ဆာနာ - အမေရိကန်ပြည်ထောင်စု လေကြောင်းမှ ခရီးသည်လေယာဉ် တစ်စင်းကို ပစ်ချရန် ကြိုးပမ်းမှု အပါ အ၀င် ယီမင်နိုင်ငံရှိ အယ်လ်ကေဒါ အဖွဲ့ ဌာနခွဲ၏ များမကြာသေးခင်က ဆောင်ရွက်ချက်များက ထိုအဖွဲ့သည် စစ်မျက်နှာသစ်တစ်ရပ် ဖွင့်လှစ်ခဲ့ခြင်း ထက် အဆိုပါဒေသတွင် ပို၍ အားကောင်းလာလျက်ရှိကြောင်း ဆိုလိုသည် ဟု ဆန်းစစ်လေ့လာသူတို့က ဆိုသည်။
အိုစမာဘင်လာဒင် တည်ထောင်ခဲ့သည့် အဆိုပါ ဂျီဟတ်တိုက်ပွဲဝင်တို့၏ ကွန်ရက်၏ ဘိုးစဉ်ဘောင်ဆက်ဒေသရင်းမှာ အာရေဗျ ကျွန်းဆွယ်၏ ထောင့် စွန်းရှိ ဆင်းရဲမွဲတေသော နေရာဖြစ်ပြီး အာဏာပိုင်တို့၏ ဖြိုခွင်းနှိမ်နင်းသည့် ကြားမှပင် ယီမင်နိုင်ငံတွင်း၌ ခိုင်မာစွာအမြစ်တွယ်နေခဲ့သည်ဟု ၎င်းတို့က ပြောကြားသည်။
များမကြာသေးခင်ကာလများအတွင်း အဆိုပါအဖွဲ့၏ တိုက်ပွဲဝင်ဦးရေမှာ အိမ်နီးချင်း ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်နိုင်ငံတို့တွင် နေထိုင်ရသည့် အခြေအနေသည် ၎င်းတို့အတွက် အန္တရာယ်ပိုမိုကြီးမားသဖြင့် ထွက်ပြေးလာမှုကြောင့် ပိုမိုတိုးပွားလာခဲ့သည်။
ယီမင်ဆန်းစစ်လေ့လာသူ ဆာအိဒ်အယ်လ်ဂျင်မ်ယီက သတိပေးရာတွင် "ယီမင်ဟာ အယ်လ်ကေဒါတို့ရဲ့ မူလဘူတ ဇာစ်မြစ်ဖြစ် တယ်ဆိုတာကို ဘယ်တော့မှ မမေ့သင့်ဘူး။ ဒီနိုင်ငံဟာ ၁၉၈၀ ပြည့်လွန်နှစ်များကာလအတွင်းက ဆိုဗီယက်တို့ကိုတိုက်ခိုက်တဲ့ ဂျီဟတ် (မြင့်မြတ်တဲ့ ဘာသာရေးစစ်) တိုက်ပွဲက အောင်ပွဲခံပြီး ပြန်လာကြတဲ့ အာရပ်တိုက်ခိုက်ရေးသမားတွေအတွက် ယာယီ သဘောအဖြစ် ခိုလှုံရာစခန်းတစ်ခုဖြစ်တယ်" ဟုဆိုသည်။
ယင်းနိုင်ငံတွင် ၎င်းတို့ကို သံသယဖြင့်ရှုမြင်သုံးသပ်ခဲ့ကြသော ဇာတိနိုင်ငံရင်းနှင့်မတူဘဲ သူရဲကောင်းများအဖြစ် ဂုဏ်ပြုကြိုဆိုခဲ့ကြ သည်။ ယင်းတို့အနက် ယီမင်နိုင်ငံသား အချို့ဆိုလျှင် နိုင်ငံ၏ လုံခြုံရေးယန္တရားအတွင်းသို့ပင် ၀င်ရောက်ဆောင်ရွက်ခဲ့ကြသည်။
အမေရိကန်ပစ်မှတ်များကို အယ်လ်ကေဒါတို့ တိုက်ခိုက်ခဲ့သည့် သမိုင်းကြောင်းမှာ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်ခဲ့ သည်။ ထိုနေ့က ယီမင်နိုင်ငံ၏ ဆိပ်ကမ်းမြို့အေဒင်တွင် အဆိုပါ ဖြစ်ရပ်မျိုး ပထမဆုံးအကြိမ် ဖြစ်ပွားပြီး မမျှော်လင့်သော အလှည့် အပြောင်းများ ဖြစ်ခဲ့သည်။
ဗုံးခွဲတိုက်ခိုက်သူများသည် အမေရိ ကန်ကမ်းတက်တပ်များ ဆိုမာလီယာနိုင်ငံသို့အသွား ၀င်ရောက်တည်းခိုသည်ဟု ထင်မှတ်ရသော အေဒင်ဆိပ်ကမ်းရှိ ဟိုတယ်တစ်ခုကို ပစ်မှတ်ထားခဲ့ကြသည်။ သို့ရာတွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တို့က ထွက်ခွာသွားနှင့်ကြပြီး အမေရိကန်လူမျိုးမဟုတ်သည့် ကမ္ဘာလှည့်ခရီးသည်တစ်ယောက်နှစ်ယောက်နှင့် ဟိုတယ်ဝန်ထမ်းတစ်ဦးတို့သာ သားကောင်အဖြစ် ထိခိုက်သေဆုံးခဲ့ရသည်။
အဆိုပါဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ရှစ်နှစ်အကြာ ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် အယ်လ်ကေဒါတို့ အဓိကလှုပ်ရှားတိုက် ခိုက်မှုကြီးတစ်ရပ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အေဒင်မြို့မှာပင် အသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်စုက မြန်နှုန်းမြင့် မော်တော်ဘုတ် တစ်စင်းကို သုံးကာ အေဒင်ဆိပ်ကမ်း၌ လွန်းတင်ထားသည့် အမေရိကန် ဖျက်သင်္ဘောကြီး ယူအက်စ်အက်စ်ကိုးလ် (USS Cole) ကို ၀င်၍ တိုက်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် သင်္ဘောကြီး၏ နံဘေးတွင် အပေါက်ကြီးတစ်ပေါက်ဖြစ်သွားကာ သင်္ဘော သား ၁၇ ဦး သေဆုံးခဲ့ရသည်။
အဆိုပါ တိုက်ခိုက်မှုကြီး ပြီးသည့် နောက်ပိုင်းတွင် အမေရိကန်အစိုးရက ပြင်းထန်သော ဖိအားပေးမှုများကြောင့် ယီမင်အာဏာပိုင် များသည် ဂျီဟတ် ၀ါဒီကလာပ်စည်း အတော်များများကို ဖြိုခွင်းဖျက်ဆီးကာ ဒါဇင်နှင့်ချီသော တိုက်ပွဲဝင်များကို ၀ိုင်းထားခဲ့ကြသည်။
"အယ်လ်ကေဒါတို့ အထိနာခဲ့တာတော့မှန်တယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ပျောက်ကွယ်သွားခြင်းမရှိဘူး။ တိုက်ပွဲဝင်ဦးရေတောင် တိုးလာသေးတယ်။ အထူးသဖြင့် အီရတ်ကို အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက်မှာပေါ့။ ထောင်ချီရှိတဲ့ လူငယ်တွေဟာ တိုက်ပွဲ ၀င်ဖို့ ဒီနေရာကို ထွက်ခဲ့ကြတယ်။ အာဖဂန်နစ္စတန်မှာလည်း ဒီလိုပါပဲ" အမည်ထုတ်ဖော် မပြောသည့် အနောက်အုပ်စု ထောက်လှမ်းရေးတစ်ဦးက ပြောကြားရာတွင် ယီမင်နိုင်ငံတွင် အယ်လ်ကေဒါဒုတိယမျိုးဆက် တစ်ခုမှာ မြို့တော် ဆာနာရှိ ယီမင် လုံခြုံရေးဌာနချုပ်မှ ကိုးလ်သင်္ဘောကြီး ဖြစ်ရပ်ကြောင့် ထောင်ဒဏ်ကျခဲ့သူများ အပါအ၀င် ပြစ်ဒဏ်ကျခံ ထားသူ ၂၃ ဦး လွတ်မြောက်သွားခဲ့သည့် ၂၀၀၆ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပြန်လည် ပေါ်ထွန်းလာခဲ့သည်။
"အာရေဗျကျွန်းဆွယ်မှာ အယ်လ်ကေဒါ တွေ ပြန်လည်ပေါ်ထွန်းလာတာနဲ့ စပ်လျဉ်းလို့ သက်သေအထောက် အထားရခဲ့တယ်။ ယီမင်နိုင်ငံကို အချက်အချာကျတဲ့ စစ်မြေပြင်နဲ့ စစ်ဆင်ရေးတွေအတွက် အလားအလာကောင်းတဲ့ ဒေသဆိုင်ရာ အခြေခံစခန်းအဖြစ် ထားပြီး အယ်လ်ကေဒါတွေဟာ တိုက်ပွဲတွေ စီစဉ်တယ်။ စစ်သည်သစ်တွေကို လေ့ကျင့်ပြီး စစ်ဆင်ရေးလှုပ်ရှားမှု အဆင်ပြေအောင် ဆောင်ရွက်ပေးတယ်"ဟု အမေရိကန်နိုင်ငံလုံးဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်ရေးဗဟိုဌာန ညွှန်ကြားရေးမှူး မိုက်ကယ်လေတာက စက်တင်ဘာလအတွင်း ဆီးနိတ်ကြားနာမှုတွင် ပြောကြားခဲ့သည်မျှဝေသူ...ကိုကိုးအိမ်
0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment