နှလုံးသားအတွက် တသက်တာအဟာရ

|

အတန်းထဲက

အမှတ်မထင်လေ့ကျင့်ခန်လေးသည်

တစ်သက်တာ မမေ့နိုင်စရာ

သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့သည်။

သူ့နာမည် မာ့ခ် အက္ကလွန်း။ သူက တကယ့်ကို ရှားရှားပါးပါး လူစားမျိုး။

မင်နီဆိုတားပြည်နယ်။ မောရစ်မြို့ကလေးရှိ စိန့်မေရီကျောင်းမှာ တတိယတန်း ကလေးတွေ စာသင်ပေးရစဉ် သူ့ကို ကျွန်မ စတွေ့ခဲ့ခြင်းဖြစ်သည်။ အတန်းသား ၃၄ ယောက်လုံးပင် အလွန် ချစ်စရာ ကောင်းလှသည်။ သည်အထဲမှာ မှ မာ့ခ်က ပို၍ထူးထူးခြားခြား ။

လူက အလွန်သပ်ရပ်သန့်ပြန့်သည်။ အမြဲရွှင်ရွှင် ပျပျ တက်တက်ကြွကြွ ရှိသည်။ တစ်ခါတလေ သူဆိုးတက်သည်။ သို့သော် ဆိုးတာ လေးသည်ပင် ရယ်ရွှင်ချင်စရာ။

သူက စကားလည်း အလွန်များသည်။ ဘယ်တော့မှ ပါးစပ်ပိတ်မနေနိုင်။ အတန်းထဲမှာ ဆရာမ ခွင့်ပြုချက်မရဘဲ စကားပြောလျှင် အပြစ်ဖြစ်ကြောင်း သူ့ကို ခဏခဏ သတိပေးရသည်။ သို့သော် သူနှင့် ပတ်သက်၍ ကျွန်မ အထင်ကြီးမိရတာ ဆစ်ခုတော့ရှိသည်။ အဲဒါက သူ့ကို အပြစ်ဒဏ်ပေးသည့်အခါတိုင်း ” ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ” ဟု၍တကယ်အရိုးခံနှင့် ပြန်လည်ပြောဆိုတက်ခြင်းဖြစ်သည်။ အစတွင်တော့ သူ့စကားက နားထဲမှာ တစ်မျိုးကြီးဖြစ်နေသည်။ နောက်တော့လည်း နေ့စဉ် အကြိမ်ပေါင်းများစွာ ကြားရကာ တဖြည်းဖြည်း ရိုး၍သွားသည်။

တစ်နေ့နံနက်မှာတော့ မာခ်ကို စကား မပြောဖို့ပြောရတာ အကြိမ်ပေါင်းများလွန်းသဖြင့် ကျွန်မ စိတ်မရှည်ဖြစ်ကာ ဆရာမ ပေါက်စများ ထုံးစံအတိုင်း အမှားတစ်ခုကို ကျူးလွန်မိသည်။ မာခ့်ကို စေ့စေ့ ကြည့်ကာ ” နောက်ထပ် စကားတစ်ခွန်းပြောရင်. မင်းပါးစပ်ကို ပလာစတာနဲ့ ကပ်ထားမယ် “ ဟူ၍ ပြောလိုက်မိခြင်းပင်။

ဆယ်စက္ကန့်မျှပင် မကြာပါ။ ” မာ့ခ် စကားပြောနေပြန်ပြီး ” ဟူ၍ ချပ်က လှမ်းတိုင်သည်။ အတန်းသားများ အား မာ့ခ်ကို စောင့်ကြည့်ပေးရန် ကျွန်မ အကူအညီတောင်းထားသည်တော့ မဟုတ်။ သို့သော် မာ့ခ် နောက်ထပ် စကားပြောလျှင် ဘယ်လိုအပြစ်ပေးမည်ဆိုတာအားလုံးရှေ့မှာ ကျွန်မ ကြေညာမိခဲ့ပြီးဖြစ်ရာ ယခု ပြစ်မှုကျူးလွန်ပြီဆိုတော့ ကျွန်မ အပြစ်မပေးဘဲ နေ၍ မဖြစ်တော့။

အဲသည်တုန်းက အကြောင်းကို သည်ကနေ့ မနက်မှ ဖြစ်ပျက်ခဲ့သလို ကျွန်မ အာရုံထဲတွင် ပြက်ပြက်ထင်ထင် မြင်နေဆဲ ဖြစ်သည်။ စားပွဲဆီသို့ ကျွန်မ လျှောက်သွားသည်။ အံဆွဲကို ဖြည်းဖြည်းချင်း ဖွင့်သည်။ အထဲက ပလာစတာခွေကို ယူသည်။ အစ နှစ်စ ညှပ်သည်။ ပြီးနောက် မာ့ခ်ပါးစပ်မှာ. ကြက်ခြေခတ် ကပ်ထားလိုက်ပြီး အတန်းရှေ့ ပြန်လျှောက်လာသည်။

သူ ဘယ်လိုနေသလဲ လှမ်းကြည့်လိုက်တာ့ သူက မျက်စိမှတ်ပြသည်။

” မှတ်ကရော.. အခုတော့ စကား မပြောနိုင်တော့ဘူး မဟုတ်လား ” ဟု တွေးကာ သူ့ကို ကြည့်ပြီး ကျွန်မ ရယ်နေမိသည်။ ကျွန်မ သူ့ဆီပြန်သွားကာ ပလာစတာတွေ ပြန်ခွာပေးလိုက်တော့ တစ်ခန်းလုံး သြဘာသံတွေ ညံသွားသည်။ ပါးစပ်လည်း ဟ၍ ရရော သူပြောလိုက်သည့် စကားက ထုံးစံအတိုင်း ” ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ” ဟူ၍ပင် ။

နောက်နှစ်မှာ ကျွန်မ အလယ်တန်း (Junior High) အဆင့်ကနေ တက်ကာ သင်္ချာ ဘာသာ သင်ရသည်။ နှစ်တွေက အလျင်အမြန် ကုန်လွန်ခဲ့ရာ ဘာမျှပင် ကြာသည် မထင်လိုက်ရဘဲ မာ့ခ်တစ်ယောက် ကျွန်မ အတန်းသို့ ရောက်လာပြန်သည်။ လူက အရင်ကထက် ပိုချောလာသည်။ အပြောအဆိုက ယခင်အတိုင်း ယဉ်ကျေးဆဲပင်။ သို့သော် ကိုးတန်းမှာ ကျွန်မ သင်သည့် သင်္ချာသစ်က အတော်ကြိုးစားပြီး လိုက်ရသည်ဖြစ်ရာ မာ့ခ်တစ်ယောက် အရင်ကလို စကားများများ မပြောနိုင်ခဲ့။

တစ်ခုသော သောကြာနေ့တွင်မူ အခြေအနေကနည်းနည်းပိုဆိုးနေခဲ့သည်။ အဲသည် ရက်သတ္တပတ် တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာကတော်တော်ခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးပေါ်တစ်ဦးလည်း ခါတိုင်းလို သည်းညည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေကြသည်။ သို့နှင့် အခြေအနေတွေ သည့်တက် ဆိုးရွားမသွားမီ ထိန်းသိမ်းရန် အစီစဉ်တစ်ခု ကျွန်မပြုလုပ်သည်။

ကျွန်မ အစီအစဉ်က အတန်းသားတစ်ဦးချင်းအား မိမိ အတန်းဖော်များအမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီ ချဲ၍ တန်းစီလျက် ဗလာစာရွတ်တွင် ရေးချစေသည်။ ထို့နောက် အမည်တစ်ခုစီ၏ အနီးတွင် ချန်ထားသည့် ကွက်လက် အသီးသီး၌ ၄င်းအတန်းဖော် သူငယ်ချင်းနှင့် ပတ်သက်၍ မိမိမြင်သည့် အကောင်းဆုံးအချက်တစ်ခုစီကို ရေးသားကြစေသည်။ ထိုနေ့က ကျန်ရှိသည့် စာသင်ချိန်လေးမှာ ၄င်းထင်မြင်ချက်များ ရေးသားကြရင်းပင် ကုန်ဆုံးသွားသည်။ အတန်းပြီးသည့်အခါ ကျောင်းသူကျောင်သားအားလုံး သူတို့စာရွတ်ကလေးတွေ ကိုယ်စီ ကျွန်မဆီအပ်ပြီး ပြန်ကြသည်။ ချပ်က ကျွန်မကို ပြုံးပြသွားသည်။ မာ့ခ်ကတော့ ထုံးစံအတိုင်း ” ကျွန်တော်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အားလပ်ရက်မှာ ဆရာမ ပျော်ရွှင်ပါစေ ” ဟူ၍နှုတ်ဆက်သည်။

အဲသည် စနေနေ့မှာ ကျောင်းသားကျောင်းသူတစ်ဦးစီ၏ အမည်ကို စာရွတ်လွတ် တစ်ရွတ်စီ ထိက်တွင် ကျွန်မ ရေးထိုးပြီးနောက် ၄င်းတစ်ဦးစီနှင့် ပတ်သက်သည့် အတန်းဖော် သူငယ်ချင်းအသီးသီးတို့၏ မှတ်ချက်များကို စီတန်း၍ ရေးချသည်။ တချို့အတွက် တစ်ရွတ်ရေးရသည်။ တချို့အတွက် နှစ်ရွတ်။

တနင်္လာနေ့ ရောက်သောအခါ အဲသည်စာရွတ်များကို သက်ဆိုင်သူ အသီးသီးသို့ ကျွန်မ ဖြန့်ဝေပေးလိုက်သည်။ သည်စာရွတ်တွေ ဖတ်တာမကြာမီပင် တစ်တန်းလုံး ပြုံးလာကြတာ တွေ့ရသည်။

” ဟယ်……….တကယ်လား၊ ငါက သူများတွေ ဒီကိစ္စ သတိထားမိမယ်တောင် မထင်ဘူး”

” ငါကို သူများတွေ ဒီလောက်သဘောကျလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး “

စသည့် တီးတိုးမှတ်ချက်ချသံများ ကျွန်မ ကြားရသည်။

သို့သော် နောက်ပိုင်းမှာတော့ သည်စာရွတ်များနှင့် ပတ်သက်၍ မည်သူ့ထံကမျှ စကား တစ်ခွန်းတစ်ပါဒ မကြားရတော့ပါ။ စာသင်ချိန်အပြီးမှာ သူတို့အချင်းချင်း ဆွေးနွေးပြောဆိုကြတာ၊ ဒါမှမဟုတ် အိမ်မှာ မိဘများကို ပြကြ ပြောကြတာတွေတော့ ရှိလေမလား မပြောတတ်ပါ။

သို့သော် အဲသည် ဝေဖန်ဆွေးနွေးမှုတွေ ရှိ မရှိဆိုတာက အရေးမကြီးပါ။ အရေးကြီးသည်က သည်စာရွတ်တွေ ပေးလိုက်ပြီးသည့်နောက်ပိုင်း သူတို့တစ်တွေပြောင်းလဲသွားခြင်းဖြစ်သည်။ အတန်းသူ အတန်းသားတွေ အားလုံး ရွှင်ရွှင်ပျပျဖြစ်လာကြပြီး တစ်ဦးကိုတစ်လည်း ယခင်ကနည်းတူ ခင်ခင်မင်မင်ပြန်လည် ဆက်ဆံလာကြသည်။

သည်လိုဖြင့် အချိန်တန်တော့လည်း မာ့ခ် တို့ အုပ်စု ကျွန်မ လက်က ထွက်ကာ အတန်းသစ် အဆင့်ဆင့်တွေ ဆက်သွားကြပါသည်။

ကြားမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်။ တစ်နေ့ ကျွန်မ အပန်းဖြေခရီးမှ ပြန်လာတော့ မိဘများက ကျွန်မ ကိုလေဆိပ်မှာ လာကြိုကြသည်။ အိမ်သို့အသွား ကားပေါ်တွင် ရာသီဥတုအကြောင်း၊ ကျွန်မ ခရီးစဉ် အတွေ့အကြုံများ အကြောင်းတွေ မေးမြန်းပြောဆိုလာကြရင်း စကားစနည်းနည်းပြတ်သွားချိန်တွင် အမေက အဖေ့ဘက် လှည့်ကာ အချက်ပေးသည့် လေသံဖြင့် ” အဖေကြီး ” ဟု ဆိုလိုက်သည်။ အဖေက ချောင်းတစ်ချက်ဟန့်ကာ စကားစ သည်။

” အက္ကလွန်းမိသားစု ညတုန်းက ဖုန်းဆက်တယ်”

“လား၊ သူတို့နဲ့ အဆက်အသွယ်ပြတ်နေတာ တောင် နှစ်ပေါင်းကို မနည်းဘး ကြာပြီနော် ၊ မာ့ခ် တစ်ယောက်လဲ ဘယ်လိုနေသလဲ မသိဘူး ” ကျွန်မက ပြန်ပြောလိုက်မိသည်။

အဖေက တည်ငြိမ်စွာ ပင် ဆက်ပြောသည်။

” မာ့ခ် ဗီယက်နမ်မှာ . ကျသွားတယ်…၊ နက်ဖြန်သင်္ဂြိဟ်မှာ၊ သူတို့မိသားစုက သမီးကို အသုဘ လိုက်ပို့စေချင်ကြတယ်”

သည်ကနေ့တိုင်အောင်ပင် အဖေ ကျွန်မ အား မာ့ခ် ကွယ်လွန်သည့်သတင်းကို လမ်းမကြီးပေါ်က ဘယ်နေရာနားမှာ ပြောပြခဲ့သည်ဆိုတာ ကျွန်မ တိတိကျကျ အမှတ်ရနေဆဲ ဖြစ်သည်။

စစ်သည်တော် တစ်ဦး၏ ရုပ်အလောင်းအား စစ်ဘက် ဆိုင်ရာ အဆောင်အယောင် အခမ်းအနားများနှင့် ပြင်ဆင်နေရာချထားပုံကို ကျွန်မ တစ်ခါမျှ မကြည့်မမြင်ဖူးပါ။ မာ့ခ်၏ ရုပ်သွင်က တကယ်ပင် ရင့်ကျက်ခံ့ညား၍ နေသည်။ ကျွန်မ ရင်ထဲတွင်ကား မာ့ခ်ရယ်… မင်းသာ စကားပြောနိုင်မယ်ဆိုရင် ဆစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပလတ်စတာတွေ အားလုံး ငါပေးပစ်လိုက်မှာပါ ဟူ၍သာ ပြောဆိုနေမိခဲ့သည်။

အဲသည်နေ့က ဘုရားရှိခိုးကျောင်းမှာ မာ့ခ်၏ သူငယ်ချင်းတွေ အပြည့်ရောက်ရှိနေသည်။ ချာလီ၏ ညီမ က တေးသီချင်းသီဆိုသည်။ သင်္ချိုင်းနေရာဘေးမှာ အနေရခက်လှသည့်အထဲ မိုးရွာချပြန်သည်။ ဘုန်းတော်ကြီးက ထုံးစံအတိုင်း ဆုတောင်းပတတနာပြုပြီးနောက် စစ်သည်တစ်ဦးက ခရာ မှုတ်သည်။

ထို့နောက် မာခ်ကို ချစ်ခင်ကြသူများ သူ့ခေါင်းတလား အနီးသို့ နောက်ဆုံး အကြိမ်အဖြစ် ချဉ်းကပ်ဖြတ်သန်းကြကာ သန့်ရှင်းသော ရေစင်တော် ဖျန်းပက်ကြသည်။

အားလုံးနောက်တွင်မှ ကျွန်မ မာခ်ရုပ်ကလာပ်ကို ကောင်းချီးမင်္ဂလာ ပေးသည်။ ခေါင်းတလားအနီး၊ ကျွန်မရပ်နေဆဲ စောစောခေါင်းထမ်းရာတွင် ပါဝင်သည့် စစ်သားလေး တစ်ယောက်အနားကပ်လာကာ ” မာ့ခ်ရဲ့ သင်္ချာဆရာမ လား ခင်ဗျာ.. ” ဟု မေးသည်။ ကျွန်မက ခေါင်းညိတ်ပြကာ ခေါင်းတလား ကိုပင် မမှိတ်မသုန် ကြည့်နေမိသည်။ ” ဆရာမ အကြောင်း သူ အမြဲပြော တယ် ” ဟု သူက ဆက်ပြောနေသည်။

ဈာပနအခမ်းအနားပြီးသည့်နောက် မာ့ခ် နှင့် တစ်တန်းတည်း တက်ခဲ့ သည့် သူငယ်ချင်း တစ်သိုက် ချာ လီ၏ လယ်တောအိမ်သို့ နေ့လယ်စာ စားရန် သွားရောက်ကြသည်။ အဲသည်မှာ မာ့ခ် ၏ အဖေ နှင့် အမေ လည်း ရောက်နေကြသည်။ ကျွန်မအား တွေ့ရန် စောင့်ဆိုင်းနေကြခြင်း ပင်။

”်ဆရာမကို ပြစရာ တစ်ခု ရှိတယ် “ မာ့ခ်၏ အဖေက ဆိုကာ သူ့ပိုက်ဆံ အိတ်ကို ထုတ်သည်။

” မာ့ခ် ကွယ်လွန်တဲ့အချိန် သူ့ကိုယ်ပေါ်မှာ ဟောဒီ ဟာလေး တွေ့ရတယ် လို့ ဆိုတယ်၊ ဆရာမ မှတ်မိလိမ့်မယ်လို့ ထင်ပါတယ် “

သူက ပိုက်ဆံ အိတ်ကို ဖွင့်ကာ နွမ်းကြေစုတ်ပြတ်နေပြီဖြစ်သည့် ဗလာစာရွက်စ နှစ်ခု ကို ဂရုတစိုက် ထုတ်ယူသည်။ စက္ကူစများက ဖြန့်လိုက်ခေါက်လိုက်ကာ တိပ်စများနှင့် ပင် အကြိမ်ကြိမ် ပြန်ကပ်ထားခဲ့ရပုံ ပေါ်နေသည်။

ကျွန်မ သေသေချာချာပင် ကြည့်စရာမလိုပါ။ အတန်းဖော်သူငယ်ချင်းများ ရေးသည့် မာ့ခ်အကြောင်း အကောင်းဆုံး မှတ်ချက်တွေကို စုစည်းပေးထားသည့် မှတ်တမ်းစာရွက်များ ဖြစ်ကြောင်း ကျွန်မ သိပါသည်။

” ဒီအတွက် ဆရာမကို အများကြီးကျေးဇူးတင်ပါတယ် ၊ ဆရာမမြင်တဲ့အတိုင်း သူက ဒီဟာလေးကို သိပ်တန်ဖိုးထားတာ ” မာ့ခ်၏ မိခင်က ဆိုရှာပါသည်။

မာ့ခ်၏ အတန်းဖော်တွေ ကျွန်မ တို့ အနီးသို့ ချဉ်းကပ်လာကြသည်။ ချပ်က ရှက်ပြုံးကလေး ပြုံးကာ ” ကျွန်တော်လည်း ကျွန်တော့်စာရွက်လေးကို သိမ်းထားပါတယ်၊ အိမ်က ကျွန်တော့စားပွဲ အပေါ်ဆုံး အံဆွဲထဲမှာ အမြဲရှိတယ် ”

” ချာလီကလဲ သူ့ စာရွက်ကလေး ကို ကျွန်မတို့ လက်ထပ်ပွဲ အယ်လ်ဘမ်ထဲမှာ ထည့်ထားခိုင်းတာ ” ချာလီ၏ ဇနီးက ၀င်ပြောသည်။

” ကျွန်မ မှာလဲ ရှိတယ်၊ ဒိုင်ယာရီထဲ ညှပ်သိမ်းထားတယ်” မာရီလင်က ဆိုသည်။

ထို့နောက် နောက်ထပ် အတန်းဖော် တစ်ဦးဖြစ်သူ ဗစ်ကီက လက်ပွေ့အိတ်ထဲမှ ပိုက်ဆံ အိတ်ကို နှိုက်ဖွင့်ပြီး သူ့စာရွက်ကြေကြေမွမွလေး ကို ထုတ်ပြသည်။ ” ကျွန်မကတော့ ဒါလေးကို အမြဲကိုယ်နဲ့မကွာ ဆောင်ထားတယ်၊ ကျန်တဲ့ သူငယ်ချင်း တွေအားလုံးလဲ သူတို့ စာရွက် တွေ ရိုရိုသေသေသိမ်းထားကြမှာပါ” ဟူ၍ သူက ဆိုသည်။

သည်ဟာတွေ ကြားရပြီသည့်နောက်တွင်တော့ ကျွန်မ လုံး ထိန်းထားနိုင်စွမ်း မရှိတော့ ပါ. အဲသည်နေရာမှာပင် ထိုင်ကာ ကျွန်မ ငိုချလိုက်မိပါသည်။ မာ့ခ်အတွက်ရော မာ့ခ်ကို နောက်ထပ် ဘယ်သောအခါမျှ တွေ့နိုင်ကြ မှာ မဟုတ်တော့သည့် သူ့ သူငယ်ချင်းများအတွက်ပါ ကျွန်မ ငိုလိုက်မိခြင်း ဖြစ်ပါသည်။

မူရင်း ။ ။ Helen P. Mrosla ၏ All The Good Things.

ဖေမြင့်၏

နှလုံးသား အာဟာရ စာအုပ်မှ…

စာရေးသူ...ကိုကိုးအိမ်

0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB