ချစ်ကိုကြီးသို့အလွမ်းပြေ

|




ကဲ...ဘော်ဒါကြိးတို့ရေ ဒီတစ်ခါတော့ ကိုကိုးအိမ်ရဲ့ အချစ်ဆုံးကိုကိုကြီးဖြစ်တဲ့ အကိုကြီး နေဇော်လင်း ရဲ့ ကဗျာ လေးတစ်ပုဒ်ကို ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာ။ အခုဆိုရင်တော့အကိုကြီးကညီတွေနဲ့ခွဲပြီး မလေးမြေ မှာပျော်နေသူတစ်ယောက်ဖြစ်ပါတယ်။ ကိုကြီးကိုသတိရသောအားဖြင့် ကိုကြီးရေးခဲ့သူငယ်ချင်းများသို့ ဆိုတဲ့ ကဗျာလေးကို အလွမ်းပြေ မျှဝေလိုက်ပါတယ်ခင်ဗျာ။...။

အရမ်းဝေးကွာပြီး
တွေ့ဆုံနိုင်ဖို့
ခက်ခဲ့တဲ့ကြားကနေ
ငါတို့ဆုံဖြစ်ကြတယ်။

တွေ့ရဆုံရ
ခဏလေးမှာ
တစ်ယောက်ကိုတစ်ယောက်
ခင်မင်မှု

နားလည်မှု
ယုံကြည်မှုတွေ
များစွာနဲ့
ဘဝကိုဖြတ်သန်းခဲ့တယ်။
လိုအပ်တာလေးတွေ
ကူညီမျှဝေရင်း
အဖြူရောင် သံယောဇဉ်လေးနဲ့
ငါတို့ရိုးသားစွာ ခင်မင်ခဲ့ကြတယ်။
ရခဲ့လှတဲ့ လူ့ဘဝလေးမှာ
တစ်ယောက်အပေါ်တစ်ယောက်
ကူညီပေးနေကြမယ်ဆိုရင်
လောကကြီးဟာ အမြဲလှပနေမယ်လို့
ငါ ယုံကြည်ပါတယ် သူငယ်ချင်း

မင်းရော ငါရော
ငါတို့တတ်နိုင်သလောက်
ကူညီရင်း တွဲလက်များအတူတူနဲ့
ထာဝရ ဆက်ခင်ကြရအောင်
သူငယ်ချင်းရေ ..........
နေဇော်လင်း

ငါတို့ရန်ဖြစ်ခဲ့ကြ ငါတို့ပြန်ချစ်ခဲ့ကြ ဘ၀ရထားသွားနေလည်း သူငယ်ချင်းတွေကအစဉ်အမြဲ...

မျှဝေသူ...ကိုကိုးအိမ်

ကဆုန်ရာသီ ဗောဓိမှီ

|




အင်း တန်ခူးပြီးတော့ ကဆုန်လကိုရောက်ပြန်ပေါ့... အဲဒီကဆုန်လမှာပဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအ တွက်အထွဋ်အမြတ်ထားစရာ ကဆုန်ညောင်ရေသွန်းပွဲကြီးပါလာပြန်တာပေါ့ဗျာ.. ကဆုန်လက ပူသကိုးဗျ.. တန်ခူးရေကုန် ကဆုန်ရေခန်းလို့ စာဆိုရှိခဲ့ပေသပေါ့။ ကဆုန်ညောင်ရေသွန်းပွဲဆိုတာက ဘာသာရေးပွဲတော် တစ်ခုဖြစ်ပါတယ်.။ ကဆုန်ညောင်ရေသွန်းပွဲမှာဆိုရင် ဗုဒ္ဓပွင့်ထွန်းတော်မူရာ ညောင်ဗုဒ္ဓဟေပင်ကို  ညောင်ရေ သွန်းလောင်းပူဇော်ကြပြန်သပေါ့...။  သွန်းလောင်းပူဇော်တဲ့အခါမှာ ရေလေးတွေထည့်ပြီးညောင်ပင်ကိုလောင်း တဲ့ရေအိုးလေးတွေကိုတော့ ညောင်ရေအိုးတဲ့ဗျ..။ ကိုကိုးအိမ်တို့ မြန်မာအခေါ်အဝေါ်ပေါ့လေ..။




တကယ်တော့ ကဆုန်လဆိုတာ ဗုဒ္ဓရှင်ပင်လောင်းလျာ သိဒ္ဓတ္ထမင်းသားလေး ဖွားမြင်တော်မူရာ နေ့ထူးနေ့ မြတ်ဖြစ်ပါတယ်..သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင်အဖြစ် သစ္စာလေးပါးမြတ်တရားကိုသိမြင်တော်မူတဲ့ ဘုရားရှင် အဖြစ်ရောက်တာလည်း ကဆုန်လပြည့်နေ့ပါပဲ။ လေးဆယ့်ငါးဝါပတ်လုံးမရပ်မနားအများအကျိုးဆောင်ခဲ့ပြီး ပရိနိဗ္ဗာန ပြုခဲ့တာလည်း ကဆုန်လပြည့်နေ့ပါပဲ။ ကျွန်တော်တို့ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ ကဆုန်လပြည့် ပူးမင်းနေ့ဝယ် ချမ်းမြေ့စုံစီ လုမ္မနီတွင် မဟီလှိုက်ဆူဖွားတော်မူသည် နတ်လူအောင်မြို့ကိန်းပါကိုဆိုတာမျိုး အစရှိသဖြင့် အဌကထာဆရာများရေးသားခဲ့ပါတယ်..။ အဲဒီတော့ လူအတော်များများက ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုပြီး ဆိုစမှတ်ပြုခဲ့ကြပါရော..။
ကိုကိုးအိမ်တို့နေထိုင်ရာ မန်းတလေးရွှေမြို့တော်ကြီးမှာလည်း ကဆုန်လပြည့်နေ့ကိုရောက်ပြီဆိုရင်ဖြင့် ၆၉လမ်းပေါ်မှာရှိတဲ့ ဗောဓိကုန်းဘုရား၊ မန်းတလေးတက္ကသီလာအနီးမှာရှိတဲ့ (အတိအကျပြောရရင် ဘလော့ဂါ ဆရာမကြီး ရွှေစင်ဦး တို့နေထိုင်ရာအိမ်အနီးပေါ့လေ..) ဗောဓိပင်ဘုရားတို့ဆိုတာ တိုးမပေါက်အောင်စည်တာ ကိုးခင်ဗျ..ဒီတော့ ကိုကိုးအိမ်ကလည်း ဘုရားတွေကိုဝေးဝေးလံလံသွားနေရမှာ ဆိုတော့ (အမှန်က နီးလွန်းလို့ပြောတာပါ ..နီးလိုက်တာမှ အိမ်ကထွက်လိုက်တာနဲ့ ရောက်ကော..အဟီး) ပဲခူးဆားသိက္ခာတက်အောင် မဖြစ်မနေသွားရောက်ဖူးမျှော်ခဲ့ပါတယ်.. ဗောဓိကုန်းဘုရားက ငုဝါပင်ဆိုရင်လည်း အပင်လုံးညွှတ်နေအောင် ၀ါထိန်နေလိုက်တာ ကိုကိုးအိမ်တောင် မယုံသင်္ကာနဲ့ ပန်းတွေချိတ်ထားတာလားလို့ မေးမိရအောင်ပါပဲ.. အော် ဘုရားတန်ခိုးပေကိုး.. 
ကဲကိုကိုးကတော့ ကဆုန်လပြည့်ကိုဖြတ်သန်းပုံလေးရေးပြပြီးပါပြီ.. ဘော်ဒါတို့လည်းကဆုန်လပြည့်နေ့ကို ဘယ်လိုဖြတ်သန်းခဲ့ကြတယ်ဆိုတာ ပြောသွားခဲ့ကြပါဦးနော်...


လေးစားလျှက်
စာရေးသူ...ကိုကိုးအိမ် (၁၃၇၂ ကဆုန်လပြည့်နေ့ည ၉နာရီ)

 

ချစ်စဖွယ်ကြောင်လေးများ

|

အလုပ်မရှိကြောင်သန်းရှာတာတော့မဟုတ်ဘူးပေါ့ဗျာ။ တစ်ခါတစ်လေတော့လည်း ပေါ့ပေါ့ပါးပါးနဲ့ ချစ်စဖွယ် ကြောင်ကလေးများကိုကြည့်ရင်းအပန်းဖြေလို့ရအောင်ပါ။ ကဲ ဒီကောင်လေးတွေဘယ်လောက်နေတတ် ထိုင်တတ်လိုက်လည်းဆိုတာကြည့်ကြည့်ရအောင်ပါ။ စိတ်ဝင်စားရင် အိမ်ကကြောင်လေးတွေကိုလည်း ဒီလိုမျိုးလေးတွေနေတတ်စေဖို့သင်ကြားပေးလို့ရပါတယ်ဗျာ။

ကျွန်တော်တို့လိုလက်ထပ်ချင်နေပြီလားဗျ























မခွဲထာဝစဉ်ချစ်သွားကြမယ်လေ







ဂရင်းနစ်မှာ ငါ့ကို အသေးဆုံးစံချိန်တင်အောင်သွားပြောရမယ်

တစ်မိုးတည်းအောက် တစ်အိပ်ယာတည်းမှာအတူအိပ်ရတာပျော်စရာ

နင်ငါ့ကိုရန်လာမစနဲ့နော် နင်လိုကောင်ကများ
















အပန်းဖြေနိုင်ကြပါစေဗျာ...

ခံစားတင်ပြသူ...ကိုကိုးအိမ်

မုန်တိုင်းကြေငြာချက်

|

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နိုင် 

မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ဧပြီလအတွက် တတိယ(၁၀)ရက်ပတ် မိုးလေ၀သခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်းတိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

၂၀၁၀ခုနှစ် ဧပြီလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုးအခြေအနေ

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ၃ရက်မှ ၅ရက်ခန့်နှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ၂ရက်ခန့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

နေ့အပူချိန်

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက်ပိုပြီး ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိမည်။

မြစ်ရေအခြေအနေ

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ကသာမြို့တို့တွင် (၄)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့တွင် (၃)ပေခန့်နှင့် ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ဟင်္သာတမြို့နှင့် ပြည်မြို့တို့တွင် (၂)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် (၂)ပေခွဲခန့် မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် (၁)ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


မျှဝေသူ...ကိုကိုးအိမ်

 


ကိုးကွယ်ခြင်းနှင့် ကျင့်သုံးခြင်း

|


ဇာတံ သရဏတော ဘယံ၊ ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည်ဟူသော ဗုဒ္ဒစကားတော်အရ သတ္တ၀ါများစွာတို့ သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာရောက်ခဲ့ကြသည်၊ ရောက်နေကြသည်၊ ရောက်ကြလိမ့်ဦးမည်။    

  သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာအဖြာဖြာကို လိုလားတော့တာသောကြောင့်လည်း ကိုးကွယ်ရာရှာ ကြသည်။ ဘေးအန္တရာယ်တစ်ခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာရှာကြသည်။

ကိုးကွယ်ရာရသောအခါ ထို ကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးတို့ကို ပေးလိမ့်မည်ဟူ၍လည်းကောင်း၊ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်းကောင်း ယုံကြည်သည်။

သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက်ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီးမစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည်ဖြစ်သည်။

ဒီဘက်ကမ်းမှ မြစ်ကိုဖြတ်၍ ဟိုဘက်ကမ်းသို့သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန်ကူးရမည်သာဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်းမရောက်ပေ။ 

ရောဂါအနာစွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါမပျောက်ပေ။ ဆရာဝန်ညွှန်ပြသည့်ဆေးကို သောက်ရမည်သာဖြစ်သည်။ ဆရာဝန်တားမြစ်သည်ကို လိုက်နာရမည်သာဖြစ်၏။ သို့မှ အနာရောဂါပျောက် ပေမည်။ 

သစ်သီးစားချင်လျှက် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်ကို ရှိခိုးနေသလို ဟိုဘက်ကမ်းသွားချင်လျှက် လှေရှာ၍မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို အနာရောဂါပျောက်လိုလျှက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့ သည် ကိုးကွယ်ရာအမှန်ကို မရကြသည့်အတွက် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြပေသည်။

သီတဂူဆရာတော်၏ ဗုဒ္ဒနှင့် ဗုဒ္ဒ၀ါဒ မှ ကောက်နှုတ်ချက်


ပြန်လည်မျှဝေသူ...ကိုကိုးအိမ်




ကမ္ဘာ့အံ့ဖွယ်ဘုရားရှင်၏ရုပ်ပွားဆင်းတုတော်ကြီးများ

|


ဒီဘုရားဆင်းတုတော်တွေကတော့ ယိုးဒယားနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အံ့ဖွယ် ဆင်းတုတော်ကြီးတွေပဲဖြစ်ပါတယ်။
ယိုးဒယားနိုင်ငံဟာလည်း ဗုဒ္ဓသာသနာတော်ထွန်းကားရာနိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ယိုးဒယားလူမျိုးတွေ ဟာသာသနာအပေါ်မှာသက်ဝင်ယုံကြည်ကြလွန်းလို့ ဆင်းတုတော်တွေကို ဥာဏ်တော်အမြင့်ကြီးတွေနဲ့ ထုလုပ်ကိုးကွယ်ခဲ့ကြပါတယ်။..။ ဒီဆင်းတုတော်ပုံတွေကိုတော့ စာရှု့သူတို့ သာဓုခေါ်နိုင်စေရန် ရည်သန်သမှူ့ အာရုံပြု၍ ဖော်ပြလိုက်ရခြင်းပင်ဖြစ်ပါတယ်။



ဒီဆင်းတုတော်ကြီးဟာဆိုရင် ဥာဏ်တော် ပေနှစ်ရာအထက်အမြင့်မှာရှိပါတယ်ခင်ဗျာ....




ဒီပုံကတော့ အဝေးမှလှမ်းပြီးဖူးမျှော်ရပုံဖြစ်ပါတယ်။....။








စာရေးသူ....ကိုကိုးအိမ်

မုံရွာသင်္ကြန်အတာကူး ကိုကိုးအိမ်ရဲ့ပျော်စရာတန်ခူး

|

ကဲ...သူများတွေတော့လည်း ပျော်စရာသင်္ကြန်အတွေ့အကြုံတွေကိုပြောပြကုန်ကြတာတွေ့နေရတော့ ကိုကိုးလည်း  ၂၀၁၀မုံရွာသင်္ကြန်ကို အားရ၀မ်းသာပြောပြရတော့တာပေါ့ခင်ဗျာ။
ကိုဇော်သိင်္ခ ကလည်း မန်းတလေးသင်္ကြန်အကြောင်းအားရပါးရပြောပြ။ သက်တန့်ချို ကလည်း ရန်ကုန်သင်္ကြန်ကိုရှယ်ကဲဆိုတော့ ကိုကိုးလည်း မုံရွာသင်္ကြန်အကြောင်းကြွားရတော့တာပေါ့.. အဟဲ
ကိုကိုးတို့ကတော့ ဘယ်လောက်တက်ကြွပြီးတော့ ကြွတက်နေလည်းဆိုတော့ သင်္ကြန်က 13ရက်နေ့ကျမှာကို 12 ရက်နေ့ကတည်းက (မဟာနွယ်) မန်းတလေး၊မုံရွာ အမြန်ယဉ်စီးပြီးတော့ကို သွားတော့သကိုးဗျ။ ကဲဒီလိုနဲ့ သင်္ကြန်အကြိုနေ့ရောက်ကောဆိုပါတော့ဗျာ..

သင်္ကြန်အကြိုနေ့ 
ကဲဒီနေ့တော့ အားရပါးရကိုလည်လိုက်မဟဲ့လို့အားခဲ့လိုက်ကာ ကောင်းကောင်းမွန်မွန်ဝတ်စားပြီးသွားဖို့ တာစူနေတော့တာပေါ့ဗျာ... အဲ..အဲဒီမှာစတွေ့တာပါပဲဗျာ..ကိုကိုးရဲကအဒေါ်တစ်ယောက်က တရားစခန်းဖွင့် ထားတာ ဒီအကြိုနေ့လေးတော့ လာပြီးစခန်းဝင်ပါဦးဆိုပြီးလာခေါ်လို့ ဟောဒီကကောင်ခမျာမှာလေ... အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုမျှော်ပြီး အကြိုတရားစခန်းဝင်လိုက်ရပါလေကောခင်ဗျာ... အင်း တရားစခန်းရောက်တော့လည်း အဟီး စခန်းကကျွေးတာတွေနင်းကန်စားပြီး တရားထိုင်တာလေ တရားဟော နေတုန်းတော့အကောင်း ထိုင်တရားလည်းရောက်ပီဆိုကော တစ်နာရီလုံးလုံး ဘုရားကိုထိုင်ထိုင် ဦးချတော့တာပါပဲ( အဟဲ အိပ်ငိုက်တယ်လို့မပြောနဲ့နော် သူများမြင်ရင်အထင်ကြိးအောင်...အဟီး) စိတ်က လေ ဘယ်လိုမှကိုထိန်းလို့မရတော့ ညနေစာလွတ် ဘုရားကိုရိုသေလိုက်ပါလေရော... ဒီလိုနဲ့
သင်္ကြန်အကျနေ့
အကျနေ့ရောက်ကောဆိုပါတော့ အဟဲ ဘလော့ဂါမောင်မိုး အညွန်းအတိုင်း ဒေါနခြံကို ရောက်ကောဆိုပါတော့ဗျာ။ ဒေါနခြံနားက ရေစဉ်ကြီးတ၀ိုက်ကကောင်မလေးတွေချောချက်တော့ဗျာ ကိုကိုမောရမဲ့ကိန်းဆိုက်ပါလေကော။ ဒီလိုနဲ့မောင်ကြီးမပြန်နိုင်ဖြစ်ကာ အကျနေ့မှာတော့ရေစဉ်ကြီးမှာပဲ လမ်းဆုံးကောခင်ဗျ။ အဲညကျတော့မှ မဏ္ဍပ်တွေလိုက်လျှောက်ကြည့်တော့တာကိုခင်ဗျ။ ဗိုလ်ချုပ်လမ်းပေါ် က ဗဟိုမဏ္ဍပ်က အတော်စည်သကိုး။ ကောင်မလေးတွေချောချက်ကတော့ဗျာ ကလိုက်ကြတာကလည်း နတ်သမီးလေးတွေလိုပဲ(ဟွန်း..သီချင်းဆိုတဲ့ကောင်ကြီးကတော့ ကျုပ်တို့မှာကြည့်လို့ကိုမရပေါင်ဗျာ) အဟဲ နောက်တော့ ရေခဲတောင်မှာ အအေးသောက်မယ်ဆိုသွားတော့ ကိုကိုရေခဲတောင်ဆိုင်ကပိတ်ထားပါ လေကောခင်ဗျာ။ ဒါနဲ့ ကျွန်တော်တို့မှာ ကြံရည်နဲ့ပဲညားခဲ့ကောခင်ဗျာ။ ဒီလိုနဲ့.........

သင်္ကြန်အကြတ်နေ့ 

ဒီနေ့တော့ပျော်စရာကောင်းတယ်ဆိုရမလားဘဲ။ တစ်မြို့လုံးကို ကားငှားပြီးပတ်တော့တာပဲဗျို့ ..အိုးလှလိုက်တဲ့ အနောက်မြောက်တိုင်းမြို့တော်သူလေးတွေ.. အညာမြေက ထွေးမြ ကိုတောင်မေ့ချင်ချင်.. အဟီး...ကျွန်တော်တို့မှာ နာရီစင်ကြီးရှေ့က Golden Arrow မဏ္ဍပ်ရှေ့မှာ ကဲတော့တာပေါ့ဗျာ... အဟဲ သီချင်းလေးကတော့ ပရိတ်သတ်ကြီးများသိကြတဲ့အတိုင်း အေသင်ချိုဆွေ ရဲ့ တင်းတယ်ပေါ့ဗျာ။ ဒီလိုနဲ့ အဲဒီ နေ့က တစ်မြို့လုံးပတ်ရုံတင်မက ချင်းတွင်းမြစ်ဘေးသွားပြီး ရှူ့ခင်းတွေတ၀ကြီးကြည့်ပြီး ဆုတောင်းပြည့်ဘုရားဘက်ကနေ ပတ်လာခဲ့ရောပေါ့ခင်ဗျာ ...အဲ ညပိုင်းကျတော့လည်း မဏ္ဍပ်တွေသွားကြည့်သေးခင်ဗျာ.. မုံရွာမှာလည်း မန်းတလေးလို ငှက်ကြီးတွေခေါင်းတပ်ထားတဲ့ သင်္ကြန်ကားတွေလည်း အပေါသားဗျ.. နွေကြိုငှက်တို့ မုံရွာရွှေမြေတို့ဆိုတာတော့ နာမည်ကြီးတွေပေါ့ဗျာ။ မဏ္ဍပ်တွေမှာလိုက်ပြိုင်ပြီး မြို့ပတ်တာကလည်း ကြည့်လို့ကောင်းလိုက်ပုံတော့ ပြော..ပြောချင်ပေါင်ဗျာ...ဒီလို နဲ့..............

အတက်နေ့

အတက်နေ့ရောက်ကောဆိုပါတော့...အင်းဒီနေ့တော့ မုံရွာမြို့တွင်းကဘုရားတွေကုန်အောင်ဖူးလိုက်မဟဲလို့ အားခဲကာ မနက်မိုးလင်းတာနဲ့ဘုရားဖူးဖို့တာစူတာပေါ...သင်္ကြန်မိုးကလည်းဒီနေ့မှကောင်လိုက်ချက်...တ၀ုန်း ၀ုန်းကိုနေလို့ဗျို့.။ဒါနဲ့ အဲဒီနေ့က မုံရွာ ရွှေစည်းခုံ၊ ဆုတောင်းပြည့် စတဲ့ ဘုရားတွေနဲ့တကွတခြားဘုရာတွေ လည်းအစုံဖူးဖြစ်ခဲ့တာပေါ့ဗျာ...ကုသိုလ်နည်းနည်းလေးပြုဖြစ်ပုံလေးပါ (အဟီး)... ဒီလိုနဲ့ညပိုင်းကျတော့ ဆုပေးပွဲတွေလိုက်ကြည့်ဖြစ်တယ်ဗျ...အင်းသင်္ကြန်နောက်ဆုံးနေ့လေးဆိုတော့လည်း နှမြောမိသေးဗျာ.... ဒီလိုနဲ့..................

နှစ်ဆန်းတစ်ရက်နေ့

နှစ်ဆန်းတစ်ရက်နေ့ရောက်ပြန်ကော....ဒါနဲ့ အ၀တ်သစ်လေးဝတ်ပြီး အင်း....ဒီနေ့တော့ မုံရွာပတ်ပတ်လည် က တန်ခိုးကြီးဘုရားစုံဖူးလိုက်မဟဲလို့အားခဲပြီး ကိုကိုးမိသားစုတွေနဲ့ ကားတစ်စီးငှားပြီးမိုးညှင်းသံဗုဒ္ဒေဘုရားကိုသွားဖူးကြပါလေရော..အိုးဘုရားတိုင်းပြည်ကြီးတစ်ခုကို ရောက်သွားသလိုပါပဲဗျာ..
ဒီလိုနဲ့မိုးညျင်းဆရာတော်ကြိးကို သတိတရနဲ့စိုးစန္ဒာထွန်းရဲ့ သံဗုဒ္ဒေသီချင်းကိုတောင် ညည်းဖြစ်လိုက်မိသေး. ဒီလိုနဲ့ ဗောဓိတစ်ထောင်ဘက်ကို ဘုရားဖူးဆက်လက်ချီတက်ခဲ့ပါလေရောဗျ...အိုး........ဗောဓိတစ်ထောင်မှာ လည်း ရွှေသာလျောင်း အောင်စင်္ကြာစေတီအပြင် ကမ္ဘာ့အံ့ဘွယ် လေးကျွန်းစင်္ကြာရပ်တော်မူဘုရားကြီးကို ဖူးလိုက်ရတော့ စိတ်ထဲမှာ အရာရာပြီးပြည့်စုံသွားသလိုခံစားလိုက်ရပါတယ်ဗျာ...အော် ဘုရားတန်ခိုးပေကိုး။ စိတ်ထဲမှာ ငြိမ်းချမ်းလိုက်ပုံများတော့ဗျာ... ဘုရားကြီးက ဥာဏ်တော် ပေ ၄၂၄ပေ အမြင့်ရှိပြီး အထပ် ၃၃ထပ် ပါတယ်ဗျ... တစ်ထပ်စီ တစ်ထပ်စီမှာ ၃၁ဘုံရဲ့ တစ်ထပ်ချင်းစီကို ပြထားတာများ ငရဲဘုံတွေကြည့်ပြီး ကိုကိုးအိမ်ခမျာ ကြက်သီးတောင်ထမိသေး... ရှေ့နေတွေ အတွက်ပြထားတဲ့ငရဲအထပ်များတော့လေ ငါးမျှား ချိတ်ကြီးတွေပါးစပ်မှာချိတ်ပြီး(အမလေးပြောရင်းတောင်ကြက်သီးထတယ်ဗျ) ငရဲသားတွေလုပ်နေလိုက်တာ များ ရှေ့နေလုပ်ချင်စိတ်တောင်ပျောက်တယ်ဗျ... ဗုဒ္ဒဘာသာတိုင်း အဲဒီ လေးကျွန်းစင်္ကြာရပ်တော်မူဘုရား ကြီးကိုသွားဖူးသင့်တယ်ဗျ။...။ ဒီလိုနဲ့ ကျောက္ကာရွှေဂူနီ၊ ရွှေဂူဖြူဘုရားကြီးကိုရောက်ခဲ့ပါကောဗျာ.။ အိုး..ရွှေဂူနီ ဘုရားကြိးများတော့ဗျာ ရွှေတွေချထားလိုက်ကြတာ ရွှေတွေအိပြီး ရွှေတုံးကြိးကိုဖြစ်လို့ဗျာ.. ကိုကိုးအိမ်တို့ တောင် ရွှေသင်္ကန်းဝင်ကပ်ခဲ့သေး(ဘုရားသမိုင်းခွေတွေလည်းပူဇော်ခဲ့ပါရဲ့)  ဒါနဲ့ ရွှေဂူဖြူကိုဆက်သွားရောဆို ပါတော့ဗျာ။...။ ရွှေဂူဖြူ၊ရွှေဂူနီကို ဗောဓိတစ်ထောင်ကနေ့သွားတဲ့ ဖြတ်လမ်းကလည်း ဆိုးလိုက်တာမပြော မပြောပါနဲ့အေး ဆိုတဲ့ သီချင်းထဲကအတိုင်းပြောရမလိုပင်။ သမိုင်းဝင်ဘုရားတွေကိုလိုက်ဖူးလိုက်ပြီး ဘုရားရိပ် တရားရိပ်မှာခိုလှုံလိုက်ရတော့ စိတ်ထဲလုံခြုံသွားသလိုပဲဗျာ...ဒီလိုနဲ့ ၂၀၁၀နှစ်ဆန်းတစ်ရက်နေ့ကို ဘုရားရိပ်မှာခိုလှုံခဲ့ပြီး နှစ်ဆန်းနှစ်ရက်နေ့မှာ ရွှေမန်းဌာနေမောင်တို့မြေကို သန်မြန်သူ အမြန်ယာဉ်စီးပြီး ပြည်တော်ဝင်ခဲ့ပါကြောင်း ပျော်စရာသင်္ကြန်ရက်များကို ပြန်လည်ဖောက်သည်ချလိုက်ရပါသည်ခင်ဗျား။....။

စာရေးသူ...ကိုကိုးအိမ်

မြတ်ဓမ္မ

|



မြတ်ဗုဒ္ဒ၏ဓမ္မကို ကမ္ဘာ့ပညာရှင်အများစုက Religion ဟူ၍လည်းကောင်း၊ Philosophy ဟူ၍လည်းကောင်း၊ Ethic ဟူ၍လည်းကောင်း၊အမျိုးမျိုးယူဆပြောဆိုကြသည်၊ တကယ်စင်စစ်ဓမ္မသည် Religion တော့မဟုတ်ပေ၊ Philosophy, Psychology သဘောတရားများပါဝင်နေပေသည်။ သို့သော် အတွေးအခေါ်ပညာ၊ စိတ်ပညာသက် သက်မဟုတ်ပေ၊ ဘုရားရှင်၏ဓမ္မတွင် အတွေးအခေါ်ပညာ၊ စိတ်ပညာတို့ပါဝင်သည်မှန်၏။ ထိုပညာရပ်ဖြင့် လမ်းဆုံးနေသည်မဟုတ်၊ မြတ်ဘုရားရှင်သည် သူ၏ ၄၅နှစ်ဘ၀ခရီးတွင် ဟောပြောခဲ့သမျှ စိတ်၊ စေတသိက်၊ ရုပ်တို့နှင့်ဆိုင်သော အတွေးအခေါ်များ၊ စိတ်ကိုယဉ်ကျေးအောင် ဆုံးမသောနည်းများ၊ လူ့ ဘ၀ ဖွဲ့စည်းတည်ဆောက်ပုံ သဘောတရားများ လူ့သဘာဝအသီးသီး လူတန်းစား အထွေထွေတို့အတွက် စောင့်ရှောက်ရမည့်အကျင့်သီလများ လူမှူ့ရေးရာ၊ မင်းရေးမင်းရာ၊ တိုင်းရေးပြည်ရာ၊ စသည်ဖြင့် လူ့စရိုက်၊ လူ့အကြိုက်အမျိုးမျိုး အဖုံဖုံတို့အကြောင်းအစုံအလင်ဟောသည်ဖြစ်ရာ နွေရာသီဦး တန်ခူးကာလ အဖူးအပွင့်အသီးအရွက်မျိုးစုံတို့ဖြင့် ကုံလုံကြွယ်ဝလှပနေသည့် တောအုပ်ကြီးနှင့်တူပေသည်။
  ဓမ္မ၏အပြီးသတ် ရည်မှန်းချက်မှာ သစ္စာတရားကို ရှာဖွေခြင်းဖြစ်၏။ သစ္စာကိုတွေ့လျှင် သတ္တ၀ါတို့၏ဘ၀ခရီး ပြီးဆုံးလေသည်။ သန္တိကိုတွေ့လျှင် ဘ၀မီးတောက်ကြီးငြိမ်းပေသည်။ ထိုသစ္စာကိုရှာရာ တွင် အတွေးဖြင့်ရှာဖွေ၍မရ၊ အကြံဖြင့်လည်း သစ္စာကိုမဖော်ထုတ်နိုင်၊ စိတ်ကျင့်ခန်းတခုတည်းဖြင့်လည်းမရ၊ Ethic ဟူသော သီလမျှဖြင့်လည်း သစ္စာနှင့်သန္တိသို့ မထိရောက်ပေ။ Ethic သည် ကိုယ်နှုတ်ကိုယဉ်ကျေးစေ၏၊ Psychology သည် စိတ်ကိုယဉ်ကျေးစေ၏။ Philosophy သည် အတွေးနယ်ချဲ့၍အသိဥာဏ် ဗဟုသုတကို တိုးပွားစေ၏။ မြတ်ဘုရားရှင်၏ ဓမ္မတွင် ကိုယ်နှုတ်ကိုထိန်းသော Ethic မျှသာမဟုတ်ဘဲ စိတ်၊ နှုတ် က္ကနြေ္ဒကို ထိန်းသော သီလအမျိုးအစားများပါဝင်၏။ ထို့ပြင် Psychology, Philosophy တို့၌ဆိုသော အတွေးအကြံများ စိတ်လေ့ကျင့်ခန်းမျှသာမဟုတ်ဘဲ ဓမ္မ၌ပါဝင်သော စိတ်လေ့ကျင့်ခန်းတို့သည် ဈာန်တန်ခိုး အဘိညာဉ်တန်ခိုး များကိုဖြစ်စေနိုင်သည်။ မြတ်ဓမ္မ၌လာသော ကျင့်စဉ်နည်းစနစ်တို့သည် ပီပြင်စွာရေးထားသော မြေပုံ သဖွယ်ဖြစ်သည်။ မြေပုံ၌နယ်နိမိတ်များ၊ မြို့ရွာများ၊ မြစ်ချောင်းများ လမ်းတံတားများ အဆောက်အဦများကိုပီ ပြင်စွာပုံဖော်ပြထားသည်။
မဟာဂရုဏာရှင် မြတ်ဘုရားရှင် ပရိနိဗာန်စံပြီးဖြစ်သော်လည်း သူ၏မွန်မြတ်လှစွာသော မြတ်ဓမ္မသည် လူသားတို့အတွက် ယခုထက်တိုင် ထွန်းလင်းတောက်ပနေဆဲဖြစ်သည်။ မြတ်ဘုရားရှင်၏ တရားတော်များကို စာဖြင့်ရေးသားမှတ်တမ်းတင်ခြင်း မရှိခဲ့သော်လည်း မြတ်ဘုရားရှင်၏ထူးချွန်ထက်မြက်သော တပည့်သား သာဝကတို့သည် နှုတ်ဖြင့်အာဂုံရွတ်ဆို၍ ဆရာစဉ်ဆက် ထိန်းသိမ်းခဲ့ကြသည်။ ဘုရားပရိနိဗာန်စံပြီးနောက် မကြာမီ ရဟန္တာငါးရာတို့က ဓမ္မနှင့်ဝိနယကို ဘုရားဟောမူမပျက် သင်္ဂါယနာတင်ခဲ့ကြလေသည်။ ယခုထက်တိုင် ထိုမြတ်ဘုရားရှင်၏ မြတ်ဓမ္မကို မူရင်းမပျက် ထိန်းသိမ်းထားကြသည်။ဘုရားဟောဒေသနာ တော်သည်ပိဋကအားဖြင့် သုတ္တန္တ=နည်းလမ်း ၊၀ိနယ= စည်းကမ်း ၊ အဘိဓမ္မာ= အရှိအမှန် ကို စူးစမ်းရှာဖွေသောနည်းဟူ၍ သုံးခုရှိ၏။

သီတဂူဆရာတော်ကြီး၏ဗုဒ္ဒနှင့် ဗုဒ္ဒ၀ါဒ မှ

ဖြန့်ဝေသူ...ကိုကိုးအိမ်

ကိုကိုးအိမ်ရဲ့ရင်တွင်းဖြစ်၂၀၁၀သင်္ကြန်ရာသီ

|

အဟား....ကိုကိုးတို့နိင်ငံရဲ့မဟာသင်္ကြန်ပွဲကြီးတောင်စတော့မယ်နော်....ဒီသင်္ကြန်ကြီးမှာ စော်လေးတွေနဲ့ကဲ တဲ့သူကကဲ၊ ကားတွေနဲ့လည်တဲ့သူကလည်၊ ဆိုင်ကယ်တွေနဲ့ပတ်ဖို့ကြံတဲ့သူကကြံ၊ မဏ္ဍပ်မှာကဲမယ့်လူတွေ ကလည်း စာရင်းတွေပေး၊ မဒီလှလှလေးတွေဆိုလည်း ဘယ်နေ့မှာ ဘယ်ဘဲဘဲကို အပိုင်ကြံမယ်ဆိုပြီး ဘယ်ဆိုင်မှာ ဘယ် Brand တွေရောက်ပြီဆိုပြီး လက်တို့တဲ့သူကတို့နဲ့ ကိုကိုးမှာသာ သင်္ကြန်ဆိုတာဘာမှန်း မသိရအောင် ကိုကိုးအိမ်ကသင်္ကြန်ဆိုတာကို ပြည်ဖုံးကားချထားခဲ့တာ ခုဆိုအသက် ၂၀ တောင်ပြည့်ခဲ့ပေါ့။ 
အင်းနော် အနှစ်၂၀ ဆိုတာကြီးကလည်းနည်းတာမဟုတ်။ တွေးကြည့်ရင်တောင် အချိန်တွေနှမြောမိသေး။ ဒါနဲ့ပဲ ကဲ...ဒီနှစ်တော့ လူပျိုဖြစ်ပြီ (အဟဲ စော်လေးနဲ့ကဲမယ်ဆိုပြီးတော့..ဂလု..တွေးရင်းတောင် တံတွေးမြိုမိသေး) ငါ တော့ဒီနှစ်တော့ မန္တလေးမဟာသင်္ကြန်ကိုအပြတ်ကဲမယ်ဆိုပြီး အားခဲထားလိုက်ပဟဲ့ဆိုကာမှ.. ကံကံနှယ် ဆိုးလိုက်ပုံ မုံရွာဆိုတဲ့ ရွာကြီးတစ်ရွာကိုသွားဖို့က အကြောင်းပေါ်လာပါလေကောခင်ညာ.. အင်းလေ..ဆံထုံး တော်ကြီးတမာသီး  အဲ..ဟုတ်ပေါင်(ယောင်လို့) ကျွန်တော်ကလေ မန္တလေးသင်္ကြန်ကိုငယ်ငယ်လေးတည်း ကစိတ်ကူးယဉ်ခဲ့တာခင်ဗျ.. 

စိတ်ကူးထဲမှာတော့ စတော့ကင်အနက်လေးကို အပေါ်ကစကတ်တိုတိုအကွက်လေးဝတ်ပြီး နောက်ဆုံးပေါ် အကျီင်္နဲ့ ခြေသလုံးသေးသေးမန္တလာသူလေးတစ်ယောက်လောက်ဆိုင်ကယ်ပေါ်တင်ပြီး ကျုံးကိုပတ်လိုက်မဟဲ့ ပေါ့။ စိတ်ကူးတွေက..ဒီလို ဒီလိုလေ..ခုတော့လေ ဦးမာဃ ထန်းညက်မင်းရဲ့ညွှန်ကြားချက်နဲ့ မုံရွာကိုတွားရ တော့မယ်.. ကျွန်တော်လေ သင်္ကြန်ကိုဘယ်လောက်ပိုးထလည်းဆိုရင် ကျွန်တော်ငယ်ငယ်က (အင်းကျွန်တော်ငယ်ငယ်ကဆိုတာ ဆယ်နှစ်သားလောက်ကပေါ့လေ) လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကပေါ့ ကျွန်တော့်အိမ်က အရမ်းစည်းကမ်းကြီးတာဗျ၊ သင်္ကြန်ဆို အိမ်ထဲမှာထောင်ချထားလိုက်တော့တာ အဲဒီတော့ ကျွန်တော့်စိတ်ထဲမှာ ငါကြီးရင်တော့ မန်းတလေးသင်္ကြန်ကိုကဲမယ်ဆိုပြိးစိတ်ကူးယဉ်ပြီး လူကအိမ်ထဲမှာပဲနေ ရတာဆိုတော့ ညကြီးမိုးချုပ်မှာ အိမ်ထဲကခိုးထွက်ပြီး သူငယ်ချင်းတစ်ယောက်(နေ့လည်ပိုင်းကတည်းက ဘ၀တူသူငယ်ချင်းတစ်ယောက်ကိုတိုင်ပင်ထားတာပါ) နဲ့အပြင်ခိုးထွက်ပြီး အဒေါ်တစ်ယောက်အိမ်သွားနေ ပြီးတော့ အိမ်ကလွှတ်လိုက်တယ်လို့လိမ်ရတာပေါ့လေ။ အောင်မလေးခင်ဗျာ..ကံများကောင်းချင်တော့ အတက်နေ့ကျမှအိမ်ကအဒေါ်အိမ်ကိုလိုက်ရှာတာတွေ့သွားရောပေါ့..အဟဲ ဘာပြောကောင်းမလည်းဗျာ.. ပန်းတောင်းစိန်လင်းဗျောအတိုင်းကို ဗျောခေါက်တော့တာပဲဗျို့.(အဘိုးအမွေဗျောခေါက်နည်းလေးနဲ့ပေါ့).. ကိုကိုးအိမ်ရဲ့ သင်္ကြန်အမှတ်တရလေးက အဲလို အဲလို.. ကဲခုတော့ လောကကြီးကတရားသေးလားဗျာ.. မန်းတလေးသင်္ကြန်ကိုလည်ချင်ပါတယ်ဆို မနက်ဖြန်ဆို မုံရွာကိုသွားရတော့မယ်.. အော်ဒါနဲ့ မုံရွာကဘလော့ ဂါတွေရှိရင်အကြောင်းကြားသွားနော်.. အဟဲ အိမ်ပေါ်တက်ထမင်းစားမလို့..အဟီး မောင်းချရဘူးနော်..
နောက်တာနော်..ဂယ်မှတ်နဲ့..တော်ကြာမောင်းထုတ်လိမ့်မယ်...ဒါပဲ..ဘာကြီးမှန်းလည်းသိဘူး

အဟဲ ဒီစာလေးကစိတ်ထဲရှိတာရေးလိုက်တာပါ..ဖတ်လိုက်လို့ပျော်သွားရင်လည်းဝမ်းသာပါ၏.. အလကား အချိန်ကုန်သွားတယ်ဆိုရင်လည်း တောင်းပန်ပါ၏ခင်ဗျာ.. စာအရေးအသားကတစ်မျိုးဖြစ်ချင်ဖြစ်နိုင်စ ကောင်းပါ၏။ ခွင့်လွှတ်နားလည်ပေးကြသူများကိုလည်းကျေးဇူးတင်ပါ၏။
စာရေးသူ...ကိုကိုးအိမ်(၁၀.၄.၂၀၁၀) စနေနေ့

ခါးပိုင်း၊ကျောပိုင်းနှင့် ပတ်သက်၍ ဝေဒနာအလွယ်တကူဖြစ်တတ်သူများ

|

ကဲ....ဒီတစ်ပတ်တော့ကိုကိုးမှာတခြားရေးစရာအကြောင်းအရာလည်းမရှိတော့ ကျန်းမာရေးဘက်ကိုလှည့်ပြီ ပေါ့ခင်ဗျာ။ ဒီတစ်ခါတော့ စိမ်းပြာရေညှိအကြောင်းရေးရင် ဘော်ဘော်တို့ ပျင်းမှာစိုးသဖြင့် ခါးပိုင်းကျောပိုင်းနှင့်ပတ်သက်တာကိုပဲ ရေးလိုက်ပါ၏ပေါ့...အဟဲ..
ကဲ..ပြောနေ ကြာ၏...ဖတ်လိုက်ရအောင်ခင်ဗျာ...

(၁) ကွန်ပျူတာ၊ အင်တာနက်နှင့် တီဗွီရှေ့တွင် အချိန်ကြာမြင့်စွာ ထိုင်ကြည့်တတ်သူများ၊ စာရင်းကိုင်များကဲ့သို့ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်သူများ၊

(၂) သရုပ်ဆောင်များ၊ အလုပ်သမားများ၊ ဆေးသူနာပြုများ၊ စန္ဒယားတီးသူများ၊ တယောထိုးသူများစသည့် အနုပညာရှင်များ၊ 

(၃) နေထိုင်အိပ်စက်မှူ့ပုံစံ မမှန်ကန်သည့်သူများ၊ အလွန်ပျော့ပြောင်းသည့် မွေ့ယာပေါ်တွင် အိပ်စက်ရန် ကြိုက်နှစ်သက်သူ၊ ခါးရိုးရှေ့သို့အလွန်အမင်းကိုင်းသူများ၊

(၄) ခါးကိုင်း၍အလုပ်လုပ်ကိုင်သူ၊ ကြာရှည်စွာအနေအထားတစ်ခုဖြင့် အလုပ်လုပ်ကိုင်နေသူများ၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်သူများ၊ သတ္တုတွင်းတွင် ကြာရှည်အလုပ်လုပ်သူနှင့် အအေးခန်းတွင် အလုပ်လုပ်ကိုင်သူများ၊

    အထက်ဖော်ပြပါပုဂ္ဂိုလ်များသည် အလွယ်တကူ ခါးမျက်ခြင်း၊ အရိုးနုပြားများထဲရှိ အရွတ်များပြတ်တောက်ခြင်း၊ အရိုးအဆစ်များနှင့် အခြားအစိတ်အပိုင်းများ ထိခိုက်မိနိုင်ပြီး ခါးနှင့်ပတ်သက် သောဝေဒနာ ဖြစ်နိုင်သည့်အပြင် ခါးပိုင်းရှိ အဂါင်္အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များ ချွတ်ယွင်းမှူ့များ ဖြစ်လာသည်။

(၅) အသက် ၃၅နှစ်အထက်သို့ရောက်လာသောအခါ အရွတ်များမှာ စတင်အိုမင်းပျက်စီးလာပြီး ဆွဲနိုင်ဆန့် နိုင်သောအား ကျဆင်းလာသောကြောင့် ခါးပိုင်းမှာ ပြင်ပမှလာသောဒဏ်များကို ခံနိုင်ရည်မရှိဘဲ အလွယ်တကူခါးကိုက်ခြင်းများဖြစ်လာသည်။

(၆) မမှန်ကန်သည့်အနေအထား၊ အ၀လွန်ခြင်း၊ စိတ်ဖိစီးမှူ့များခြင်း၊ အလုပ်တာဝန်ပိသူများ၊ ခါးရိုးစစ်နှင့် မြီးညှောင့်ရိုးမှာ ပုံသဏ္ဍာန်ပြောင်းလဲလာပြီး နာကျင်ကိုက်ခဲခြင်းဖြစ်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ ကြွက်သားများမှာလည်း တင်းကြပ်၍ ကျုံ့ဝင်ကာ နာကျင်ခြင်းဝေဒနာကို ပိုမိုပြင်းထန်လာစေသည်။


စာရေးသူ...ကိုကိုးအိမ် (၈.၄.၂၀၁၀) ကြာသာပတေး

မိုးပြာဂိုဏ်းနှင့်သာသနာ့အန္တရာယ်(၂)

|

ဦးဥာဏဆိုသည်မှာ

မင်းကွန်းတောင်ရိုးတွင် တရားကျင့်ကြံရာမှ မိမိကိုယ်ကို ရဟန္တာဖြစ်သည်ဟု ကြေညာခဲ့သည်။ သံဃာ့ဝိနည်းဓိုရ်အဖွဲ့က ၁၉၈၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးခဲ့သည်။
မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် အဆင့်သုံးဆင့်စလုံးတွင် ရှုံးနိမ့်သည့်အတွက် ဦးဥာဏကို လူဝတ်လဲစေခဲ့သည်။
ထို့ပြင် ၀ိနည်းဓမ္မကံ (၉-၁၁) တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ် ကျခံခဲ့ရသည်။
ဝိနည်းဓမ္မကံ (၉-၁၁) အရ တရားစွဲခံရသော်လည်း မင်းကွန်းတိပိဋကဆရာတော်ဘုရား၏ မေတ္တာရပ်ခံမှုကြောင့် ထောင်သုံးနှစ်သာ အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။

ထောင်မှလွတ်သောအခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေကို အခြေပြုလျက် မိုးပြာခြံကိုတည်ထောင်ပြီး ပစ္စုပ္ပန်ကမ္မ ၀ါဒ ဗုဒ္ဓဘာသာအမည်ဖြင့် သာသနာပ၀ါဒများကို ဖြန့်ချိဟောကြားခဲ့သည်။
ဓမ္မပါမောက္ခ၀တ်စုံဟု အမည်ပေးကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအပွတို့ကို ၀တ်ဆင်ခဲ့သည်။ အနုပါဒါယဉ်ကျေးမှုဌာနဟူ၍ ပစ္စုပ္ပန်ကမ္မ၀ါဒအယူအဆများကို စာပေး၊ စာယူပုံစံဖြင့် သင်ကြား ပို့ချခဲ့သည်။

၁၉၉၁ခုနှစ်တွင်ထေရ၀ါဒသာသနာတော်အတွင်းမှသံဃာဂိုဏ်းသီးသန့်ထောင်ရန် ကြိုးပမ်းမှုဖြင့်တရားစွဲဆိုခံရသည်။
ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရကြောင်း သိရသည်။ သို့သော် လျှော့ရက်များဖြင့် ၁၉၉၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီး ၎င်းအယူဝါဒများကို ဆက် လက်ဟောပြောခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သစ္စာပန်းလမ်း၊ (ဌ) ရပ်ကွက်၊ ခြံအမှတ် ၂၀ ကို ဌာနချုပ်ပြုလုပ်လျက် ပစ္စုပ္ပန် ကမ္မ၀ါဒ (အဓမ္မ၀ါဒ) အယူများကို ပို့ချခဲ့သည်။ လိုအပ်လျှင် အိမ်တိုင်ရာရောက်ပုံစံဖြင့်လည်းကောင်း၊တစ်ဦးချင်းဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း လိုက်လံစည်းရုံးဟောပြောလေ့ရှိကြောင်း သိရသည်။

အင်တာနက်အသုံးပြုသူများကိုလည်း ...
(၁) www.forums.myanmarcommunity.com
(၂) http://sayamvasi.goolgepages.com (ပစ္စုပ္ပန်ကမ္မ၀ါဒ)
(၃) http://www.yatanar.co.cc (ရတနာ)
(၄) http://human-buddha.blogspot.com (လူသားဗုဒ္ဓ)
(၅) http://buddhismabc.blogspot.com (ဗုဒ္ဓဘာသာကကြီးခခွေး)
(၆) http://buddhismabc.blogspot.com (ဘာသာရေးဆွေးနွေးခန်း)
(၇) http://forums.myanmarcommunity.com (ဆွေးနွေးခန်း)
(၈) http://www.mandalaygazette.net (မန္တလေးဂေဇက်မဂ္ဂဇင်း)
(၉) http://azai.mmgenius.com (အပါယ်ရတနာ)
(၁၀) http://dhammaviharri.org (ဓမ္မ၀ိဟာရီ)
တို့ဖြင့် စည်းရုံးနေကြောင်း သိရသည်။


ပညာရှင်အင်အား၊ ဘာသာဝင်အင်အား၊ ငွေကြေးအင်အား၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးအင်
အား
အကြီးမားဆုံး၊ အခိုင်မာဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီးဖြစ်
ငွေရတုပူဇော်ပွဲစာအုပ်ကို သေချာလေ့လာကြည့်လျှင် အလွန်ပင်ထင်ရှားမည် ဖြစ်ပါသည်။
ပညာတတ်အမည်ခံ ဦးဥာဏိန္ဒာလင်္ကာရ၊
ဦးဝိစိတ္တသာရာဘိဝံသ၊
ဦးစိုးအောင် (သ-စ-အ ဓမ္မာစရိယ၊ သုတေသနကျမ်းပြုဌာနမှူးဟောင်း) စသည်များအပြင်
စာရေးတတ်သူ၊ဟောပြောတတ်သူအများအပြားရှိနေကြသည်။အခြေခံသင်တန်းများရော၊ ဓမ္မ၀ိဟာရီသင်တန်းများပါ ရှိကြောင်းသိရပါသည်။
ဓမ္မ၀ိဟာရီသင်တန်းတို့တွင် အာသ၀က္ခယ ၀ိဟာရီစာတမ်း ပြုစုကြရကြောင်းလည်း သိရပါသည်။ ဓမ္မဆရာ ဦးရန်အောင်၏ ဟောပြော ချက်များအရ သြဠာရိက+သုခမ တိုင်းရင်းဆေးပညာရှင်များ အုပ်စုလိုက်ကြီးပင် ထိုဂိုဏ်းသားများ ဖြစ်ကြကြောင်းလည်း သိရပါသည်။ အင်းဝဘဏ်မှ ဦးရင်စိန်ကဲ့သို့သော သူများကြောင့်လည်းကောင်း၊ ဦးမြင့်ဝင်းမောင် (အေဇက်စာပေအိမ်) ကဲ့သို့ ပုံနှိပ်တိုက်ပိုင်ရှင် ကျွမ်းကျင်သူ များကြောင့်လည်းကောင်း၊ စာအုပ်အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။
ဦးဝိစိတ္တသာရာဘိဝံသသည် စာအုပ်များစွာတို့ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ထုတ်ဝေလျက် နေရာများစွာသို့ သွားရောက်ပေးဝေ စည်းရုံးနေကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံတွင် ပညာသင်ကျောင်းသားအဖြစ် နေထိုင်လျက် ၀ါဒဖြန့်နေသူ ဦးကုမာရာလင်္ကာရလို နိုင်ငံတကာ ဆက်သွယ်ရေးကွန်ရက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊ ဦးÓဏကိုယ်တိုင်ကပင် ၀ိဟာရီအမည်ခံလျက် အင်တာနက် အသုံးပြုဟောပြောချက်၊ ဆွေးနွေးချက်တို့ကို ပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်လည်း တစ်ဘ၀သာရှိသည့် ပဋိစ္စသမုပ္ပာဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္တလို ထိုင်းဘုန်းကြီးများရှိနေခြင်းကြောင့်လည်းကောင်း၊ အင်တာနက်အားဖြင့်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့် လျက်ရှိနေကြောင်း သိရပါသည်။
စင်္ကာပူဗုဒ္ဓဘာသာလူငယ်များကြားတွင် အလွန်ရေပန်းစားသောဂိုဏ်းဖြစ်၍ စင်္ကာပူနေ မြန်မာဗုဒ္ဓဘာသာများက မှာယူသဖြင့် ပေးပို့ ရောင်းချသည့်စာအုပ်များမှာ များပြားလှကြောင်း သိရပါသည်။
အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက်ကြီးထွားနေကြောင်း သိရပါသည်။ ထို့ပြင် လစဉ်ထုတ်ပေးစာများကို ရောင်းချသည့်ဝင်ငွေများနှင့် အခွန်လွတ်ထုတ်ဝေထားသည့် စာအုပ်ကြီးတို့ကို တစ်အုပ်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချသည့်အတွက် ဂိုဏ်းဝင်များထံမှ ရောင်းရငွေများကြောင့် အလွန်စည်ကားနေကြောင်း သိရသည်။ လွတ်လပ်တဲ့လူတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ ငွေရတုပူဇာတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ သင်တန်းခွေတစ်စုံလျှင် ကျပ် ၅၀၀၀ စသည်)။
ဤသို့ဖြစ်နေသည့် အင်အားများကြောင့် ၎င်းအဓမ္မ၀ါဒီဂိုဏ်းကြီးသည် အခိုင်မာဆုံး၊ အင်အားအကြီးဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီး ဖြစ်နေရပေသည်။

သတိထား၍ ရှောင်ရှားကြပါကုန်
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ

မေတ္တာတံခွန်  မှကူးယူဖော်ပြပါသည်။ (ကိုကိုးအိမ်)

မိုးပြာဂိုဏ်းနှင့် သာသနာ့အန္တရာယ်(၁)

|

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသားများစွာတို့၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြွေယူတိုက်စားသွားခဲ့ကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ အကယ်၍ ၎င်းအန္တရာယ်ဆိုးကြီးကို အချိန်မီကြိုတင်သိရှိကာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေနိုင်မည်ဆိုပါက လူပေါင်းများစွာတို့ အသက်ဘေးမှ ကင်းဝေးနိုင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။
ယခုအခါတွင်လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအတွ

င်းသို့ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဟု နာမည်ပေးထားသည့် မိုးပြာရောင် သာသနာဖျက်မုန်တိုင်းကြီးသည် မင်းကွန်း၊ မန္တလေးနှင့် စစ်ကိုင်းတို့၌ အခြေတည်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၍ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးပစ်မည့် မုန်တိုင်းအသွင်ပြောင်းကာ တဖြည်းဖြည်းအင်အားကြီးထွားလာပြီးလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံး သာမက ကမ္ဘာ့ဗုဒ္ဓသာသနာရပ်ဝန်းကြီး တစ်ခုလုံးဆီသို့ တိုက်ခတ်ရန် ဦးတည်လျှက်ရှိနေပါသည်။

သဘာဝမုန်တိုင်း ဘေးအန္တရာယ်သည် မိမိ၏ အသက်တစ်ခု၊ ဘ၀တစ်ခုမျှကိုသာ ဒုက္ခပေးနိုင်သော်ငြားလည်း ထို မိစ္ဆာဒိဋ္ဌိ မုန်တိုင်းကြီးကမူ သံသရာတစ်လျှောက်လုံး ဒုက္ခပေး၍ အပါယ်ဘေးသို့တိုင်အောင်နစ်စေနိုင်ပါသည်။ သို့ပါ၍ထေရ၀ါဒဗုဒ္ဓဘာသာဝင်သူတော်စင်၊သူတော်ကောင်းလောင်းလျာတို့အတွက်
ဤသာသနာဖျက်မုန်တိုင်းကြီး၏ဘေးမှ ဝေးစွာရှောင်ရှား၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်စေသောငှာ ထိုဂိုဏ်းကြီး၏ဟောပြောချက်၊ ၀ါဒဖြန့်ချိချက်များကို အကျဉ်းချုပ်၍ တင်ပြလိုက်ရပါသည်။

ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းချုပ်
ဓမ္မ၀ိဟာရီ ဦးဥာဏ၏ ကိုယ်ရေးအကျဉ်း


အမည် - ဓမ္မ၀ိဟာရီ ဦးဥာဏ
အသက် - ၇၂ နှစ်
နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် - ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀
ကိုးကွယ်သည့်ဘာသာ - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ
အလုပ်အကိုင် - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြ၀ါဒပေးခြင်း။
နေရပ်လိပ်စာ - (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့်
(၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။
မိဘအမည် - ဦးမြဒင် + ဒေါ်လှထွန်း
မွေးသက္ကရာဇ် - ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။
မွေးရာဇာတိ - ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။
လူမျိုး - မြန်မာ
အရပ် - ၅ ပေ၊ ၅ လက်မ
ထင်ရှားသည့်အမှတ်အသား - ညာဘက်နှုတ်ခမ်းအထက်မှဲ့ရှိ။
ပညာသင်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း။
ကိုရင်ဝတ်သည့်နှစ် - ၁၃၁၄ ခုနှစ်
ကိုရင်ဝတ်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။
ကိုရင်ဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ရဟန်းခံသည့်နှစ် - ၁၃၁၉ ခုနှစ်
ရဟန်းဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ပိဋကတ်စာပေသင်ယူရာဌာန - မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။
ငယ်၊ လတ်၊ ကြီးအောင်ဌာန - မစိုးရိမ်ကျောင်းတိုက်
စာချတန်းစာဝါလိုက်ဌာန - မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)
သင်ကြားပေးသည့် ဆရာတော်များ - မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။
စာသင်နှစ် - အသက် ၂၅ နှစ်၊ ၅ ၀ါထိ။
တောကျောင်းထွက်နေသည့်နှစ် - အသက် ၂၅ နှစ်မှအထက်။
တောကျောင်းနေရာဌာန - ရှင်မတောင်ရွာတောကျောင်းနှင့်မင်းကွန်းစံတော်မူတောင်နှင့် ရွှေမြင်တင်တောင်၊ (အရှေ့ရိုးမ အခြေ)၊ ငွေတောင်နှင့် မိုးပေါက်ကျချောင်။
လက်ရှိနေရာ၌စတင်နေသည့်နှစ် - ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။
ဘာသာပြောင်းသည့်နှစ် - ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀။
ဘာသာပြောင်းရသည့်အကြောင်း - ထေရ၀ါဒ၌နေစဉ် ထေရ၀ါဒ လက်ခံကျင့်သုံးနေသော ရှေးဘ၀၊ ခုဘ၀၊ နောင်ဘ၀ အယူများသည် ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။ မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ် သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။


ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရ၀ါဒနှင့်လုံးဝဆန့်ကျင်သော အယူဝါဒအချို့ကို ထုတ်နုတ်ပြရမည်ဆိုလျှင်.....
(၁) အဘိဓမ္မာပိဋကတ်ကို ဘုရားဟောမဟုတ်ဟု ယူကြသည်။
(၂) ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။
(၃) ရှေ့ဘ၀၊ နောက်ဘ၀မရှိဟု ယူကြသည်။
(၄) ကံနှင့် ကံ၏အကျိုးမရှိဟု ယူကြသည်။
(၅) သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။
(၆) ဗြဟ္မာ၊ နတ်၊ ငရဲသားစသူတို့သည် လူကောင်ဖြစ်ခိုက် လူကောင်၏ပုံကြီးမျှသာဖြစ်သည်ဟု ယူကြသည်။
(၇) ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းစသည်တို့ကို မပြုသင့်ဟု ယူကြသည်။
(၈) နိဗ္ဗာန်နှင့် သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။
(၉) လူအစစ်သည် လူသာဖြစ်သည်။ မူလခန္ဓာဖြစ်သည်။ ၎င်းင်းကို တရားမရှုရ၊ ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။
(၁၀) သမထ၊၀ိပဿနာ ဘာဝနာတို့ကို ဘာဝနာမဟုတ်ဟု ယူကြသည်။
(၁၁) ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။
(၁၂) ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။
(၁၃) လူအစစ်ဖြစ်သော မူလခန္ဓာပေါ်တွင် စွဲထင်တွယ်ကပ်လာသည့် ဥပါဒါန်နှင့် ခန္ဓာအရိပ်တုတို့ကို ပယ်ခွာနိုင်လျှင်တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။
(၁၄) ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကိုလှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း သိမ်းသွင်းကြရမည်ဟု ယူကြသည်။ ကာမရာဂကို အားပေး ကြရမည်ဟု ယူကြသည်။
(၁၅) မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံမှ နတ်မဟုတ်ဟု ယူကြသည်။
(၁၆) ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မာဘုံမှ ဗြဟ္မာမဟုတ် လူသာဖြစ်သည်ဟု ယူကြသည်။
(၁၇) ထေရ၀ါဒဗုဒ္ဓဘာသာတို့သည် အာကာသ ခေါ် နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်မှားသူများဖြစ်ကြသည်ဟု ကျောက်သင်္ဘော ၀ါဒဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။
(၁၈) မိမိကိုယ်တိုင် သိမြင်ခြင်းဖြင့်သာ အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။
(၁၉) သိဒ္ဓတ္ထဘ၀မှ ဗုဒ္ဓဘ၀သို့ တိုးတက်လာခြင်း၊ ဘုရားအသိÓဏ်ရရှိလာခြင်းသည် ဘာမှမလုပ်ဘဲ သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။
(၂၀) လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာရသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။


မိုးပြာဦးဥာဏ၏ ဟောပြောချက်၊ ရေးသားချက်တချို့ကို မူရင်းအတိုင်း ကောက်နုတ်တင်ပြပါမည်။

ရှေးဘ၀၊ နောက်ဘ၀ လက်မခံ
ကျုပ်တို့က သူတို့ကို အဓိကဆိုဆုံးမတာမှာ ... ဘယ်တရားမှ မရချင်နေ၊ ရချင်ရ၊ ရှေ့ဘ၀၊ နောက်ဘ၀တော့ မတွေးရဘူးလို့ ဆိုတာ လောက်ကတော့ ကျုပ်တို့ကိုချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။
အဲဒီတော့ သူဆိုတာက ကျုပ်တို့အနားမှာ အချဉ်းကပ်ရဆုံးသူလည်း ဖြစ်တယ်။ ကျုပ်တို့ကို ငွေနဲ့ကြေးနဲ့ အများဆုံး အကုန်ကျခံရဆုံး ပြုစုတဲ့သူလည်း ဖြစ်တယ်။ အဲဒါတောင်မှ ကျုပ်တို့ရဲ့ အစဆုံးဖြစ်တဲ့ (ရှေးဘ၀၊ နောက်ဘ၀ မတွေးရဘူးဆိုတဲ့) ဟာကို (လာလျှောက်တယ်)၊ ရှေးဘ၀၊ နောက်ဘ၀ကို တကယ်မြတ်စွာဘုရား မဟောပါဘူး။ ကျုပ်တို့ကလည်းပဲ ရှေးဘ၀၊ နောက်ဘ၀ကို လုံးဝမဟောကြားဘူး။ ရှေး ဘ၀၊ နောက်ဘ၀ကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိဆိုပြီးသကာလ ... ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်။
(ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၂၊ ၁၉၉၆)

လက်ခံလျှင် အကျိုးမရှိ
တို့ နောက်ဘ၀သိလား။ (မသိဘူး)၊ အေး ... မသိဘူးစာရင်းထဲ အသေကို ထည့်သွင်းရမယ်။ နည်းနည်းကလေးမှ ခေါင်းပြူမလာစေနဲ့။ မသိတာကို မသိတဲ့အတိုင်း မသိစာရင်းထဲ ထည့်မထားမိဘူးဆိုရင်ဖြစ်ဖြစ် သို့မဟုတ် မသိတာကို မသိစာရင်းထဲထည့်ပေမဲ့ ခေါင်းထောင် လာပြီး လူရည်လည်လုပ်တာကို ခံရတယ်ဆိုရင်ဖြစ်ဖြစ်၊ ဘယ်လောက်ထိ ဘာသာတရားရဲ့အမှုတော်တွေကို ထမ်းထမ်း၊ ဘယ်လောက်ထိ ဘာသာတရားကို ကျိုးကျိုးနွံနွံ ကိုင်းကိုင်းရှိုင်းရှိုင်း ဆည်းကပ်ဆည်းကပ်၊ ဘယ်တော့မှ အဲဒီဘာသာတရားရဲ့ အကျိုးကျေးဇူးကို မခံစားရဘူး။
(ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၁၁-၁၃၊)

၃၁ ဘုံ လက်မခံ
ဗုဒ္ဓဘုရားရဲ့တရားဟာ ကြံဆချက်သက်သက်တွေ မပါတဲ့ (အတက္ကာဝစရ) တရားဓမ္မဖြစ်လို့ (အဲဒီ ဗုဒ္ဓတရားထဲမှာ) မမွေးမီနဲ့ သေပြီးတို့၊ အထက်ဘ၀ဂ်၊ အောက်အ၀ီစိတို့ ... မပါဘူး။
(ဓမ္မ၀ီဟာရီ၏ ဗုဒ္ဓသာသနာနှင့် မြန်မာပြည်၊ စာ ၁၀၊ ၂၀၀၆)

လူကိုတော့ မသတ်နှင့်
လူသိများတာက ဘုရားဟာ သတ်မှုက ရှောင်ရမဲ့အသက်ကို အားလုံးရဲ့အသက်အဖြစ် ဟောတာလို့သိနေကြတယ်။ ဒီလို သိမှား တာကတော့ ဟိန္ဒူနဲ့နွှယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့ဟာ အားလုံးရဲ့အသက်ပါပဲ။ သစ်ပင်လောက်ပဲ ကျန်ပါတယ်။
(ဘုရား၊ စာ ၁၃၁)
ဒါတွေကြောင့်ဘုရားရဲ့မသတ်ရမဲ့အချက်ရဲ့အနက်ဟာလူ့အသက်ပဲဖြစ်တယ်။ အခြားအကောင်ပလောင်တွေရဲ့ အသက်မဟုတ်ဘူး။
(ဘုရား၊ စာ ၁၃၅)

အများပိုင်ပစ္စည်း ခိုးနိုင်သည်
နိုင်ငံပိုင်ပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) မပျက်ဘူး။ မြို့ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့အစည်းပိုင်၊ သမ၀ါယမ ပိုင်ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) အရ အခိုးမမြောက်ဘူး။ (ခိုးကောင်းတယ်ဟူလို။)

မမူးအောင်သောက်
သေရည်သေရက် မူးယစ်သေစာကို မေ့လျော့တဲ့နေရာအထိ မူးယစ်ခြင်းမှရှောင်မယ်ဆိုတာမျိုး အဓိပ္ပာယ်ရှိတယ်။ ဒီတော့ ဒီသိက္ခာပုဒ် အဓိပ္ပာယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့သာ အဓိပ္ပာယ်မရဘူး။ မေ့လျော့တဲ့အထိ ဒါတွေ မသောက်သုံး ရဘူးလို့ အဓိပ္ပာယ်ရတယ်။ အတိုင်းအထွာရှိရှိ ယစ်မူး၊ သောက်စားရင် ပမာဒဌာန မရောက်ဘူး။ သူတို့ဟာ ဘာမှမမှားဘူး။ အပြုအမူလည်း မမှားဘူး၊ အပြောအဆိုလည်း မမှားဘူး။ အနေအထိုင်လည်း မမှားဘူး နဂိုအတိုင်းပဲ။
(ဘုရား၊ စာ ၁၅၁၊ ၁၆၉-၁၇၀)

ဘာသာတရား မလိုအပ်
လောကကြီးမှာ ဘာသာတရားတွေကတောင် အပိုဖြစ်နေတယ်။ ဘာသာတရားမဟုတ်တော့ဘဲ ပကတိ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အရာတွေနဲ့သာ နေထိုင်လိုက်မယ်ဆိုရင် ပြီးသွားမှာ။ မြတ်စွာဘုရားဆိုရင် အဲဒီ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့အရာတွေ ကိုပဲ ပြောခဲ့တာပါ။ ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုတာတွေ ကို တားမြစ်ခဲ့တာပါ။
(ဓမ္မ၀ိဟာရီ၏ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား၊ စာ ၃၊ ၁၉၉၀ ပြည့်နှစ်)

စိဉ္စမာနလက်သစ်
“တပည့်တော်တို့ သိခဲ့ကြတာ မှားလှပါတယ် ဘုရား”
“ဘယ်လိုလဲ”
“ဖိုမ ကိစ္စဆိုရင် လွန်ကျူးတာ၊ စိတ်ကူးရင်တောင် ယုတ်မာတယ် ထင်တာဘုရာ”
“ဒီကိစ္စ ဆောင်ရွက်ဖို့ဆိုရင် စိတ်လည်းကူးရမှာပေါ့”
“အဲဒီစိတ်ကူးမျိုးဆိုရင် စိတ်ယုတ်တွေဖြစ်နေတာလို့ ပြောကြတာပဲ ဘုရား”
“မသိလို့ ပြောကြတာပဲ”
“ဘာမသိတာလဲ ဘုရား”
ဒီလို စိတ်ကူးမျိုး ဘုရားတောင် ကူးခဲ့လောက်တယ်ဆိုတာ မသိကြဘူး”
“ဟုတ်ပမလားဘုရား”
တွက်ကြည့်ရမှာပေါ့”
“ဘာတွက်မှာလဲ ဘုရား”
“မာနတ်က မှိုင်နေလို့ သမီးသုံးယောက်က မေးတော့ ဘုရားကို ရှုံးခဲ့လို့ ပြောတဲ့အခါ
ဒါ သူတို့ လုပ်ပေးမယ်ဆိုပြီး သမီးတွေက ဘုရားရှင်ဆီ ချဉ်းကပ်တယ်ဆိုတာကြားဖူးမှာပဲ”
“ဒါ တစ်ကမ္ဘာလုံး အသိပဲ ဘုရား”
“မာနတ်ရော သမီးတွေပါ တကယ်နတ်သား နတ်သမီးတွေ မဟုတ်ဘဲ ဘုရားစိတ်တော်
ဖြစ်တွေဆိုတာ သိလောက်ပြီပေါ့နော်”
“သိပါပြီဘုရား”
“အဲဒါပဲပေါ့”
ဘယ်လိုလဲ ဘုရား”
“မာနတ်ရဲ့ သမီးလတ်ဆိုသူ အပျိုရွရွဖားဖားနဲ့ ဖိုမ ဆက်ဆံမလားပေါ့ ဥတ္တရိမနုဿဓမ္မ
ကို လူတွေဆီ ဖြန့်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ဆုံးဖြတ်ချက်ချတယ်။
ဒီထက်သာမယ့် ကိုယ်ဝန်ရှိစ မာရ်နတ်သမီးကြီးနဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါ ခံစားယစ်မူးပြီး
ဥတ္တရိမနုဿဓမ္မ ဖြန့်ဝေမူ့ အပျက်ခံလို့ ဘယ်ဖြစ်မလဲ လို့ဖြစ်တယ်။
“အပျိုဖော်ဝင်စ မာရ်နတ်သမီးငယ် အပျိုပေါက်နဲ့ ဖိုမဆက်ဆံမလားပေါ့၊
ဒါတွေနဲ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေရတာ မဖြစ်ထိုက်ဘူးလို့ စိတ်တော်မှာဖြစ်ခဲ့တယ်”
“မာရ်နတ် သမီးသုံးယောက်ကို ဘုရားအောင်ခံနိုင်တယ် ဆိုတာလား ဘုရား”
“ဟုတ်တယ်”
“ဟုတ်ပါ့မလား ဘုရား”
“ဟုတ်တာပေါ့”
“ဒါတွေ ဘယ်လိုသိလဲ ဘုရား”
“တရားအလျှောက် သိတဲ့ဥာဏ်နဲ့ လျှောက်ပြီးသိတာပေါ့”
“ဘယ်လို တရားအလျှောက် လဲဘုရား”
“ကာမရူပ၊ အရူပ ကံ ၀ိပါက်တွေဟာ ဒုက္ခတရားတွေ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့ဘုရား”
“ဒုက္ခဖြစ်တာတွေကိုပဲ မမက်ကြဘူလား”
“မက်ကြပါတယ်ဘုရား”

(အရှင်ဥာဏ၏ ဓမ္မကထာ၊ စာ-၂၂၇-၂၂၉၊ ၂၀၀၅-ခုနှစ်၊သြဂုတ်လထုတ်)

သတိထား၍ ရှောင်ရှားကြပါကုန်
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ


မေတ္တာတံခွန်အသင်း မှကူးယူဖော်ပြပါသည်။

မိုးပြာဂိုဏ်းချုပ်ဦးဥာဏအားထပ်မံတရားစွဲဆိုခြင်း

|














ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ မိုးပြာဂိုဏ်းချုပ်ဦးဥာဏအား ၂၀၁၀ မတ်လ ၁၁ ရက်နေ့က သာသနာညစ် နွမ်းစေမှူ့ဥပဒေပုဒ်မ ၂၉၄ နှင့် ၂၉၅(က)အရပုသိမ်ကြီးမြို့နယ်တရားရုံးမှ ထောင်ဒဏ်နှစ်နှစ် စီသီးခြားစီ လေးနှစ်ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ 

ယခုအခါ ခရိုင်သာသနာရေးဝန်ကြီးမှ ၀ိနည်း၊ ဓမ္မကံဥပဒေပုဒ်မ ၁၀ အရ ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် မတ်လအလယ်ပိုင်းလောက်မှစ၍ တရားစွဲဆိုကာ နေ့စဉ်စစ်ဆေးလျှက်ရှိပါသည်။ ထို့ပြင် သံဃာ့အဖွဲ့အ စည်းဆိုင်ရာဥပဒေ ၁၂/၁၃ ဖြင့်လည်းထပ်ပေါင်းတရားစွဲဆိုထားလျှက်ရှိပါသည်။

ဦးဥာဏ၏အယူဝါဒမှာ ဗုဒ္ဓဘာသာအမည်ခံ၍ ဘုရားအားလည်း ဘုရားတုဘုရားယောင်ဟုစွပ်စွဲထားခြင်း၊ ထေရ၀ါဒဗုဒ္ဓဘာသာများသည် အယူအစွဲကြီးလွန်း၍ မိစ္ဆာဒိဋ္ဌိများဖြစ်သည်ဟူ၍စွပ်စွဲထားခြင်း၊ သံဃာ့ဝိနိစ္ဆယ အားလည်း မမှန်မကန်ဆုံးဖြတ်သည်ဟုပြောဆိုထားခြင်းအပြင် ဘုရား၏တရားတော်များအားကိုယ်လိုရာဆွဲ တွေး၍ မဟုတ်မမှန် ပြောဆိုခြင်းတို့ကြောင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပါ သည်။ထို့ပြင် တည်ဆဲဥပဒေ ၆/၉၀ တွင်လည်း ဗုဒ္ဓဘာသာအားလုံးအတွက်ထုတ်ပြန်ထားခြင်းဖြစ်ပါလျှက် ထေရ၀ါဒအတွက်သာသက်ဆိုင်ပြီး မဟာယာနနှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း အယူမှားဖြင့် ပြောဆိုထားချက်များရှိပါသည်။ထို့ပြင် ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များအတွက် ထေရ်ကြီးဝါကြီးဆရာတော်သံဃာတော်များပါဝင်လျှက် စာပေကျမ်းဂန်တတ်ကျွမ်းသည့်ဆရာတော်များပါဝင် လျှက် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးတွင်လည်း ဦးဥာဏ၏ ပစ္စုပ္ပာန်ကမ္မ၀ါဒအား အဆိုတင်သွင်းရာ သံဃာ့မဟာနာယကမှ အဓမ္မ၀ါဒအဖြစ်သတ်မှတ်၍ ပါရာဇိကကျသည်ဟု ဆုံးဖြတ်၍ ရဟန်းအဖြစ်မှထုတ် ပါယ်ခဲ့ပါသည်။ ထို့ပြင် ထေရ၀ါဒဗုဒ္ဓဘာသာတို့အားလည်း ပရမတ္တသစ္စာ၊ သမုတ္တိသစ္စာများဖြစ်သော ဘုရား မဟောာသောတရားများကိုဆုပ်ကိုင်နေကြပါသည်ဟုလည်းစွပ်စွဲထားပါသည်။ ထိုစဉ်က အမိန့်ချမှတ်ခဲ့ခြင်း မှာလည်း တရားမသိဘဲ တရားသိသူဟန်ဆောင်၍ စတုတ္ထပါရာဇိကဖြင့် ဆုံးဖြတ်ကာ ရဟန်းအဖြစ်မှ ထုတ် ပါယ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် တည်ဆဲဥပဒေကို ဖောက်ဖျက်ကာ ဘုရားဟောတရားများကိုလည်း မှားပါ သည်၊ မြန်မာနိုင်ငံတွင် သာသနာ့ဥသျှောင်ဖြစ်သော သံဃာ့နာယကအဖွဲ့၏ တရားစီရင်ရေးမဏ္ဏိုင်များကို လည်း တိမ်းစောင်းအောင်ပြုလုပ်သောကြောင့် ၀ိနည်းဓမ္မကံပုဒ်မ ၁၀၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၁၂/၁၃ တို့ဖြင့်တရားစွဲဆိုလျှက် စစ်ဆေးလျှက်ရှိပါကြောင်း သိရှိရပါသည်။ ထို့ပြင် န၀တမှထုတ်ပြန်သည့် တည်ဆဲဥပဒေ ၂၀/၉၀ အားလည်းချိုးဖောက်ထားကြောင်း ကြားသိရပါသည်ခင်ဗျား.....

စာရေးသူ...ကိုကိုးအိမ်( ၃.၄.၂၀၁၀)

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB