ရှေးက၀ိပါက် ခုနှစ်ရက်၊ ကာလ၀ိပါက် နောက်ပိုးတက် လို့ရှေးလူကြီးများ အဆိုရှိခဲ့ပါတယ်။ ရှေးက၀ိပါက်က ခုနှစ်ရက်လောက်နဲ့ ပြေပျောက်နိုင်ပေမယ့် ကာလ၀ိပါက်ကတော့ ချက်ချင်းလက်ငင်းကို အကျိုးပေးတော့တာပါပဲလို့ ဆိုတဲ့အဓိပ္ပါယ်ပါ။ လူတော်တော်များများဟာ သံသရာဆိုတဲ့ ရေရှည်ကာလကို မကြည့်ဘဲ လုပ်ချင်ရာတွေလျှောက်လုပ်နေကြလို့ ဒုက္ခတွေရောက်နေ ကြရတာပါ။ တကယ်တမ်း ဒုက္ခရဲ့အရသာကိုခံစားကြရ ပြီဆိုမှ ကြောက်ကြ လန့်ကြဖြစ်ကြတာပါ။ လူတွေဟာ မကောင်းမှူ့ကို လုပ်နေရစဉ်မှာ ပျားရည်ကဲ့သို့ ထိုလူမိုက်ဟာထင်တတ်ပါတယ်။ မကောင်းမှူု့ရဲ့ အကျိုးကို ခံစားရပြီဆိုမှ ထိုလူမိုက်ဟာ နောင်တတွေရတတ်ပါတယ် ဆိုတဲ့ စတုရင်္ဂဗလအမတ်ကြီးရဲ့ လောကနီတိကျမ်းအလာထဲကလိုပါပဲ။ ကိုယ်အမှတ်တမဲ့လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုဟာတစ်ဖက် လူအတွက် အလွန်တရာ နစ်နာမှူ့ ဖြစ်သွားနိုင်ပါတယ်။ စာရေးသူတို့ ငယ်စဉ်ကနေတဲ့ ရွာလေးတစ်ရွာမှာ လ္ဘက်ရည်ဖျော်တဲ့လူတစ်ယောက်ဟာ ခွေးတစ်ကောင် အစာလာတောင်းတာကို ဒေါသထွက်ပြီး ဓားနဲ့လှမ်းပေါက် လိုက်ပါတယ်။ အဲဒီဓားကခွေးရဲ့ ဗိုက်တည့်တည့်ကိုမှန်ပြီး ခွေးခမျာပွဲချင်းပြီးသေသွားပါတယ်။
အဲဒီအဖြစ်အပျက်ဖြစ်ပြီးနောက် လေးလလောက်ကြာတဲ့အခါ အဲဒီလူရဲ့ ခွေးကို ဓားနဲ့ပေါက်လိုက်တဲ့နေရာမှာတင် ထိုလူဓားနဲ့ဗိုက်ကို ထိုးပြီးအသတ်ခံလိုက်ရပါတယ်။ အဲဒါကလည်းကာလ၀ိပါက် နောက်ပိုးတက်ခြင်းပါပဲ။ မိမိပြုလိုက်တဲ့ အကြောင်းကိုအရင်းတည်ပြီး နောက်ဘ၀တောင်မခြားဘဲ ချက်ခြင်းလက်ငင်း အကျိုးပေးလိုက်တာပါပဲ။ ဒေါသလွယ်တတ်သူတွေ သတိထားစရာပါ။ အဲဒီလူကိုသတ်လိုက်တဲ့လူကလည်း မကြာခင်ဘဲ ထောင်ကျသွားပါတယ်။ သူလည်း ကာလ၀ိပါက်နောက်ပိုးတက်ခံလိုက်ရတာပါ။ ရှေ့ကသွားနေတဲ့ဝန်ဆောင်နွားရဲ့ နောက်ခြေထောက်ကို လှည်းဘီးက တစ်ချိန်လုံးလိုက်နှိပ်စက်နေသလိုပါပဲ။ မိမိပြုလိုက်တဲ့ ကောင်းသောအကြောင်းတရား၊ မကောင်းသောအကြောင်းတရားတွေဟာ သံသရာတစ်လျှောက်လုံး မိမိနောက်ကို လိုက်နေမှာပါပဲ။ မကောင်းတာလုပ်တဲ့လူကို လောကသစ္စာတရားကလည်း ဒုက္ခပေးမဲ့အပြင် လက်ငင်းဘ၀မှာလည်း တရားဥပဒေအရ အပြစ်ပေးခံရမှာပါပဲ။ အဲဒီလိုပဲ လူသတ်မယ်၊ ရန်ဖြစ်မယ်ဆိုတဲ့ ကိစ္စတွေမှာလည်း ကိုယ်က တစ်ဖက်လူအပေါ်မကျေမနပ် တွေဖြစ်နေပြီဆိုပါစို့။ အဲဒီကိုယ်မကျေမနပ်ဖြစ်နေတဲ့လူကတော့ဘယ်လို နေမယ်မသိသေး ဘူး ကိုယ်ကတော့ အရင်ပူလောင်နေရပါပီ။ သူကတော့ ငါ့ကိုဘာတွေလုပ်ထားတယ်။ ငါဘယ်လိုပြန်လုပ်လိုက်မယ်။ ဘယ်သူကငါ့အပေါ်ဘယ်လိုဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကို ချက်ချင်းလက်ငင်း နှိပ်စက်တော့တာပါပဲ။ ဟိုဘက်ကလူမှာမှာတော့ အေးဆေးပေါ့။ စာရေးသူလည်း အရင်ကတော့အဲဒီလိုပါပဲ။ ကိုယ်ကတော့ စိတ်တွေတိုနေလိုက်ရတာ။ ခေါင်းတွေကိုက် မျက်ရည်တွေကျနဲ့ နောက်ပိုးတက်နေတာလေ။ ကိုယ်မကျေနပ်တဲ့ လူကတော့ ဘာမှမသိဘဲ ပြုံးလို့ပျော်လို့။ အဲဒီလိုဖြစ်ပြီးတဲ့ နောက်ပိုင်း စာရေးသူလည်း နပ်သွားတော့တာပါပဲ(မှတ်ချက်..ကိုကိုးအိမ်ကြီး ပါင်းအိုးထဲအထည့်ခံရခြင်းမဟုတ်)..ကိုယ့်ကိုယ်ကိုယ်လည်း အဲလိုစိတ်တွေဖြစ်မလာအောင် ခဏခဏသတိပေးတယ်။ စာဖတ်သူတွေကိုလည်း လူနပ်တွေဖြစ်စေချင်ပါတယ်။ နပ်လိုက်ကြစမ်းပါ။ နောက်ပိုးတက်တဲ့ ဝေဒနာ ကလည်း တော်တော်ခံရခက်တယ်ဗျ။ အခုချိန်ထောင်ကျနေတဲ့သူတွကို သွားမေးကြည့်ပါလား။ ဘယ်လောက်ခံရခက်လည်းဆိုတာ သူတို့အသိဆုံးပါ။ အခုစာဖတ်သူတွေကိုလည်း နောက်ပိုးမတက်စေချင်ပါဘူး။ အဲဒီတော့ ဘ၀မှာ မကျေနပ်တာတွေရှိရင် မေ့ပြစ်နိုင်အောင် ကြိုးစားပါ။ ကိုယ်တိုင်လည်း နောင်တကင်းကင်းနဲ့နေနိုင်အောင် နောင်တရရမယ့် အလုပ်မျိုးတွေကိုမလုပ်ပါနဲ့။ ဆရာတော်အရှင်ဇနကာဘိဝံသကလည်း စိတ်ထားကောင်းဖို့ပထမ လို့ဟောကြားခဲ့ဖူးပါရဲ့။ လူတိုင်းနောက်ပိုးတက်ခြင်းကင်းကြပါစေ။
စာရေးသူ....ကိုကိုးအိမ် (၅.၁၂.၂၀၀၉)စနေနေ့

1 Comentário:
ဟလို မောင်ကိုးရေ....
တရားဥပဒေ အလုပ်ဖြစ်ပါစေလို့ ဆုတွေ အကြိမ်ကြိမ်တောင်းပါတယ်ကွယ်..။
နောက် တရားဥပဒေအထက်မှာလည်း ဘယ်သူမှာ မရှိရ ဆိုတာလေးလည်း အလုပ်ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်..။
အသက်ရှင်နေရတုန်းကာလမှာ အမှားကို မလုပ်မိဖို့ အကြိမ်ကြိမ် ကျိုးစားယူနေပါတယ်..။ အခုလည်း စိတ်သန့်ရှင်းချင်သလို နောင်ဘဝအတွက်လည်း ရည်ရွယ်ပါတယ်ကွယ်..။
ခင်တဲ့
မဗေဒါ
Post a Comment