့ သူရဲကောင်းကြီးကိုသွားကြည့် လိုက်နဲ့ နောက်ဆုံး ကိုရီးယားကားထဲက နှစ်ဝိုင်းတည်းရှိတဲ့ မြင်းကမ္ဘာကို ငေးပြီး ပြန်ခဲ့တာပေါ့ဗျာ.. အဲနောက်တော့ မိုးချုပ်သွားရောဆိုပါတော့...........................


စာရေးသူ...ကိုကိုးအိမ်(မန္တလေး)



ဒေါသသင့်သောစာတစ်ပုဒ်

|




သူများကို ဝေဖန်မယ်ဆို ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ပါ။

တန်ရာတန်ကြေးပဲယူ-- တန်ရာတန်ကြေးပေး..
ကိုယ့်အလုပ်ကိုတန်ဖိုးထားပါ.. တစ်ပါးသူအလုပ်ကို လေးစားပါ
သူများကို အပြစ်ပြောမယ်ဆို ကိုယ်အရင်တတ်အောင်ကြိုးစားပါ
စောတာ၊နောက်ကျတာကို ဂုဏ်ယူတာထက် ပိုတတ်တာကို ဂုဏ်ယူနိုင်အောင်ကြိုးစားပါ..
ကိုယ်စားနေတဲ့ထမင်း ဘယ်လောက်သန့်ရှင်းလဲ ပြန်စဉ်းစားပါ..
နေ့စဉ်မှန်ထဲမှာ ကိုယ့်စိတ်ပုံရိပ်ကိုပြန်ကြည့်ပါ..
တွေ့သမျှပညာယူပါ..
ကိုယ်ထက်သာသူကို မနာလိုစိတ်မမွေးပါနဲ့...


ကိုးစိတ်ထဲမှာ ခံစားရတာတွေအရမ်းတင်းကျပ်လာလို့ ဒီစာကို ရေးဖြစ်လိုက်တာပါ။ ကိုးတို့မြန်မာတွေထဲက တစ်ချို့သောလူတွေ တော်တော်များများဟာ ကိုယ့်အကြောင်းကိုယ် မစဉ်းစားဘဲ မနက်ဖြန်စာသာ မရှိရင်နေမယ် သူများမကောင်းကြောင်း ပြောရမယ်ဆိုရင်တော့ အားပါးတရကိုရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့တစ်တွေ ကြီးပွားသင့်သလောက်မကြီးပွားကြတာပါ။ စိတ်ထားလေးတွေလိုနေပါတယ်။ ကိုးဒီရှေ့နေအလုပ်ကို လုပ်ဖြစ်ခဲ့တာ အရမ်းကြီးဝါသနာပါခဲ့ လို့မဟုတ်ပါဘူး။ ကျောင်းပြီးတော့မှ အလုပ်သင်ဆင်းရင်း တခြားရှေ့နေတွေကို ကြည့်ပြီးအားကျတာရယ်၊ ရထားတဲ့ဘွဲ့၊ တက်ထားခဲ့ရတဲ့ လေးနှစ်တာကာလနဲ့ ပေးဆပ်ခဲ့တဲ့အချိန်တွေကို နှမြောတာရယ်၊ တခြားရှေ့နေတွေ ၀င်ငွေကောင်းနေတာကို မြင်ရတာအားကျတာရယ် တွေကြောင့် ဒီအလုပ်ကိုလုပ်ဖြစ်ခဲ့တာ ၀န်ခံပါတယ်။ ဒါပေမယ့် ကိုးအမှန် တကယ်လိုချင်ခဲ့တာ သူများမျက်ရည်ပေါက်ကြီးငယ် ကျမှရမယ့် မဟားဒယားငွေမျိုး မဟုတ်ပါဘူး။ တကယ်သမ္မာအာဇီဝကျကျ ရမယ့်ငွေကိုသာ မက်မောခဲ့ရိုးအမှန်ပါ။


ဒါပေမယ့် ပြီးခဲ့တဲ့ညက သူငယ်ချင်းတွေတစ်အုပ်လုံး ထိုင်နေရင်း တစ်ယောက်က စဖောက်လိုက်တာပါ။ “ခင်ဗျားတို့ ရှေ့နေတွေက ဘယ်လိုဖြစ်တယ်၊ ဘယ်ဝါဖြစ်တယ်” ပေါ့။ ၀ါးလုံးရှည်နဲ့သိမ်းကျုံးရမ်းတာပေါ့ဗျာ။ ကိုးကလည်း ကိုယ်က မကောင်းတာတစ်ခုခု လုပ်ထားမိလို့ “ခင်ဗျား ဘယ်တုန်းက ဘယ်သူ့ကို ဘယ်လိုမတရားလုပ်လိုက်တာ” ဆိုတာမျိုး တိတိကျကျစွပ်စွဲတာကို လက်ခံနိုင်ပါတယ်။ အခုလိုမျိုး သေချာသိတာမျိုး မဟုတ်ဘဲ “ ခင်ဗျားတို့ရှေ့နေတွေက ”ဆိုပြီးတော့ ၀ါးလုံးရှည်နဲ့သိမ်းရိုက်တာကိုတော့ စိတ်တိုမိပါတယ်။ တကယ်တမ်းက အဲလိုမျိုးပြောတဲ့သူတွေလည်း တိတိကျကျမသိကြပါဘူး။ ကိုးကို ပြောတာ ကျောင်းသား အရွယ်တွေပါ။ ကျောင်းသားတစ်ယောက်ဟာ တရားရုံးဆိုင်ရာတွေ ရှေ့နေဆိုင်ရာတွေနဲ့ ဘယ်လောက်တွေ့ဖူးမှာလည်းဗျာ။ တကယ်တမ်း ကိုယ့်မှာမပြည့်ဝဘဲ သူများအပြော၊ စာအုပ်ထဲမှာပါတဲ့ ရှေ့နေဝေဖန်ရေးတွေ ကိုလောက်ဖတ်ပြီး စာတွေ့နဲ့ လာပြောနေတာ ဘယ်လောက်ထိများ မှန်နိုင်မှာမို့လည်း။ ကိုးကလည်း ရှေ့နေတွေအားလုံးကောင်းတယ်၊ ဆိုးတယ် လုံးဝမဝေဖန်ပါဘူး။ ဘာလို့လည်း ဆိုတော့ နေရာတိုင်းမှာ ကောင်းတဲ့ လူနဲ့ဆိုးတဲ့လူဆိုတာ ဘယ်နေရာမှာမဆို ဒွန်တွဲနေတာပါ။ အဲတော့ ဘယ်အလုပ်မျိုးကိုမှ၊ ဘယ်အရာကိုမှ တစ်ယောက်ဖြစ်တာနဲ့ အားလုံးဖြစ်ရမယ် ဆိုတာ ယုတ္တိဗေဒအရ စဉ်းစားမယ်ဆိုရင် တောင်လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ နောက်ပြီး အဲဒီလူတွေကကော ဘယ်လောက်တတ်မှာလည်းဗျာ။ တစ်ခါကလည်း ဥပဒေနဲ့ 2005 လောက်က ကျောင်းပြီးထားတယ်ဆိုတဲ့ လူတစ်ယောက်နဲ့တွေ့ဖူးပါတယ်။ အဲဒီလူက အခု ဈေးရောင်းနေပါတယ်။ ကိုးက 2009 မှာကျောင်းပြီးတာပါ။ အဲတော့ သူက မင်းတို့က 2006 မှ ဥပဒေစသင်တာ။ ငါတို့က 2005 ကတည်းက ကျောင်းပြီးထားတာ။ မင်းတို့ငယ်ပါသေးတယ်ကွာဆိုတဲ့ အချိုးမျိုးလာပြောတာပါ။

အဲတုန်းက ကိုးလည်း တော်တော်ပေါက် (ဒေါသထွက်)သွားတာနဲ့ “ဒီမှာအကို တကယ်တမ်းက အရင်ကျောင်းပြီးတာတွေ နောက်မှကျောင်းပြီးတာတွေ ထားလိုက်။ အရေးကြီးတာက ကိုယ်သင်ခဲ့တဲ့ပညာရပ် ကိုအမှန်တကယ် တတ်ဖို့ပဲလိုတယ်။ ခင်ဗျားသင်ခဲ့တာနဲ့ ကျွန်တော်သင်ခဲ့တဲ့ဘာသာရပ် ချင်းအတူတူပဲ။ ကြိုက်တဲ့ဘာသာမှာ ယှဉ်လိုက် ယှဉ်ရဲတယ်၊ တကယ်တမ်း ခင်ဗျား ကျွန်တော့်ထက်သာတယ် ပြောချင်ရင် ကျွန်တော့်ထက် ဘယ်လောက်စောတယ် ဆိုတာလာမပြောနဲ့။ တကယ်တမ်းသတ္တိရှိရင် ကျွန်တော့်ထက် ဘယ်လောက်ပိုတတ်တယ်ဆိုတာပဲ လာပြိုင်နိုင်တယ်။” လို့ပြောလိုက်မှ ပါးစပ်ပိတ်သွားပါတယ်။

အခုကိစ္စမှာလည်း ပြောလွန်းမကပြောလာတော့ စိတ်တိုလာတာနဲ့ “ မင်းတို့ အဲလောက်ပြောစရာမလိုဘူး၊ ငါတစ်ခုခုမကောင်းတာ လုပ်ထားလို့ ခင်ဗျားဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုမတရား လုပ်ပစ်လိုက်တယ်။ ဘယ်လိုတော့ ဖြင့် ဖြစ်တယ်ဆိုပြိး တိတိကျကျလာစွပ်စွဲနိုင်တယ်၊ မဟုတ်၇င် မင်းတို့ငါ့ကို ဘာမှလာပြောစရာမလိုဘူး၊ ခင်ဗျားတို့ရှေ့နေတွေဆိုတဲ့စကား ဘယ်တော့မှ ငါ့ရှေ့မှာလာမပြောနဲ့၊ ရှေ့နေတွေအကြောင်း ပြောချင်ရင် ရှေ့နေတွေဆီသွားကြ၊ ငါ့ကိုလာမပြောနဲ့၊ ငါက ကိုယ့်အကြောင်းပဲကိုယ် စိတ်ဝင်စားတယ်။ သူများအကြောင်း စိတ်မ၀င်စားဘူး။ မင်းတို့ကိုယ်ဟာကိုယ် ကောင်းအောင်တော့ ဘယ်လိုနေမယ် မစဉ်းစားဘူး၊ သူများမကောင်းကြောင်းပဲ လိုက်ပြောနေကြတာ၊ အဲဒါကြောင့် မင်းတို့ဒီလိုဘ၀တွေကမတက်တာ။ ကိုယ်ဘာကောင်ဆိုတာ မစီစစ်ပဲ သူများဘာကောင်ဆိုတာပဲ လိုက်စိစစ်နေမယ်ဆိုရင် အဲဒါမင်းတို့ ငွေဝယ်ကျွန်တွေပဲ။ မင်းတို့ အခုပြောနေတဲ့စကားတွေက ဘယ်လောက်တန်ဖိုးရှိလည်း၊ ကိုယ့်ဟာကိုယ်ကော စဉ်းစားမိကြရဲ့လား။ သူများအတွက်လည်း တန်ဖိုးမရှိ၊ ကိုယ့်အတွက်လည်း တန်ဖိုးမရှိတဲ့ စကားကို ဘာလို့ပြောချင်နေကြတာ လည်း။ ခင်ဗျားတို့ရှေ့နေတွေကဘယ်လိုဆိုပြီး ကောနေကြတဲ့ကောင်တွေကကော ဘယ်လောက်များ ဂဃနဏ သိထားလို့လည်း။ သူများအပြောတွေ၊ ဝေဖန်ရေးသမားစာတွေ ဖတ်ပြီး ပါးစပ်ရာဇ၀င်တွေပဲ ကြားဖူးပြီး ငါ့စကားနွားရ လာပြောနေကြတဲ့ ကောင်တွေချည်းပဲ။ ဒီမယ် ငါ့ကောင်တွေ ရှင်းရှင်းလင်းလင်းနေတတ်တဲ့ လူကောင်းတစ်ယောက်ဟာ ဘယ်ရှေ့နေနဲ့မှလည်း ပတ်သက်စရာမလိုဘူး။ ဘယ်တရားရုံးမှလည်း ရောက်စရာ အကြောင်းမရှိဘူး။ အဲတော့ ရှေ့နေတွေ တရားရုံးတွေနဲ့ မပတ်သက်ချင်ဘူးဆိုရင် “ ကင်းချင်ရင် ကောင်းအောင်နေ၊ ကောင်းချင်ရင် ကင်းအောင်နေ” ။ လူကောင်းတစ်ယောက်ဟာ ဘယ်တော့မှ တရားရုံးတို့ ထောင်တို့ မရောက်ဘူးကွ။ ရှေ့နေတွေ၊တရားသူကြီး တွေနဲ့လည်း ပတ်သက်စရာမလိုဘူး။ အဲဒါကိုပဲ ကိုယ်မကောင်းလို့ ရောက်တာကို မစဉ်းစားမိဘူး ရှေ့နေတွေကဘယ်လို ဆိုပြီးပြောနေတဲ့ကောင်တွေချည်းပဲ။ မင်းတို့ အမှူ့ဖြစ်အောင်လုပ်တဲ့ ကောင်တွေတရားရုံးမှာ မျက်စိသူငယ် နားသူငယ်နဲ့ ဘာလုပ်တတ်လို့လည်း။ ဒါကိုပဲ အစအဆုံးလိုက်လုပ်ပေးတဲ့သူကို တန်ရာတန်ကြေးတော့ မပေးချင်ကြဘူး။

လောကမှာ အစားပေးနိယာမဆိုတာရှိတယ်ကွ။ တန်ရာတန်ကြေးအမြဲပေးပါ။ တန်ရာတန်ကြေးပဲယူပါ။ တန်ရာတန်ကြေးမပေးသူ တန်ရာတန်ကြေးထက်ပိုယူသူတို့သည် အစားပေးနိယာမ၏ တရားစီရင်မှူ့ကို ခံရမည်။ ဆိုတာရှိတယ်။ မင်းတို့က တန်ရာတန်ကြေးတောင် ပေးချင်ကြတဲ့ကောင်တွေမဟုတ်ဘူး။ အဲဒါ သူများပိုက်ဆံကို ခိုးတာပဲ။ မင်းတို့က ပြောချင်တာပဲ သိတယ်။ ဒီဥပဒေပညာရှင်တွေ ဘယ်လိုလေ့လာခဲ့ရတယ်။ ဘယ်လောက်ပေးဆပ်ခဲ့ရတယ် ဆိုတာ မင်းတို့မသိဘူး။ ပါးစပ်နဲ့လွယ်လွယ်လေး အပုပ်ချဖို့လောက်ပဲ စဉ်းစားတတ်ကြတဲ့ကောင်တွေ။

နောက်ထပ်ပြောပါဦးမယ်။ မင်းတို့ကပြောတော့ ရှေ့နေတွေရှာထားတဲ့ ငွေကမသန့်စင်ဘူးဆို မင်းတို့စားနေတဲ့ ထမင်းတွေကော သန့်ရှင်းပါရဲ့လား။ ပြန်စဉ်းစားကြည့်ပါဦးကွာ။ အဂတိလိုက်စားမှူ့ဆိုတာ လမ်းဘေး ဈေးသည်တွေမှာတောင် မကင်းဘူးကွ။
သူတို့ချစ်တဲ့သူဆိုပိုထည့်ပေးမယ် (ဆန္ဒာဂတိ)
သူတို့မုန်းတဲ့သူဆိုလျှော့ထည့်မယ် (ဒေါသဂတိ)
အိမ်ကအမေနေမကောင်းလို့၊ အဝေးမှာကျောင်းသွားတတ်နေတဲ့ ငါးသားလေး ကျောင်းစရိတ်ဆိုပြီး အလေးခိုးမယ်၊ ဈေးပိုယူမယ် (ဘယာဂတိ-ကြောက်၍အဂတိလိုက်စားခြင်း)
မသိလို့ အဂတိလိုက်စားခြင်း (ဥပမာ အိမ်မှာအမေက အသားငါးရောင်းပြီး မင်းတို့ကို ငွေရှာကျွေးမယ်ဆိုရင် အဲဒါရောင်းလို့ ငရဲကြီးမယ်မကြီးမယ် မစဉ်းစားဘဲ ငါ့သား၊ငါ့သမီးအတွက်ဆိုပြီး ရှာပြီးမင်းတို့ကို ကျွေးနေမယ်ဆိုပါစို့ အဲဒါ (မောဟဂတိ) ပဲ

အဲဒီလောက်ဆိုမင်းတို့လည်း သဘောပေါက်လောက်ရောပေါ့။ မင်းတို့စားနေတဲ့ ထမင်းတွေ အဂတိတရား နှစ်ပါးနဲ့တောင် ငြိစွန်းနေတယ်နော်။ ကဲဘယ်သူစားတဲ့ထမင်းကော သန့်စင်သေးလို့လည်း။ မင်းတို့အားလုံးထဲက ငါပြောခဲ့တဲ့ အချက်တွေနဲ့ကင်းလွတ် တဲ့လူဘယ်သူပါလဲ။ လက်မထောင်ရဲတဲ့လူ ငါ့ကိုပြော။ မင်းတို့ ဒီအလုပ်တစ်ခုရဲ့ အကြောင်းကို သိချင်ရင် အမြင်နဲ့လည်း မပြောရဘူး၊ အကြားနဲ့လည်း မပြောရဘူး၊ ကိုယ်တိုင် ဒီအလုပ်ကို လုပ်ကြည့်မှ ကောင်းကောင်းသိနိုင်တယ်။ အဲတော့ ဘယ်အရာကိုမှ အကြားနဲ့တင် မပြောပါနဲ့။ သူများကိုလက်ညှိုးတစ်ချောင်းထိုးရင် မင်းကိုယ်မင်းပြန်ထိုးထားတာ ကိုက လေးချောင်းရှိတယ်ဆိုတာ မင်းသတိထားမိလား။ ငါဘယ်ဘာသာရပ်ကိုမှ မကောင်းဘူးမပြောခဲ့ဖူးဘူး။ ငါတို့တက်ခဲ့တဲ့ ကျောင်းမှာဆို ငါတို့ ဥပဒေဘာသာက လက်မထောင်လို့ရတာပဲ။ ကျောင်းပြီးရင် အလုပ်အလွယ်တကူရှိတယ်။ တန်းပြီးလုပ်ရုံပဲ။ တခြားဘာသာရပ်တွေမှာ အနည်းဆုံး မဟာတန်းတက်နိုင်မှ အလုပ်က ရေးတေးတေးရှိတာ။ ကိုယ့်ဘာသာရပ်ကိုယ် လက်မထောင်လို့ရတာပေါ့။ ဒါပေမယ့် ငါမင်းတို့ တက်နေတဲ့ ဘာသာရပ်တွေကို ဘယ်တုန်းကမှ ရှုတ်ချတာမျိုးမရှိခဲ့ဘူး။ ဘာသာရပ်အားလုံးကို ငါလေးစားတယ်။ ငါလုပ်နေတဲ့ အလုပ်၊ ငါသင်ခဲ့တဲ့ ဘာသာရပ်ကို ငါတန်ဖိုးထားတယ်။ အဲတော့ တစ်ယောက်ချင်းမကောင်းရင် တစ်ယောက်ချင်းပြော၊ ဘယ်သူကတော့ ဘယ်လိုဆိုပြီးတော့ပေါ့။ ဒီဘာသာရပ်နဲ့ ဒီလူတွေအားလုံးကို ၀ါးလုံးသိမ်းပြောတာ အရမ်းအောက်တန်းစား ဆန်လွန်းတယ်။ ငါလူတစ်ယောက်ကို အထင်မသေးချင်ဘူး။ အထူးသဖြင့် မင်းတို့တစ်တွေကို အထင်မသေးချင်ဘူး။ အဲဒီတော့ ဘယ်တော့မှ ဘယ်အချိန်မှာမှ သူများတစ်စုံတစ်ယောက်ကို စိတ်ဓာတ်ရေးရာမှာ ထိခိုက်နစ်နာအောင် မလုပ်ပါနဲ့။ အထူးသဖြင့် ကိုယ်တိုင် မလုပ်နိုင်တဲ့ ကိစ္စတစ်ခု သူများတစ်ယောက်လုပ်နေတဲ့ အခါမှာ ကြည့်ပြီး ဝေဖန်၊လေကန်နေမယ့်အစား သူဘယ်လိုလုပ်သွားတယ်ဆိုတာ အတုမယူသင့်ဘူးလား။ မင်းတို့အရွယ်တွေဟာ ပညာယူရမယ့် အရွယ်တွေပါ။ ယူမယ်ဆိုရင် အရာရာတိုင်းဟာ ပညာရပ်တွေချည်းပဲ။ ဒီအရွယ်မှာတောင် အကောင်းမြင်စိတ်မထားနိုင်ဘူး ဆိုရင် မင်းတို့ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ဘူး။ အဲတော့ အကောင်းမြင်စိတ် မွေးနိုင်အောင်ကြိုးစားပါ။ ကိုယ့်ထက်သာရင် မနာလိုတာတွေကို လျှော့ပါ။

အဲတော့ ချုပ်မယ်ဆိုရင်ကွာ
သူများကို ဝေဖန်မယ်ဆို ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ပါ။
တန်ရာတန်ကြေးပဲယူ-- တန်ရာတန်ကြေးပေး..
ကိုယ့်အလုပ်ကိုတန်ဖိုးထားပါ.. တစ်ပါးသူအလုပ်ကို လေးစားပါ
သူများကို အပြစ်ပြောမယ်ဆို ကိုယ်အရင်တတ်အောင်ကြိုးစားပါ
စောတာ၊နောက်ကျတာကို ဂုဏ်ယူတာထက် ပိုတတ်တာကို ဂုဏ်ယူနိုင်အောင်ကြိုးစားပါ..
ကိုယ်စားနေတဲ့ထမင်း ဘယ်လောက်သန့်ရှင်းလဲ ပြန်စဉ်းစားပါ..
နေ့စဉ်မှန်ထဲမှာ ကိုယ့်စိတ်ပုံရိပ်ကိုပြန်ကြည့်ပါ..
တွေ့သမျှပညာယူပါ..
ကိုယ်ထက်သာသူကို မနာလိုစိတ်မမွေးပါနဲ့..

ဒီစာကိုဖတ်မိတဲ့သူတွေတော့ ဒီလူ တော်တော်ဒေါသကြိးတာပဲထင်ကြလိမ့်မယ်ထင်တယ်... တကယ်တမ်းက ကိုယ့်ကိုပြောတာလည်း မခံချင်ဘူး.. အဲလိုမျိုးတွေလုပ်နေတဲ့လူတွေအတွက်လည်း နောက်မပြောမိစေရအောင် စေတနာနဲ့ရေးဖြစ်တာပါ။

စာရေးသူ....ကိုကိုးအိမ်(မန္တလေး) (13.10.2010)

ပျော်ဝင်ဆဲမူပိုင်မိုး

|





အရမ်းချစ်ပါတယ်... မိုး... မိုးကိုအရမ်းချစ်ပါတယ်။ ငယ်ငယ်တုန်းကဆို မိုးရေထဲမှာအရမ်းထွက်ဆော့ပါတယ်။ ဆော့တယ်သာပြောတာ အိမ်ကမသိအောင် ခိုးပြီးဆော့ရတာပါ။ ကိုးတို့အိမ်က အရမ်းစည်းကမ်းကြီးပါတယ်။ မိုးရွာပြီဆိုတာနဲ့ ကိုးကို အိမ်ထဲမှာပဲ သော့ခတ်ပြီးသိမ်းထားတော့ တာပါ။ အရမ်းစိတ်ညစ်ရပြီပေါ့။ မိုးတွေများရွာပြီ ဆိုမှန်ထဲကနေ အပြင်က မိုးရေစက်တွေကိုငေးပြီး ရင်ထဲမှာလည်း ၀မ်းနည်းတာလိုလို ပျော်နေတာလိုလိုနဲ့ မဆော့ရတဲ့မိုးရေကို ထိုင်ငေးနေတတ်ပါတယ်။ လွမ်းတယ်ဆိုတာ၊ ချစ်တယ်ဆိုတာ၊ ၀မ်းနည်းတယ်ဆိုတာကို ကောင်းကောင်း မခံစားတတ်ခဲ့ တဲ့အရွယ်မှာတောင် မည်းမှောင်နေတဲ့ မိုးသားတွေကိုကြည့်၊ တ၀ုန်းဝုန်းသည်းချင် တိုင်းသည်းနေတဲ့ မိုးရေတွေကို ကြည့်ပြီးလွမ်းတတ်ခဲ့တာ ဒီနေ့ထိပါပဲ။ မိုးသားတွေအုံ့ဆိုင်းလာပြီများဆိုရင်ဖြင့် သူငယ်ချင်းတွေစုဖွဲ့ပြီး သီချင်းတွေဆိုကြ၊ အော်ကြ၊ ဟစ်ကြနဲ့ အရမ်းပျော်စရာကောင်းခဲ့တာပေါ့..။ ကိုးက ငယ်စဉ်တည်းက အဲဒီလို မိုးအပေါ်မှာပျော်ဝင်ခဲ့တာပါ..။


ဘယ်လောက်ပဲစိတ်ညစ်နေတဲ့ အချိန်ပဲဖြစ်ဖြစ် မိုးရိပ်တွေ မြင်ပြီဆိုရင် အားလုံးကိုမေ့သွားတတ်တာ အကျင့်တစ် ခုလိုပေါ့။ သူများတွေကတော့ပြောကြတယ်။ မိုးရွာတော့မယ် ၊မိုးတွေရွာနေပြီဆိုရင် အိပ်ယာထဲမှာ စောင်လေးနဲ့ ကွေးနေချင်တယ်ပေါ့။ ဒါပေမယ့် ကိုးကတော့ ထူးဆန်းစွာပဲ မိုးရွာတော့မယ် မိုးသားတွေတက်လာပြီဆိုရင် မျက်လုံးတွေက ပြူးကျယ်ပြီး အရမ်းကိုမြူးလာတော့တာပေါ့။ နောက်ပြီးတစ်ခုထူးဆန်းတာ တစ်ခုက မိုးရွာလို့ မိုးထဲကိုဘယ်လောက်ထွက် ဆော့ဆော့၊ ဘယ်လောက်ကြာကြာဆော့ဆော့ လုံးဝဖျားတာ၊နာတာမရှိခဲ့ပါဘူး။ ကိုးတန်းဆယ်တန်းမှာတော့ ငယ်စဉ်က မဆော့ခဲ့ရတဲ့ မိုးရေကို တစ်ဝကြိးဆော့ခွင့်ရခဲ့ပါပြီ။ မိုးရာသီကို ရောက်လာပြီဆိုရင် သူများတွေထိုင်းမှိုင်းနေချိန်မှာ မိုးရေထဲမှာထွက်ဆော့ပြီး မိုးရဲ့အရသာတွေကိုခံစားရင်း မိုးနဲ့ တစ်သားတည်းဖြစ်ခဲ့ရပါတယ်။ မိုးရာသီကုန်ဆုံးလို့ ဆောင်းတွင်းရောက်ပြီဆိုရင် တော့ မောင်ကိုးတို့ ပဲများပါပြီ။ အနွေးထည်လန်းလန်းလေးတွေ ၀တ်ပြီးတော့ပေါ့။ ဒါပေမယ့် ဆောင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် မိုးရာသီလောက် ဘယ်ရာသီကိုမှ မချစ်တတ်ခဲ့ပါဘူး။ အဲတော့ ကိုးရဲ့စိတ်ထဲမှာ အမြဲစိုးမိုးထားတာက မိုးရာသီပဲ ပေါ့။

ကိုးတန်းဆယ်တန်းအဆောင်မှာ နေတုန်းကလည်း စာတွေအရမ်းကျက်ရလို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ သူငယ်ချင်းတွေ အိပ်ကောင်းနေတုန်းမှာ ကိုးကတော့ မိုးသည်းထဲမှာပေါ့။ ဘယ်လောက်အေးပါစေ၊ ဘယ်လောက်ညဥ့်နက်ပါစေ မိုးများရွာပြီဆိုရင် ဘယ်သူနဲ့ပဲဆိုင်ဆိုင် မဆိုင်ဆိုင် မိုးကိုဘယ်သူပဲအသိ အမှတ်မပြုပါစေ.. မိုးရာသီလေးဟာ ကိုးရဲ့မူပိုင်ရာသီဖြစ်သွားပါပြီ။ မိုးရေလေးတွေ ကိုးနဲ့လာဆော့ကစားပြီ များဆို ဘယ်လောက်ပဲ အဆင်မပြေတာပဲဖြစ်ဖြစ် အရာအားလုံးကိုမေ့သွားပါပြီ။ မိုးနဲ့ကိုးဆိုတာ ခွဲမရလောက် အောင်ပဲဖြစ်ခဲ့ရပါတယ်။

တက္ကသိုလ်တက်လို့ မန်းတလေးကိုရောက်လာတော့ လည်း လူကအထိန်းအကွပ်မရှိတော့ဘူးဆိုတော့ မိုးရွာပြီများဆို အဆောင်ထဲမှာ ဘောင်းဘီတိုလေးဝတ်ပြီး ရေများရာ သွားပြီး မိုးရေချိုးတော့တာပါပဲ။ အဲဒါမှ အားမရဘူးဆို အိင်္ကျီပြန်ဝတ်ပြီး ဆိုင်ကယ်နဲ့ မြို့တစ်ပတ်ပတ်ပါတယ်။ မိုးရွာလို့ မိုးရွာထဲမှာ ပျော်မြူးပြီး မန်းတလေးမြို့လမ်းမကြီးပေါ်မှာ
ဆိုင်ကယ် တစ်စီးနဲ့ပတ်နေတဲ့ကောင်လေး တစ်ယောက်ကိုတွေ့မိ ရင်တော့ အဲဒါကိုးပဲပေါ့။

အခုဆို မန်းတလေးမှာမိုးတွေ အရမ်းရွာနေပါပြီ။ ဒီအချိန်ဆို ကိုးတစ်ယောက်အမြူးဆုံးပေါ့။ ဆိုင်ကယ်တစ်စီးနဲ့ မြို့ပတ်နေပြီပေါ့ဗျာ။ အရင်နေ့ကလည်း ရုံးခန်းကအပြန် မိုးတွေအရမ်းရွာနေတာနဲ့ အဆောင်မှာနေရတာ ပျင်းလာတော့ ဆိုင်ကယ်ယူပြီး မိုးကာအပြာရောင်လေးဝတ်ပြီး မြို့ပတ်ပါတယ်။ အဲဒီမှာ မြို့ပတ်ရင်းနဲ့ ဘလော့ဂါမမ နန်းလေပြေနု ဆီကို သွားရစ်ပါတယ်။ အပျော်ဓာတ်ခံနဲ့ဆိုတော့ အရမ်းရစ်လို့ကောင်းပါတယ်။ အဟဲ။ ...။
နောက်ပြီး မိုးနဲ့ပတ်သက်တဲ့သီချင်းလေး တွေကိုလည်း အရမ်းနှစ်သက်ပါတယ်။ ဗညားဟန်ရဲ့ သမုဒယ၀ါဆိုမိုး တို့ တိမ်တမန် သီချင်းတို့ဆိုတာ ကိုးအတွက်ခရေဇီသီချင်းတွေပေါ့။ တိမ်တမန်သီချင်းမှာဆို မူရင်းအဆိုတော် ကြီးရဲ့ ခံစားသက်ဝင်မှူ့ တေးရေးဆရာရဲ့ အဖွဲ့အနွဲ့ပိုင်မှူ့တွေကြောင့် တကယ်ကိုပဲ မိုးသားတွေလိပ်တက်လာ သလိုခံစားရစေပါတယ်။ မိုးတွေရွာကာနီး မိုးသားတွေတက်လာပြီများဆို အဲသီချင်းလေးဆိုရတာ အရမ်းအရသာ ရှိတာပေါ့ဗျာ။ တကယ်ကိုပဲ တိမ်မည်းညိုရိပ်တွေ ကိုယ့်အနားကိုရောက်လာသလို ခံစားရစေပါတယ်။ နောက်ပြီး ကိုးအတွက် တိမ်တမန်သီချင်းလေး အတွက် အမှတ်တရတွေပိုလာစေပြီး မိုးနဲ့ ကိုးနဲ့ သီချင်းလေးနဲ့ကို တစ်သားတည်းဖြစ် သွားစေတာကတော့ ဆိုကရေးတီးပြိုင်ပွဲမှာ တိမ်တမန်သီချင်းလေးနဲ့ တိုင်းအဆင့် ဆုရခဲ့တာပါပဲ။ အဲဒီသီချင်းလေးကို မိုးတွေရွာနေတဲ့အချိန် ပြိုင်ပွဲလုပ်ရင်းနဲ့ မိုးသားတွေကိုကြည့်ပြီး တကယ့် ခံစားချက်တွေနဲ့ ဆိုရင်း ဆုရခဲ့တာဆိုတော့ ပိုပြီးအမှတ်တရဖြစ်ခဲ့တာပေါ့။ တိမ်တမန်သီချင်းလေးကို သတိတရ တစ်ပိုဒ်လောက်ထည့်ရေးလိုက်ပါတယ်။

မှိုင်းပြာမှုန်ဝေ၊ တိမ်မည်းညိုရိပ်တွေ.... တောင်ပြန်လေ၊ တပ်လှန့်နှိုး နှိုးကြွလာပြီလေ... တဖြည်းဖြည်းလာချေပြီလေ.. ပင်လယ်တွေဖြတ်သန်း.. ရိုးမပေါ်လွှားကျော်ကာလေ.. သူ့ချစ်မိတ်ဆွေ တို့မြန်မာနိုင်ငံအခြေ လက်ဆောင်ပါးတယ်.... မိုးပုလဲပန်းတွေ.. ရွာပါစေလေ... အေးအေးချမ်းချမ်းရွာပါစေ...
ဆည်မြောင်းချောင်းကန် အပြည့်လျှံတိုးအောင် မိုးလုံးမည်းမျှမရွာစေချင်ပါပေ..
ဆည်မြောင်းချောင်းကန် အပြည့်လျှံဖြိုးအောင် ပုလဲကုံးရွယ်အလှရွာစေချင်ပါပေ..
တို့ပြေသည်သာ ဆန်စပါးအတွက်ပေ.. တို့မြေသည်သာ ဆန်စပါးအခက်ဝေ..
မက်မပြေနိုင်သော လယ်တောရွာမြေ ထွန်ယက်ပြုစု.. ယုယအမြဲပေ..
တိမ်တမန်အိုအဆွေ.. တို့များရွှင်လန်းပုလဲပန်းကိုချွေ....

ဘယ်လောက်ပဲအသက်တွေ ကြီးလာခဲ့ ကြီးလာခဲ့ ကျန်တဲ့အရာတွေအပေါ်မှာသာ အကြိုက်တွေပြောင်းသွားချင် ပြောင်းသွားမိလိမ့်မယ်.. မိုးကိုချစ်တဲ့ ကိုးရဲ့ နှလုံးသားကတော့ ဘယ်တော့မှ မဟောင်းဘဲ မိုးနဲ့အတူ တစ်သားတည်း ပျော်ဝင်နေဆဲပါ... မိုးတွေရွာရင်ပျော်ဆဲပါ.. မိုးတွေညိုရင် ရင်ခုန်ဆဲပါ.. မိုးတွေငိုမှာကို မျှော်လင့် ဆဲပါ... မိုးမရှိရင် မနေတတ်ပါ... မိုးမရွာရင် မျှော်နေတတ်ဆဲပါ... ဘယ်သူတွေဘာပဲပြောပြော မိုးနဲ့ကိုးနဲ့က မောင်နှမဆိုလည်းဟုတ်၊ ညီကိုဆိုလည်းဟုတ်၊ ဖွားဖက်တော်ဆိုလည်း ဟုတ်ခဲ့ပါတယ်။ ချစ်သူကိုသာ မေ့ချင်မေ့သွားနိုင်လိမ့်မည် မိုးစက်တွေ မျက်နှာပေါ်ကျလာချိန်မှာ ခံစားရသည့်ခံစားမှူ့ကို တော့ မမေ့နိုင်စွာ တစ်သက်တာ သိမ်းဆည်းထားခဲ့ပါသည်။ မိုးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးအကန့် တစ်နေရာမှာ သိမ်းဆည်းထားဆဲပါ... မှတ်ဥာဏ်တွေဆုံးရှုံးကုန်ဦးတော့. ဘယ်တော့မှ မဆုံးရှုံးမဲ့ ခံစားမှူ့ကတော့ ကိုးရဲ့ နှလုံးသားအနက်ရှိုင်းဆုံးအကန့် တစ်နေရာက မိုးပါ.. မိုးရေ မင်းကိုငါချစ်တယ်.. မမေ့နိုင်ဘူး .. မေ့ဖို့လည်း မကြိုးစားမိဘူး.. မေ့သွားမှာကိုလည်း လက်မခံနိုင်ဘူး... မေ့သွားမယ်လို့လည်း မထင်ခဲ့ပါဘူး.. မိုးရယ် မင်းလောက်ငါ့အပေါ်မှာ ရင်းနှီးသူ.. မိုးရေတွေဘယ်လောက် အေးစက်နေခဲ့ပါစေ ငါ့အတွက် နွေးထွေးမှူ့တွေ ပေးစွမ်းခဲ့တဲ့ မိုးရယ်.. တစ်သက်တာအတွက် မင်းဟာ ငါ့ရဲ့ အရင်းနှီးဆုံး သက်မဲ့ မိတ်ဆွေတစ်ယောက်ပါ... မင်းရဲ့မိုးရေစက်တွေအောက်မှာပဲ ငါ့နှလုံးသားတွေ နူးညံ့ခဲ့ဖူးတယ်.. မင်းရဲ့ မိုးရေစက်တွေအောက်မှာပဲ ငါ့ရဲ့ နှလုံးသားတွေ ကြေမွခဲ့ဖူးတယ်.. မင်းရဲ့မိုးရေစက်တွေအောက်မှာပဲ ငါပျော်ရွင်ခဲ့ဖူးတယ်.. မင်းရဲ့မိုးရေစက်တွေ အောက်မှာပဲ ငါပေါက်ကွဲခဲ့.. ငိုကြွေးခဲ့ဖူးတယ်လေ.. ဒီလောက်ရင်းနှီးခဲ့တဲ့ မိုးဟာ ကိုးရဲ့ မူပိုင်ရာသီဥတုဆိုတာ ဘယ်မှာ သွားငြင်းနိုင်တော့မှာလည်းကွယ်... ဒါဆိုမင်းဟာ ကိုယ့်ရဲ့ ပျော်ဝင်ဆုံး မိုးပေါ့... မိုးဟာ လူတိုင်းအတွက် မဟုတ်ဘဲ ကိုးအတွက် သီးသန့် မိုးသာဆို ဘယ်လောက်ကောင်းလိုက်မလဲကွယ်.. ဘာတွေဘယ်လိုပဲ ဖြစ်ပါစေ.. မိုးဟာ ကိုးအတွက်တော့ အခုချိန်ထိ ပျော်ဝင်ဆဲမူပိုင်မိုး ပါကွယ်.....

မိုးနဲ့ပတ်သက်တာတွေ ကြားရတိုင်း .. မိုးတွေရွာတိုင်း.. မိုးသီချင်းတွေနားထောင်ရတိုင်း.. မိုးတွေရွာလို့ မိုးရဲ့ စာမျက်နှာကို ဖွင့်ဖတ်ရတိုင်း အလွမ်းတွေ ကိန်းအောင်းနေတတ်တာ ဘာကြောင့်ပါလိမ့် မူပိုင်မိုးရယ်....


စာရေးသူ... ကိုကိုးအိမ်(မန္တလေး) (၈.၁၀.၂၀၁၀)
မိုးတွေသည်းနေဆဲမှာ မိုးရေစက်လေးတွေကိုကြည့်ပြီးရေးခဲ့တာပါ..


ဘာတွေပါလိမ့်???

|

လေတွေလာနေတယ်သမီးရေ
ထမီတွေရုပ်လိုက်
အမေတစ်ယောက်ရဲ့စကားသံ
အဲဒီနောက်ကွယ်မှာဘာတွေရှိမလဲ....

ခရေတွေကြွေနေတယ်သမီးရေ
ဈေးမှာတင်ရောင်းရအောင်
အမေတစ်ယောက်ရဲ့စကားသံ
အဲဒီနောက်ကွယ်မှာဘာတွေရှိပါလိမ့်...

ဟယ်.. သမီးတစ်ကိုယ်လုံးသွေးတွေပါလား..
ဟုတ်တယ်မေမေ
သမီး.. ခလုတ်တိုက်လဲလို့
ဟာာာာာ... ဘာတွေဖြစ်ကုန်ပြီလဲ!!!!!!!!!
သေကုန်ကြတော့မှာပဲ......


စာရေးသူ....ကိုကိုးအိမ်(မန္တလေး)

သစ္စာတရား(ငါ)

|

အောင်မြင်မှူ့တွေအပြည့်နဲ့... ငါ
ကျော်ကြားမှူ့တွေအပြည့်နဲ့... ငါ
ပျော်ရွှင်မှူ့တွေအပြည့်နဲ့... ငါ
နောက်ဆက်တွဲဝိသေသတွေအများကြီးနဲ့... ငါ
အိုး..... အရမ်းတော်တဲ့.. ငါပါလား
ဒါပေမယ့် ငါ့အိမ်ပြန်ရောက်လို့
ငါ့ကိုယ်ငါပြန်ငုံ့ကြည့်လိုက်တဲ့အခါ
ငါဟာ.. ငါမဟုတ်ပါလား........

စာရေးသူ... ကိုကိုးအိမ်(၆.၁၀.၂၀၁၀)

A Little Peace (Nicole Flieg)

|

ခုတလောဒီသီချင်းလေးနားထောင်ဖြစ်နေပါတယ်။ သံစဉ်လေးကလည်း ချစ်စရာကောင်းတာနဲ့ ဘော်ဒါကြီးတို့ကို မနေနိုင်မထိုင်နိုင် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ သီချင်းချည်းပဲဆိုရင်လည်း စာသားမှတ်ရခက်နေမှာစိုးလို့ စာသားလေးပါ ထည့်ပြီး ဖော်ပြပေးလိုက်ပါတယ်။ သီချင်းပုံစံလေးက ပေါ့ချိုချိုလေးပါ။ လိုက်ငြီးလို့ကောင်းတာပေါ့။ နှင်းဖွေးဖွေးလေးတွေနဲ့ ဆောင်းရာသီမြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ ဂျက်ကတ်လေးဝတ်ပြီး အိုင်ပေါ့ထ်လေးနဲ့ နားထောင်လို့ အရမ်းကောင်းမဲ့ သီချင်းမျိုးလေးပါ။ ကိုးကတော့ ဒါမျိုးသီချင်းပုံစံလေးတွေဆို အရမ်းခိုက်ပါတယ်။ နားထောင်ကြည့်နော်...။ သီချင်းကိုတောဒီလင့်ခ်လေး ကိုသွားပြီးနားထောင်လိုက်နော်..။


A little peace (by Nicole Flieg)


Just like a flower when winter begins
Just like a candle blown out in the wind
Just like a bird that can no longer fly
I'm feeling that way sometime

But then, as I'm falling, weighed down by the load
I picture a light at the end of the road
And closing my eyes, I can see through the dark
The dream that is in my heart

A little lovin', a little givin'
To build a dream for the world we live in
A little patience and understanding
For our tomorrow, a little peace

A little sunshine, a sea of gladness
To wash away all the tears of sadness
A little hoping, a little praying
For our tomorrow, a little peace

I feel I'm a leaf in the November snow
I fell to the ground, there was no one below
So now I am helpless, alone with my song
Just wishing the storm was gone

A little lovin', a little givin'
To build a dream for the world we live in
A little patience and understanding
For our tomorrow, a little peace

A little sunshine, a sea of gladness
To wash away all the tears of sadness
A little hoping, a little praying
For our tomorrow, a little peace

We are feathers on the breeze
(A little lovin', a little givin')
(To build a dream for the world we live in)
Sing with me my song of peace
(A little patience and understanding)
(For our tomorrow, a little peace)

We are feathers on the breeze
(A little sunshine, a sea of gladness)
(To wash away all the tears of sadness)
Sing with me my song of peace
(A little hoping, a little praying)
(For our tomorrow, a little peace)



မျှဝေသူ...ကိုကိုးအိမ်(မန္တလေး)

ဖလန်းဖလန်းပုံရိပ်များ

|

အခုမျှဝေလိုက်တဲ့ ဖလန်းဖလန်းထအောင် လန်းနေတဲ့ပုံရိပ်တွေကို ကိုးအရမ်းကြိုက်လို့တင်ပေးလိုက်တာပါ။ အခုတလော စာရေးချင်စိတ်လည်းမရှိသေးတာနဲ့ ဟိုဝဘ်ဆိုက် ဒီဝဘ်ဆိုက် လိုက်မွှေရင်း ဒီပုံလေးတွေတော့ အရမ်းခိုက်သွားပါတယ်။ ပုံလေးတွေကလည်း အရမ်းထူးဆန်းတော့ ကိုးကို ဖမ်းစားသွားပါတယ်။ ဆွဲစားတာ မဟုတ်ဘူးနော်.. ဖမ်းစားတာ...။ အဟဲ..။ ဒီဖလန်းဖလန်းထနေတဲ့ပုံတွေကိုတော့ ဒီနေရာ ကယူပါတယ်ခင်ဗျာ။. ဘာတွေလည်းဆိုတာတော့ သေချာကြည့်မှ သိမှာနော်..........။























Share from_ irp-group.co.cc

မျှဝေသူ...ကိုကိုးအိမ်(မန္တလေး)


 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB