၆။ ခေါင်းဆောင်မှုအင်္ဂါရပ်မှာ ပြုမူလှုပ်ရှားမှုအသွင်သဏ္ဍာန်က အရေးကြီးပါတယ်။ အမြဲပြုံးနေတတ်ပါစေ။
အမွှေးတုံးနေသော ကတ္တီပါဝတ်စုံကို ဝတ်ဆင်ထားသော ဂျိုဟန်နစ္စဘတ်မြို့က နုံချာချာ ဥပဒေကျောင်းသာလေးဘဝမှာ မင်ဒဲ လားကို အဲဒီ့အချိန်က အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်လည်းဖြစ် (ANC) ရဲ့ လူငယ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဝေါလ်တာ စီစူလူ(Walter Sisulu) က ခေါ်ယူတွေ့ဆုံပါတယ်။ စီစူလူဟာ တောင်အာဖရိက လူဂုဏ်တန် အသိုင်းအဝိုင်းမှာ နောကျေဝင် ဆံ့ပြီး အောင်မြင်မှုရနေသူတယောက်ဖြစ်တာကြောင့် အတုယူစရာ လူမည်း တဦး အဖြစ် မင်ဒဲလားက အမှတ်ပေးထားပါတယ်။ ဒါ့အပြင် စီစူလူက အနာဂတ်ကိုမြင်တတ်သူတဦးပါ။ ၁၉၅ဝ ခုနှစ် ဝန်းကျင်လောက်က သူ့ရဲ့ မဟာကြိုးပမ်းလုပ်ဆောင်မှုက (ANC) ကို လူထုလှုပ်ရှားမှုဆီသို့ဦးလှည့်ပေးရေးဖြစ်တယ်လို့ တခါက သူပြောဖူးပါတယ်။ ဒီလိုနဲ့ တနေ့တော့ “လူထုခေါင်း ဆောင် (မင်ဒဲလား) တယောက် သူ့ရုံးခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပေါက်ချလာပါတော့တယ်။” လို့ပြုံးပြီးအမှတ်တရ ပြောပါတယ်။
မင်ဒဲလားဟာ အရပ်မြင့်မြင့် လူရည်ချောချော လူငယ်တဦးဖြစ်ပြီး တော်ဝင် ဘုရင့်လေတပ်မတော်အကြီးအကဲ တဦး ရဲ့သား ဖြစ်သူနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အပျော်တမ်း လက်ဝှေ့ကစားသမားတဦးလည်းဖြစ်ပါတယ်။ ပြီးတော့ သူဟာ တိမ်ဖုံးတဲ့ နေ့ အချိန်မှာ ထွက်ပေါ်လာတဲ့နေတစင်းလို တလောကလုံးကို ကြည်လင်တောက်ပစေတဲ့အပြုံးမျိုးကို ပိုင်ဆိုင်ထားသူ လည်းဖြစ် ပါတယ်။
ကျနော်တို့ဟာတခါတရံမှာ လူတယောက်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအာရုံနိုးကြွှမှုတို့အကြား သမိုင်းရေး အရ ဆက်စပ်မှုသဘောကိုသတိမေ့လျော့ နေတတ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတကြီး ဂျော့ရှ်ဝါရှင် တန် ဟာ ရောက်လေရာရာမှာ အရပ်အရှည်ဆုံးနဲ့ ခွန်အားအကြီးမားဆုံးလူဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ ခွန်အားကြံ့ခိုင် သန်စွမ်းမှုဟာ ခေါင်းဆောင်မှု စံထက်စာလျှင် (ANC) နဲ့ ပိုပြီးသက်ဆိုင်မှုရှိတယ်လို့ ဆိုကြပေမယ့် မင်ဒဲလားကတော့ သူ့ရည် မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းရာဝယ် ဖြတ်သန်းကျင်လည်ရသော ဘဝဇာတ်လမ်း၊ ဇာတ်ကွက် အထွေထွေကို နောက်ခံ တေးသွားနှင့်အညီ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူတဦးပါ။ (ANC) ပါတီရဲ့ မြေအောက်လှုပ်ရှားမှု စစ်ရေးခေါင်းဆောင်ဘဝမှာ မုတ်ဆိတ်မွှေးထူလပြစ်နှင့် စစ်ဝတ်စုံကို အခန့်သားဝတ်ဆင်တတ်ပေမယ့် ရှေ့နေကြီးမင်ဒဲလားဘဝမှာတော့ ပညာတတ်အလွှာ ရဲ့ လူနေမှုစတိုင်နဲ့ လျော်ညီအောင် ခန့်ခန့်ညားညားဝတ်ဆင်လေ့ရှိပါတယ်။
“ ကျနော်ဖြင့် တွေ့မြင်ဖူးသမျှ လူမည်းတွေထဲမှာ မင်ဒဲလားဟာ ဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဖြစ်အောင် ဝတ်ဆင်တတ်ဆုံး သူပါပဲ ” လို့ တခါက အိန္ဒိယ အပ်ချုပ်ဆိုင်တခုမှ သူနဲ့ တွေ့ဆုံခဲ့ဖူးသူ ရှေ့နေ ဂျော့ဘီဇိုစ် (George Bizos) ကပြောပါတယ်။ ခုနေအခါမှာတော့ မင်ဒဲလားရုပ်ပုံရိုက်နှိပ်ထားတဲ့ ရှပ်အင်္ကျီတွေ တသီကြီးပေါ်ထွက်လာပြီး သူ့ကို ခေတ်သစ်တောင်အာဖရိကရဲ့ ဂုဏ်ယူဖွယ် ကြည်နူးရွှင်မြူးဖွယ် ဖိုးဖိုးကြီး တဦးအဖြစ် မော်ကွန်းထိုးလိုက်ပါပြီ။
၁၉၉၄ခုနှစ်သမ္မတရွေးကောက်ပွဲအတွက်စည်းရုံးမဲဆွယ်ရာမှာ သင်္ကေတအမှတ်တံဆိပ်သည်လည်း အရေးကြီးကြောင်း မင်ဒဲ လားကသဘောပေါက်ထားပါတယ်။ သူဟာ ပရိသတ်ရှေ့မှာ အဟောအပြောကောင်းသူ မဟုတ်ပါဘူး။ သူစကားပြောလို့ မိနစ်အနည်းငယ်ကြာသွားတဲ့အခါ သူပြောနေတာတွေကို ပရိသတ်က နားလည်တချက် မလည်တချက်ဖြစ်နေတတ်ပါတယ်။ ထိုအချက်သည်ပင် ပရိသတ်ကြားမှာ အများနှင့် မတူသော သူ့ရဲ့ မူပိုင်သင်္ကေတ ဖြစ်သွားပါတယ်။ တရားဟောစင်မြင့်ပေါ်ရောက်တဲ့အခါ မင်ဒဲလားက သူတို့ မြို့ရဲ့ လှုပ်ရှားမှု သင်္ကေတဖြစ်တဲ့ TOYIXTOYI ကကွက်ကို စည်းချက် နှင့်အညီ လှပစွာ လှုပ်ရှားသရုပ်ဖော်တတ်ပါတယ်။ ဒီ့ထက်ပိုပြီး ဆွဲဆောင်မှုကတော့ လူတကာကို ဆွဲဆောင်နိုင်တဲ့ ပီတိရွှန်း သော သူ့ရဲ့အပြုံးပါဘဲ။ လူဖြူ အာဖရိကန်တွေအတွက်တော့ သူ့အပြုံးက လူဖြူတွေအပေါ်ခါသီးနာကျင်မှု ကင်းစင်သူ လူဖြူ တွေကို စာနာတရားထားနိုင်သူအဖြစ် သရုပ်ပေါ်လွင်စေပါတယ်။ မဲဆန္ဒရှင် လူမည်းတွေကိုတော့ “ကျနော်ဟာ ခင်ဗျားတို့ ယုံကြည်ထိုက်တဲ့ ခေါင်းဆောင်ပါ၊ ကျနော်တို့ အတူတကွလက်တွဲ ပြီး အောင်ပန်းဆွတ်ဖို့ ကြိုးပမ်းကြမယ်။” လို့ ဖော်ပြနေပါတယ်။
နေရာတိုင်းမှာ တွေ့နေရတဲ့ (ANC) ရွေးကောက်ပွဲအောင်နိုင်ရေးပိုစတာကတော့ မင်ဒဲလားရဲ့ ပြုံးနေတဲ့ မျက်နှာထားဖြစ်ပါ တယ်။ “သူ့အပြုံးက လူထုကို သတင်းစကားလက်ဆောင်ပါးနေတယ်” လို့ ရာမာဖော်ဆာကဆိုပါတယ်။ သူ ထောင်ထဲက ထွက်လာပြီးနောက် ဖိနှိပ်သူတွေအပေါ် နာကျည်းမှု အရိပ်လက္ခဏာ မတွေ့ ရတာဟာ အတော့်ကိုအံ့သြစရာကောင်းနေတယ် လို့ လူတွေက တဖွဖွပြောဆိုနေကြပါတယ်။
အမှန်တကယ်လည်း မင်ဒဲလားဟာ လူဖြူတွေနဲ့ ပတ်သက်ပြီး နာကျည်းစရာတွေ များစွာရှိသော်လည်း ထိုခံစားချက်တွေကို မေ့ပျောက်ပစ်ဖို့ ပိုပြီးအရေးကြီးတာကို သူသိမြင်ထားပါတယ်။ “အတိတ်ကိုမေ့ပစ်လိုက်စမ်းပါလို့” သူ ပြောလေ့ရှိပေမယ့် သူ့နှလုံးသားထဲမှာ နာကျည်းစရာ အတိတ်ဇာတ်ကြောင်းတွေ ကျန်နေဆဲဆိုတာကို ကျနော်ခံစားနားလည်းနိုင်ပါတယ်။
မျှဝေသူ....ကိုကိုးအိမ်
0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment