မယုံကြည်ထိုက်သောဆန့်ကျင်သက်သေ (၂ )

|

သက်သေ၏ ရုံးရှေ့ထွက်ချက်ကို ယခင်ထွက်ချက်နှင့်ပုဒ်မ၁၄၅ တွင် ပြဌာန်းထားသည့် နည်းလမ်းအတိုင်း
ဆန့်ကျင်မေးမြန်းပြီးနောက် ယခင်ထွက်ချက်ကို သက်သေခံအဖြစ် တင်သွင်းသောအခါ ယခင်ထွက်ချက်ကို အခြေခံသက်သေခံချက်အဖြစ်အသုံးမပြုနိုင်ဆိုသောပြဿနာပေါ်ပေါက် လာနိုင်သည်။ ပုဒ်မ ၁၄၅အရအသုံးပြု သည့်ယခင်ထွက်ဆိုချက်သည် သက်သေအား ယုံသင့်မယုံသင့် တန်ဖိုးရှိမရှိ ချင့်ချိန်ရာတွင် အသုံးချရသည့် ထွက်ချက်တစ်ခုသာဖြစ်သည်။ စွဲဆိုသောအမှူ့ကိုထင်ရှားအောင် ပြသရာတွင် အခြေခံ သက်သေခံချက်အဖြစ် ထည့်သွင်းစဉ်းစားနိုင်သည့် သက်သေခံချက်မဟုတ်ချေ။

သို့ရာတွင် သက်သေသည် ရဲထံ အစစ်ခံချက်နှင့်ရုံးရှေ့အစစ်ခံချက် ကွဲလွဲနေလျှင် ထိုသက်သေခံချက်ပျက် ပြယ်စေရန် တရားလိုဘက်မှလည်းကောင်း၊ တရားခံဘက်မှလည်းကောင်း အစစ်ခံချက် ကိုသက်သေခံဥပဒေပုဒ်မ ၁၄၅ အရ အသုံးပြုနိုင်၏။ သုံးစွဲသည့်အခါ ရဲထံအစစ်ခံချက်ကို ကောက်နှုတ်၍ မိတ္တူသွုင်းအသုံးပြုနိုင်၏။ သို့သော် သက်သေရဲ့ထံအစစ်ခံချက်ကို အမှူ့တွင်ထည့်သွင်းမစဉ်းစားနိုင်ပေ။ ထိုသက်သေအစစ်ခံချက်ကိုယုံကြည်ထိုက်၊ မယုံကြည်ထိုက် တန်ဖိုးမည်မျှရှိသည်ကို ချိန်ဆနိုင်ရန်သာဖြစ်၏။ သို့ရာတွင် ရဲထံအစစ်ခံချက်ကို ကောက်နုတ်ဖတ်ပြ၍ မေးသောအခါ ထိုအတိုင်းအစစ်ခံခဲ့ကြောင်း ထွက်ဆိုလျှင် ကွဲလွဲနေသောအစစ်ခံချက် မည်သည့်ထွက်ချက်မှန်သလဲ မေးသောအခါတွင်လည်း ရဲထံအစစ်ခံချက်မှန်သည်ဟု ထွက်ဆိုလျှင် ပုဒ်မ ၁၆၂ အရ ရဲထံအစစ်ခံချက်မဟုတ်တော့ဘဲ ရုံးရှေ့အစစ်ခံချက်အဖြစ် ထည့်သွင်းစဉ်းစားနိုင် ၏။

ရဲအရာရှိထံ ယခင်ထွက်ချက်

ပြစ်မှူ့ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရ အမှူ့စစ်အရာရှိက သက်သေကို စစ်ဆေးသောအခါ သက်သေ၏ထွက်ချက်ကိုရေးမှတ်ထားရသည်။ ထိုထွက်ချက်သည် သက်သေ၏ရုံးရှေ့ထွက်ချက်ကိုဆန့်ကျင် အသုံးပြုနိုင်၏။ ရဲထံတွင်ပေးသောထွက်ချက်သည် သက်သေထွက်ဆိုသည့်အတိုင်းတစ်လုံးမကျန် ရေးသားထား သည်ဖြစ်စေ အတိုချုံး၍ ဒိုင်ယာရီတွင်မှတ်ထားသည်ဖြစ်စေ ယင်းထွက်ချက်ကိုသက်သေအားဆန့်ကျင်ရန် အတွက် အသုံးချခွင့်ရှိပေသည်။ ရဲရှေ့ထွက်ဆိုချက်ကို ပုဒ်မ ၁၄၅ အရ ဆန့်ကျင်ရန်အတွက်သော်လည်းကောင်း ပုဒ်မ ၁၅၅ အရ ယုံကြည်ထိုက်သည့်သက်သေမဟုတ်ဟုယူဆရန်သော်လည်းကောင်း အသုံးပြုနိုင်၏။ ရုံးရှေ့ ထွက်ချက်ကိုထောက်ခံသည့်အနေအထားတစ်ခုအနေဖြင့် အသုံးမပြုနိုင်။

ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ အရ သက်သေ၏ရဲရှေ့အစစ်ခံချက်နှင့် ရုံးရှေ့ထွက်ချက်ကွဲလွဲ သောအခါ သက်သေခံဥပဒေပုဒ်မ ၁၄၅အရ ဆန့်ကျင်မေးမြန်နိုင်သည်။ ထို့ကြောင့် အမှန်တစ်ကယ်သက်သေ ကရဲရှေ့တွင် ကွဲလွဲထွက်ဆိုသည်ကိုသိမှသာ ရဲအစစ်ခံချက်ကိုတောင်းယူပြီး ဆန့်ကျင်မေးသင့်၏။ အရမ်းတကာ ရဲအစစ်ခံချက်ကို တောင်းယူပြီးပုဒ်မ ၁၆၂နှင့် သက်သေခံဥပဒေပုဒ်မ ၁၄၅ ကိုအသုံးမပြုလျှင် ထိုသက်သေ၏ ရုံးရှေ့ထွက်ချက်မှာပိုမို၍ အဖိုးတန်ရာရောက်သဖြင့် တရားခံအပေါ် နစ်နာခြင်းဖြစ်စေနိုင်သည်ကို မှတ်ယူရ၏။



နောက်အပိုင်းတွေဆက်လက်ဖော်ပြပါဦးမည်...

စာရေးသူ...ကိုကိုးအိမ်

ကျမ်းကိုး.....ဦးသက်ဖေ၊ ဘီအေ ၊ ဘီအယ်လ်။
အငြိမ်းစားတရားရုံးချုပ်၊ တရားသူကြီး၏ သက်သေခံဥပဒေ၏ သိကောင်းစရာများ
၂၀၀၉ခုနှစ် ဒီဇင်ဘာလ တရားရေးဂျာနယ်

0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB