ဟေး မိုးတွေရွာပြီဗျို့ ... မန်းတလေးမြို့ကြီးမိုးရွာပြီဗျို့ .. အဟဲ ၀မ်းသာလွန်းလို့ အသိပေးလိုက်တာပါ.. ကိုကိုးအိမ်တို့ငယ်ငယ်တုန်းကဆို မိုးရွာပြီိဆို အလုအယက်နဲ့ ဘောလုံးဆွဲပြီး ဘောလုံးကွင်းထဲ ပြေးကြတော့တာကိုး။ သူငယ်ချင်းတွေကလည်း ညီပါ့ဗျာ ။ ဒီလိုမိုးဦးကျခါနီး သေအောင်ပူတဲ့အချိန်ဆို အချစ်ဆုံး သူငယ်ချင်းတွေက ဘယ်ပျောက်နေကြမှန်းမသိရ။ မိုးဦးလေးများ ကျပြီဆိုရင်ဖြင့် အလျှိုအလျှိုပေါ်လာ လိုက်ကြတဲ့ သကောင့်သားတွေက ဘောလုံးပိုက်လို့ပေါ့။ အဲဒီနောက် ရွာဦးကျောင်းကိုသွားပြီး ဘောလုံးကန်ကြ၊ မိုးရေတွေချောပြီးလဲကြနဲ့ အရမ်းပျော်စရာကောင်းခဲ့တဲ့ အချိန်တွေပေါ့။ ခုနေများအဲလို အချိန်မျိုးလေးတွေ ပြန်လိုချင်စမ်းပါဘိတော့.။ အင်း ... ဆော့ကြရင်းနဲ့လည်း နှမ၊ အမ ဆဲကြဆိုကြလည်း တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲဘာမှမရှိဘဲ နားလည်မှူ့တွေနဲ့ ငယ်ဘ၀ကို တည်ဆောက်ခဲ့ကြတာပေါ့လေ။.. မိုးရေထဲမှာ သီချင်းတွေအော်ဆိုကြ ၊ ပျော်ကြရွှင်ကြနဲ့ ခုလိုအချိန်မှာ အဲလိုဘ၀မျိုး ဘယ်ပြန်ရနိုင်တော့မလည်းလေ။ ကိုကိုးအိမ်တို့မှာ တစ်ရက်ပြီးတစ်ရက် အလုပ်တွေကြားမှာပဲ ခေါင်းမဖော်နိုင်ကြတော့တဲ့ ဘ၀ရောက်နေကြရပြီလေ။ သူငယ်ချင်းတွေဆိုတာလည်း ဆိုင်ရာဆိုင်ရာတွေမှာ သူတို့အလုပ်နဲ့ သူတို့ဆိုတော့ ဘယ်ပြန်တွေ့နိုင်မလည်းပေါ့..။ မနက်မိုးလင်းပြီဆိုတာနဲ့ အလုပ်၊ ကျောင်း၊ သင်တန်း နဲ့ အဆက်မပြတ်လည်ပတ်နေရတာ တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုယ်သနားမိပါရဲ့။ ငယ်တုန်းကလည်း ကျောင်းတက်ရ၊ စာကျက်ရလို့ အသက်မြန်မြန်ကြီးချင်၊ ခုလိုမွန်းကြပ်မှူ့တွေခံစားရပြန် တော့လည်း ပြန်ငယ်ချင်နဲ့ ကျွန်တော်စိတ်တွေဟာလည်း အရူးစိတ်လိုပါပဲလေ..။ ဒါနဲ့ ဒီနေ့ ငယ်သူငယ်ချင်းတစ်ယောက် အလည်ရောက်နေတာနဲ့လည်းကြုံ၊ မန်းတလေးမိုးကလည်း သဲကြီးမဲကြီးဆိုတော့ ငယ်မူငယ်သွေးတွေကြွလာကောဆိုပါတော့.။ ဘယ်ရမလည်း သူငယ်ချင်း နှစ်ယောက်ပေါင်းပြီး ဘောင်းဘီတိုလေးတွေဝတ် အဆောင်ကသူငယ်ချင်းတွေခေါ် ဘောလုံးကိုင်ပြီး မန်းတလေးတက္ကသိုလ်အနောက်ဘက် မှာရှိတဲ့ ဘောလုံးကွင်းကိုသွားပြီး ဘောလုံးကန်ကြတာပေါ့။ ချောလဲလို့လဲ၊ ၀မ်းလျားမှောက်ကျတဲ့သူကကျနဲ့ တကယ့် ပီဘိ ကလေးလေးတွေဘ၀ကိုပြန်ရောက်သွား သလိုပါပဲဗျာ..။ ဒီအချိန်မှာအလုပ်ဆိုတာလည်း ခေါင်းထဲမှာမရှိတော့၊ ရည်းစားထားဖို့လည်းစိတ်မကူးမိတော့ (အဟဲ..လူပျိုကြီးဆိုတော့ ရည်းစားထားဖို့ပဲ စိတ်ထဲရှိတာကို.. ပြောရတာလည်းရှက်ပါ့) မိုးရွာရင်မိုးရေချိုးမယ် သီချင်းကိုလည်း သူငယ်ချင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်ပြန်ပြောရင်း လည်း ညည်းမိပါ့.။ မန်းတလေးနေကလည်း ဒီနေ့နေ့လည်ထိက သေမလောက်ပူနေခဲ့တာဆိုတော့ ကိုကိုးအိမ်တို့မှာ လည်း ခုမှ အမေ့ဗိုက်ထဲက ထွက်လာတဲ့ကလေးတစ်ယောက်ရဲ့ လွတ်လပ်မှူ့မျိုးနဲ့ အပြတ်ကဲ့တော့တာကိုး။ ဒါတောင် မန်းတလေးမှာ ကျွဲဆည်ကန်ဟိုဘက် လုံးဝမိုးမရွာဘူးဆိုပဲ..။ တခြားရေရှားတဲ့ မြို့တွေလည်း မိုးမှရွာပါ့မလားလို့ တွေးပြီးစိတ်ပူမိသေးသဗျ..။ အင်း ပြောလက်စနဲ့ ကျွန်တော်ငယ်ငယ်က မိုးရာသီထဲမှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖောက်သည်ချရဦးမဗျ။ ကျွန်တော် အထက်တန်းကျောင်းသားဘ၀လောက် ကပေါ့။ အထက်တန်းတုန်းက မတ္တရာမှာ ကျောင်းနေခဲ့တာကိုး။ မိုးတွေအရမ်းရွာနေတဲ့ အချိန်မှာ ထီးလေးတစ်ချောင်းနဲ့ ကျွန်တော် ကျောင်းလစ်လာခဲ့တာပေါ့။ အဲဒီချိန်မှာပဲ ကောင်မလေးတစ်ယောက် အဖော်မပါ တစ်ကိုယ်တည်း လမ်းလျှောက်လာခဲ့ပါရော။ ဒီလိုနဲ့ ဘာရယ်မဟုတ် အမှတ်တမဲ့ကြည့်လိုက်မိတော့ ကောင်မလေးခမျာ အားငယ်နေပုံပေါက်ပါတယ်။ အကြည့်တွေကလည်း ကျီးကန်းတောင်းမှောက် ဖြစ်နေတယ်ဗျ။ ဒါနဲ့ကောင်မလေးကိုသွားမေး မိတာပေါ့။ အမိ တစ်ယောက်တည်းမို့ အားငယ်နေလား.. မောင်ကြီးလိုက်လျှောက်ပေးမယ်ပေါ့။ အဟဲ ဒီလိုလေးလည်း ပြောလိုက်ကော ကောင်မလေးက ကျွန်တော့်ကို အားနာတဲ့အကြည့်လေးနဲ့ နေပါစေတဲ့ ..မျက်လုံးလေးဝင့်လို့ပေါ့။ ဒါနဲ့ ကျွန်တော်ကလည်း စေတနာတွေပိုပြီး ရပါတယ် တစ်ကျောင်းတည်းသားတွေပဲ ကူညီရမှာပေါ့ဆိုပြီး အဟဲ..မှိုရတဲ့မျက်နှာနဲ့ ကောင်မလေးကို ကျောင်းထဲထိရောက်အောင် လိုက်ပို့ဖြစ်လိုက်ပါတယ်။ အဲဒီအကျိုး ဆက်ကတော့ နောက်တစ်နေ့မှာ သူငယ်ချင်းတွေက ကျွန်တော်တို့နှစ်ယောက်ကို တွဲစကြပါလေရော ။ ဒီကမောင်မှာလည်း မြူးလို့ပေါ့..။ အဲနောက်တစ်ရက်မှာပဲ သူငယ်ချင်းတစ်ယောက်က အဲဒီကောင်မလေးမှာ ရည်းစားရှိတယ်လည်း လာပြောလိုက်ကောဗျာ။ ဖုန်ကန်ရာဇီတောင်ကြီး ချက်ချင်းအရည်ပျော်ကျသွားသလို ရင်ထဲမှာ ဟာတာတာကြီးခံစားလိုက်ရတယ်ခင်ဗျ.. ။ ကိုကိုးအိမ်ရဲ့ မိုးရာသီချိန်ပါ ဇာတ်လမ်းလေးကတော့ အဲဒီလို...။ ဒါနဲ့ပဲ ကျွန်တော်လည်း တက္ကသိုလ်တက်တော့ ဘယ်ရမလည်း ရှိသမျှအချစ်တွေကို တက္ကသိုလ်မြေက ကျောင်းသူတွေကို မျှဝေပေးထားခဲ့တာပေါ့... ရုပ်ကလည်း လန်းတော့ သိတဲ့အတိုင်းပဲဗျို့.. ပြိုတိုင်းကြိုက်တဲ့ ငှက်ပျောခိုင်(အဲ.. ယောင်လို့ နှင်းဆီခိုင်) ကြီးဖြစ်ခဲ့တာပေါ့... ပြောရင်လည်းကြွားရာကျပါတယ်... ဒါနဲ့ မိုးရာသီရောက်ပြီဆိုရင် စိတ်က ယောက်ယက်တွေခတ်ပြီး ဟိုရောက်ဒီရောက်ပေါ့ဗျာ။ အင်း နေ့လည်ပိုင်းမိုးရွာပြီးတော့လည်း ခုနကသူငယ်ချင်းနဲ့ ဆိုင်ကယ်စီးပြီး မြို့ပတ်တာ မိုးနံ့လေးနဲ့ဆိုတော့ လေညှင်းခံလို့ကောင်းလိုက်တာဗျာ.. ဒါနဲ့ မနေနိုင်မထိုင်နိုင် ဘလော့ဂါဘော်ဘော်တို့ကို ပြောပြချင်နေတာနဲ့ ဒီပို့စ်လေးကိုလာရေးတာပါ.. အင်း.. စိတ်ထဲကလည်း သီချင်းလေးတစ်ပုဒ်ကိုညည်းနေမိပါရဲ့...။ မိုးရွာရင်မိုးရေချိုးမယ်၊
ဖေဖေလာရင်နို့စို့မယ်၊ မေမေလာရင်အုန်းသီးခွဲစားမယ်
အဲ..ယောင်လို့ဗျို့...။ မေမေလာရင်နို့စို့မယ်၊ ဖေဖေလာရင်အုန်းသီးခွဲစားမယ် (အဟီး..ဖေဖေက နို့စို့လို့ဘယ်ရမလည်းနော့)ကမ္ဘာပေါ်မှာရှိရှိသမျှ ဝေနေယျာ အားလုံး ချမ်းသာခြင်းသုခနဲ့ ပြည့်စုံနိုင်ကြပါစေ
စာရေးသူ...ကိုကိုးအိမ်(၁၆.၅.၂၀၁၀)ည ကိုးနာရီ သုံးဆယ်မိနစ်

10 ယောက်ကစာမူခပေးသွားပါတယ်:
မန်းတလေးမြို့ကြီးမိုးရွာပြီဗျို့
မိုးရွာတာကတစ်ကြောင်း...ထဲ..
အဟဲ..အဲလိုတော့ ဟုတ်ပါဘူး ကြုံတုန်းကြွားတာ ကြုံကြွားလေးပါခင်ဗျာ
ကိုကိုးအိမ်
တကယ်ရွာပြီပေါ့
ဝမ်းသာလိုက်တာ
ကျန်တဲ့မြို့ရွာတွေလဲ ရွာပါစေ..
ကြားပါ့ဗျာ နေ့လည်ကချက်တင်ဝင်တုန်း
မန်းတလေးမိုးရွာသတဲ့ ဒီကလဲပြန်ပြောလိုက်
ပါတယ် အ၀ီစိငရဲကို တေမိမင်းလာသလိုနေ
မှာပေါ့လို့ ဘာလဲတဲ့ အော်ငရဲသားတွေငရဲခံနေရတဲ့
အချိန်မှာ တေမိမင်းက အဲကိုလာတရားဟောတော့
ငရဲသားတွေ ခံနေရတဲ့ဝတ်တွေခဏကျွတ်လွတ်ကြတယ်
တဲ့ စာထဲမှာ စာထဲမှာ တေမိမင်းလဲပြန်သွားရော ပုံမှန်ဘဲ
တဲ့ တဲ့တဲ့တဲ့
သတင်းကောင်းလေး မျှဝေထားတဲ့အတွက် ကျေးဇူးပါ မောင်လေး ကိုကိုးအိမ်...
ကဲ..မပြောဘူးလား။ မိုးရွာတော့မယ်လို့။
အခုလိုသတင်းပေးတာကျေးဇူးပါ..။ မြန်မာတနိုင်ငံလုံး
မိုးတွေရွာပြီး ရေရှားပါးမှုကနေအမြန်ဆုံးလွတ်ကင်းနိုင်
ပါစေလို့...။
ခင်တဲ့
သဒ္ဓါ
ဒီနေ့ ရန်ကုန်မှာလဲ မိုးရွာပါတယ်နော်...
မှော်ဘီ မှာဆို လေတိုက်တာ တအားပဲ...
ပျော်လိုက်တာ နော် ... တခါမှ အဲလိုပျော်ဖူးဘူး... ကိုကိုးရေ..
ဟင်း သူ့မိုးကဖြင့် သိကြားမင်း ရူးပေါက်တာလား မသိဘူး နဲနဲလေး
အခုလည်း ရွာနေပြန်ပြီ နော် မိုးမင်းကြီး ရေ များများ ရွာစမ်းပါ တတိုင်းပြည်လုံးအေးသွားအောင်
ကိုးကိုးအိမ်လေး လည်း ရီးစားမြန်မြန် ရအောင်
မြန်မာပြည် မှာ မိုးတွေ မှန်၊ ရေတွေမှန် ၊ မီးတွေ မှန်ကြပါစေ .. လူတွေလည်း မှန်ကြပါစေ .. ( ဂဲ လုံး နဲ့  ကျည်ဆံမှ လွဲ၍ ..) လူမှန် နေရာမှန် ကို ဆိုလိုတာပါ ..
Post a Comment