အရဟံနဲ့ပူဇော်ပါ

|

ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ တရားစာအုပ်တွေကို ဖတ်ဖူးမှတ်ဖူးမိတဲ့သူတွေ တော်တော်များများအနေနဲ့ အရဟံရဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို မှတ်သားမိမယ်လို့ ထင်ပါတယ်။ ဆရာတော်ရဲ့စာအုပ်တိုင်းမှာ အရဟံရဲ့ဂုဏ်တော်အဖွင့်ကို အမြဲတမ်း ထည့်သွင်းပူဇော် ရှိခိုးလေ့ရှိပါတယ်။ ဆရာတော်ရဲ့စာအုပ် မဖတ်ရသေးခင်.. ဘုရားရှင်ရဲ့ အရဟံဂုဏ်တော်လေးကို နှလုံးသွင်းပြီး ကြည်ညိုသဒ္ဓါပွားလိုက်ရရင်ကို ရင်ထဲမှာ အလိုလို ငြိမ်းချမ်းအေးမြသွားတာပါပဲ။ အရဟံဆိုတဲ့ အဓိပ္ပါယ်လေးကို သိပြီးသား ဓမ္မမိတ်ဆွေတွေ အနေနဲ့ရော မသိရသေးတဲ့သူတွေအတွက်ပါ ပူဇော်နိုင်ရန် ဖော်ပြပေးချင်ပါတယ်..။ အရဟံ- ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ- ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ- ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား တဲ့။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ အားလုံးကို ကြည်ညိုဦးခိုက်ပူဇော်မိပါတယ်.. အဲ့အထဲမှာမှ အရဟံ- ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားဆိုတဲ့ ဂုဏ်တော်ကို ပိုပြီးကြည်ညိုသဒ္ဓါပွားမိပါတယ်။

ဘုရားရှင်ရဲ့ဂုဏ်တော်တွေဆိုတာ ကြည်ညိုယုံသက်သက်တင် ခံယူထိုက်အပ်တဲ့ အရာတွေမဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ.. ရရှိထားတဲ့ဂုဏ်တော်တွေအတိုင်း အကြည်ညိုခံထိုက်အောင်၊ အပူဇော်ခံထိုက်အောင် နေထိုင်ပြုမူပြီး.. ပြောတဲ့အတိုင်းလည်း လုပ်တယ်.. လုပ်တဲ့အတိုင်းလည်း ပြောခဲ့တဲ့အတွက် ပူဇော်ထိုက်အပ်တဲ့ ဂုဏ်တော်တွေနဲ့ အပူဇော်ခံထိုက်တာပါ။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုပြီး ဆုံးမခဲ့တာ မဟုတ်ပါဘူး.. ငါပြောသလိုလည်းလုပ် ငါလုပ်သလိုလည်းလုပ်ဆိုတဲ့ ဂုဏ်တော်မျိုးနဲ့ သတ္တ၀ါတွေအားလုံးကို စံနမူနာပြ ပြုမူဆုံးမကျင့်ကြံပြီး နေထိုင်ပြသွားခဲ့တာပါ။ ဒီတော့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ပွားလိုက်တယ်ဆိုရင်.. အော်.. ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ဆိတ်ကွယ်ရာမှာ မကောင်းတဲ့အလုပ်တွေကို ကိုယ်တော်ဖြင့်လည်း ပြုတော်မမူဘူး.. နှုတ်တော်ဖြင့်လည်း ပြောတော်မမူဘူး.. စိတ်တော်ဖြင့်လည်း ကြံစည်တော် မမူဘူးဆိုတဲ့ ဂုဏ်တော်လေးကို နှလုံးသွင်းပြီးတော့.. ငါလည်း မလုပ်ဖြစ်အောင် စောင့်ထိန်းမှ.. မပြောဖြစ်အောင်စောင့်ထိန်းမှ.. မကြံစည်မိအောင် စောင့်ထိန်းမှဆိုပြီး ပူဇော်မှသာ ဘုရားရှင်ရဲ့ဂုဏ်တော်ကို တကယ်ယုံကြည်သက်ဝင် ပူဇော်ရာရောက်နေတာပါ။

ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ပွားများပြီး ကြည်ညိုတယ်ဆိုတာ.. ဘုရားရှင်ရဲ့ဂုဏ်တော်တွေအတိုင်း မိမိရဲ့ရင်ထဲနှလုံးသားထဲမှာ ကိန်းဝပ်အောင် ပြုမူလုပ်ကိုင်ဆောင်ရွက်ပြီးတော့.. ကြည်ညိုသင့် ကြည်ညိုခံထိုက်တဲ့ ဂုဏ်တော်တွေ မိမိရဲ့ရင်ထဲနှလုံးသားထဲမှာ ပွားများသထက် ပွားများလာပြီး လိုက်နာကျင့်ကြံတာကို ဆိုလိုတာပါ။ ခုကျတော့.. အဲ့လိုမဟုတ်ကြတော့ပါဘူး။ ဂုဏ်တော်ပွားရမယ်ဆိုရင်.. ပါးစပ်ကတတွတ်တွတ်နဲ့ ရွတ်နေတာများပါတယ်..။ သီတဂူဆရာတော်ဘုရားကြီး ဆုံးမသလိုပါပဲ… “ဒကာဒကာမတွေ.. အရွတ်ကြီးပဲ လုပ်မနေကြနဲ့.. အဖတ်လေးလည်းစားကြဦး” ဆိုတဲ့ အတိုင်းပါပဲနော်။ အသားဟင်းတစ်ခွက်ချက်မယ်ဆို အရွတ်နဲ့အသား ဘယ်ဟာစားမလဲဆိုရင်.. များသောအားဖြင့် အသားပါတာစားကြတာ များပါတယ်..။ ဒါပေမယ့်.. ဓမ္မကျတော့ ရွတ်ပဲရွတ်ကြတယ်.. အကျင့်ပိုင်းထိ ပါမလာကြပါဘူး။ အရွတ်မှာတင် လမ်းဆုံးနေပြီး.. တကယ်ကျင့်ကြံရမယ့် အနှစ်သာရပိုင်းကျတော့ ချန်ထားသလို ဖြစ်နေကြတာ များပါတယ်။

ဒီလိုပါပဲနော်.. သရဏဂုံပဲပွားပွား.. မေတ္တာပဲပွားပွား.. ဂုဏ်တော်ပဲပွားပွား.. ဘာတွေပဲနှုတ်က တတွတ်တွတ်ဆိုပြီး ပွားနေပါစေ.. ပွားတဲ့အတိုင်း မကျင့်ကြံရင် အရာမရောက်ပြန်ပါဘူး။ ဗုဒ္ဓသာသနာဟာ အတွေးသမားတွေအတွက် အရာမရောက် အကျင့်သမားမှသာ အရာရောက်တယ်ဆိုတဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ အဆုံးမကလည်း ဘုရားရှင်သာသနာရဲ့ တကယ့်အနှစ်သာရကို ထောက်ပြထားပြန်ပါတယ်..။ သရဏဂုံပဲပွားပြီး သရဏဂုံပျက်ဆီးစေမယ့်.. ဘိုးတော်၊ နတ်၊ ယတြာ၊ ဗေဒင် စတဲ့ ဘုရားအဆုံးမနဲ့ ဆန့်ကျင်နေတဲ့ အဆုံးမတွေကို ကိုးကွယ်ယုံကြည်နေမယ်ဆိုရင်လည်း သရဏဂုံကိုရွတ်နေယုံ သက်သက်ပဲရှိပါတယ်.. ဘုရားရှင်ရဲ့အဆုံးမတွေကို အကျင့်နဲ့ပူဇော်ရာ မရောက်ပြန်ပါဘူး။ မေတ္တာတွေပွားပြီးတော့ ပွားတဲ့မေတ္တာတွေအတိုင်း သတ္တ၀ါအားလုံးအပေါ်မှာ ပြုမူပြောဆိုကြံစည်မှုတွေဟာ မှားယွင်းနေမယ်ဆိုရင်လည်း မစစ်မှန်တဲ့မေတ္တာနဲ့တင် လမ်းဆုံးနေအုံးမှာပါ။ ဒီတော့ ဗုဒ္ဓရဲ့သာသနာဟာ အကျင့်သမားတွေရဲ့ သာသနာဆိုတာ သေချာနားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဦးဖိုးကျားရေးသားထားတဲ့ ဘုရားဖူးခြင်းဆိုတဲ့ဆောင်းပါးမှာ.. “ဘုရားကိုသွားဖူးတာထက် ဘုရားစကား နားထောင်တာ ပိုပြီးကုသိုလ်ရတယ်.. နောက်ပြီး… ဘုရားကိုကြည်ညိုသည်ဆိုသည်မှာ ဘုရားစကားကို နားထောင်မှ ကြည်ညိုရာ ရောက်သည်” ဆိုတဲ့ အဆုံးမလေးကို မှတ်သားမိပါတယ်။ အင်မတန် တန်ဖိုးရှိတဲ့ အဆုံးမလေးပါပဲ။ လူအများစုဟာ ဘုရားဆိုတာ ရှိခိုးထိုက်တယ်.. ရှိခိုးသင့်တယ်ဆိုတာတော့ သိကြပါတယ်.. ဒါပေမယ့် ဘုရားစကားနားထောင်ပြီး ဘုရားစကားအတိုင်း လိုက်နာကျင့်ကြံဖို့.. ဘုရားရှင်ရဲ့အဆုံးမတွေကို မိမိရဲ့အကျင့်တရားနဲ့ ပူဇော်ဖို့ကျတော့ သတိမထားမိကြတာများပါတယ်။ ဒီအတွက်ကြောင့်လည်း ဗုဒ္ဓရဲ့အဆုံးမတွေကို ကျင့်ကြံနေကြတဲ့သူတွေဟာ ကြီးပွားသင့်သလောက် မကြီးပွား.. တိုးတက်သင့်သလောက် မတိုးတက်ကြရတာပါ။ ဘုရားရှင်ရဲ့အဆုံးမတွေကို မလိုက်နာမကျင့်ကြံပဲ.. မအောင်မြင်တဲ့အခါကျတော့မှ.. အလွယ်လမ်းလိုက်ကာ အချောင်ရချင်တဲ့စိတ်တွေမွေးပြီး.. စိတ်ဓါတ်ပိုင်း ဆိုင်ရာတွေ နိမ့်ကျသည်ထက် နိမ့်ကျရတာပါပဲ..။ အဓိကလိုအပ်ချက်ကို ရှာကြည့်တော့ ဘုရားရှင်ရဲ့အဆုံးမတွေကို အကျင့်ပိုင်းထိ မလိုက်နာမကျင့်ကြံကြတဲ့အတွက်ပါပဲ။

ကျွန်တော် အမြဲတမ်း တွေးမိတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။ အဲ့ဒါကတော့ အရဟံ- ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ဆိုတဲ့ ဂုဏ်တော်တစ်ခုရဲ့ အကျင့်နဲ့တင် ကမ္ဘာကြီးကို ငြိမ်းချမ်းသွားအောင်၊ သတ္တ၀ါအားလုံးကို ငြိမ်းအေးသွားအောင် လုပ်လို့ရတယ်ဆိုတဲ့ အတွေးလေးပါပဲ။ တစ်ယောက်ကတစ်ယောက်ကို ဆိတ်ကွယ်ရာအရပ်မှာ မကောင်းတာမလုပ်ဖြစ်အောင်၊ မကောင်းတာမပြောဖြစ်အောင်၊ မကောင်းတာမကြံစည်ဖြစ်အောင် တစ်ဦးချင်းစီက စောင့်ထိန်းကျင့်ကြံပြီး ပြုမူပြောဆိုကြံစည်သွားမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်စစ်ပွဲမှ၊ ဘယ်ထောင်မှ၊ ဘယ်တရားရုံးမှ၊ ဘယ်မတရားတဲ့အမှုမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာတော့ လက်ခံမယ်ထင်ပါတယ်။ ဒီလိုဆိုရင်.. ငါးပါးသီလဆိုတဲ့ အခြေခံစောင့်ထိန်းအပ်တဲ့ သီလတရားဆိုတာ အလိုလိုလုံခြုံပြီး စောင့်ထိန်းကျင့်ကြံပြီးသား ဖြစ်သွားမှာပါ။ တစ်ယောက်နဲ့တစ်ယောက် မနာလိုတာတွေ၊ ၀န်တိုတာတွေ၊ ရန်ပြုလိုတာတွေအချင်းချင်း နည်းသွားကြမှာပါပဲ။ ဒါဆို ဘယ်သူ့ဘယ်သူမှ အန္တရယ်ပေးချင်စိတ် မရှိကြတော့ပဲ.. သတ္တ၀ါအားလုံး ငြိမ်းချမ်းသွားမှာပါ။ ဒါဟာ ဘုရားရှင်ရဲ့ ဂုဏ်တော်ပေါင်းများစွာထဲက အရဟံ ဆိုတဲ့ ဂုဏ်တော်လေးတစ်ခုရဲ့ အကျိုးရလဒ်ပါ။

ခုတော့.. ဒါတွေနဲ့ဆန့်ကျင်ဖက်တွေ လုပ်လာကြပါတယ်။ ဆိတ်ကွယ်ရာမှာတင် မဟုတ်ကြတော့ပါဘူး.. ပေါ်တင် ခိုးကြ.. ၀ှက်ကြပါတယ်.။ ဗြောင်လိမ် ဗြောင်စားတွေ ပေါ်လာကြပါတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စကားတွေ မှိုလိုပေါက်အောင် သုံးလာကြပါတယ်။ လူရိုးသချို င်္င်းမှာရှိတယ်ဆိုတဲ့ စကားတွေတောင် ဟာသတွေအနေနဲ့ ပြောလာကြပါတော့တယ်။ ဘာမှန်းမသိသေးတဲ့ ဖြူစင်တဲ့လူငယ်တွေရဲ့ စိတ်တွေကိုတောင် သူများမိုးခါးရည်သောက်ရင် လိုက်သောက်ရတယ်ဆိုတဲ့ စကားတွေက ဖျက်ဆီးပြစ်နေပါတယ်။ အခြေခံလူ့ကျင့်ဝတ်တွေဖြစ်တဲ့ လူသားတိုင်း လိုက်နာသင့်တဲ့ အခြေခံကျင့်ဝတ်တွေတောင် မမြင်တစ်မျိုး မြင်တစ်မျိုး ဖောက်ဖျက်ပြစ်နေကြတာတွေ မြင်တွေ့နေရတာပါ။ ချဲ့တွေးပြီး ပြောရမယ်ဆိုရင် ပြောလို့တောင် ကုန်မယ်မထင်ပါဘူး။ ဘယ်မှာလဲ.. အရဟံဆိုတဲ့ ဘုရားရှင်ရဲ့ဂုဏ်တော်ကို ပူဇော်တဲ့သူတွေ.. အဲ့ဒါတွေကြည့်ရင်ကို အကျင့်ပိုင်းတွေမှာ တအား အားနည်းနေတာတွေ တွေ့နေရပါတယ်။

"သာသနာထွန်းကားတယ်ဆိုတာ ဘုရားအဆုံးမကို သိတဲ့အတိုင်းကျင့်တဲ့သူတွေ များသထက် များလာတာ.. ဘုရားအဆုံးမကို လိုက်နာသထက် လိုက်နာလာတဲ့သူတွေ များသထက် များလာတာကိုသာ သာသနာထွန်းကားလာတယ်လို့ ဆိုနိုင်ပါတယ်" ဆိုတာ ဖော်ပြပြီးပါပြီ။ ဘယ်လောက်ကြီးပဲ ဘုရားရှင်ရဲ့သာသနာတွေ ထွန်းကားနေပါတယ်ပြောပြော.. လိုက်နာကျင့်ကြံတဲ့သူတွေ အားနည်းလာရင်တော့ စိတ်ဓါတ်ပိုင်း ဆိုင်ရာတွေ နိမ့်ကျသထက် နိမ့်ကျနေတယ်လို့ ဆိုရမှာပါပဲ။ သာသနာရဲ့တန်ဖိုး မြှင့်ဖို့ဆိုတာ လိုက်နာကျင့်ကြံနေတဲ့သူတွေရဲ့လက်ထဲမှာ ရှိနေသလို.. နိမ့်ကျဖို့ဆိုတာလည်း လိုက်နာကျင့်ကြံနေသူတွေရဲ့ လက်ထဲမှာပဲ ရှိနေတာပါ။ အရဟံဆိုတဲ့ ဂုဏ်တော်တစ်ခုသာ လိုက်နာကျင့်ကြံမယ်ဆိုရင်တောင်.. ခုပြောနေတဲ့ အပြစ်လို့ ပြောတဲ့အရာတွေဟာ.. စိတ်ကူးထဲမှာတောင် ထည့်စဉ်းစားဖို့ မလိုလောက်ဖူးလို့ ထင်ပါတယ်။

ဘုရားရှင်ရဲ့အဆုံးမတွေ များစွာရှိပါတယ်။ ဒီအထဲမှာမှ အများကြီးကျင့်ကြံစရာ မလိုပါဘူး။ တစ်ခုသိပြီး အဲ့တစ်ခုကို သိတဲ့အတိုင်း လိုက်နာကျင့်ကြံစောင့်ထိန်းဖို့နဲ့ မကောင်းမှုတွေ နည်းသထက် နည်းပါးအောင် ကျင့်ကြံဖို့ဟာ ပိုပြီးအရေးကြီးပါတယ်။ အခုတော့ဖြင့်.. ဘုရားရှင်ရဲ့ အရဟံဆိုတဲ့ ဂုဏ်တော်ကိုတောင် ပူဇော်မှုတွေ လွဲမှားနေကြတဲ့အတွက် နိမ့်ကျသည်ထက် နိမ့်ကျလာရတာပါ။ ဒါ့ကြောင့်.. သိသလောက်ကျင့်ပါ..ဆိတ်ကွယ်ရာအရပ်မှာ အကုသိုလ်တွေ မလုပ်ဖြစ် မပြောဖြစ် မကြံစည်ဖြစ်အောင် တစ်ဦးချင်းတစ်ယောက်ချင်းစီ လိုက်နာကျင့်ကြံပေးခြင်းဖြင့် သာသနာကို မြှင့်တင်ပေးပါလို့ ပြောလိုပါတယ်။ ကျွန်တော်လည်း လုံးဝအပြစ်ကင်းလို့ ပြောနေတာ မဟုတ်ပါဘူး.. ပုထုဇဉ်ဖြစ်တဲ့အတွက် မိမိကိုယ်တိုင်လည်း နည်းနိုင်သမျှနည်းအောင် ကျင့်ကြံလိုက်နာပြီး ကိုယ့်ကိုယ်ကို ဆုံးမနေရတာပါပဲ။ ဒါ့ကြောင့်.. အကုသိုလ်များ လုပ်မိတော့မယ်ဆိုရင်.. အရဟံဆိုတဲ့ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားဆိုတဲ့ ဂုဏ်တော်လေးကို နှလုံးသွင်းပြီး.. နှလုံးသွင်းတဲ့အတိုင်း လိုက်နာကျင့်ကြံပြီး စောင့်ထိန်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်..။


စာရေးသူ...ကိုကိုးအိမ်

0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB