ပျော်ဝင်ဆဲမူပိုင်မိုး

|





အရမ်းချစ်ပါတယ်... မိုး... မိုးကိုအရမ်းချစ်ပါတယ်။ ငယ်ငယ်တုန်းကဆို မိုးရေထဲမှာအရမ်းထွက်ဆော့ပါတယ်။ ဆော့တယ်သာပြောတာ အိမ်ကမသိအောင် ခိုးပြီးဆော့ရတာပါ။ ကိုးတို့အိမ်က အရမ်းစည်းကမ်းကြီးပါတယ်။ မိုးရွာပြီဆိုတာနဲ့ ကိုးကို အိမ်ထဲမှာပဲ သော့ခတ်ပြီးသိမ်းထားတော့ တာပါ။ အရမ်းစိတ်ညစ်ရပြီပေါ့။ မိုးတွေများရွာပြီ ဆိုမှန်ထဲကနေ အပြင်က မိုးရေစက်တွေကိုငေးပြီး ရင်ထဲမှာလည်း ၀မ်းနည်းတာလိုလို ပျော်နေတာလိုလိုနဲ့ မဆော့ရတဲ့မိုးရေကို ထိုင်ငေးနေတတ်ပါတယ်။ လွမ်းတယ်ဆိုတာ၊ ချစ်တယ်ဆိုတာ၊ ၀မ်းနည်းတယ်ဆိုတာကို ကောင်းကောင်း မခံစားတတ်ခဲ့ တဲ့အရွယ်မှာတောင် မည်းမှောင်နေတဲ့ မိုးသားတွေကိုကြည့်၊ တ၀ုန်းဝုန်းသည်းချင် တိုင်းသည်းနေတဲ့ မိုးရေတွေကို ကြည့်ပြီးလွမ်းတတ်ခဲ့တာ ဒီနေ့ထိပါပဲ။ မိုးသားတွေအုံ့ဆိုင်းလာပြီများဆိုရင်ဖြင့် သူငယ်ချင်းတွေစုဖွဲ့ပြီး သီချင်းတွေဆိုကြ၊ အော်ကြ၊ ဟစ်ကြနဲ့ အရမ်းပျော်စရာကောင်းခဲ့တာပေါ့..။ ကိုးက ငယ်စဉ်တည်းက အဲဒီလို မိုးအပေါ်မှာပျော်ဝင်ခဲ့တာပါ..။


ဘယ်လောက်ပဲစိတ်ညစ်နေတဲ့ အချိန်ပဲဖြစ်ဖြစ် မိုးရိပ်တွေ မြင်ပြီဆိုရင် အားလုံးကိုမေ့သွားတတ်တာ အကျင့်တစ် ခုလိုပေါ့။ သူများတွေကတော့ပြောကြတယ်။ မိုးရွာတော့မယ် ၊မိုးတွေရွာနေပြီဆိုရင် အိပ်ယာထဲမှာ စောင်လေးနဲ့ ကွေးနေချင်တယ်ပေါ့။ ဒါပေမယ့် ကိုးကတော့ ထူးဆန်းစွာပဲ မိုးရွာတော့မယ် မိုးသားတွေတက်လာပြီဆိုရင် မျက်လုံးတွေက ပြူးကျယ်ပြီး အရမ်းကိုမြူးလာတော့တာပေါ့။ နောက်ပြီးတစ်ခုထူးဆန်းတာ တစ်ခုက မိုးရွာလို့ မိုးထဲကိုဘယ်လောက်ထွက် ဆော့ဆော့၊ ဘယ်လောက်ကြာကြာဆော့ဆော့ လုံးဝဖျားတာ၊နာတာမရှိခဲ့ပါဘူး။ ကိုးတန်းဆယ်တန်းမှာတော့ ငယ်စဉ်က မဆော့ခဲ့ရတဲ့ မိုးရေကို တစ်ဝကြိးဆော့ခွင့်ရခဲ့ပါပြီ။ မိုးရာသီကို ရောက်လာပြီဆိုရင် သူများတွေထိုင်းမှိုင်းနေချိန်မှာ မိုးရေထဲမှာထွက်ဆော့ပြီး မိုးရဲ့အရသာတွေကိုခံစားရင်း မိုးနဲ့ တစ်သားတည်းဖြစ်ခဲ့ရပါတယ်။ မိုးရာသီကုန်ဆုံးလို့ ဆောင်းတွင်းရောက်ပြီဆိုရင် တော့ မောင်ကိုးတို့ ပဲများပါပြီ။ အနွေးထည်လန်းလန်းလေးတွေ ၀တ်ပြီးတော့ပေါ့။ ဒါပေမယ့် ဆောင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် မိုးရာသီလောက် ဘယ်ရာသီကိုမှ မချစ်တတ်ခဲ့ပါဘူး။ အဲတော့ ကိုးရဲ့စိတ်ထဲမှာ အမြဲစိုးမိုးထားတာက မိုးရာသီပဲ ပေါ့။

ကိုးတန်းဆယ်တန်းအဆောင်မှာ နေတုန်းကလည်း စာတွေအရမ်းကျက်ရလို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ သူငယ်ချင်းတွေ အိပ်ကောင်းနေတုန်းမှာ ကိုးကတော့ မိုးသည်းထဲမှာပေါ့။ ဘယ်လောက်အေးပါစေ၊ ဘယ်လောက်ညဥ့်နက်ပါစေ မိုးများရွာပြီဆိုရင် ဘယ်သူနဲ့ပဲဆိုင်ဆိုင် မဆိုင်ဆိုင် မိုးကိုဘယ်သူပဲအသိ အမှတ်မပြုပါစေ.. မိုးရာသီလေးဟာ ကိုးရဲ့မူပိုင်ရာသီဖြစ်သွားပါပြီ။ မိုးရေလေးတွေ ကိုးနဲ့လာဆော့ကစားပြီ များဆို ဘယ်လောက်ပဲ အဆင်မပြေတာပဲဖြစ်ဖြစ် အရာအားလုံးကိုမေ့သွားပါပြီ။ မိုးနဲ့ကိုးဆိုတာ ခွဲမရလောက် အောင်ပဲဖြစ်ခဲ့ရပါတယ်။

တက္ကသိုလ်တက်လို့ မန်းတလေးကိုရောက်လာတော့ လည်း လူကအထိန်းအကွပ်မရှိတော့ဘူးဆိုတော့ မိုးရွာပြီများဆို အဆောင်ထဲမှာ ဘောင်းဘီတိုလေးဝတ်ပြီး ရေများရာ သွားပြီး မိုးရေချိုးတော့တာပါပဲ။ အဲဒါမှ အားမရဘူးဆို အိင်္ကျီပြန်ဝတ်ပြီး ဆိုင်ကယ်နဲ့ မြို့တစ်ပတ်ပတ်ပါတယ်။ မိုးရွာလို့ မိုးရွာထဲမှာ ပျော်မြူးပြီး မန်းတလေးမြို့လမ်းမကြီးပေါ်မှာ
ဆိုင်ကယ် တစ်စီးနဲ့ပတ်နေတဲ့ကောင်လေး တစ်ယောက်ကိုတွေ့မိ ရင်တော့ အဲဒါကိုးပဲပေါ့။

အခုဆို မန်းတလေးမှာမိုးတွေ အရမ်းရွာနေပါပြီ။ ဒီအချိန်ဆို ကိုးတစ်ယောက်အမြူးဆုံးပေါ့။ ဆိုင်ကယ်တစ်စီးနဲ့ မြို့ပတ်နေပြီပေါ့ဗျာ။ အရင်နေ့ကလည်း ရုံးခန်းကအပြန် မိုးတွေအရမ်းရွာနေတာနဲ့ အဆောင်မှာနေရတာ ပျင်းလာတော့ ဆိုင်ကယ်ယူပြီး မိုးကာအပြာရောင်လေးဝတ်ပြီး မြို့ပတ်ပါတယ်။ အဲဒီမှာ မြို့ပတ်ရင်းနဲ့ ဘလော့ဂါမမ နန်းလေပြေနု ဆီကို သွားရစ်ပါတယ်။ အပျော်ဓာတ်ခံနဲ့ဆိုတော့ အရမ်းရစ်လို့ကောင်းပါတယ်။ အဟဲ။ ...။
နောက်ပြီး မိုးနဲ့ပတ်သက်တဲ့သီချင်းလေး တွေကိုလည်း အရမ်းနှစ်သက်ပါတယ်။ ဗညားဟန်ရဲ့ သမုဒယ၀ါဆိုမိုး တို့ တိမ်တမန် သီချင်းတို့ဆိုတာ ကိုးအတွက်ခရေဇီသီချင်းတွေပေါ့။ တိမ်တမန်သီချင်းမှာဆို မူရင်းအဆိုတော် ကြီးရဲ့ ခံစားသက်ဝင်မှူ့ တေးရေးဆရာရဲ့ အဖွဲ့အနွဲ့ပိုင်မှူ့တွေကြောင့် တကယ်ကိုပဲ မိုးသားတွေလိပ်တက်လာ သလိုခံစားရစေပါတယ်။ မိုးတွေရွာကာနီး မိုးသားတွေတက်လာပြီများဆို အဲသီချင်းလေးဆိုရတာ အရမ်းအရသာ ရှိတာပေါ့ဗျာ။ တကယ်ကိုပဲ တိမ်မည်းညိုရိပ်တွေ ကိုယ့်အနားကိုရောက်လာသလို ခံစားရစေပါတယ်။ နောက်ပြီး ကိုးအတွက် တိမ်တမန်သီချင်းလေး အတွက် အမှတ်တရတွေပိုလာစေပြီး မိုးနဲ့ ကိုးနဲ့ သီချင်းလေးနဲ့ကို တစ်သားတည်းဖြစ် သွားစေတာကတော့ ဆိုကရေးတီးပြိုင်ပွဲမှာ တိမ်တမန်သီချင်းလေးနဲ့ တိုင်းအဆင့် ဆုရခဲ့တာပါပဲ။ အဲဒီသီချင်းလေးကို မိုးတွေရွာနေတဲ့အချိန် ပြိုင်ပွဲလုပ်ရင်းနဲ့ မိုးသားတွေကိုကြည့်ပြီး တကယ့် ခံစားချက်တွေနဲ့ ဆိုရင်း ဆုရခဲ့တာဆိုတော့ ပိုပြီးအမှတ်တရဖြစ်ခဲ့တာပေါ့။ တိမ်တမန်သီချင်းလေးကို သတိတရ တစ်ပိုဒ်လောက်ထည့်ရေးလိုက်ပါတယ်။

မှိုင်းပြာမှုန်ဝေ၊ တိမ်မည်းညိုရိပ်တွေ.... တောင်ပြန်လေ၊ တပ်လှန့်နှိုး နှိုးကြွလာပြီလေ... တဖြည်းဖြည်းလာချေပြီလေ.. ပင်လယ်တွေဖြတ်သန်း.. ရိုးမပေါ်လွှားကျော်ကာလေ.. သူ့ချစ်မိတ်ဆွေ တို့မြန်မာနိုင်ငံအခြေ လက်ဆောင်ပါးတယ်.... မိုးပုလဲပန်းတွေ.. ရွာပါစေလေ... အေးအေးချမ်းချမ်းရွာပါစေ...
ဆည်မြောင်းချောင်းကန် အပြည့်လျှံတိုးအောင် မိုးလုံးမည်းမျှမရွာစေချင်ပါပေ..
ဆည်မြောင်းချောင်းကန် အပြည့်လျှံဖြိုးအောင် ပုလဲကုံးရွယ်အလှရွာစေချင်ပါပေ..
တို့ပြေသည်သာ ဆန်စပါးအတွက်ပေ.. တို့မြေသည်သာ ဆန်စပါးအခက်ဝေ..
မက်မပြေနိုင်သော လယ်တောရွာမြေ ထွန်ယက်ပြုစု.. ယုယအမြဲပေ..
တိမ်တမန်အိုအဆွေ.. တို့များရွှင်လန်းပုလဲပန်းကိုချွေ....

ဘယ်လောက်ပဲအသက်တွေ ကြီးလာခဲ့ ကြီးလာခဲ့ ကျန်တဲ့အရာတွေအပေါ်မှာသာ အကြိုက်တွေပြောင်းသွားချင် ပြောင်းသွားမိလိမ့်မယ်.. မိုးကိုချစ်တဲ့ ကိုးရဲ့ နှလုံးသားကတော့ ဘယ်တော့မှ မဟောင်းဘဲ မိုးနဲ့အတူ တစ်သားတည်း ပျော်ဝင်နေဆဲပါ... မိုးတွေရွာရင်ပျော်ဆဲပါ.. မိုးတွေညိုရင် ရင်ခုန်ဆဲပါ.. မိုးတွေငိုမှာကို မျှော်လင့် ဆဲပါ... မိုးမရှိရင် မနေတတ်ပါ... မိုးမရွာရင် မျှော်နေတတ်ဆဲပါ... ဘယ်သူတွေဘာပဲပြောပြော မိုးနဲ့ကိုးနဲ့က မောင်နှမဆိုလည်းဟုတ်၊ ညီကိုဆိုလည်းဟုတ်၊ ဖွားဖက်တော်ဆိုလည်း ဟုတ်ခဲ့ပါတယ်။ ချစ်သူကိုသာ မေ့ချင်မေ့သွားနိုင်လိမ့်မည် မိုးစက်တွေ မျက်နှာပေါ်ကျလာချိန်မှာ ခံစားရသည့်ခံစားမှူ့ကို တော့ မမေ့နိုင်စွာ တစ်သက်တာ သိမ်းဆည်းထားခဲ့ပါသည်။ မိုးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးအကန့် တစ်နေရာမှာ သိမ်းဆည်းထားဆဲပါ... မှတ်ဥာဏ်တွေဆုံးရှုံးကုန်ဦးတော့. ဘယ်တော့မှ မဆုံးရှုံးမဲ့ ခံစားမှူ့ကတော့ ကိုးရဲ့ နှလုံးသားအနက်ရှိုင်းဆုံးအကန့် တစ်နေရာက မိုးပါ.. မိုးရေ မင်းကိုငါချစ်တယ်.. မမေ့နိုင်ဘူး .. မေ့ဖို့လည်း မကြိုးစားမိဘူး.. မေ့သွားမှာကိုလည်း လက်မခံနိုင်ဘူး... မေ့သွားမယ်လို့လည်း မထင်ခဲ့ပါဘူး.. မိုးရယ် မင်းလောက်ငါ့အပေါ်မှာ ရင်းနှီးသူ.. မိုးရေတွေဘယ်လောက် အေးစက်နေခဲ့ပါစေ ငါ့အတွက် နွေးထွေးမှူ့တွေ ပေးစွမ်းခဲ့တဲ့ မိုးရယ်.. တစ်သက်တာအတွက် မင်းဟာ ငါ့ရဲ့ အရင်းနှီးဆုံး သက်မဲ့ မိတ်ဆွေတစ်ယောက်ပါ... မင်းရဲ့မိုးရေစက်တွေအောက်မှာပဲ ငါ့နှလုံးသားတွေ နူးညံ့ခဲ့ဖူးတယ်.. မင်းရဲ့ မိုးရေစက်တွေအောက်မှာပဲ ငါ့ရဲ့ နှလုံးသားတွေ ကြေမွခဲ့ဖူးတယ်.. မင်းရဲ့မိုးရေစက်တွေအောက်မှာပဲ ငါပျော်ရွင်ခဲ့ဖူးတယ်.. မင်းရဲ့မိုးရေစက်တွေ အောက်မှာပဲ ငါပေါက်ကွဲခဲ့.. ငိုကြွေးခဲ့ဖူးတယ်လေ.. ဒီလောက်ရင်းနှီးခဲ့တဲ့ မိုးဟာ ကိုးရဲ့ မူပိုင်ရာသီဥတုဆိုတာ ဘယ်မှာ သွားငြင်းနိုင်တော့မှာလည်းကွယ်... ဒါဆိုမင်းဟာ ကိုယ့်ရဲ့ ပျော်ဝင်ဆုံး မိုးပေါ့... မိုးဟာ လူတိုင်းအတွက် မဟုတ်ဘဲ ကိုးအတွက် သီးသန့် မိုးသာဆို ဘယ်လောက်ကောင်းလိုက်မလဲကွယ်.. ဘာတွေဘယ်လိုပဲ ဖြစ်ပါစေ.. မိုးဟာ ကိုးအတွက်တော့ အခုချိန်ထိ ပျော်ဝင်ဆဲမူပိုင်မိုး ပါကွယ်.....

မိုးနဲ့ပတ်သက်တာတွေ ကြားရတိုင်း .. မိုးတွေရွာတိုင်း.. မိုးသီချင်းတွေနားထောင်ရတိုင်း.. မိုးတွေရွာလို့ မိုးရဲ့ စာမျက်နှာကို ဖွင့်ဖတ်ရတိုင်း အလွမ်းတွေ ကိန်းအောင်းနေတတ်တာ ဘာကြောင့်ပါလိမ့် မူပိုင်မိုးရယ်....


စာရေးသူ... ကိုကိုးအိမ်(မန္တလေး) (၈.၁၀.၂၀၁၀)
မိုးတွေသည်းနေဆဲမှာ မိုးရေစက်လေးတွေကိုကြည့်ပြီးရေးခဲ့တာပါ..


9 ယောက်ကစာမူခပေးသွားပါတယ်:

ညိမ်းနိုင် said...

မိုးရွာရင် မိုးရေချိုးချင်တဲ့စိတ်၊မိုးရွာထဲကို ထွက်ချင်တဲ့စိတ်
တော့ရှိတယ်...။ညီ့လောက်တော့ ခရေဇီ မဖြစ်ဘူး...။
မိုးရွာရင်အလုပ်ဖြစ်ဆုံး၊အလုပ်ချင်ဆုံးကတော့ အိပ်ရာ
ထဲမှာ ကော်ဖီတစ်ခွက်၊ရေနွေးကရားတစ်အိုး၊စာအုပ်တစ်
အုပ်နဲ့ နှပ်ရတာပဲဗျ...း)။

ကိုဇော် said...

ခေါင်မိုးပေါ်ကို မိုးရေတွေ ခပ်ပြင်းပြင်း တဖြောင်းဖြောင်းကျသံကို အရမ်းကို နှစ်သက်တာ ညီရေ။ အရမ်းပျော်တယ်။

သဒ္ဓါလှိုင်း said...

မိုးနဲ့အတူအမြဲပျော်ရွှင်နိုင်ပါစေကိုကိုးရေ..။

ခင်မင်စွာ
သဒ္ဓါ

ငွေလမင်း said...

လာပြန်ပြီ မိုးကိုချစ်တဲ့နောက်တစ်ယောက်
မခင်ဦးမေလို တွေ့၇င်ပြောရဦးမလား
အခု မန်းလေးမှာ ရေကြီးနေတယ်ဆိုလားဘဲ ကိုကိုးအိမ်တို့ အဆောင်တွေေ၇ာ ရေ၀င်လား မိုးလည်းတအားရွာတယ်ဆို..

Anonymous said...

မိုးကိုချစ်တဲ့ ကိုးရေ.....မိုးကို တို့ လဲချစ်တယ်။
မိုးရွာရင်ပျော်တယ်။ မိုးတွေအုန့် နေရင် ကိုလဲဝမ်းနည်း
တတ်တယ်။ မိုးတွေဖွဲဖွဲကျနေပြီဆို ထီးမဆောင်းပဲ
လမ်းတွေ လျှောက်တတ်တယ်.။ မိုးအကြောင်းကို ဒီမှာ
စာဖွဲ့ နေရင်တော့ အိမ်ပြန်ရောက်မှာ မဟုတ်တော့။
ဒါကြောင့်...သဘောကျတဲ့ Post လေးပါ..။
..ခင်မင်လျှက်...ခင်မာလာအောင်..:)

sosegado said...

မိုးကိုကြိုက်မိပါရဲ့၊ တစ်ချိန်မှာတော့ အရေးကြီးဆုံးလို့သတ်မှတ်နိုင်တဲ့ သွားစရာတစ်ခုရှိခဲ့တယ်၊

ဒါပေမဲ့ အဲဒီနေ့က မိုးတွေအရမ်းကြီး၊ ရထားတွေရပ်၊ ကားလမ်းတွေပိတ် သွားခွင့်မကြုံလိုက်ဘူး၊
အဲဒီအချိန်ကစပြီး မိုးကိုခပ်ချင်ချင်ဖြစ်သွားတယ်။

SHWE ZIN U said...

မိုးရွာရင် စာဖတ်တာနဲ့ အစားစား တာဘဲကြိုက်တယ်

ခင်တဲ့
ရွှေစင်ဦး

Anonymous said...

မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင်အုန်းသီးခွဲစားမယ်:P

ဇွန်မ said...

မိုးရွာတာကိုတော့ နှစ်သက်ပါတယ် အေးချမ်းလို့ ဒါပေမယ့် အပြင်သွားရမှာကို စိတ်ညစ်တယ် ကိုကိုးရေ။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB