မြတ်ဗုဒ္ဒ၏ဓမ္မကို ကမ္ဘာ့ပညာရှင်အများစုက Religion ဟူ၍လည်းကောင်း၊ Philosophy ဟူ၍လည်းကောင်း၊ Ethic ဟူ၍လည်းကောင်း၊အမျိုးမျိုးယူဆပြောဆိုကြသည်၊ တကယ်စင်စစ်ဓမ္မသည် Religion တော့မဟုတ်ပေ၊ Philosophy, Psychology သဘောတရားများပါဝင်နေပေသည်။ သို့သော် အတွေးအခေါ်ပညာ၊ စိတ်ပညာသက် သက်မဟုတ်ပေ၊ ဘုရားရှင်၏ဓမ္မတွင် အတွေးအခေါ်ပညာ၊ စိတ်ပညာတို့ပါဝင်သည်မှန်၏။ ထိုပညာရပ်ဖြင့် လမ်းဆုံးနေသည်မဟုတ်၊ မြတ်ဘုရားရှင်သည် သူ၏ ၄၅နှစ်ဘ၀ခရီးတွင် ဟောပြောခဲ့သမျှ စိတ်၊ စေတသိက်၊ ရုပ်တို့နှင့်ဆိုင်သော အတွေးအခေါ်များ၊ စိတ်ကိုယဉ်ကျေးအောင် ဆုံးမသောနည်းများ၊ လူ့ ဘ၀ ဖွဲ့စည်းတည်ဆောက်ပုံ သဘောတရားများ လူ့သဘာဝအသီးသီး လူတန်းစား အထွေထွေတို့အတွက် စောင့်ရှောက်ရမည့်အကျင့်သီလများ လူမှူ့ရေးရာ၊ မင်းရေးမင်းရာ၊ တိုင်းရေးပြည်ရာ၊ စသည်ဖြင့် လူ့စရိုက်၊ လူ့အကြိုက်အမျိုးမျိုး အဖုံဖုံတို့အကြောင်းအစုံအလင်ဟောသည်ဖြစ်ရာ နွေရာသီဦး တန်ခူးကာလ အဖူးအပွင့်အသီးအရွက်မျိုးစုံတို့ဖြင့် ကုံလုံကြွယ်ဝလှပနေသည့် တောအုပ်ကြီးနှင့်တူပေသည်။
ဓမ္မ၏အပြီးသတ် ရည်မှန်းချက်မှာ သစ္စာတရားကို ရှာဖွေခြင်းဖြစ်၏။ သစ္စာကိုတွေ့လျှင် သတ္တ၀ါတို့၏ဘ၀ခရီး ပြီးဆုံးလေသည်။ သန္တိကိုတွေ့လျှင် ဘ၀မီးတောက်ကြီးငြိမ်းပေသည်။ ထိုသစ္စာကိုရှာရာ တွင် အတွေးဖြင့်ရှာဖွေ၍မရ၊ အကြံဖြင့်လည်း သစ္စာကိုမဖော်ထုတ်နိုင်၊ စိတ်ကျင့်ခန်းတခုတည်းဖြင့်လည်းမရ၊ Ethic ဟူသော သီလမျှဖြင့်လည်း သစ္စာနှင့်သန္တိသို့ မထိရောက်ပေ။ Ethic သည် ကိုယ်နှုတ်ကိုယဉ်ကျေးစေ၏၊ Psychology သည် စိတ်ကိုယဉ်ကျေးစေ၏။ Philosophy သည် အတွေးနယ်ချဲ့၍အသိဥာဏ် ဗဟုသုတကို တိုးပွားစေ၏။ မြတ်ဘုရားရှင်၏ ဓမ္မတွင် ကိုယ်နှုတ်ကိုထိန်းသော Ethic မျှသာမဟုတ်ဘဲ စိတ်၊ နှုတ် က္ကနြေ္ဒကို ထိန်းသော သီလအမျိုးအစားများပါဝင်၏။ ထို့ပြင် Psychology, Philosophy တို့၌ဆိုသော အတွေးအကြံများ စိတ်လေ့ကျင့်ခန်းမျှသာမဟုတ်ဘဲ ဓမ္မ၌ပါဝင်သော စိတ်လေ့ကျင့်ခန်းတို့သည် ဈာန်တန်ခိုး အဘိညာဉ်တန်ခိုး များကိုဖြစ်စေနိုင်သည်။ မြတ်ဓမ္မ၌လာသော ကျင့်စဉ်နည်းစနစ်တို့သည် ပီပြင်စွာရေးထားသော မြေပုံ သဖွယ်ဖြစ်သည်။ မြေပုံ၌နယ်နိမိတ်များ၊ မြို့ရွာများ၊ မြစ်ချောင်းများ လမ်းတံတားများ အဆောက်အဦများကိုပီ ပြင်စွာပုံဖော်ပြထားသည်။
မဟာဂရုဏာရှင် မြတ်ဘုရားရှင် ပရိနိဗာန်စံပြီးဖြစ်သော်လည်း သူ၏မွန်မြတ်လှစွာသော မြတ်ဓမ္မသည် လူသားတို့အတွက် ယခုထက်တိုင် ထွန်းလင်းတောက်ပနေဆဲဖြစ်သည်။ မြတ်ဘုရားရှင်၏ တရားတော်များကို စာဖြင့်ရေးသားမှတ်တမ်းတင်ခြင်း မရှိခဲ့သော်လည်း မြတ်ဘုရားရှင်၏ထူးချွန်ထက်မြက်သော တပည့်သား သာဝကတို့သည် နှုတ်ဖြင့်အာဂုံရွတ်ဆို၍ ဆရာစဉ်ဆက် ထိန်းသိမ်းခဲ့ကြသည်။ ဘုရားပရိနိဗာန်စံပြီးနောက် မကြာမီ ရဟန္တာငါးရာတို့က ဓမ္မနှင့်ဝိနယကို ဘုရားဟောမူမပျက် သင်္ဂါယနာတင်ခဲ့ကြလေသည်။ ယခုထက်တိုင် ထိုမြတ်ဘုရားရှင်၏ မြတ်ဓမ္မကို မူရင်းမပျက် ထိန်းသိမ်းထားကြသည်။ဘုရားဟောဒေသနာ တော်သည်ပိဋကအားဖြင့် သုတ္တန္တ=နည်းလမ်း ၊၀ိနယ= စည်းကမ်း ၊ အဘိဓမ္မာ= အရှိအမှန် ကို စူးစမ်းရှာဖွေသောနည်းဟူ၍ သုံးခုရှိ၏။
သီတဂူဆရာတော်ကြီး၏ဗုဒ္ဒနှင့် ဗုဒ္ဒ၀ါဒ မှ
ဖြန့်ဝေသူ...ကိုကိုးအိမ်
ဖြန့်ဝေသူ...ကိုကိုးအိမ်

0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment