နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်…( ၂ )

|

၂။ ရှေ့တန်းမှဦးဆောင်ပါ။ ကိုယ့်အုပ်စုကိုလည်း နောက်တန်းမှာ ချန်မထားပါနဲ့။
မင်ဒဲလားဟာလျှို့ဝှက်ပြီး သိုသိုသိပ်သိပ် နေထိုင်တတ်သူဖြစ်ပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်မှာ ပရိုစတိတ်အကျိတ် ခွဲစိတ် ကုသ ခံခဲ့ရပါတယ်။ ဆေးရုံကဆင်းလို့ အကျဉ်းထောင်တွင်းပြန်ရောက်တဲ့အခါ ထောင်သက် (၂၁)နှစ် အတွင်း သူ့ရဲဘော်များ၊ မိတ် ဆွေများနဲ့ ပထမဦးဆုံးအကြိမ်ခွဲခြားထားတာကို ခံလိုက်ရပါတယ်။ ထောင်အာဏာပိုင်များ ဒီလိုလုပ်တာကို သူ့ရဲဘော်တွေက ကန့်ကွက်ဆန္ဒပြ ကြပါတယ်။ မင်ဒဲလားက သူတို့ကို “ခဏလေးသည်းခံပြီး စောင့်ပါ ရဲဘော်တို့၊ မကြာခင်မှာ အခြေအနေ ကောင်းတွေ ထွက်ပေါ်လာမှာပါ” လို့ ပြောဆိုနှစ်သိမ့်ကြောင်း သူ့မိတ်ဆွေရင်း အာမက်ကက်သ်ရာဒါ(Ahmed Kathrada) က အမှတ်တရ ပြန်ပြောပါတယ်။ မကြာမတင်ကာလမှာပဲ မင်ဒဲလားနဲ့ အသားအရောင်ခွဲခြားမှု စနစ်ကျင့်သုံးခဲ့တဲ့ ဒီကလပ်အစိုးရတို့ တွေ့ဆုံးဆွေးနွေးရေးတွေ စတင်ပါတော့တယ်။ တောင်အာဖရိက အမျိုးသားကွန်ကရက် (ANC) ကတော့ ယခုလိုဆွေးနွေးတာ ကို ဘဝင်မကျပါဘူး။ အကျဉ်းသားဘဝနဲ့ အစိုးရကိုတွေ့ဆုံဆွေးနွေးရေးမလုပ်နိုင်ဘူး၊ လူဖြူအစိုးရ ဒူးထောက်အရှုံးပေး သွား အောင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရမယ်လို့ ဆယ်စုနှစ်များစွာလှုံ့ဆော်ခဲ့တဲ့ မင်ဒဲလားက ယခုအချိန်မှာ ဖိနှိပ်သူအစိုးရ နဲ့ စကားပြောချိန်တန်ပြီဆိုတာကို သိမြင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာပါ။


၁၉၈၅ ခုနှစ် ဆွေးနွေးမှုစတင်နေချိန်မှာပဲ မင်ဒဲလားတယောက် လမ်းကြောင်းပျောက်သွားပြီလား ဆိုပြီး တွေးတောနေသူတွေ မနည်းမနောရှိပါတယ်။ “သူက ကျနော်တို့ အပေါ်သစ္စာဖောက်သွားပြီလို့ ခံစားမိတယ်။ ကျနော်တို့ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ပြောပြဖို့သူ့ကို သွားတွေ့ခဲ့တယ်။ ခုလိုဆွေးနွေးမှုဟာ ယုံရခက်တဲ့ ပမာဏခြေလှမ်းပဲ။ သူသိပ်ပြီး စွန့်စားလွန်း တယ်။” လို့ အဲဒီ့အချိန်က သတ္ထုတွင်း အလုပ်သမားသမဂ္ဂရဲ့ ဒေါင်ဒေါင်မြည် ရဲရဲတောက်ခေါင်းဆောင် စီရီလ်ရာမာဖော်ဆာ (Cyril Ramaphosa) ကဆိုပါတယ်။ ဒါကြောင့် မင်ဒဲလားဟာ သူ့လုပ်ဆောင်ချက်တွေ မှန်ကန်ကြောင်း သူ့လုပ်ဖော်ကိုင်ဖက် များကို ရှင်းလင်းပြောဆို နားချပါတော့တယ်။ သူ့ဂုဏ်သတင်း ဟာလည်း ဆွေးနွေးပွဲ အောင်မြင်မှု ရှိ၊ မရှိပေါ်မှာ မူတည်နေ ပါတော့တယ်။


အကျဉ်းထောင်အတွင်းမှာ ရှိနေတဲ့ ရဲဘော်တဦးချင်းဆီသွားပြီး မင်ဒဲလားကသူ့လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြနေတာ ကို ကက်သ်ရာဒါးက အမှတ်တရရှိနေပါတယ်။ ဖြည်းဖြည်းမှန်မှန် ဇွဲရှိရှိနဲ့ သူ့သဘောထားကို ရဲဘော်တွေ လက်ခံလာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ “မိမိရဲ့ဆောင်ရွက်ချက်တွေကို လုပ်ဖော်ကိုင်ဖက်တွေက ထောက်ခံလာအောင် လုပ်ဆောင်ပါ။ မိမိမှာ တိုက်ပွဲဝင်ဖို့ ခြေကုပ်စခန်း အခိုင်အမာရှိပြီဆိုရင်တော့ လူထုလှုပ်ရှားမှုကို ရှေ့တိုးလုပ်ဆောင်ပါ။ မင်ဒဲလားဟာပြောပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့ လူစားမျိုးပါ။” (ANC) ရဲ့အတွင်းရေးမှူးချုပ်ဖြစ်ပြီး ယခုအခါ အထင်ကရ စီးပွားရေးလုပ်ငန်းရှင် ရာ မာဖော်ဆာကပြောတာပါ။ မင်ဒဲလားအနေနဲ့လူဖြူအစိုးရကို ဆွေးနွေးဖို့ ငြင်းဆန်ခဲ့တာဟာ နည်းပရိယာယ်အရ လုပ်ဆောင်ခဲ့ တာသာ ဖြစ်ပါတယ်။ “သူဟာသမိုင်းလိုအပ်ချက်အရ ပေါ်ထွက်လာတဲ့လက်တွေ့ အကျဆုံးသော အတွေးအမြင်သမားတဦး ဖြစ်ပြီး ရှေ့ဆက်ကျနော်တို့ လုပ်ဆောင်ရမဲ့ နည်းလမ်းတွေကို သူအမြဲတမ်း စဉ်းစားနေတတ်ပါတယ်။ ကျနော်တို့ရဲ့ လုပ်ဆောင် ချက်တွေ အပေါ် နောက်မျိုးဆက်တွေက ဘယ်လိုသဘောထားမလဲဆိုတဲ့ အနာဂတ်ကြိုတင်တွက်ဆချက် သူ့မှာ ရှိပါတယ်။” လို့ ရာမာဖော်ဆာကဆိုပါတယ်။

ရေရှည်အတွက်မျှော်တွေးစဉ်းစားနိုင်တဲ့ အရည်အချင်းကိုထောင်ထဲမှာ နေ့စဉ်လေ့ကျင့်လာတာပါ။ ရက်တွေ၊ လတွေသာမက ဆယ်စုနှစ်နဲ့ တိုင်အောင်တိုင်းပြည် အနာဂတ်ရေးကိုသူစဉ်းစား ခဲ့ပါတယ်။ သမိုင်းက သူ့ဖက်ဆီကို ဦးညွတ်လာပြီဆိုတာကို သူသိထားပြီးဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေလည်းထွက်ပေါ်လာမှာ ဖြစ်ပြီး အချိန်ဘယ်လောက်ကြာကြာမှာ ဘယ်လိုနည်းနဲ့ ထွက်ပေါ်လာမှာလဲဆိုတဲ့ အမေးပုစ္ဆာပဲရှိပါတော့တယ်။ “ရေရှည်ကာလမှာ အကောင်းဘက်ကိုဦးတည် ပြောင်းလဲလာမှာပါ” လို့ ပြောလေ့ရှိသလို သူ့လုပ်ဆောင်ချက်တွေကိုလည်း ရေရှည်သဘော ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။



မျှဝေသူ...ကိုကိုးအိမ်

0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB